အခန်း ၁၂ - ကြက်ခြေခတ် ခုတ်ချက်
[လေတိုက်နှုန်းနှင့် အပူချိန်ကို တွက်ချက်နေပါသည်။ ပစ်မှတ်လမ်းကြောင်း တွက်ချက်မှု ပြီးဆုံးပါပြီ။]
အေအိုင်စနစ် တွက်ချက်ပေးသည့် လမ်းကြောင်းအတိုင်း လေလင်က ဒူးလေး၏ ခလုတ်ကို ဆွဲလိုက်သည်။
“ရှူး”
ပြင်းထန်လှသော ဒူးလေးမြှားက ပျံထွက်သွားပြီး ပြန်ကန်အားကြောင့် လေလင်၏ လက်မောင်းမှာ အနည်းငယ် ထုံကျဉ်သွားရသည်။
“ဖတ်”
ဒူးလေးမြှားသည် ဝံပုလွေရိုင်း၏ ဘယ်ဘက်မျက်လုံးမှတဆင့် ဝင်ရောက်ကာ ညာဘက်မျက်လုံးမှ ထွက်သွားသည်။ ဝံပုလွေရိုင်းမှာ နှစ်ကြိမ်မျှ အော်ဟစ်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။
“ဒီလို တိကျမှု လိုအပ်တဲ့ အလုပ်တွေမှာ အေအိုင်စနစ်နဲ့ဆိုရင် အရမ်း အဆင်ပြေတာပဲ။ ဒူးလေးက လေးနဲ့ မတူဘူး၊ ပစ်မှတ်ကိုချိန်ပြီး ခလုတ်ဆွဲရုံပဲ။ တကယ်ကို အဆင်ပြေတယ်”
လေလင်သည် ကြက်ခြေခတ် ဓားကို လှုပ်ရှားတိုက်ခိုက်စဉ်ကနှင့် ဒူးလေးကို အသုံးပြုသည့်အချိန်ကို နှိုင်းယှဉ်လိုက်သည်။
“ငါက အဝေးကနေ တိုက်ခိုက်တာနဲ့ ပိုပြီး သင့်တော်မယ် ထင်တယ်။ ဒါက ပိုပြီး ဘေးကင်းတယ်။ ဒါပေမဲ့ စစ်သည်တော်ရဲ့ သက်စောင့်စွမ်းအင်ကို ဘယ်လို နိုးထအောင် လုပ်ရမလဲဆိုတာတော့ မသိသေးဘူး။ တကယ့်ကို ပြင်းထန်တဲ့ တိုက်ပွဲမျိုးကိုမှ ကြုံတွေ့မှပဲ နိုးထလာမှာလား။”
လေလင်သည် ဒူးလေးကို အရင်က မသုံးခဲ့ချေ။ ပထမအချက်မှာ စိတ်ထဲရှိသည်ကို ထုတ်ဖော်လိုခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ စစ်သည်တော် သက်စောင့်စွမ်းအင်ကို နိုးထစေရန် ကြိုးစားခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် အေအိုင်စနစ်ကို ကိုင်ဆောင်ထားသည့် သူသည် အသက်သေဆုံးနိုင်သည့် အခြေအနေမျိုးအထိ ဘယ်တော့မှ မရောက်ခဲ့ဖူးသောကြောင့် ထိုခံစားချက်ကို ဘယ်လိုမှ နားမလည်နိုင်ခဲ့ချေ။
“လေလင် တော်လိုက်တာ”
ဂျော့ခ်ျ က အခုမှပင် သတိဝင်လာပြီး လေလင်၏ ပုခုံးကို ပုတ်လိုက်သည်။
“ဒီနေ့ကစပြီး ဒီဒူးလေးက မင်းဟာပဲ”
“ကျေးဇူးပဲ”
လေလင် ပြုံးလိုက်သည်။ ဂျော့ခ်ျသာ မပြောလျှင်လည်း သူက ဒူးလေးကို ရအောင် ယူဖို့ ကြိုးစားဦးမှာပင်။
“အို လေလင် လေလင် ဝံပုလွေရိုင်းတွေကို သတ်နိုင်လိုက်ပြီ။ သခင် လေလင် သခင် လေလင် မြန်မြန် ကယ်ကြပါဦး”
ထိုအချိန်တွင် ဝံပုလွေရိုင်းအုပ်စုသည် စခန်းထဲသို့ ပိုမို အရှိန်အဟုန်ဖြင့် တိုးဝင်လာသဖြင့် ကျောင်းသားများက လေလင်ထံသို့ အော်ဟစ် အကူအညီတောင်းကြတော့သည်။
ဂျော့ခ်ျ့၏ ကြိုတင် ပြင်ဆင်မှုများကြောင့် သူတို့ဘက်တွင် ထိခိုက်မှု အနည်းဆုံး ဖြစ်ခဲ့သည်။
ဂျော့ခ်ျနှင့် လေလင်တို့နှစ်ဦးက အလုပ်သင် စစ်သည်တော်များ ဖြစ်ကြသဖြင့် ဝတ်စုံဖြူဝတ် သခင်ကြီးများရှိရာ နေရာမှလွဲ၍ သူတို့နေရာက အဘေးကင်းဆုံး ဖြစ်နေသည်။
“ဟူး”
အိုရလင်း က ခုန်အုပ်လာသည့် ဝံပုလွေရိုင်းကို ဓားဖြင့် ပိတ်ဆို့လိုက်စဉ် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ရသည်။ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လက်ထဲက ကြက်ခြေခတ် ဓားပင် လွင့်စင်သွားရသည်။
“ငါက ငါ့မိသားစုရဲ့ ဆက်ခံသူပဲ ငါ အခုမှ ပျော်ရွှင်ရမယ့် အရာတွေ အများကြီး ရှိသေးတာ ငါ ဒီနေရာမှာ ဘယ်လိုလုပ် သေနိုင်မှာလဲ။”
အိုရလင်း အော်ဟစ်လိုက်သည်။
သူနှင့်အတူ ပါလာသူများထဲက နှစ်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသူများမှာလည်း သေဆုံးခြင်း မရှိလျှင် ပြေးလွှား ထွက်ပြေးနေကြပြီ ဖြစ်သည်။
ထိုအချိန်တွင် “သခင် လေလင်” ဆိုသည့် အော်ဟစ်သံကို ကြားလိုက်ရသဖြင့် သူ့မျက်ဝန်းများ တောက်ပသွား၏။
“ဟုတ်သားပဲ ဖာ့ဇ် မဟာမိတ်အဖွဲ့မှာ စွမ်းအားတွေ ရှိနေသေးတာပဲ။ လေလင်ကလည်း ခုနက တော်လိုက်တာ။ သူ ငါ့ကို သေချာပေါက် ကယ်နိုင်မှာ”
အိုရလင်း မတွေဝေတော့ဘဲ ထိုနေရာဆီသို့ ပြေးသွားလိုက်တော့သည်။
“လေလင် သခင် လေလင် ကယ်ကြပါဦး”
“ဟမ်” လေလင် က ဒူးလေးကို အသင့်ပြင်လိုက်ပြီး အသံကြားရာကို ကြည့်လိုက်၏။
“အိုရလင်းပါလား”
လက်ရှိ အိုရလင်း၏ ပုံစံမှာ အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ ဓားလည်း လွင့်စင်သွားရုံတင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်ကာ ဝံပုလွေရိုင်း၏ အနီးကပ် လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည်။
“နှမြောစရာပဲ မင်း မှားတဲ့လူကို ရှာမိပြီ ငါက တကယ်ပဲ အဲဒီလောက်အထိ စိတ်သဘောထား ကြီးမယ်လို့ မင်း ထင်နေတာလား။”
လေလင်၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားသည်။
“ဝတ်စုံဖြူဝတ် မှော်ဆရာတွေ ရှိနေတာဆိုတော့ ငါ သူ့ကို တိတ်တဆိတ် သတ်ပစ်ဖို့ မရဲဘူး ဒါပေမဲ့ သူတို့ မကယ်နိုင်လိုက်လို့ ဖြစ်သွားတာဆိုရင်တော့ ဘယ်သူမှ ငါ့ကို အပြစ်တင်နိုင်မှာ မဟုတ်ဘူး”
လေလင် က အိုရလင်းကို ကြည့်ပြီး ပြုံးလိုက်မိသည်။
“သူ ငါ့ကို ကယ်မှာပဲ သေချာပေါက် ကယ်မှာပဲ” အိုရလင်း က လေလင်၏ အပြုံးကို မြင်လိုက်ရသဖြင့် စိတ်အေးသွားပြီး သူ့ပြေးနှုန်းကို ပိုမို မြှင့်တင်လိုက်၏။
“အို… မဟုတ်ဘူး”
ထိုအချိန်တွင် အိုရလင်း က လေလင်သည် ဒူးလေးကို အသုံးပြု၍ နောက်ထပ် ဝံပုလွေရိုင်းတစ်ကောင်ကို ပစ်သတ်နေသည်ကို စိတ်ပျက်လက်ပျက် မြင်လိုက်ရသည်။
“မင်း ဘယ်လိုလုပ်… မင်း ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ”
အိုရလင်း၏ စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်သွားပြီး ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
သူ့နောက်က ဝံပုလွေရိုင်းက ရှေ့သို့ ခုန်အုပ်လိုက်၏။ သွားများက ပြင်းထန်စွာ ကိုက်ပစ်လိုက်ရာ သွေးများ ပန်းထွက်လာတော့သည်။
“ကျေးဇူးပဲ” အခြားတစ်ဖက်တွင်တော့ လေလင် ကယ်တင်လိုက်သည့် မိန်းကလေးက သူ့ထံ ပြေးလာပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်စရာ မလိုပါဘူး”
လေလင် ပြုံးလိုက်၏။ အခြားတစ်ဖက်တွင် လီလစ် က လေလင်ကို မျက်နှာနီရဲလျက် ငေးကြည့်နေသည်။
လေချွန်သံတစ်ခု ထွက်ပေါ်လာပြီး ဂျော့ခ်ျ က လီလစ်ကို ကြည့်ကာ ‘မင်း နားလည်တယ်မလား’ ဆိုသည့် အကြည့်မျိုးဖြင့် လေလင်ကို ကြည့်လိုက်သည်။
“အခြေအနေက ဒီလောက်တောင် ဖြစ်နေတာတောင် မင်းရဲ့ ပင်ကိုယ်စရိုက်က မပြောင်းလဲဘူးပဲ ဂျော့ခ်ျ”
“ငါ သေခြင်းတရားရဲ့ ချောက်ကမ်းပါးထဲ ကျသွားရင်တောင် လှပတဲ့ အချစ်ဇာတ်လမ်းတွေအပေါ် ငါထားတဲ့ ရာဂစိတ်ကို မင်း တားလို့ မရဘူး”
ဂျော့ခ်ျ က အသေခံ တိုက်ပွဲဝင်သူတစ်ယောက်ပမာ ရဲရဲဝံ့ဝံ့ ဆိုလိုက်သည်။
“မင်း သေမှာ မဟုတ်ပါဘူး၊ ဝတ်စုံဖြူဝတ်တွေက လှုပ်ရှားတော့မှာလေ။”
လေလင် မျက်စိစောင်းကြည့်လိုက်သည်။
လွင်ပြင်ကြီးထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေစေကာမူ ကြီးမားလှသည့် ဝံပုလွေရိုင်းများသည် အံ့ဖွယ်ကောင်းသော ဆဋ္ဌမအာရုံ ရှိပုံရ၏။
သူတို့သည် ဝတ်စုံဖြူဝတ် မှော်ဆရာ သုံးဦးကို လုံးဝ မနှောင့်ယှက်ဘဲ ထူးဆန်းသော စက်ဝိုင်းတစ်ခုကိုသာ ဖန်တီးထားကြသည်။
ဆူညံသံများကြားထဲမှ လေလင်သည် အေအိုင်စနစ်မှတဆင့် မှော်ဆရာများ၏ စကားပြောသံကို ကြားလိုက်ရသည်။ သူတို့ကိုယ်တိုင်ကပင် ဖုံးကွယ်ထားခြင်း မရှိပေ။
“ခရို ငါတို့ မလှုပ်ရှားကြတော့ဘူးလား။ အလုပ်သင်တွေ အများကြီး ထိခိုက်နေပြီ၊ ဒါက ငါတို့ရဲ့ အဆင့်သတ်မှတ်ချက်ကို ကျဆင်းစေလိမ့်မယ်” အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်သည်။
“စိတ်အေးအေးထား ငါ ရေတွက်ကြည့်တာ အခုထိ ၁၀ ယောက်ပဲ သေသေးတယ်။ ကန့်သတ်ချက်ကို မကျော်သေးဘူး”
လှောင်ပြောင်သံပါသည့် အမျိုးသားတစ်ဦး၏ အသံ ဖြစ်သည်။
“ဒါပေမဲ့ ဒါက ကန့်သတ်ချက်နား ကပ်နေပြီ၊ မြန်မြန် လုပ်ကြစမ်း။ ဒီကျင့်စဉ်အတွက် တည်ငြိမ်မှု ပုံစံကို ငါ လိုအပ်နေတာ တောက် ဒီနေရာက အန္တရာယ်ရှိတဲ့ စွမ်းအားတွေ အရမ်း များလွန်းတယ်။
‘တိုကာဝူရီ’ ကို ဖန်တီးဖို့က လုံးဝ မဖြစ်နိုင်ဘူး”
“ဒါဆိုရင် ငါပဲ လုပ်လိုက်တော့မယ်”
စောစောက စကားမပြောသော ဝတ်စုံဖြူဝတ် အမျိုးသားက မတ်တတ်ရပ်လိုက်၏။
“ဒီဆန်းကြယ်တဲ့ မှော်ဆရာတွေ သဘာဝတရားရဲ့ စွမ်းအားတွေကို ထိန်းချုပ်နိုင်တယ်လို့ ကောလာဟလ ထွက်နေတဲ့သူတွေပဲ”
လေလင်၏ မျက်လုံးများက ဝတ်စုံဖြူဝတ် အမျိုးသားဆီသို့ စိုက်ကြည့်နေမိသည်။
“မင်းတို့ မိုက်မဲပြီး အောက်ကျို့တဲ့ သားရဲတွေ… မင်းတို့က တကယ့် မှော်ဆရာတွေကို လာနှောင့်ယှက်ရဲတယ်ပေါ့ သေခြင်းတရားကသာ မင်းတို့ရဲ့ ထာဝရ အိမ် ဖြစ်လိမ့်မယ်”
“မာဇာဒါ — ကာရာချီ”
ဝတ်စုံဖြူဝတ် အမျိုးသား၏ ရွတ်ဖတ်သံနှင့်အတူ လေလင်၏ နားထဲတွင် အေအိုင်စနစ်က ရူးသွပ်စွာ သတိပေးသံများ ထွက်ပေါ်လာသည်။
[သတိပေးချက် ဓာတ်ရောင်ခြည် အရင်းအမြစ်ကို ရှာဖွေတွေ့ရှိပါသည်။ အန္တရာယ်ရှိတဲ့ မှော်စွမ်းအားစက်ကွင်းကို ရှာဖွေတွေ့ရှိပါသည်။ အိမ်ရှင် အမြန်ဆုံး ဝေးရာသို့ ရွှေ့ပြောင်းပါ။]
တောက်ပသော အနီရောင် စာသားများသည် အလွန် ထင်ရှားနေစေကာမူ လေလင် တစ်ယောက်မျှ ထိတ်လန့်သွားခြင်း မရှိချေ။ သူသည် ဝတ်စုံဖြူဝတ် အမျိုးသား၏ ရွတ်ဖတ်သံကိုသာ အကြိမ်ကြိမ် မှတ်သားနေမိသည်။
“ဒါက ဒီတိုက်ကြီးမှာ သုံးတဲ့ ဘာသာစကားနဲ့ မတူဘူး၊ ရှေးဟောင်း ဘာသာစကားပဲ ဖြစ်ရမယ်။ မှော်ဆရာတွေက ဒီလို ဘာသာစကားမျိုးနဲ့ ရွတ်ဖတ်လေ့ ရှိတာလား။”
ဝတ်စုံဖြူဝတ် အမျိုးသား မတ်တတ်ရပ်လိုက်သည့်အခါ ဘေးပတ်ပတ်လည်ရှိ ဝံပုလွေရိုင်းများမှာ သဘာဝ ရန်သူကို တွေ့လိုက်ရသကဲ့သို့ နောက်ဆုတ် သွားကြသည်။
“ဒုတိယ စွမ်းအင် မီးလုံး”
ရွတ်ဖတ်မှု ပြီးဆုံးသွားသည့်အခါ မီးလုံးတစ်လုံးက လေထဲတွင် အလိုအလျောက် ပေါ်ထွက်လာသည်။
အေအိုင်စနစ်၏ တွက်ချက်မှုအရ ဤမီးလုံးမှာ အနည်းဆုံး အပူချိန် ၁၀၀၀ ဒီဂရီ ရှိမည် ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လေထုကိုပင် လှိုင်းထသွားစေသည်။
မီးလုံးက တောက်ပသော လမ်းကြောင်းကို ဖန်တီးကာ ဝံပုလွေရိုင်း၏ ရင်ဘတ်ဆီသို့ ကျရောက်သွားသည်။
ဒုန်း...
“မကောင်းတော့ဘူး မြန်မြန် ငုံ့လိုက်ကြ”
လေလင် ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အလုပ်သင်များ သို့မဟုတ် ဝံပုလွေရိုင်းများ မည်သူမျှ မလွတ်မြောက်ခဲ့ကြချေ။
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ အပူလှိုင်းများ ပျံ့နှံ့သွားသည်။
“ဖူး… ဖူး…”
လေလင် ကြမ်းပြင်ပေါ်ကနေ ထလာပြီး ပါးစပ်ထဲက မြေကြီးနှင့် မြက်ပင်များကို အမြန် ထွေးထုတ်လိုက်သည်။
အခုအချိန်မှာတော့ သူသည် မြေကြီးများဖြင့် ဖုံးလွှမ်းနေပြီး ရွှံ့နွံတွင်းထဲကနေ ထွက်လာသူနှင့် တူနေသည်။
“အေအိုင်စနစ်ရဲ့ တွက်ချက်မှုအရဆိုရင် အဲဒီနေရာက ဝံပုလွေခေါင်းဆောင် ရှိနေတဲ့ နေရာပဲ။”
လေလင် မြင်းရထားပေါ်သို့ တက်လိုက်၏။ မှော်ဆရာ တိုက်ခိုက်လိုက်သည့် နေရာကို ကြည့်လိုက်ရာ သူ့အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
မီးလုံး ကျရောက်သွားသည့် နေရာတွင် အလျားနှင့် အနံ သုံးမီတာ၊ အနက် နှစ်မီတာရှိသည့် မီးတွင်းကြီးတစ်ခု ဖြစ်ပေါ်နေပြီး ဝံပုလွေရိုင်းများမှာမူ မီးသွေးခဲများ ဖြစ်သွားကြပြီ ဖြစ်သည်။
ဝံပုလွေရိုင်းများက နာကျင်စွာ ညည်းညူကာ အမြန်ဆုံး ထွက်ပြေးသွားကြသည်။
“သူက လူသား ခန္ဓာကိုယ် ရှိလျက်နဲ့ ဒီလောက်အထိ တိုက်ခိုက်နိုင်တာလား ဒါ… ဒါက မှော်ဆရာတစ်ယောက်ရဲ့ စွမ်းအားပဲ။”
လေလင် က ဝတ်စုံဖြူဝတ် မှော်ဆရာကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
“မှော်ဆရာရဲ့ စွမ်းအား… ငါ ဒါကို ရယူ ရမယ်”
“မြန်မြန် စစ်မြေပြင်ကို ရှင်းလင်းကြစမ်း”
ဝတ်စုံဖြူဝတ် အမျိုးသားက အလုပ်သင်များ၏ စိုက်ကြည့်ခြင်းကို ဂရုမစိုက်ဘဲ သူ့မူလ နေရာသို့ ပြန်သွား၏။
သူ အိုရလင်း၏ အလောင်းကို ဖြတ်သွားစဉ် ရပ်တန့်လိုက်သည်။ သူက အိုရလင်း၏ ရင်ဘတ်ထဲကနေ ရွှေရောင် အိတ်လေးကို ယူပြီး သူ့အိတ်ထဲ ထည့်လိုက်သည်။
“ဒါ… ဒါက အိုရလင်း မှော်ကျောက်တုံးတွေ သိမ်းတဲ့ အိတ်ပဲ”
လေလင်၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားရသည်။
“မှော်ကျောက်တုံးတွေရဲ့ တန်ဖိုးကို ငါ အနည်းငယ် အထင်သေးမိသွားတာပဲ။ ဒီ ဝတ်စုံဖြူဝတ်တွေက အလုပ်သင်တွေကို သေဆုံးခွင့်ပေးလိုက်တာက သူတို့ဆီက မှော်ကျောက်တုံးတွေကို ယူဆောင်ဖို့ ကြံစည်ထားတာ ဖြစ်ရမယ်”
“ကံကောင်းတာက သေဆုံးသွားတဲ့ အလုပ်သင်တွေက အန္တရာယ် ကန့်သတ်ချက်ကို ရောက်သွားပြီဆိုတော့ ငါတို့ ပိုပြီး ဘေးကင်းသွားပြီ”
လေလင် တွက်ချက်မိပြီးနောက် သူ့မျက်နှာက ဖြူလျော်သွားသည်။
“ဒါက မှော်ဆရာတွေရဲ့ ကမ္ဘာလား ယုတ္တိရှိလွန်းလို့ သွေးအေးရတာလား တကယ့်ကို ရက်စက်တာပဲ”
“အားလုံးပဲ အမြန် ပြင်ဆင်ကြ၊ ခရီးဆက်ရမယ်။ ဒီသွေးနံ့က တခြား သားရဲတွေကို ထပ်ခေါ်လာလိမ့်မယ်”
အဝတ်နက်ဝတ် အန်ဂျလို က သူ့ရဲ့ ပြဲသွားသည့် အင်္ကျီကို ချွတ်လိုက်၏။ သူက အသက်ကို ပြင်းပြင်း ရှူသွင်းနေရပြီး အားနည်းနေပုံရသည်။
လေလင်၏ မျက်ဝန်းများ တောက်ပသွား၏။
“စစ်သည်တော်ရဲ့ လျှို့ဝှက် ကျွမ်းကျင်မှုကို သုံးရင် ပေးဆပ်ရမယ့် တန်ဖိုး ရှိနေတာပဲ…”
“ဟေး… လေလင် ကြည့်စမ်း”
လေလင် မြင်းရထားထဲ ဝင်ခါနီးမှာပဲ ဂျော့ခ်ျ က သူ့အနား တိတ်တဆိတ် ရောက်လာပြီး ဘေးကို လက်ညှိုးထိုးပြလိုက်သည်။
အခြား မြင်းရထား တစ်စီးတွင် ဘတ်ဆီတာ က သူ့ခြေထောက်များကို ဖက်လျက် ထိုင်နေသည်။
သူမ၏ ပုခုံးတွင် သွေးစွန်းနေသည့် အမှတ်အသား ရှိပြီး ငိုကြွေးထားသည့် ပုံစံမျိုး ရှိသည်။
“အိုရလင်းက ဘတ်ဆီတာရဲ့ နံပါတ်တစ် အစောင့်ပဲ။ အခု အဲဒီအဖွဲ့က လူကုန်သလောက် ဖြစ်သွားပြီဆိုတော့ ဘတ်ဆီတာရဲ့ အခြေအနေက သိပ်မကောင်းတော့ဘူး”
ဂျော့ခ်ျ က လေလင်၏ နားထဲတွင် တိုးတိုးလေး ဆိုလိုက်ပြီး လေလင် အခွင့်အရေး ရပြီဟု ဆိုလိုသည့် ပုံစံမျိုးဖြင့် ပြုလုပ်လိုက်၏။
“ငါ သူမကို စိတ်မဝင်စားတော့ဘူး ဘာပဲဖြစ်ဖြစ် ငါတို့ ဒီလောက် အန္တရာယ် များနေတဲ့ အချိန်မှာ မင်းရဲ့ အောက်ပိုင်းကို နည်းနည်းလောက် ထိန်းချုပ်လို့ မရဘူးလား”
လေလင် ဘာပြောရမှန်း မသိတော့ချေ။ သူက ဂျော့ခ်ျ့၏ ကော်လာကို လက်ညှိုးထိုးပြလိုက်ရာ မိန်းကလေးတစ်ယောက်၏ နှုတ်ခမ်းနီဆိုးဆေး အမှတ်အသားကို မြင်တွေ့လိုက်ရသည်။ ဒီ သားရဲက ဘယ်အချိန်ကတည်းက ဒီလောက်အထိ အဆင်ပြေနေတာလဲ သူ လုံးဝ မသိချေ။
“ဟဲဟဲ… ညီအစ်ကိုရာ ဒီလို အန္တရာယ် များတဲ့ အချိန်မှာပဲ ငါတို့ အလုပ်သင် စစ်သည်တော်တွေရဲ့ စွမ်းအားကို ပြသနိုင်မှာလေ မိန်းကလေးတွေက သူတို့ကို ကယ်တင်ပေးတဲ့သူအပေါ် စေတနာ ထားတတ်ကြတယ်။ ဒါက အခြေခံ အတတ်ပညာပဲ”
ဂျော့ခ်ျ က သူ့ရင်ဘတ်ထဲက လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူပြီး ဝါကြွားလိုက်သည်။
“ကြည့်စမ်း ဒီနေ့ တစ်ရက်တည်းနဲ့ မိန်းကလေး သုံးယောက်ရဲ့ စေတနာကို ငါ ရလိုက်ပြီ…”
“ဟုတ်ပါပြီ…” လေလင် စကားမဆိုနိုင်တော့ချေ။
သူ့ရဲ့ အရင်ဘဝက လူရှုပ်လူပွေဘဝကို ပြန်တွေးမိပြီး
“မူလ လေလင်ကတော့ သူ ကြိုက်တဲ့ မိန်းကလေးကို တွေ့ရင် အတင်းအဓမ္မပဲ လုပ်ခဲ့တာ တကယ်ကို…”
“ကောင်းပြီ၊ ခရီးဆက်ဖို့ အချိန်ရောက်ပြီ”
လေလင် က အဝတ်နက်ဝတ် စစ်သည်တော်များက အလုပ်သင် အလောင်းများကို စုစည်းနေသည်ကို မြင်လိုက်ရသည်။
သူတို့က မှော်ကျောက်တုံးအချို့ကို ထုတ်ယူပြီး ဝတ်စုံဖြူဝတ်တွေဆီ ပေးအပ်လိုက်ပြီးနောက် အကြောင်းအရာကို အမြန်ပင် ပြောင်းလဲလိုက်တော့သည်။