အခန်း ၂ - အေအိုင်စနစ်
“ဒါက ဘာလဲ…”
ဦးနှောက်ထဲကနေ ထွက်ပေါ်လာသည့် စက်ရုပ်ဆန်ဆန် အသံကြောင့် လေလင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
“ဒါ ငါ့ရဲ့ အရင်ဘဝက လက်ထောက် အေအိုင်စနစ် မဟုတ်ဘူးလား။ ငါနဲ့အတူ ဘယ်လိုလုပ်ပြီး ပြန်လည်မွေးဖွားလာတာလဲ။ ဒါက သိပ္ပံနည်းကျစရာ လုံးဝမရှိဘူးပဲ…”
လေလင် တစ်ယောက် ကိုယ့်ကိုယ်ကိုယ်ပင် ယုံကြည်ရန် ခက်ခဲနေသဖြင့် စိတ်ထဲကနေ အမိန့်ပေးလိုက်၏။ “အေအိုင်စနစ်… ငါ့ရဲ့ စိတ်ဝိညာဉ်ကို စစ်ဆေးပြီး အကူစနစ်တွေ ရှိနေနိုင်မယ့် တည်နေရာကို ရှာဖွေစမ်း…”
[အေအိုင်စနစ် - စစ်ဆေးမှု ပြီးဆုံးပါပြီ။ အိမ်ရှင်၏ စိတ်ဝိညာဉ်ထဲတွင် ထူးခြားသော တည်ရှိမှုမျိုး ရှာမတွေ့ပါ။]
ခဏမျှ ကြာပြီးနောက် အေအိုင်စနစ်၏ စက်ရုပ်ဆန်သော အသံက ပြန်လည်တုံ့ပြန်လာခြင်း ဖြစ်သည်။
“အခု ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးပြီး ခန္ဓာကိုယ် အခြေအနေတွေကို ပြသစမ်း…”
စက်ရုပ်ဆန်ဆန် အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
[အေအိုင်စနစ် - စစ်ဆေးမှု ပြီးဆုံးပါပြီ။]
[အိမ်ရှင် အမည် - ဖန်မင် (လေလင် ဖာလီယာ)။
ခွန်အား - ၀.၄၊
ဖြတ်လတ်မှု - ၀.၅၊
သက်စောင့်အား - ၀.၄။
လက်ရှိအခြေအနေ - ဦးခေါင်းနောက်ဘက်တွင် သွေးထွက်ဒဏ်ရာ ရှိနေပြီး ပျော့ပျောင်းသော တစ်ရှူးများ အများအပြား ထိခိုက်ဒဏ်ရာရနေသည်။]
[အိမ်ရှင်၏ ခန္ဓာကိုယ်အတွင်း အခြား အေအိုင်စနစ်များ တည်ရှိခြင်း မရှိပါ။]
လေလင်၏ မျက်စိရှေ့တွင် သုံးဖက်မြင် ဟိုလိုဂရမ် ပုံရိပ်တစ်ခု ပေါ်လာပြီး ၎င်းက လေလင်၏ ခန္ဓာကိုယ်ပုံစံနှင့်အတူ ဘေးဘက်တွင် အခြေအနေပြ ကိန်းဂဏန်းများကို ပြသနေခြင်း ဖြစ်သည်။
“အေအိုင်စနစ် မရှိဘူး ဟုတ်လား။ အေအိုင်စနစ်ဆိုတာ ဒြပ်ဝတ္ထုပစ္စည်းတစ်ခု အနေနဲ့ တည်ရှိတာကို ငါသိတယ်။ အဲဒါက ငါ့ဝိညာဉ်နောက်ကို လိုက်ပြီး ဘယ်လိုလုပ် ပြန်လည်မွေးဖွားလာတာလဲ…”
လေလင် စိတ်ထဲကနေ ဆက်လက် တွက်ချက်လိုက်မိသည်။
“ဓာတ်ပေါင်းဖို ပေါက်ကွဲတဲ့အချိန် ဒါမှမဟုတ် ငါပြန်လည်မွေးဖွားလာတဲ့ အချိန်အတွင်းမှာ တစ်ခုခု ပုံမှန်မဟုတ်တာ ဖြစ်သွားပြီး အေအိုင်စနစ်ရဲ့ လုပ်ဆောင်ချက်တွေက ငါ့ဝိညာဉ်နဲ့ ပေါင်းစပ်သွားတာ ဖြစ်ရမယ်…”
“ငါသာ အရင်ကမ္ဘာမှာ ရှိနေသေးရင် ဒါက ကမ္ဘာကျော်မယ့် ရှာဖွေတွေ့ရှိမှုကြီးပဲ။ ဝိညာဉ် တည်ရှိမှုကို သက်သေပြနိုင်ရုံတင်မကဘဲ ရုပ်ဝတ္ထုပစ္စည်းနဲ့ ဝိညာဉ်က အပြန်အလှန် ပြောင်းလဲနိုင်ခြေ ရှိတယ်ဆိုတာကိုပါ ပြသနေတာ။ ဒါက အမျိုးသား သိပ္ပံအကယ်ဒမီက အဘိုးကြီးတွေ သိရင် သေချာပေါက် ရူးသွပ်သွားကြမယ့် အရာပဲ။ နှမြောစရာကောင်းတာက သူတို့ကို ငါ ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး…”
ဒီလို အေအိုင်စနစ်မျိုးက အရင်ကမ္ဘာက သိပ္ပံပညာရှင်တွေအတွက် မရှိမဖြစ် လိုအပ်သည့်အရာ ဖြစ်သည်။
လူ့အခွင့်အရေးနှင့် စိတ်အသိစိတ်ခံစားမှုဆိုင်ရာ ပြဿနာများကြောင့် ဤနည်းပညာတွင် ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေး ထည့်သွင်းထားခြင်း မရှိဘဲ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန်နှင့် သိုလှောင်ရန် ဟူသော လုပ်ဆောင်ချက် နှစ်ခုသာ ရှိခြင်း ဖြစ်သည်။
ခွဲခြမ်းစိတ်ဖြာမှု အစွမ်းကို အိမ်ရှင်၏ အမိန့်ပေးချက်အတိုင်းသာ အသုံးပြုနိုင်ပြီး ၎င်းက အချက်အလက် နမူနာများကို စုဆောင်းကာ ပုံတူကူးယူတွက်ချက်မှုများအပေါ် အခြေခံ၍ ကောက်ချက်ချပေးခြင်း ဖြစ်သည်။
သိုလှောင်မှု အစွမ်းကတော့ ပို၍ပင် ရိုးရှင်းလှပြီး အိမ်ရှင်၏ အာရုံငါးပါးက ခံစားရသမျှ အရာအားလုံးမှ အချက်အလက်များကို ရယူကာ မှတ်တမ်းတင်ထားနိုင်ခြင်း ဖြစ်သည်။
အရင်ကမ္ဘာ၏ တွက်ချက်မှုများအရ ဤအေအိုင်စနစ်၏ သိုလှောင်မှု ဧရိယာသည် နှစ်ပေါင်း ၁၀,၀၀၀ ကျော်စာ အဖြစ်အပျက်များကို မှတ်တမ်းတင်ရန် လုံလောက်လှသည်။
“အေအိုင်စနစ်နဲ့ ဝိညာဉ်က ဘာကြောင့် ပေါင်းစပ်သွားတာလဲဆိုတာကိုတော့ ငါ့မှာ အစွမ်းအစနဲ့ အရည်အချင်း ရှိလာတဲ့အခါမှပဲ ဆက်ပြီး စဉ်းစားတော့မယ်။ ဒါပေမဲ့ ဒီအေအိုင်စနစ် ရှိနေမှတော့ ငါ့အတွက် ဒီကမ္ဘာမှာ အရင်းအမြစ်အချို့ ရှိနေပြီလို့ ပြောလို့ရတာပေါ့…”
လေလင်၏ နှုတ်ခမ်းထောင့်များက ရုတ်တရက် အထက်သို့ ကွေးညွတ်သွားပြီး ထက်မြက်သော အပြုံးတစ်ခု ပေါ်လာသည်။
ဤအလယ်ခေတ် ကာလအတွင်းမှာ အနာဂတ်နည်းပညာ၏ အသီးအပွင့်တစ်ခုကို ပိုင်ဆိုင်ထားခြင်းက သူ့အနာဂတ်လမ်းကြောင်းကို သေချာပေါက် ထူးခြားဆန်းပြား စေလိမ့်မည် ဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိနေခြင်း ဖြစ်သည်။
“ဒါပေမဲ့ ဒီလေလင်ရဲ့ ခန္ဓာကိုယ် အခြေအနေကတော့ တကယ်ကိုပဲ…”
ရှေ့တွင် ပြသထားသည့် ကိန်းဂဏန်းများကို မြင်ပြီး လေလင် တစ်ယောက် ပါးစပ်ပင် မဟနိုင်တော့ချေ။
ဒီပြသထားသည့် ကိန်းဂဏန်းများသည် အရွယ်ရောက်ပြီးသူ တစ်ယောက်၏ ခန္ဓာကိုယ် အခြေအနေကို စံနှုန်းတစ်ခု အဖြစ် အခြေခံထားခြင်း ဖြစ်သည်။
သီအိုရီအရ သာမန် အရွယ်ရောက်ပြီးသူ တစ်ဦး၏ ပျမ်းမျှ ကိန်းဂဏန်းများသည် ၁ ဝန်းကျင်တွင် ရှိရမည် ဖြစ်သော်လည်း ဤလေလင်က အသက် ၁၃-၁၄ နှစ် ခန့် ရှိနေပြီ ဖြစ်သော်လည်း သူ့ကိန်းဂဏန်းများက အလွန် နိမ့်ပါးလွန်းနေသေးသည်။
“ဟင်… ဒါက မဟုတ်သေးပါဘူး။ ဒီကမ္ဘာက လူတွေရဲ့ ခန္ဓာကိုယ်က ယေဘုယျအားဖြင့် ပိုပြီး အားနည်းနေတာလည်း ဖြစ်နိုင်တာပဲ။ အေအိုင်စနစ်… ငါ့ဘေးနားက လူတွေရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပြီး သူတို့ရဲ့ အခြေအနေပြ ကိန်းဂဏန်းတွေကို ပြစမ်း…”
[အေအိုင်စနစ် - လုပ်ဆောင်ချက် သတ်မှတ်ပြီးပါပြီ။ ခန္ဓာကိုယ် အခြေအနေပြ ကိန်းဂဏန်းများကို စတင်စုဆောင်းနေပါသည်။]
ချက်ချင်းဆိုသလိုပင် လေလင်၏ ရှေ့မှောက်၌ ဘေးပတ်ပတ်လည်ရှိ လူများ၏ ခန္ဓာကိုယ် သုံးဖက်မြင် ဟိုလိုဂရမ် ပုံရိပ်များ ပေါ်လာပြီး ၎င်းတို့၏ ကိန်းဂဏန်းများကို ပြသလာခြင်း ဖြစ်သည်။
[အေအိုင်စနစ် - အမည် - မသိရ။
ကျား/မ - ကျား။
ခွန်အား - ၀.၉၊
ဖြတ်လတ်မှု - ၁.၁၊
သက်စောင့်အား - ၀.၈]
[အေအိုင်စနစ် - အမည် - မသိရ။ ကျား/မ - ကျား။ ခွန်အား - ၁.၂၊ ဖြတ်လတ်မှု - ၀.၈၊ သက်စောင့်အား - ၁.၀]
[အေအိုင်စနစ် - အမည် - မသိရ။
ကျား/မ - မ။
ခွန်အား - ၀.၈၊
ဖြတ်လတ်မှု - ၁.၂၊
သက်စောင့်အား - ၀.၇]
“ကြည့်ရတာ ဒီကမ္ဘာက လူတွေရဲ့ ခန္ဓာကိုယ်က ငါ့အရင်ကမ္ဘာက လူတွေထက် ပိုပြီး သန်မာကြတဲ့ပုံပဲ။ ဒီလေလင်က မိန်းကလေးတစ်ယောက်ကိုတောင် မပြိုင်နိုင်ဘူးဆိုတော့ သူ့အတွက် ငါတောင် ရှက်လာမိတယ်…”
လေလင် က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထိုလူများသည် သူ့အသက်အရွယ်ဝန်းကျင် လူငယ်များချည်း ဖြစ်ပြီး နုနယ်ပျော့ပျောင်းပုံရသည့် မိန်းကလေးတစ်ယောက်၏ ကိန်းဂဏန်းများကပင် လေလင်ထက် အဆပေါင်းများစွာ သာလွန်နေခြင်း ဖြစ်ရာ သူ့ကို လုံးဝ စိတ်ပျက်သွားစေသည်။
“ဒီလေလင်က အသုံးမကျတဲ့ ကပ်ပါးကောင်၊ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တဲ့ ကာမရူး အမှိုက်တစ်စပဲ ဖြစ်ရမယ်…”
[အေအိုင်စနစ် - အမည် - မသိရ။
ကျား/မ - ကျား။
ခွန်အား - ၃.၃၊
ဖြတ်လတ်မှု - ၂.၅၊
သက်စောင့်အား - ၃.၂။
သတိပေးချက်။ သတိပေးချက်။
ဤသက်ရှိသည် အလွန်အမင်း အန္တရာယ်များသည်။ အကြံပြုချက် - အိမ်ရှင်သည် အနည်းဆုံး မီတာ ၁၀၀၀ အကွာအဝေးသို့ ချက်ချင်း ရွှေ့ပြောင်းပါ။]
အနီရောင် သတိပေးချက်တစ်ခုက သုံးကြိမ်ဆက်တိုက် တရစပ် ဖျတ်ခနဲ ပေါ်လာခြင်း ဖြစ်ရာ လေလင် တစ်ယောက် ထိတ်လန့် တုန်လှုပ်သွားရသည်။
“ပျမ်းမျှ ကိန်းဂဏန်းက ၃.၀ တဲ့လား…”
လေလင်က အေအိုင်စနစ် အမှားအယွင်း မရှိကြောင်း သေချာစေရန် အချက်အလက်များကို အကြိမ်ကြိမ် ပြန်လည်စစ်ဆေးပြီးနောက် လုံးဝ စကားမဆိုနိုင်တော့ချေ။
“အရင်ကမ္ဘာက ကမ္ဘာ့ချန်ပီယံတောင် ဒီလို ကိန်းဂဏန်းမျိုး မရှိဘူး။ အရင်ကမ္ဘာမှာဆိုရင် ဒီလူက စူပါမန်း အဖြစ် အလွယ်တကူ ဟန်ဆောင်လို့ ရတယ်…”
သိပ္ပံပညာရှင်တစ်ယောက် အနေဖြင့် ကိန်းဂဏန်း ၃.၂ ဆိုသည်မှာ ထိုလူ၏ တိုက်ခိုက်နိုင်စွမ်း၊ ရောဂါပိုးမွှား တိုက်ဖျက်နိုင်စွမ်းနှင့် ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်မှု နှုန်းတို့သည် သာမန်လူထက် သုံးဆမျှ ပိုမိုမြင့်မား ကြောင်း လေလင် ကောင်းကောင်းကြီး နားလည်သည်။
သာမန်လူထက် သုံးဆမျှ သာလွန်နေသည့် ကိန်းဂဏန်းများ ဆိုသည်မှာ ဂဏန်းများကို ရိုးရိုးရှင်းရှင်း ပေါင်းစပ်ထားခြင်းမျိုး မဟုတ်ချေ။ ဒါက ဘယ်လို အယူအဆမျိုး ဖြစ်သနည်း။
ထိုလူသည် လက်ဗလာဖြင့် လူအယောက်ပေါင်းများစွာကို အနိုင်တိုက်နိုင်ပြီး လူအယောက် ၁၀၀ ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကိုပင် ကျော်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ရာ အရင်ကမ္ဘာတွင်ဆိုလျှင် စူပါမန်းဟု အစစ်အမှန် သတ်မှတ်၍ ရခြင်း ဖြစ်သည်။
“ဒီလို ကိန်းဂဏန်းမျိုး ရှိတဲ့လူကို ဓာတ်ခွဲခန်းထဲမှာ ဇီဝဓာတုဗေဒနည်းအရ မျိုးရိုးဗီဇ ပြုပြင်မွမ်းမံမှု လုပ်ပြီးမှပဲ ဖန်တီးနိုင်လိမ့်မယ် ထင်တယ်။ ဒါတောင် အနည်းဆုံး စံနှုန်းပဲ ရှိဦးမယ်။ ဒီကမ္ဘာက တကယ်ကို မရိုးရှင်းဘူးပဲ…”
လေလင် စိတ်ထဲကနေ တွေးရင်း ထိုကြောက်မက်ဖွယ် ကိန်းဂဏန်းများကို ပိုင်ဆိုင်ထားသူကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်မိသည်။
သူကတော့ အစားအစာများ ဝေငှပေးနေသည့် အဝတ်နက်ဝတ် လူတစ်ယောက် ဖြစ်ပြီး အသက်အရွယ်အားဖြင့် လူလတ်ပိုင်းခန့် ရှိကာ နဖူးမှ နှုတ်ခမ်းအထိ ဆွဲဖြတ်ထားသည့် ဓားဒဏ်ရာ အမာရွတ်တစ်ခု ရှိနေခြင်း ဖြစ်သည်။ ၎င်းက သူ့မျက်နှာတစ်ခုလုံးကို နှစ်ခြမ်းခွဲထားသကဲ့သို့ ဖြစ်နေပြီး အလွန် ရက်စက်ကြမ်းကြုတ်မည့် ပုံစံမျိုး ရှိသည်။
စောစောက တင်းတိပ်များနှင့် ကောင်လေးသည် ဤလူ့ကြောင့် လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်သည်။
“ဒါက ငါတို့ကို လာကြိုတဲ့ အကယ်ဒမီကျောင်းရဲ့ အစေခံပဲ။ သူက မှော်ဆရာ မဟုတ်သေးဘူးလို့ ပြောကြပေမဲ့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေပြီ။ အစစ်အမှန် မှော်ဆရာတစ်ယောက်ဆိုရင် ဘယ်လိုမျိုး ဖြစ်မလဲ…”
လေလင်သည် မှော်ဆရာဆိုသည့် သက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ် ပြင်းပြသော စိတ်ဝင်စားမှုနှင့် စုစမ်းလိုစိတ်များ ရုတ်တရက် အပြင်းအထန် ပေါ်ပေါက်လာပြီး အခုချက်ချင်းပင် အကယ်ဒမီကျောင်းသို့ သွားရောက်ကာ အရာအားလုံးကို စုံစမ်းစစ်ဆေးချင်စိတ်များ တဖွားဖွား ပေါ်လာရသည်။
လူတန်းက အလွန်တိုလှသဖြင့် မကြာမီမှာပဲ လေလင်၏ အလှည့်သို့ ရောက်လာ၏။ ထိုမျက်နှာတွင် အမာရွတ်နှင့် အဝတ်နက်ဝတ်လူက လေလင်ကို ပေါင်မုန့်ဖြူတစ်ချပ်နှင့် ဖျော်ရည်အချို့ ပေးပြီးနောက် စိတ်မရှည်သည့် အမူအရာဖြင့် ဘာစကားမှမဆိုဘဲ ထွက်သွားရန် လက်ဝှေ့ယမ်းပြလာသည်။
အကယ်၍ မူလ လေလင်သာ ဆိုလျှင် ဤနေရာက သူ့အိမ်မဟုတ်သဖြင့် ဤလူကို အပြင်ဆွဲထုတ်ပြီး ကြာပွတ်ဖြင့် အကြိမ်အနည်းငယ် မရိုက်ရဲသေးစေကာမူ သူ့အမူအရာက အလွန် ဆိုးရွားသွားမှာ ဖြစ်သလို ထိုလူကိုလည်း သေချာပေါက် အော်ဟစ်ဆဲဆိုမိလိမ့်မည် ဖြစ်သည်။
သို့သော် လက်ရှိ လေလင်ကတော့ ထိုမျှအထိ မိုက်မဲခြင်း မရှိချေ။ သူက မှတ်ဉာဏ်များအတိုင်း စနစ်တကျ ဦးညွှတ်လိုက်ပြီး “ကျေးဇူးတင်ပါတယ်… ဆရာ…” ဟု ဆိုလိုက်၏။
အဝတ်နက်ဝတ်လူကတော့ လေလင် လှည့်ထွက်သွားသည်ကို ဘာအမူအရာမှ မပြဘဲ စိုက်ကြည့်နေဆဲ ဖြစ်သည်။
“ဟေး… လေလင်က ဦးညွှတ်လိုက်တာ မြင်ရတော့ တကယ့် မှူးမတ်တစ်ယောက်နဲ့ တူသားပဲ…”
လေလင်၏ နောက်က လူငယ်နှစ်ယောက်က တိုးတိုးလေး ကတ်သီးကတ်သတ် ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
“မြန်မြန် ရှေ့တိုးစမ်း…”
အမာရွတ်နှင့်လူက အော်ဟစ်လိုက်ရာ ထိုလူငယ်နှစ်ဦး၏ နားစည်များ ကွဲထွက်လုမတတ် ဖြစ်သွားရသည်။
ထိုအသံကြီးကြောင့် လူငယ်တစ်ယောက်မှာ ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့ရသည်။
လေလင်ကတော့ သူ့နောက်က ပြောဆိုသံများကို ဂရုမစိုက်ဘဲ အေးစက်သော အကြည့်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိသည်။
“ကောင်းပြီ… ငါက တကယ်ကို အလိုမရှိတဲ့သူ ဖြစ်နေတာပဲ…”
သူ ဂျော့ခ်ျ့ကို လှမ်းကြည့်လိုက်သည့်အခါ ဂျော့ခ်ျကလည်း သူ့ခေါင်းကို အမြန်ပင် လွှဲလိုက်ပြီး သူ့ကျောနောက်ကနေ လျှို့ဝှက်လက်ဟန်တစ်ခု ပြလာသည်။
“ဟူး… ထားပါတော့။ မင်း ငါ့ကို ဆေးပေးခဲ့တာဆိုတော့ မင်းအကြောင်းကို ငါ ဖွင့်မပြောတော့ပါဘူး…”
လေလင် သက်ပြင်းချလိုက်ပြီးနောက် အနည်းငယ် လူပြတ်သည့် နေရာတစ်ခုကို ရှာဖွေလိုက်၏။ ကြမ်းပြင်ပေါ်တွင် ဖျာခင်းထားခြင်း ရှိ၊ မရှိကို ဂရုမစိုက်တော့ဘဲ သူ ထိုင်ချလိုက်ကာ အားရပါးရ စားသောက်တော့သည်။
“ဒီရိုးရိုး ပေါင်မုန့်ဖြူက အရင်ကမ္ဘာက ပေါင်မုန့်တွေလောက် မကောင်းဘူးပဲ။ ဒါပေမဲ့ မူလ လေလင်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဒါက ပွဲတော်ရက်တွေကျမှပဲ စားရတဲ့ အစားအစာ ဖြစ်နေပြန်ရော…”
လေလင် စားရင်း တွက်ချက်နေမိသည်။
လေလင်၏ မှတ်ဉာဏ်များအရ ဤကမ္ဘာ၏ ကုန်ထုတ်လုပ်မှု စွမ်းအားက အလွန် နိမ့်ပါးလှသည်။
ပေါင်မုန့်ဖြူဆိုသည်မှာ မှူးမတ်မျိုးနွယ်စုဝင်များ စားသည့် အစားအစာ ဖြစ်ပြီး သာမန် အောက်ခြေမှူးမတ်များသည်ပင် ကြီးကျယ်သော ပွဲတော်ရက်များ၌သာ သုံးဆောင်နိုင်ခြင်း ဖြစ်သည်။
မာကျောပြီး အာဟာရဓာတ် မရှိသည့် ပေါင်မုန့်ညိုကိုသာ စားရသော သာမန် လယ်သမားများအတွက်မူ ဤအရာက အမြင့်မြတ်ဆုံး အရသာ ဖြစ်ပေလိမ့်မည်။
မှတ်ဉာဏ်ထဲက ကျောက်ခဲကဲ့သို့ မာကျောလှသည့် ပေါင်မုန့်ညိုအကြောင်းကို တွေးမိသောအခါ လေလင် သက်ပြင်းချလိုက်မိသည်။
“ငါ ကံကောင်းသွားတယ်လို့ပဲ ပြောရမယ်။ ငါက မှူးမတ်မျိုးနွယ် ဖြစ်ဖြစ်၊ မှော်ဆရာ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာရဲ့ အထက်တန်းလွှာထဲမှာ ရှိနေတာဆိုတော့ ဆင်းရဲဒုက္ခ ခံရဖို့ မလိုတော့ဘူး…”
သူက ပေါင်မုန့်ကို အငမ်းမရ ဝါးမြိုလိုက်ပြီး ဖျော်ရည်ကိုလည်း တစ်ငုံတည်းဖြင့် အကုန်မော့ချလိုက်သည်။ ထို့နောက် လေလင် က သူ့နှုတ်ခမ်းကို ကျေနပ်အားရစွာ သုတ်လိုက်ပြီး မြင်းရထားဆီသို့ ပြန်လာခဲ့တော့သည်။
မှတ်ဉာဏ်ထဲက အတွေ့အကြုံများအရ မှူးမတ်လူငယ်များသည် စခန်းတွင် တဲများထိုးကာ တစ်ညလုံး အနားယူပြီးမှ ဆက်လက် ခရီးနှင်ကြမည် ဖြစ်သော်လည်း လေလင်ကိုတော့ မည်သူကမှ အတူတူနေရန် ဖိတ်ခေါ်မည် မဟုတ်ကြောင်း ထင်ရှားလှသည်။
သူ့မှာ ကိုယ်ပိုင် တဲလည်း မရှိသဖြင့် အေးစက်ပြီး မာကျောသော မြင်းရထားပေါ်မှာသာ အိပ်စက်ရတော့မည် ဖြစ်သည်။
“စောစောက ငါကြည့်လိုက်ရသလောက်တော့ ဒီမှာ အလုပ်သင် မှော်ဆရာ ၅၀ ကျော်၊ ဝတ်စုံနက်ဝတ် ၂၅ ယောက်နဲ့ အဆင့်အမြင့်ဆုံး ဝတ်စုံဖြူဝတ် ၃ ယောက် ရှိတဲ့ပုံပဲ…”
စောစောက အဝေးကနေ သူ့ကို တစ်စုံတစ်ယောက်က သတိထားမိသွားသည့် မြင်ကွင်းကို တွေးမိသောအခါ လေလင်၏ ခန္ဓာကိုယ်ပေါ်က အမွေးအမှင်များ ထောင်ထွက်သွားရသည်။
ထို့အပြင် အေအိုင်စနစ်ကလည်း
[အေအိုင်စနစ် - မသိရသော ဓာတ်ရောင်ခြည် အရင်းအမြစ်ကို ရှာဖွေတွေ့ရှိပါသည်။]၊
[အေအိုင်စနစ် - မသိရသော စွမ်းအင်စက်ကွင်း၏ နှောင့်ယှက်မှုကို ခံရသဖြင့် စစ်ဆေး၍ မရနိုင်ပါ။] ဟု သတိပေးချက်များ ထုတ်ပြန်နေခြင်း ဖြစ်သည်။
ဤအရာက လေလင်၏ စိတ်ထဲတွင် အရိပ်မည်းတစ်ခု ဖြစ်ပေါ်စေသည်။
“ငါ့မှာ အေအိုင်စနစ် ရှိနေရင်တောင် ဒီကမ္ဘာမှာ ငါက အလွန် အားနည်းနေသေးတဲ့ပုံပဲ။ ဒါပေမဲ့ ဒီအကြောင်းပြချက်ကြောင့်ပဲ ငါက မှော်ဆရာတစ်ယောက်ရဲ့ စွမ်းအားကို ရယူချင်စိတ် ပိုပြင်းပြလာတာ ဖြစ်ရမယ်…”
လေလင်၏ မျက်ဝန်းများက မီးတောက်များပမာ တောက်ပသွားရသည်။
“စောစော အိပ်လိုက်တာက အကောင်းဆုံးပဲ။ မနက်ဖြန်လည်း ခရီးဆက်ရဦးမှာ…”
လေလင် က သူ့အင်္ကျီအပေါ်ထည်ကို ချွတ်လိုက်ပြီး ပိုပြီး သက်သောင့်သက်သာ အိပ်နိုင်ရန် ကြမ်းပြင်ပေါ်တွင် ခင်းလိုက်၏။
“ဒီခရီးစဉ်ကို စတင်ခဲ့တာ အခုဆိုရင် ၃ လကျော်သွားပြီ။ ငါတို့ နိုင်ငံပေါင်း ဒါဇင်အတော်များများကို ဖြတ်ကျော်ခဲ့ပြီးပြီ ဖြစ်ပေမဲ့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်သေးဘူး။ ဒီရှေးဟောင်း သယ်ယူပို့ဆောင်ရေး အခြေအနေကတော့ တကယ်ကိုပဲ…”
သူ မျက်လုံးမှိတ်လိုက်ပြီး မှေးကနဲ ဖြစ်သွားသည်။ အတန်ကြာသောအခါ မြင်းရထား တံခါးက ဝုန်းခနဲ ပွင့်သွားခြင်း ဖြစ်သည်။
လေလင် ရုတ်တရက် ထထိုင်လိုက်မိသည်။ ထိုစဉ် သူ့နှာခေါင်းထဲသို့ နှင်းဆီပန်းရနံ့တစ်ခု တိုးဝင်လာ၏။
၎င်းက ချိုမြိန်မွှေးပျံ့လှသဖြင့် နှာခေါင်းထဲတွင် အလွန် သာယာစေရုံတင်မကဘဲ သူ့ခန္ဓာကိုယ်ကိုပါ တုန်လှုပ်သွားစေပြီး မူလ မှတ်ဉာဏ်များကို ပြန်လည် နိုးကြားလာစေသည်။
“လေ… လေလင်။ မင်း နေကောင်းရဲ့လား…” သာယာနာပျော်ဖွယ် မိန်းကလေး အသံတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဘတ်ဆီတာလား။ ဝင်ခဲ့ပါ…”
လေလင် သူ့ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်၏။
လှပသော မိန်းကလေးတစ်ယောက် ဝင်ရောက်လာသည်နှင့်အမျှ မြင်းရထားအတွင်းရှိ မွှေးပျံ့သော ရနံ့က ပိုမို ပြင်းထန်လာသည်။
သူမတွင် ဖြူဝင်းသော အသားအရေ ရှိပြီး သူမ၏ ထွားစွင့်စွဲမက်ဖွယ် ကောက်ကြောင်းများကို ပေါ်လွင်စေသည့် အနီရောင် ဝတ်စုံကျပ်ကို ဝတ်ဆင်ထားသည်။
လေလင်အတွက် မေ့ဖျောက်ရန် ပို၍ ခက်ခဲလှသည်မှာ ဤမိန်းကလေး၏ ပလက်တီနမ်ရောင် ဆံပင်များနှင့် ပတ္တမြားနီကဲ့သို့ တောက်ပသော မျက်ဝန်းများ ဖြစ်သည်။
၎င်းက သူမ၏ လှပသော မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ ဆန်းပြားသော ဆွဲဆောင်မှုမျိုးကို ပေးစွမ်းနေခြင်း ဖြစ်သည်။
သူမကတော့ လေလင်ကို အရိုက်ခံရစေပြီး အသက်ပင် ဆုံးရှုံးစေခဲ့သည့် မိန်းကလေး ဘတ်ဆီတာ ပင် ဖြစ်သည်။
“ငါ့ကို ဘာပြောစရာ ရှိလို့လဲ…”
ဤမိန်းကလေးက အလွန်အမင်း ထွားစွင့်လှပပြီး မူလ လေလင်အတွက် အလွန် ဆွဲဆောင်မှု ရှိစေကာမူ တခြားကမ္ဘာတစ်ခုကနေ ကူးပြောင်းလာပြီး အလှအပ ပေါင်းစုံကို မြင်တွေ့ခဲ့ဖူးသည့် ဖန်မင်အတွက်တော့ ဤမိန်းကလေးမှာ အသင့်အတင့် လှပရုံမျှသာ ရှိခြင်း ဖြစ်သည်။
သူ့အမူအရာက အလွန် အေးစက်ပြီး ဂရုမစိုက်သည့် ပုံစံမျိုး ရှိသည်။
ဤအမူအရာကြောင့် မိန်းကလေးမှာ အနည်းငယ် အံ့အားသင့်သွားပုံရပြီး သူမ ပြောမည့် စကားလုံးများက နှုတ်ခမ်းဖျားတွင်တင် ရပ်တန့်သွားရသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက ဖန်ပုလင်းအသေးလေးတစ်လုံးကို ထုတ်ယူကာ လေလင်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
“ဒါ… ဒါက ဒဏ်ရာရရင် လိမ်းတဲ့ဆေးပဲ။ မင်း ခန္ဓာကိုယ်မှာ လိမ်းလိုက်ရင် အထောက်အကူ ပြုလိမ့်မယ်။ ငါ… တောင်းပန်ပါတယ်…”
မိန်းကလေးက ဦးညွှတ်လိုက်ရာ သူမ၏ ပြည့်ဖြိုးဖြူဝင်းလှသော ရင်သားအစုံက ပေါ်ထွက်လာခြင်း ဖြစ်သဖြင့် လေလင်၏ ရင်ခုန်သံများ မြန်ဆန်သွားရတော့သည်