အခန်း ၁ - တစ်ဖန်ပြန်လည်မွေးဖွားခြင်း
“ခေါင်းက တော်တော်ကို ကိုက်နေတာပဲ…”
ဒါကတော့ သတိပြန်ရလာတဲ့အချိန်မှာ လေလင် ဖာလီယာရဲ့ စိတ်ထဲ ပထမဆုံး ပေါ်လာတဲ့ အတွေးတစ်ခု ဖြစ်၏။
ခေါင်းမှာ ဒဏ်ရာတစ်ခု ရထားသလိုမျိုး ခံစားနေရပြီး အုန်းအုန်းထအောင် နာကျင်လွန်းလို့ ဦးခေါင်းတစ်ခုလုံး ကွဲအက်ထွက်သွားတော့မတတ် တရစပ် ခံစားနေရခြင်း ဖြစ်သည်။
သူ့မျက်စိရှေ့က မြင်ကွင်းကတော့ မြင်းရထားတစ်စီးပေါ် ရောက်နေသည့်ပုံစံမျိုး ဖြစ်ပြီး ရထားရဲ့ လှုပ်ခါမောင်းနှင်မှုကြောင့် ခန္ဓာကိုယ်က အထက်အောက် ငြိမ့်ခါနေတာမို့ ဒဏ်ရာကို ပိုပြီး သွားထိခိုက်စေကာ နာကျင်လွန်းသဖြင့် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရတာ အကြိမ်ကြိမ်ပင် ဖြစ်သည်။
သူ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
သူ့မျက်စိထဲ ပထမဆုံး မြင်လိုက်ရတာကတော့ သစ်သားပြားများဖြင့် ကာရံထားသည့် ရထားနံရံများ ဖြစ်ပြီး ဘေးပတ်ပတ်လည်တွင်လည်း ဆံပင်ရွှေဝါရောင်နှင့် မျက်လုံးပြာပြာများရှိသည့် လူငယ်အတော်များများက မျက်လုံးမှိတ်ကာ အနားယူနေကြသော်လည်း ဘယ်သူကမှ သူ့ဘက်ကို လှည့်ကြည့်မလာကြပါ။
သူကတော့ ကြမ်းပြင်ပေါ်မှာ လှဲလျက်သား ဖြစ်နေကာ အောက်က အေးစက်စက် ကြမ်းပြင်ရဲ့ အထိအတွေ့ကို ခံစားမိလိုက်တာကြောင့် ဒီအတိုင်း ဆက်လှဲနေရင် ခန္ဓာကိုယ်က တောင့်ခံနိုင်မှာ မဟုတ်ဘဲ ဖျားနာသွားနိုင်ကြောင်း ကောင်းကောင်းကြီး တွက်ချက်မိလိုက်သဖြင့် အမြန်ပင် လူးလဲထရန် ကြိုးစားလိုက်၏။
ထိုစဉ် ခေါင်းထဲကနေ စူးစူးရှရှ နာကျင်မှုတစ်ခုက ဒိန်းခနဲ တိုးဝင်လာပြန်သည်။
ထိုစူးရှလှသည့် နာကျင်မှုနှင့်အတူ ဆန်းကြယ်လှသော မှတ်ဉာဏ်အသစ်များကပါ တစ်ပါတည်း သယ်ဆောင်လာတာမို့ လေလင် တစ်ယောက် မျက်လုံးပြူးသွားပြီး ပြန်လည်မေ့လျော့သွားခဲ့ရပြန်သည်။
“ဟေး… လေလင်… သတိထားဦးလေ…”
ဝေဝေဝါးဝါး အသံတစ်ခုကြောင့် လေလင် တစ်ယောက် ခက်ခက်ခဲခဲပင် မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်ရ၏။
“ငါ တကယ်ပဲ တခြားကမ္ဘာကို ကူးပြောင်းပြီး ပြန်လည်မွေးဖွားလာခဲ့တာလား…”
စွမ်းအင်ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် တောက်လောင်နေသော မီးလျှံများကို လေလင် ရဲ့ စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း မှတ်မိနေပါသေးသည်။
အဲဒီလို ပေါက်ကွဲမှုမျိုးကနေ ဘာကာကွယ်မှုမှ မရှိဘဲ အသက်ရှင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သည့် အရာပင် မဟုတ်လား။
ဒါ့အပြင် သူ အရင်က ရှင်သန်ခဲ့သည့် ကမ္ဘာပေါ်တွင် ဒီလို မြင်းရထားများနှင့် သစ်သားနံရံများဆိုတာ ရှေးဟောင်းပြတိုက်များထဲမှာပဲ ရှိတော့သည့် ရှေးဟောင်းပစ္စည်းများ ဖြစ်သည်။
ခေါင်းထဲက မှတ်ဉာဏ်အသစ်များကို စနစ်တကျ ပြန်လည်စီစဉ်ပြီးသည့်နောက်တွင်တော့ လေလင် တစ်ယောက် သူ့ရဲ့ ခန္ဓာကိုယ်နှင့် ဒီကမ္ဘာအကြောင်းကို အတော်အတန် နားလည်သွားခဲ့ပါပြီ။
ဒီနေရာက ဥရောပ အလယ်ခေတ်နှင့် ဆင်တူသည့် ကမ္ဘာတစ်ခု ဖြစ်ပြီး ဆန်းကြယ်သော စွမ်းအင်များလည်း တည်ရှိနေခြင်း ဖြစ်သည်။
သူ့ရဲ့ လက်ရှိခန္ဓာကိုယ်ပိုင်ရှင်မှာ မူလက လေလင် ဖာလီယာ ဟု အမည်ရသည့် အောက်ခြေမှူးမတ်မျိုးနွယ်စုရဲ့ သားတစ်ယောက် ဖြစ်ပြီး သူက မှော်ဆရာ ဖြစ်လာနိုင်သော ပါရမီထူးရှိကြောင်း စစ်ဆေးသိရှိခဲ့ရသဖြင့် သူ့ရဲ့ဖခင် ဗိုင်းကောင့် ဂျွန် ဖာလီယာ က မှော်ဆရာတစ်ယောက် ဖြစ်လာစေရန် အဆက်အသွယ်များကို အသုံးပြုပြီး ကူညီပေးခဲ့ခြင်း ဖြစ်ကာ အခုလက်ရှိတွင်တော့ သူဟာ မှော်အကယ်ဒမီကျောင်းတစ်ခုသို့ ဦးတည်မောင်းနှင်နေသည့် မြင်းရထားပေါ် ရောက်နေခြင်း ဖြစ်သည်။
သူ့ကို လာနှိုးသည့်သူမှာ ကိုယ်လုံးကိုယ်ထည် ကြီးမားသော လူငယ်တစ်ယောက် ဖြစ်ကြောင်း လေလင် မြင်လိုက်ရ၏။
သူက မျက်ခုံးမွှေး ထူထူ၊ မျက်လုံး အိမ်ကြီးကြီးနှင့် နှာတံပေါ်ပေါ်၊ တောက်ပသည့် ရွှေဝါရောင် ဆံပင်များကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မျက်နှာက အနည်းငယ် နုနယ်သေးသော်လည်း ခန္ဓာကိုယ်ကတော့ ကြွက်သား အဖုအထစ်များနှင့် ကြည့်ကောင်းကာ ယောက်ျားပီသသည့် ပုံစံမျိုး ရှိသည်။
လေလင် နိုးလာတာကို မြင်တော့ အဲဒီလူငယ်က သဘောကျပြီး ရယ်မောလိုက်၏။
“ဟားဟား… လေလင်… မင်း နောက်ဆုံးတော့ နိုးလာပြီပဲ။ မင်းသာ နောက်ထပ် မိနစ်အနည်းငယ်လောက် ထပ်ပြီး အိပ်နေရင် ညစာစားပွဲကို လွတ်သွားလိမ့်မယ်။ မင်းလည်း ဗိုက်ဆာခံချင်မှာ မဟုတ်ဘူး မဟုတ်လား”
လေလင် က မျက်တောင်ချလိုက်ပြီး ခဏလောက် စဉ်းစားလိုက်သည့်အခါ ဒီလူက ဘယ်သူလဲဆိုတာကို ချက်ချင်းပင် မှတ်မိသွားသည်။
“ကျေးဇူးပဲ ဂျော့ခ်ျ…”
သူနဲ့အတူ မှော်အကယ်ဒမီသို့ သွားနေကြသည့် လူငယ်များအားလုံးက မှော်ဆရာ ဖြစ်ဖို့ ပါရမီပါလာကြသူများချည်း ဖြစ်ပြီး ဂျော့ခ်ျ ဆိုသူကတော့ ကောင့်ခ်မျိုးနွယ်စုရဲ့ တရားဝင် သားတစ်ယောက် ဖြစ်ကာ အဖေဖြစ်သူရဲ့ အချစ်ဆုံး သားသမီးများထဲက တစ်ယောက်လည်း ဖြစ်သည်။
ဂျော့ခ်ျ့ကို မှော်အကယ်ဒမီကျောင်းထဲ ဝင်ခွင့်ရဖို့အတွက် ကောင့်ခ်ကြီးဟာ ပစ္စည်းဥစ္စာများနှင့် အဆက်အသွယ် အမြောက်အမြားကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
“ကောင့်ခ် မျိုးနွယ်စုတဲ့လား…”
လေလင် စိတ်ထဲကနေ ရေရွတ်လိုက်၏။
သူ့ရဲ့ လက်ရှိခန္ဓာကိုယ်ရဲ့ ဖခင်ဖြစ်သူ ဗိုင်းကောင့် ဂျွန် ဖာလီယာ ရဲ့ ပိုင်နက်နယ်မြေက အရင်ကမ္ဘာက မြို့တစ်မြို့စာလောက် ကျယ်ဝန်းပြီး သူ့လက်အောက်တွင် စစ်သည်တော် အင်အား ထောင်ချီ ရှိသည်။
ဒီကမ္ဘာမှာ မှူးမတ်အဆင့်အတန်းဆိုတာ ကိုယ်ပိုင်အင်အား အခြေအနေပေါ်မှာ မူတည်နေခြင်း ဖြစ်ရာ ဂျော့ခ်ျ့ရဲ့ အဖေက ကောင့်ခ်အဆင့် ဖြစ်တာကြောင့် သူ့ရဲ့ ပိုင်နက်က မြို့အတော်များများစာလောက် ကျယ်ဝန်းမှာ ဖြစ်သလို တစ်နှစ်ကို ရွှေဒင်္ဂါးပြား ထောင်ချီပြီး ဝင်ငွေရှိမှာ အသေအချာပင်။
အဲဒီလို ငွေကြေးနှင့် အာဏာရှိသူတောင် ဂျော့ခ်ျ့ကို မှော်အကယ်ဒမီကျောင်း ပို့ဖို့ အပြင်းအထန် ကြိုးစားခဲ့ရတာ ဖြစ်သဖြင့် သူ့အဖေက ကော သူ့အတွက် ဘယ်လိုမျိုး စွမ်းဆောင်ပေးခဲ့လဲဆိုတာ လေလင် မတွေးတတ်အောင် ဖြစ်သွားရသည်။
လေလင် စဉ်းစားနေတုန်းမှာပဲ ခေါင်းထဲကနေ နောက်ထပ် နာကျင်မှုတစ်ခု ဖြတ်ပြေးသွားပြီး မှတ်ဉာဏ်အပိုင်းအစတစ်ခု ထပ်မံ ပေါ်လာပြန်၏။
အဲဒါကတော့ ဟောင်းနွမ်းပြီး ဖုန်များအလိမ်းလိမ်း ကပ်နေသည့် စင်များ ရှိသော၊ ရှေးဟောင်း အငွေ့အသက်များ ပြည့်နှက်နေသည့် မှောင်မည်းနေသော အခန်းတစ်ခု ဖြစ်သည်။
မှိန်ပြပြ အလင်းရောင်အောက်တွင် ဂျွန် ဖာလီယာ က လေလင် ကို လက်စွပ်တစ်ကွင်း ကမ်းပေးရင်းနှင့် လေးလေးနက်နက် ပြောနေခဲ့ခြင်း ဖြစ်သည်။
“ချစ်ရတဲ့ လေလင်… ဒါက ငါတို့ ဖာလီယာ မိသားစုရဲ့ အမွေအနှစ် ရတနာပဲ ဖြစ်ပြီး မှော်ဆရာတစ်ယောက်ရဲ့ ကတိစကားလည်း ဖြစ်တယ်။ အဲဒီတုန်းက ငါ့ရဲ့ အဘိုးက ဒဏ်ရာရနေတဲ့ မှော်ဆရာတစ်ယောက်ကို ကူညီပေးခဲ့ဖူးတယ်၊ အဲဒီမှော်ဆရာက ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီလက်စွပ်ကို ပေးခဲ့ပြီး သူ့ရဲ့ မျိုးဆက်တွေထဲက တစ်ယောက်ယောက်မှာ မှော်ဆရာ ပါရမီပါခဲ့ရင် ဒီလက်စွပ်ကို သုံးပြီး ဘယ်မှော်အကယ်ဒမီကျောင်းကိုမဆို အခမဲ့ တက်ရောက်နိုင်တယ်လို့ ကတိပေးခဲ့တာပဲ။ အခုတော့ ငါ ဒါကို မင်းကို ပေးလိုက်ပြီ၊ မင်းက ဖာလီယာ မိသားစုရဲ့ ဂုဏ်ဆောင် ဖြစ်လာပြီး ငါတို့ရဲ့ မျိုးဆက်ကို ဆက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်…”
လက်စွပ်…။
လေလင် ရဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့ရဲ့ ညာဘက်လက်က အလိုအလျောက် ရင်ဘတ်ဆီသို့ ရောက်သွား၏။
အကျႌအောက်တွင် သတ္တုလက်စွပ်တစ်ကွင်း ရှိနေသည့် မာကြောသော အထိအတွေ့ကို သူ ခံစားလိုက်ရသည်။
စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး သူ တွေးလိုက်မိသည်မှာ “ကံကောင်းတာပဲ… အဲဒီကောင်တွေက ဒါကို ရတနာမှန်း မသိကြတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ခုခု တားမြစ်ထားတာ ဖြစ်ဖြစ်ပေါ့။ ဘာပဲဖြစ်ဖြစ် ငါ့ဆီကနေ လုမသွားကြတာ ကံကောင်းတာပဲ။”
သူ့ရဲ့ အရင်ဘဝက သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ခဲ့တာကြောင့် လေလင် ဟာ ဒီဆန်းကြယ်သည့် စွမ်းအားများအပေါ် အလွန်ပင် စိတ်ဝင်စားနေပြီး ပိုမို သုတေသနလုပ်ချင်သော ဆန္ဒများ ပြင်းပြနေခြင်း ဖြစ်သည်။
ဒါ့အပြင် ဒီလို အရေးကြီးသည့် ဝင်ခွင့်သက်သေကို ပျောက်ဆုံးသွား၍ အိမ်ကို ပြန်မောင်းထုတ်ခံရမည့် အဖြစ်မျိုးကိုလည်း သူ အဖြစ်မခံနိုင်ချေ။
“ငါက ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး သူ့ရဲ့ မှတ်ဉာဏ်တွေကို လက်ခံရရှိထားတယ်ဆိုပေမဲ့ မူလ လေလင်နဲ့တော့ အများကြီး ကွာခြားနေတုန်းပဲ။ သူ့မိသားစုဝင်တွေက နှစ်အတော်ကြာ အတူနေလာခဲ့တာဆိုတော့ ငါ့ရဲ့ ခြားနားချက်ကို အလွယ်တကူ ရိပ်မိသွားနိုင်တယ်။ ငါ့ကို မကောင်းဆိုးဝါး ပူးကပ်နေတယ်လို့ ထင်ပြီး မှော်ဆရာတွေကို ခေါ်ပြီး စစ်ဆေးခိုင်းရင် ငါ အဖမ်းခံရမှာ အသေအချာပဲ…”
“ဒါပေမဲ့ ငါသာ မှော်အကယ်ဒမီကျောင်းကို ဝင်နိုင်ရင် အနည်းဆုံး နှစ်အနည်းငယ်လောက် အိမ်ပြန်စရာ မလိုတော့ဘူး။ အဲဒီအချိန်ကျရင် ငါ့ရဲ့ အမူအရာ ပြောင်းလဲသွားတာက ပုံမှန်ပဲ ဖြစ်သွားလိမ့်မယ်။ ဒါ့အပြင် မှော်ဆရာတစ်ယောက် ဖြစ်လာရင် ဆန်းကြယ်ပြီး ထူးဆန်းတဲ့ အမူအရာ ရှိတာက ပုံမှန်ပဲ ဖြစ်မှာမို့ ငါသာ အရင် လေလင် အတိုင်း ဆက်လုပ်နေရင်မှ ထူးဆန်းနေဦးမယ်။”
သူ အလေးအနက် စဉ်းစားနေတုန်းမှာပဲ သန်မာသည့် လက်တစ်စုံက သူ့ကို ဆွဲထူလိုက်၏။
“မင်း ဘာတွေ တွေးနေတာလဲ”
ဂျော့ခ်ျ က မေးလိုက်ခြင်း ဖြစ်သည်။
“ဘာ… ဘာမှမဟုတ်ပါဘူး”
လေလင် က အမြန်ပဲ ခေါင်းယမ်းလိုက်ပြီး နာကျင်နေသေးသော သူ့ရဲ့ ခေါင်းကို ပြန်ကိုင်လိုက်၏။
သူက ရုတ်တရက် ခေါင်းလှည့်ပြီး ဂျော့ခ်ျ့ကို စိုက်ကြည့်လိုက်တာကြောင့် ဂျော့ခ်ျ တစ်ယောက် အဆိပ်ရှိမြွေတစ်ကောင်ရဲ့ စိုက်ကြည့်ခြင်းကို ခံလိုက်ရသလိုမျိုး ရင်တထိတ်ထိတ် ဖြစ်သွားရသည်။
“ချစ်လှစွာသော ဂျော့ခ်ျ… မင်းက ငါ့ကို စောစောစီးစီး မနှိုးဘဲ ဘာလို့ ကြမ်းပြင်ပေါ်မှာ ဒီလောက်ကြာအောင် ပစ်ထားရတာလဲ”
လေလင် က မျက်စိ စောင်းကြည့်ပြီး မေးလိုက်၏။
“ဟဲဟဲ… မင်း ကောင်းကောင်း အိပ်ပျော်နေတာ မြင်လို့ မင်း အဲဒီမှာ လှဲနေရတာ သဘောကျတယ် ထင်လို့ပါ”
ဂျော့ခ်ျ က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ရင်း ပြောလိုက်ပေမဲ့ သူ့မျက်လုံးထဲမှာတော့ လည်ပတ်သည့် အရိပ်အယောင်များ ရှိနေသည်။
လေလင် ရဲ့ လူသတ်ချင်စိတ်ပေါက်နေသော အကြည့်အောက်တွင်တော့ သူက နောက်ဆုံး၌ လက်မြှောက် အရှုံးပေးလိုက်ရပါတော့သည်။
“ကောင်းပြီ… ကောင်းပြီ… မင်းက ငါ့ရဲ့ နတ်သမီးလေးကို သွားစော်ကားထားတာကိုး။ သူမကို စော်ကားတာက ကိစ္စမရှိပေမဲ့ ညီအစ်ကိုတွေအချင်းချင်း ငါက စိတ်ကျဉ်းကျပ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ရထားပေါ်ကလူတွေ အားလုံးက မင်းကို ရန်သူလို သဘောထားနေကြတာ၊ ငါလည်း သူတို့ရဲ့ ဝိုင်းပယ်ခြင်းကို မခံချင်ဘူးလေ။”
“စော်ကားတယ်? နတ်သမီး?” လေလင် ခေါင်းကုတ်ရင်းနှင့် သူ ဘာကြောင့် အရိုက်ခံရလဲဆိုတာကို ချက်ချင်း သတိရသွား၏။
အဲဒါကတော့ ဘတ်ဆီတာ ဟု အမည်ရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကြောင့် ဖြစ်သည်။ သူမက အသက်ငယ်သေးသော်လည်း ခန္ဓာကိုယ် ကောက်ကြောင်းက ထွားထွားစွင့်စွင့် ရှိပြီး ဝိုင်းစက်သော မျက်ဝန်းကြီးများ ရှိတာကြောင့် ကာမရာဂဘီလူး ပူးကပ်နေသည့် လေလင် အတွက်တော့ အလွန် ဆွဲဆောင်မှု ရှိနေခဲ့ခြင်း ဖြစ်သည်။
မူလ လေလင် က လူကြီးလူကောင်းတစ်ယောက် မဟုတ်ချေ။ သူက အသက် ၁၂ နှစ်ကတည်းက လူပျိုဘဝကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်ပြီး အဲဒီနောက်ပိုင်းတွင် မိန်းကလေး အတော်များများကို ဖြားယောင်းတာ ဒါမှမဟုတ် အတင်းအဓမ္မ ပြုကျင့်တာတွေ လုပ်ခဲ့တာကြောင့် အခုအချိန်မှာ မိန်းကလေး အယောက်တစ်ရာကျော်နှင့် အိပ်ခဲ့ပြီးသား ဖြစ်သည်။
သူ့အဖေရဲ့ ပိုင်နက်နယ်မြေထဲတွင် ဖျက်ဆီးရေးသမား ဟုတောင် အမည်ကျော်ခဲ့ခြင်း ဖြစ်ရာ လေလင် တစ်ယောက် အဲဒီမှတ်ဉာဏ်များကို ကြည့်ပြီး စက်ဆုပ်ရွံရှာစွာဖြင့် မျက်နှာလွှဲလိုက်မိ၏။
ဒီခန္ဓာကိုယ်က ဒီလောက်အထိ အားနည်းပိန်ချုံးနေခြင်းမှာ ဒဏ်ရာကြောင့်တင် မဟုတ်ဘဲ အပျော်အပါး မက်ခဲ့တာကြောင့်လည်း ပါတာပဲ ဖြစ်သည်။
ပြန်စဉ်းစားကြည့်ရင် လေလင် က သူ့နယ်မြေထဲမှာ ပြဿနာရှာရတာ ကျင့်သားရနေပြီး ဘတ်ဆီတာ ကို မြင်သည့်အချိန်မှာလည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့တာ ထင်ရှားသည်။
ပထမ အကြိမ်တွေတုန်းကတော့ စကားနာထိုးတာ၊ ပရောပရည်လုပ်တာလောက်ပဲ ရှိပေမဲ့ နောက်ပိုင်းမှာတော့ သူက အကြမ်းဖက်သည့် နည်းလမ်းများကို သုံးလာခဲ့ခြင်း ဖြစ်သည်။
အဲဒီမှတ်ဉာဏ်တွေကို မြင်တော့ လက်ရှိ လေလင် က မူလပိုင်ရှင်ကို လူအ ဟုသာ သတ်မှတ်လိုက်ပါတော့သည်။
“အဲဒီ ဘတ်ဆီတာ က နိုင်ငံငယ်လေးတစ်ခုရဲ့ မင်းသမီးပဲ။ အဲဒါကို လေလင် က မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တာလား။ သူ့ခေါင်းထဲမှာ ဘာတွေ ရှိနေတာလဲ။ တကယ်ပဲ မိုက်မဲတာပဲ။”
အဲဒီနောက်ပိုင်း ဘာဖြစ်လဲဆိုတာတော့ ပြောနေစရာ မလိုတော့ချေ။ လေလင် ဟာ သူမရဲ့ ပန်းခိုင်စောင့်နတ်သား များရဲ့ ရိုက်နှက်ဆုံးမခြင်းကို ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်ကာ သေဆုံးသွားခဲ့ရတာ ဖြစ်လို့ နောက်ဆုံးတွင်တော့ လက်ရှိ လေလင် အတွက် အခွင့်အရေး ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
“ဟဲဟဲ… ဒီ ဘတ်ဆီတာ ဆိုတဲ့ မိန်းကလေးက ငါထင်သလောက် မရိုးရှင်းဘူးပဲ၊ တော်တော်လေးကို ကောက်ကျစ်တာ။”
လေလင် က စိတ်ထဲကနေ အေးစက်စက် ရယ်မောလိုက်၏။
“ကောင်းပြီ… ဘာပဲဖြစ်ဖြစ် ငါက မင်းရဲ့ ခန္ဓာကိုယ်ကို ယူထားတာဆိုတော့ အခွင့်အရေးရရင် မင်းအတွက် ကလဲ့စားချေပေးမယ်။ အခုအချိန်ကစပြီး ငါက လေလင် ဖာလီယာ ပဲ။”
လေလင် က စိတ်ထဲကနေ ကျိန်ဆိုလိုက်သည်။
မူလ လေလင် ရဲ့ မှတ်ဉာဏ်ထဲမှာ အာရှတိုက်သားတွေရဲ့ အရိပ်အယောင်ကို မတွေ့ရသလို တရုတ်ပြည်အကြောင်းကိုလည်း မကြားဖူးချေ။ ဒီလို အနောက်တိုင်းဆန်သည့် ကမ္ဘာသစ်ထဲမှာ သူ သာ သူ့ရဲ့ တရုတ်နာမည်ကို ဆက်သုံးနေရင် အလွန် အန္တရာယ်များမှာ ဖြစ်သည်။
ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည့်အခါ ကျယ်ဝန်းသော မြင်းရထားထဲမှာ ဘယ်သူမှ မရှိတော့တာကို တွေ့လိုက်ရ၏။ ဂျော့ခ်ျ တစ်ယောက် သူ့ကို ဘာကြောင့် လာနှိုးရလဲဆိုတာ အခုမှ သဘောပေါက်သွားတော့တာ ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ရမှာပဲ၊ ဂျော့ခ်ျ… မင်းဆီမှာ ဆေးရှိလား”
လေလင် က မတ်တတ်ရပ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်၏။ နေရာအတော်များများက နာကျင်နေသေးသော်လည်း လှုပ်ရှားရတာကိုတော့ အဟန့်အတား မဖြစ်စေပါ၊ ပြီးတော့ ခေါင်းနောက်က ဒဏ်ရာကလည်း အနာဖေး တက်နေပါပြီ။
“ဟဲဟဲ… မင်း ဒါကို လိုလိမ့်မယ်ဆိုတာ ငါသိသားပဲ။”
ဂျော့ခ်ျ က ရယ်မောရင်း ဆေးပုလင်းအသေးလေးတစ်လုံးကို လှမ်းပစ်ပေးလိုက်၏။
“ဒါက ငါတို့ မိသားစုရဲ့ လျှို့ဝှက်ဆေးပဲ။ စစ်သည်တော်တွေ လေ့ကျင့်တဲ့အချိန်မှာ သုံးလေ့ရှိပြီး ခန္ဓာကိုယ် ဒဏ်ရာတွေအတွက် အလွန် အစွမ်းထက်တယ်လို့ ကြားဖူးတယ်။”
ဂျော့ခ်ျ က ပြောရင်းနဲ့ ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ပြီး
“ကောင်းပြီ… ညစာ စတော့မယ်။ ငါ အရင်သွားနှင့်တော့မယ်၊ မင်းလည်း ဆေးအမြန်လူးပြီး လိုက်ခဲ့တော့။ အော်… ပြီးတော့ ငါတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကို ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်။”
သူ ပြောပြီးတာနဲ့ လေတိုက်လိုက်သလိုမျိုး အမြန်ပင် ပြေးထွက်သွားပါတော့သည်။
ဂျော့ခ်ျ့ရဲ့ ကျောပြင်ကို ကြည့်ရင်း လေလင် တစ်ယောက် နဖူးကို သာ လက်တင်လိုက်မိ၏။ ဒီ မူလ လေလင် ကတော့ တကယ့်ကို ပိတုန်းအုံကို တုတ်နဲ့ ထိုးခဲ့ခြင်း ဖြစ်သည်။ ဒါက ဒီလောက်အထိ ကြီးမားသည့် ကိစ္စကြီးလား။ လေလင် ရဲ့ မှတ်ဉာဏ်ထဲမှာတော့ ဒီကမ္ဘာမှာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးများက တော်တော်လေး လွတ်လပ်ကြောင်း ထင်ရတာပဲ ဖြစ်သည်။
ဒါပေမဲ့ အခုအချိန်မှာတော့ ဖြစ်ပြီးသား ကိစ္စများကို သူ ဘာမှ လုပ်လို့မရတော့ချေ။ လေလင် က အဝတ်အစားများကို အမြန်ချွတ်လိုက်ပြီး သူ့ရဲ့ ဒဏ်ရာများပေါ်သို့ ဆေးများ အမြန် လူးလိုက်၏။
“အား… ကျိန်စာမိနေတဲ့ ဂျော့ခ်ျ… သူ မသွားခင် ငါ့ကို ဆေးလေး ကူလူးပေးသွားရင် ဘာဖြစ်မှာမို့လို့လဲ”
လေလင် က ဆေးလူးရင်းနှင့် နာကျင်လွန်းသဖြင့် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရသည်။
ဆေးကတော့ အလွန် အစွမ်းထက်လှ၏။ သူ လူးလိုက်တာနဲ့ အေးစိမ့်သည့် ခံစားချက်ကို ရရှိစေပြီး နာကျင်မှုများက ချက်ချင်း ပျောက်ကွယ်သွားသည်။
ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကို ဖြေရှင်းပြီးသည့်နောက်တွင်တော့ လေလင် က အဝတ်အစား ပြန်ဝတ်ပြီး ရထားတံခါးကို ဖွင့်လိုက်၏။
ရှူး…။
ညင်သာသော လေညင်းလေးက ဖြတ်တိုက်သွားပြီး မိုးကုတ်စက်ဝိုင်းမှာ နေဝင်ဖျန်းတော့မည့် အချိန် ဖြစ်တာမို့ ပတ်ဝန်းကျင်တစ်ခုလုံးကို ရွှေဝါရောင် အလင်းတန်းများ ဖြာကျနေသည်။
“ဘာပဲဖြစ်ဖြစ်… အသက်ရှင်နေရတာက တကယ့်ကို ကောင်းတာပဲ…”
လေလင် ရဲ့ မျက်ဝန်းများ စိုစွတ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်မိ၏။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ကြီးမားသော မြင်းရထား အတော်များများက စက်ဝိုင်းပုံစံ စုရုံးပြီး ယာယီ စခန်းချထားတာကို တွေ့ရပြီး အလယ်မှာတော့ မီးပုံကြီးတစ်ခု ရှိနေသည်။
မီးပုံဘေးမှာတော့ ဖျာများခင်းပြီး အနားယူနေကြသည့် လူငယ်အတော်များများ ရှိနေပြီး အချင်းချင်း ရယ်မော နောက်ပြောင်ရင်း လက်ထဲက ပေါင်မုန့်များကို စားနေကြခြင်း ဖြစ်သည်။
လေလင် က ပေါင်မုန့်များနှင့် ဖျော်ရည်များ တင်ထားသည့် စားပွဲတစ်ခုဆီသို့ လျှောက်သွားလိုက်၏။ သူ့ရဲ့ မှတ်ဉာဏ်အရ အဲဒီနေရာက အစားအစာများ ဝေငှသည့်နေရာ ဖြစ်သည်။
သူ အဲဒီနေရာကို ချဉ်းကပ်သွားသည့်အချိန်မှာ လူအနည်းငယ်က တန်းစီနေကြတာကို မြင်လိုက်ရသည်။ သူတို့က လေလင် ကို မြင်တာနဲ့ မုန်းတီးစက်ဆုပ်သော အကြည့်များနှင့် လှည့်ကြည့်ကြခြင်း ဖြစ်၏။
လေလင် က သူ့ကိုယ်သူ မျက်နှာပြောင်တိုက်နိုင်သူဟု သတ်မှတ်ထားပေမဲ့ ဒီလို အကြည့်မျိုးကိုတော့ ရင်ဆိုင်ရန် အနည်းငယ် ခက်ခဲနေပါသေးသည်။
ဒါပေမဲ့လည်း သူ ထွက်မသွားချေ။ ဘာပဲဖြစ်ဖြစ် သူ စားဖို့ လိုအပ်တာပဲ မဟုတ်လား။
“မြန်မြန်လုပ်စမ်း”
အက်ကွဲကွဲ အသံတစ်ခု ထွက်ပေါ်လာ၏။
“စိတ်… စိတ်မရှိပါနဲ့… လေဒီ အန်ဂျလီနာ”
တင်းတိပ်များရှိသည့် ကောင်လေးတစ်ယောက်က အမြန်ပဲ တောင်းပန်လိုက်ပြီး သူ့ရဲ့ အစားအစာများကို ယူကာ ထွက်ပြေးသွားပါတော့သည်။
[အေအိုင်စနစ် - အန္တရာယ် သတိပေးချက်။ အန္တရာယ် သတိပေးချက်။]
[အေအိုင်စနစ် - အိမ်ရှင်သည် အန္တရာယ်ရှိသော စွမ်းအင်အရင်းအမြစ်နှင့် အလွန် နီးကပ်နေပါသည်။ အကြံပြုချက် - အိမ်ရှင်သည် အနည်းဆုံး မီတာ ၁၀၀၀ အကွာအဝေးသို့ အမြန်ဆုံး ရွှေ့ပြောင်းပါ။]