အခန်း ၂၇ - ဆေးဖော်စပ်ခြင်း အောင်မြင်ခြင်း
လေလင် ရှုံးနိမ့်သွားသော စမ်းသပ်မှု အကြွင်းအကျန်များကို အမှိုက်ပုံးထဲသို့ သွန်ချလိုက်ပြီး သက်ပြင်းကို ရှည်လျားစွာ ရှိုက်သွင်းလိုက်သည်။
"နောက်တစ်ခါ"
လုပ်ငန်းစဉ်အတိုင်း ထပ်မံ လုပ်ဆောင်ပြီးနောက် သွေးခွန်အား အသီးမှ သန့်စင်ထားသော အနီရောင် အရည်များကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
ဤတစ်ကြိမ်တွင် လေလင်သည် သူ၏ အာရုံစူးစိုက်မှု အားလုံးကို ဖန်ခွက်ပေါ်တွင် ထားရှိပြီး အောက်ရှိ မီးတောက်၏ အပူချိန်ကို ဆက်လက် ချိန်ညှိနေသည်။
အနီရောင် အရည်နှင့် အစိမ်းရောင် အေးခဲ အရာဝတ္ထုတို့သည် ဆက်လက် ရောစပ်သွားပြီး ဖျော့တော့တော့ အဝါရောင် ဖြစ်လာသည်။
"အစိမ်းရောင် အသက်၊ သွေးနီရောင် ခွန်အား။ ချောက်ကမ်းပါး နက်ရှိုင်းရာမှ ဆန္ဒသတ္တိများ၏ ဝင်ရောက်စွက်ဖက်မှုအောက်တွင် မင်းတို့ ပေါင်းစပ်ကြလော့ ဖူရီကေရှာ ကေလေယာဆန်……"
လေလင် ရွတ်ဆိုမှု၏ နောက်ဆုံး အပိုင်းကို ရွတ်ဆိုလိုက်သည်။
သူ ရွတ်ဆိုနေစဉ် ဖန်ခွက်ထဲရှိ အရောင်မျိုးစုံမှာ ပေါင်းစပ်သွားပြီး နောက်ဆုံးတွင် အပြာရောင် ဖျော့ဖျော့ အရည်အဖြစ် ပြောင်းလဲသွားကာ မွှေးပျံ့ပြီး ဆွဲဆောင်မှု ရှိသော ရနံ့ ထွက်ပေါ်လာသည်။
"အောင်မြင်သွားပြီ ခွန်အားတိုး ဆေးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ပြီ"
လေလင် အနည်းငယ် ပြုံးလိုက်ပြီး အပြာရောင် အရည်များကို သေးငယ်သော စမ်းသပ်ပြွန်ထဲသို့ လောင်းထည့်လိုက်သည်။
"လက်ချောင်း အရွယ်အစားရှိတဲ့ ဒီ စမ်းသပ်ပြွန်ထဲက အရည်က လူတစ်ယောက်အတွက် ခုနစ်ရက်စာ အာဟာရ ပေးစွမ်းနိုင်ပြီး ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအားကိုလည်း တက်ကြွစေတယ်။ အချိန်အကြာကြီး စမ်းသပ်မှု လုပ်နေသူတွေနဲ့ စွန့်စားသူတွေအတွက်တော့ အနှစ်သက်ဆုံးပဲ ပုံမှန် ဈေးနှုန်းက မှော်ကျောက်တုံး ငါးတုံး"
လေလင် စမ်းသပ်ပြွန်ကို လှုပ်ခါလိုက်ရာ အထဲရှိ ဆေးရည်မှာ အလင်းရောင်အောက်တွင် စွဲမက်ဖွယ် ကောင်းလောက်အောင် တောက်ပနေသည်။
ညတစ်ည ကုန်ဆုံးသွားပြီးနောက် လေလင် သူကိုင်ထားသည့် အပြာရောင် စမ်းသပ်ပြွန် သုံးခုကို ငေးမောနေသည်။
"ပါဝင်ပစ္စည်း ဆယ်စုံနဲ့ သုံးကြိမ် အောင်မြင်ပြီး ဆေး သုံးပုလင်း ရလိုက်တယ်"
"ဒီသတင်းကို ဘယ်သူ့ကိုမှ မပေါက်ကြားစေရဘူး၊ မဟုတ်ရင် ငါ ရှင်းပြလို့ ရမှာ မဟုတ်ဘူး"
လေလင် ဆုံးဖြတ်ချက် ချလိုက်ပြီး ဆေးပုလင်း သုံးခုကို ဖျက်ဆီးပစ်လိုက်သည်။
"နှမြောစရာကောင်းလိုက်တာ"
လေလင် အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။
"ဒီ ဆေး သုံးပုလင်းရဲ့ တန်ဖိုးက မှော်ကျောက်တုံး ၁၅ တုံးလောက် ရှိပေမဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က မှော်ကျောက်တုံး တစ်တုံးပဲ ရှိတယ်။ ဒီ ဆေးဝါးလုပ်ငန်းက အကျိုးအမြတ်က ကုန်ကျစရိတ်ရဲ့ တစ်ဒါဇင်ကျော်လောက်အထိ ရူးသွပ်လောက်အောင် များတာပဲ"
"ဒါပေမဲ့ အခုတော့ ငါ မရောင်းနိုင်သေးဘူး အား"
လေလင် အလွန် စိတ်ပျက်သွားသည်။
"ဆေးတွေကို မရောင်းနိုင်ရုံတင်မကဘဲ စမ်းသပ်မှုတွေ ဆက်လုပ်ဖို့ ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ ပိုက်ဆံ ရှာရဦးမယ်၊ ပြီးတော့ ရှုံးနိမ့်နေတဲ့ အတိုင်းလည်း ဟန်ဆောင်ထားရဦးမယ်။ နောက်ထပ် ခြောက်လလောက် ကြာမှသာ အခြေခံ ဆေးတွေကို စတင် ရောင်းနိုင်တော့မယ်"
ဤခန့်မှန်းချက်မှာ မာလင်၏ အောင်မြင်မှုနှုန်းပေါ် မူတည်သည်။ သူသည် ထင်ပေါ်ကျော်ကြားပြီး အာရုံစိုက်မှု အများကြီး မခံချင်ပေ။
ထို့ကြောင့် သူသည် မာလင်ထက် အနည်းငယ် ပို၍ အရည်အချင်း နိမ့်ကျနေရန် လိုအပ်သည်။ မာလင်မှာ ထိုစဉ်က ပါဝင်ပစ္စည်း အများအပြား ရှိပြီး စဉ်ဆက်မပြတ် ဖော်စပ် လေ့ကျင့်ခဲ့သည်။
တစ်လလောက် ကြာမှသာ ပထမဆုံး ဆေးကို ဖော်စပ်နိုင်ခဲ့သည်။ လေလင်တွင် မှော်ကျောက်တုံး များများစားစား မရှိသဖြင့် ခြောက်လလောက် ကြာမှသာ သူ၏ ဆေးဖော်စပ်သည့် အရည်အချင်းကို ပြသနိုင်တော့မည်။
မည်သို့ပင်ဆိုစေ သူသည် ဆေးပညာရှင် ပါမောက္ခ၏ တပည့် တစ်ယောက် ဖြစ်သည်။ ခြောက်လလောက် ရှုံးနိမ့်ပြီးမှ ပထမဆုံး ဆေးကို အောင်မြင်အောင် ဖော်စပ်နိုင်ခြင်းမှာ ဆေးပညာရှင်၏ တပည့် တစ်ယောက်အတွက် သာမန် အရည်အချင်း တစ်ခုသာ ဖြစ်ပြီး အလွန် ကျိုးကြောင်း ဆီလျော်ပေသည်။
"အကယ်ဒမီ နယ်မြေထဲမှာ ဆေးတွေကို အများကြီး မရောင်းနိုင်ဘူး၊ အကယ်၍…… မှောင်ခို ဈေးကွက် တစ်ခုခု ရှာတွေ့ရင်တော့ တစ်မျိုးပေါ့ ဒါပေမဲ့ အကယ်ဒမီ အပြင်ဘက်ကို သွားဖို့ကလည်း အန္တရာယ် များလွန်းတယ်"
လေလင် ခေါင်းခါလိုက်ပြီး စမ်းသပ်ခန်း ကိရိယာများကို သိမ်းဆည်းကာ အခန်းထဲမှ ထွက်လာခဲ့သည်။
"ဒီအချက်က တိကျမှု မြင့်မားတဲ့ အေအိုင်စနစ် ရှိခြင်းက အသေးစိတ် အချက်အလက်တွေ ရှုပ်ထွေးတဲ့ အလုပ်တွေမှာ တခြားသူတွေထက် အသာစီးရစေတယ်ဆိုတာ သက်သေပြနေတာပဲ နောက်ထပ် လုပ်ရမှာက အဆင့် ၂ အလုပ်သင် ဖြစ်ဖို့ အာရုံစိုက်ရမှာပဲ"
"စွမ်းအား ရလာပြီးရင်တော့ ဆေးရောင်းမယ်၊ မှော်ကျောက်တုံး ရှာမယ်၊ အသိပညာ ရအောင် လုပ်မယ်ဆိုတဲ့ သံသရာအတိုင်း လိုက်နာသွားမယ်။"
အေအိုင်စနစ်၏ တွက်ချက်မှုအရ အဆင့် ၂ အလုပ်သင် ဖြစ်လာရန်အတွက် လေလင်မှာ နောက်ထပ် တစ်နှစ်ခန့် အချိန် လိုအပ်နေသေးသည်။
အကြောင်းမှာ စိတ်စွမ်းအား သင်္ကေတ ၂၄ ခုကို တည်ဆောက်ရန် ပိုမို ခက်ခဲလာမည် ဖြစ်ပြီး အသိပညာများလည်း ပိုမို စုဆောင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။
"ဒီကာလအတွင်းမှာ အချက်အလက်တွေကို စုဆောင်းပြီး စိတ်စွမ်းအား အကြောင်း အချက်အလက်တွေကို စုစည်းဖို့ လုပ်မယ်။ ဒါက အနာဂတ်မှာ ငါ့အတွက် အလွန် အကျိုးရှိလိမ့်မယ်"
သတိမထားမိလိုက်ဘဲ နောက်ထပ် ခြောက်လခန့် ကုန်ဆုံးသွားခဲ့သည်။ အညိုရောင် ဆံပင်နှင့် လူငယ် တစ်ယောက်သည် နက်မှောင်သော ကြွေပြားခင်း လမ်းပေါ်တွင် စဉ်းစားခန်း ဝင်နေပုံဖြင့် လျှောက်လှမ်းနေသည်။
လူငယ်မှာ အသက် ၁၃၊ ၁၄ နှစ်ခန့်သာ ရှိပြီး ဆံပင်မှာ အညိုရောင် ဖြစ်သည်။ သူ၏ မျက်နှာမှာ နေရောင်ခြည်နှင့် အဝေးဆုံးတွင် နေထိုင်ရသကဲ့သို့ အလွန် ဖြူဖျော့နေသည်။
လူငယ်မှာ လေလင် ဖြစ်သည်။ ယခုအခါတွင် သူ၏ လက်ရှည် ဝတ်ရုံအတွင်းတွင် ပုန်းကွယ်နေပြီး စမ်းသပ်ပြွန် တစ်ခုကို ဆုပ်ကိုင်ထားကာ ရွေးချယ်မှု တစ်ခုခု ပြုလုပ်နေပုံရသည်။
"ပထမဆုံးအကြိမ် ဆေးအောင်မြင်အောင် ဖော်စပ်နိုင်ခဲ့တာ ခြောက်လတောင် ရှိသွားပြီပဲ"
လေလင် သူ့ဘေးမှ ဖြတ်သွားသော အလုပ်သင်များကို ကြည့်ရင်း တွေးနေမိသည်။
ဤခြောက်လအတွင်း အကယ်ဒမီတွင် ဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့သည်။ ဖေးလ်သည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး မာလင်သည်လည်း ဆေးသစ် တစ်မျိုးကို ဖော်စပ်နိုင်ခဲ့သည်။
ထိုပါရမီရှင်များ၏ ကျော်ကြားမှုမှာလည်း ပိုမို မြင့်တက်လာသည်။ သို့သော် လေလင်မှာ ဂျေဒင်သည် အဆင့် ၂ အလုပ်သင် ဖြစ်သွားပြီ ဆိုသည့် အချက်ကိုသာ ပို၍ စိတ်ဝင်စားနေသည်။
ကာလီဝီးယား ထိုအကြောင်းကို ပြောပြသောအခါ သူ့မျက်လုံးထဲတွင် ဖုံးကွယ်ထားသော ကြောက်ရွံ့မှုနှင့် မနာလိုမှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။
ပဉ္စမအဆင့် အလုပ်သင် တစ်ယောက်၏ တိုးတက်မှုမှာ အလွန် ကြောက်ခမန်းလိမ့်ဖြစ်သည်။
တူညီသော နေရာမှ လာသည့် အလုပ်သင် တစ်ယောက်အနေဖြင့် လေလင်တွင် ထူးထူးခြားခြား အတွေးမျိုး မရှိပါ။
သူ လုပ်ရမည့် အလုပ်များကိုသာ အာရုံစိုက်နေပြီး အပြင်လူ အမြင်တွင် သူသည် သာမန် အဆင့် ၁ အလုပ်သင် တစ်ယောက်သာ ဖြစ်သည်။
ဤခြောက်လအတွင်း လေလင်သည် ခွန်အားတိုး ဆေးအတွက် ပါဝင်ပစ္စည်းများစွာ ဝယ်ယူပြီး အကြိမ်ကြိမ် စမ်းသပ် ဖော်စပ်ခဲ့သည်။
သူသည် အေအိုင်စနစ်မှ ရရှိသော အမြတ်ငွေ အားလုံးကိုလည်း ဤဆေးဖော်စပ်ခြင်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။
အေအိုင်စနစ်ကို ဖုံးကွယ်ရန်အတွက် သူသည် အေအိုင်စနစ် အကူအညီ မပါဘဲ စမ်းသပ် ဖော်စပ်ခဲ့ပြီး အောင်မြင်မှုနှုန်းမှာ သုည ဖြစ်ခဲ့သည်။
ယခုအချိန်ထိ မှော်ကျောက်တုံး တစ်ဒါဇင်ကျော် အကုန်ခံခဲ့ရသည်။
တစ်ခါတစ်ရံတွင် သူသည် သူကြုံတွေ့ရသော ပြဿနာများကို ဆရာ ခရော့ဖ်ထံ မေးမြန်းလေ့ ရှိပြီး အခြေခံနှင့် ဖော်စပ်နည်းများကိုလည်း မေးမြန်းခဲ့သည်။
၎င်းမှာ သူ၏ ဆေးပညာအတွက် အလွန် အကျိုးရှိခဲ့သည်။ လေလင်သည် အေအိုင်စနစ်၏ အကူအညီဖြင့် သူ၏ ဆေးဖော်စပ်သည့် အရည်အချင်းမှာ မာလင်ကို ကျော်ဖြတ်သွားပြီ ဖြစ်ပြီး ဆရာ ခရော့ဖ်နှင့်သာ အနည်းငယ် လိုအပ်နေကြောင်း တိတ်တဆိတ် သိရှိထားသည်။
ယနေ့တွင် သူသည် "မတော်တဆ" ဆေးအောင်မြင်အောင် ဖော်စပ်နိုင်ခဲ့ပြီး ဆရာကို အကဲဖြတ် ခိုင်းမည့်နေ့ ဖြစ်သည်။ ယခုအကြိမ် အောင်မြင်သော ထုတ်ကုန်ကို အေအိုင်စနစ်ဖြင့် ထိန်းချုပ်ထားသည်။
သူသည် အလုပ်သင် တစ်ယောက် ဖော်စပ်ထားသကဲ့သို့ အနည်းငယ် ချို့ယွင်းချက် ရှိနေဟန် ဆောင်ထားသော်လည်း အလုပ်သင်သစ် တစ်ယောက်အတွက်မူ သင့်လျော်သည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
ဆေးကို ဆုပ်ကိုင်ထားသည့် လေလင်၏ လက်ဖဝါးများ တင်းကြပ်လာသည်။
"ဒီနေ့ပြီးရင်တော့ ဆေးတွေကို လူသိရှင်ကြား ရောင်းပြီး မှော်ကျောက်တုံးတွေ ရှာတော့မယ် မနေ့က ရိုင်နာပြောတာ သူ တိုးတက်ဖို့ နီးနေပြီတဲ့။ ဒါကြောင့် ငါ့ရဲ့ တိုးတက်မှုက အရမ်း နောက်ကျနေလို့ မဖြစ်ဘူး"
လေလင် ခရော့ဖ်၏ စမ်းသပ်ခန်းထဲသို့ အမြန် လျှောက်သွားလိုက်သည်။
"လေလင် ခွန်အားတိုး ဆေး ဖော်စပ်တာနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေသေးလို့လား"
ခရော့ဖ်သည် သူ၏ တပည့် ဒီနေ့ ထူးခြားနေသည်ကို ချက်ချင်း ခံစားမိသည်။
"မရှိပါဘူး ဆရာ မနေ့ညက တစ်ခါ အောင်မြင်ခဲ့ပါတယ်" လေလင် သက်ပြင်းကို ရှည်လျားစွာ ရှိုက်သွင်းလိုက်သည်။
"ဘာ" ခရော့ဖ် လက်ထဲရှိ ဖန်ခွက်မှာ တုန်ခါသွားသည်။
"မင်းရဲ့ ဆေးဖော်စပ်တဲ့ အရည်အချင်းက ငါ့မျှော်လင့်ချက်ထက် ပိုကောင်းနေပေမဲ့ ခွန်အားတိုး ဆေးကို ဖော်စပ်ရတာ ဒီလောက် မလွယ်ကူပါဘူး"
ခြောက်လခန့် ကြာပြီးနောက် ခရော့ဖ်သည် သူ့တပည့်၏ တိုးတက်မှုကို အလွန် အံ့အားသင့်နေသည်။သို့သော် လေလင် ဆေးဖော်စပ်ရာတွင် လိုအပ်ချက် ရှိနေသေးသည်ဟု သူ ထင်နေဆဲ ဖြစ်သည်။
ဤစကားကို ကြားသောအခါ စမ်းသပ်ပြွန်ထဲသို့ အနီရောင် ပုလဲလုံးကို ချနေသည့် မာလင်၏ လက်မှာ တုန်သွားသည်။ စမ်းသပ်ပြွန်ထဲမှ အနက်ရောင် မီးခိုးများ ထွက်လာပြီး မာလင် သက်ပြင်းချကာ ဤဘက်သို့ လှည့်ကြည့်သည်။ ဘစ်ကီမှာမူ တိုက်ရိုက်ပင် အနီးသို့ ရောက်လာသည်။
"အောင်မြင်တဲ့ ဆေးကို ယူလာခဲ့လား" ခရော့ဖ် မေးသည်။
"ဒီမှာပါ"
လေလင် အပြာရောင် စမ်းသပ်ပြွန်ကို ထုတ်ယူကာ ပါမောက္ခကို ပေးလိုက်သည်။
ခရော့ဖ် ပလပ်ကို ဖွင့်ပြီး အနံ့ခံကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင် ပေါ်လာသည်။
ထို့နောက် သူ၏ လက်ချောင်းပေါ်သို့ တစ်စက် ချလိုက်သည်။ သူ၏ မျက်ခုံးကြားမှ နို့နှစ်ရောင် အလင်းတန်းလေး တစ်ခု ထွက်လာပြီး ဆေးစက်ကို တိုက်ရိုက် ထိုးဖောက်လိုက်ရာ ဆေးစက်မှာ တုန်ခါသွားသည်။
ခရော့ဖ် မျက်လုံးကို မှိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ နောက်ဆုံးတွင် ပြေလျော့သွားသည်။
"သွေးခွန်အား အသီးကို သန့်စင်တာ မဆိုးဘူး၊ ဒါပေမဲ့ နောက်ဆုံးမှာ အများကြီး ထည့်လိုက်မိတယ်။ မင်းရဲ့ စိတ်စွမ်းအား သုံးစွဲပုံမှာလည်း ပြဿနာ ရှိလို့ ဓာတု ဂုဏ်သတ္တိတွေ ပျက်စီးသွားတယ်…… စုစုပေါင်း ပြောရရင်တော့ ပြဿနာ အနည်းငယ် ရှိပေမဲ့ မင်း အောင်မြင်သွားပါပြီ ဂုဏ်ယူပါတယ်"
ခရော့ဖ် ဝမ်းသာစွာ ပြုံးလိုက်သည်။
ဤစကားကို ကြားသောအခါ လေလင်လည်း ပြုံးလိုက်ပြီး ဘစ်ကီမှာမူ ဝမ်းသာအားရ အော်ဟစ်ကာ လေလင်ကို နွေးထွေးစွာ ဖက်လိုက်သည်။
ထို မိန်းကလေး၏ ပူနွေးသော ခန္ဓာကိုယ်မှာ လေလင်၏ ရင်ဘတ်ပေါ်သို့ ရောက်ရှိလာပြီး သူ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
"ဂုဏ်ယူပါတယ်" မာလင်လည်း လျှောက်လာပြီး ပြောသည်။
"ဆရာတူအစ်ကို မာလင်နဲ့ ယှဉ်ရင် ကျွန်တော် လေ့လာစရာတွေ အများကြီး ရှိပါသေးတယ်" လေလင် ဘစ်ကီကို လွှတ်လိုက်ပြီး အမြန် ပြောလိုက်သည်။
"မင်း အလွန်အကျွံ နှိမ့်ချနေစရာ မလိုပါဘူး၊ မာလင်နဲ့ ယှဉ်ရင် မင်းရဲ့ အရင်းအမြစ်တွေက နည်းပါးတယ်။ မင်းသာ ပစ္စည်းတွေ ပြည့်စုံမယ်ဆိုရင် သုံးလေးလနဲ့ပဲ ပထမဆုံး ဆေးကို အောင်မြင်အောင် ဖော်စပ်နိုင်မှာပါ။ အက်ဗစ်ဆယ် ဘုန်းသစ်တော အကယ်ဒမီမှာ ဒီ အရည်အချင်းက အလွန် ထူးချွန်တဲ့ အထဲမှာ ပါပါတယ်" ခရော့ဖ် အော်ဟစ် ပြောဆိုသည်။
"ခု ပြန်တွေးကြည့်တော့ ငါ တကယ်ကို ကံကောင်းတာပဲ။ ပထမဦးဆုံး ဆေးဖော်စပ်ခြင်းမှာ အရည်အချင်းရှိတဲ့ မာလင်ကို တပည့်အဖြစ် လက်ခံလိုက်ရတယ်။ အခုတော့ မင်းကို ရလိုက်ပြန်ပြီ" ခရော့ဖ် ဝမ်းသာစွာ ပြောသည်။
"ဆရာ ကျွန်တော်လည်း ကြိုးစားသွားမှာပါ"
ဘစ်ကီ သူမ၏ လက်သီးသေးသေးလေးကို ဆုပ်ကိုင်ပြီး သူမ၏ စမ်းသပ်စားပွဲသို့ ပြန်သွားသည်။
"မင်း လက်ထဲက မျောက်ခေါင်းမှိုတွေကို အရင်ပြင်ဆင်ပြီးမှ စကားပြော" ခရော့ဖ်၏ မျက်နှာမှာ တင်းမာသွားသည်။
ထို့နောက် သူသည် ခွန်အားတိုး ဆေးကို လေလင်ထံ ပြန်ပေးလိုက်သည်။
"ဒီတစ်ခါတော့ ကံကောင်းခြင်းက ခွန်အားတိုး ဆေး ဖော်စပ်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်သွားတယ်။ မင်း နောက်ထပ် လုပ်ရမှာက ပထမဆုံး အောင်မြင်ခဲ့တဲ့ ခံစားချက်ကို မှတ်မိဖို့နဲ့ နောက်ထပ် လေ့ကျင့်ဖို့ပဲ။ ဒီ စမ်းသပ်ပြွန်ကို ရောင်းပြီး တခြား အရင်းအမြစ်တွေနဲ့ လဲလှယ်လို့ ရတယ်"
ခရော့ဖ်က သတိပေးလိုက်သည်။
"လေလင် မင်း မှတ်ထားရမယ်။ ဆေးအမျိုးအစားတိုင်းမှာ ဆေးပညာရှင်တွေအတွက် စိန်ခေါ်မှုတွေ ရှိတယ်။ မင်း ဒီ ခွန်အားတိုး ဆေးကို ဖော်စပ်နိုင်ပေမဲ့ သွေးတိတ် ဆေးနဲ့ အစားထိုးလိုက်ရင်တော့ အစကနေ ပြန်စရလိမ့်မယ်။ ဒါကြောင့် မာန မကြီးပါနဲ့။ အခုကစပြီး မင်းရဲ့ ဆေးဖော်စပ်ခြင်းကိုပဲ အာရုံစိုက်ပါ"
"ဟုတ်ကဲ့" လေလင် ခွန်အားတိုး ဆေးကို အိတ်ထဲ ထည့်လိုက်ပြီး လေးနက်စွာ ကတိပေးလိုက်သည်။
စမ်းသပ်ခန်းတွင် တာဝန် ပြီးဆုံးပြီးနောက် လေလင်နှင့် ဘစ်ကီတို့ အတူတူ ထွက်လာခဲ့သည်။
"မင်းရဲ့ ပထမဆုံး အောင်မြင်မှုကို အထိမ်းအမှတ် အနေနဲ့ အဆင့် ၂ ကန်တင်းမှာ စားပွဲခင်းမလား"
ဘစ်ကီ လိပ်ပြာလေး တစ်ကောင်လို ရှေ့ကနေ ပြေးသွားပြီး လှည့်ပတ်နေသည်။
"သေချာတာပေါ့ လှပတဲ့ အမျိုးသမီး တစ်ယောက်ကို ထမင်းစား ဖိတ်ခေါ်ရတာ ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါ"
လေလင် ခပ်ယဲ့ယဲ့ ဦးညွှတ်ကာ လူကြီးလူကောင်း ဟန်ပန်ဖြင့် ပြန်ဖြေသည်။
"ဟီဟီ"
ဘစ်ကီ သူမ၏ ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ပြီးနောက် သူမ၏ မျက်နှာမှာ မှိုင်းညှိုသွားသည်။
"သူသာ…… သူသာ မင်းလိုမျိုးဆိုရင်……"
(ဘာသာပြန်သူမှတ်ချက်-မိန်းမတွေများ...)
"ဘာဖြစ်လို့လဲ ဆရာတူအစ်ကို ဖေးလ်က မင်းကို ထပ်ပြီး လျစ်လျူရှု ပြန်ပြီလား"
လေလင် ဒီကိစ္စကို နည်းနည်း သိထားသည်။ ဤခြောက်လအတွင်း ဘစ်ကီသည် ဖေးလ်နှင့် တဖြည်းဖြည်း နီးကပ်လာပြီး နောက်ဆုံးတွင် သူငယ်ချင်း ဖြစ်သွားသော်လည်း သူတို့မှာ သာမန် သူငယ်ချင်းများသာ ဖြစ်ကြသည်။
ဖေးလ်အတွက်မူ သူသည် အမြဲတမ်း လေ့လာ လေ့ကျင့်နေပြီး အကယ်ဒမီ အပြင်ဘက်တွင် စွန့်စားမှုများ ပြုလုပ်နေသည်။
သူ့ပတ်ဝန်းကျင်တွင် လှပသော မိန်းကလေးများ အမြဲ ရှိနေသဖြင့် ဘစ်ကီကို သိပ်ပြီး အရေးမစိုက်ဘဲ အနည်းငယ် အေးစက်စက် ဆက်ဆံလေ့ ရှိသည်။
"အဲဒါ မဟုတ်ပါဘူး ဖေးလ်က အရေးကြီးတဲ့ စမ်းသပ်မှု တစ်ခု ရှိနေလို့ အရင်းအမြစ်တွေ ရှာနေတာ၊ ဒါကြောင့် သူ အလုပ်ရှုပ်နေတာပါ……"
ဘစ်ကီ ခေါင်းငုံ့ကာ လမ်းဘေးရှိ ကျောက်စရစ်ခဲကို ကန်ထုတ်လိုက်သည်။