အခန်း (၉) - မိုးကြိုးပစ်တာ ကြောက်လို့ ဖက်ထားပေးပါ
မိခင်ဖြစ်သူက ဤကဲ့သို့ ပြောဆိုလာသောအခါ ရွှီပင်းနင်း တစ်ယောက် ပြန်လည်မချေပနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ မူဟန်၏ သူမအပေါ် ထားရှိသော သဘောထားမှာ အတော်လေး အေးစက်နေသည်က အမှန်ပင်။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သူမ၏ မိခင်ဖြစ်သူ ရွှီရို အပေါ်တွင်မူ တက်ကြွရွှင်လန်းစွာ ဆက်ဆံခဲ့သည်။
"အန်တီလင်းတို့အိမ်က ကိစ္စပြီးတာနဲ့ အမေ ချက်ချင်း ပြန်လာခဲ့မယ်နော်"
သမီးဖြစ်သူက နှုတ်ဆိတ်ကာ သဘောတူလိုက်သည်ကို မြင်ရသောအခါ ရွှီရိုက နှစ်သိမ့်စကားတစ်ခွန်း ဆိုလိုက်ပြီးနောက် ကုတ်အင်္ကျီတစ်ထည်ကို ကောက်စွပ်ကာ အပြင်သို့ ထွက်ခွာသွားခဲ့တော့သည်။
ထိုအချိန်တွင် အပြင်ဘက်၌ သဲကြီးမဲကြီး ရွာသွန်းနေသော မိုးရေစက်များနှင့်အတူ ထစ်ချုန်းသော မိုးကြိုးသံများက ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
ရှောင်ချီ... အမေ တောင်းပန်ပါတယ်နော်… အမေ သမီးကို လိမ်ညာခဲ့ပေမယ့် ဒါတွေအားလုံးက သမီးရဲ့ ပျော်ရွှင်မှုအတွက်ပဲကွယ်… နောက်ကျရင် သမီး အမေ့ကို သေချာပေါက် ကျေးဇူးတင်ရလိမ့်မယ်။
အဆက်မပြတ် မြည်ဟည်းနေသော မိုးကြိုးသံများကို ကြားရသောအခါ ရွှီရို စိတ်ထဲတွင် အနည်းငယ်တော့ ကိုယ်ကျင့်တရားအရ အပြစ်မကင်းသလို ခံစားလိုက်ရသော်လည်း ၎င်းကို အလျင်အမြန်ပင် ဆင်ခြေပေးကာ စိတ်ဖြေလိုက်သည်။
ထိုဖုန်းခေါ်ဆိုမှု ဆိုသည်မှာ အမှန်တော့ အကြောင်းပြချက်သက်သက်သာ ဖြစ်သည်။
၎င်းမှာ ရွှီပင်းနင်းနှင့် မူဟန်တို့နှစ်ဦး အတူတူ သီးသန့်ရှိနေနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလိုသော ရွှီရို၏ သေသေချာချာ စီစဉ်မှုတစ်ခု ဖြစ်သည်။
ထို့အပြင် ယနေ့တွင် "မိုးနတ်မင်းကပါ ကူညီပေးနေခဲ့သည်" မဟုတ်ပါလား။
ရွှီရိုသည် ယနေ့ည ကုန်ဆုံးသွားပြီးနောက် သူမ၏သမီးနှင့် မူဟန်တို့၏ ဆက်ဆံရေးမှာ အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ အကြီးအကျယ် တိုးတက်သွားလိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေမိတော့သည်။
အမည်နာမ မရှိသော နက်ရှိုင်းလှသည့် တောင်တန်းတစ်ခုအတွင်း။
ထိုနေရာတွင်လည်း ပြင်းထန်လှသော မိုးသက်မုန်တိုင်းတစ်ခု စတင်ကျရောက်နေခဲ့သည်။ တောင်နက်ပိုင်းရှိ ဇရပ်တစ်ခုအတွင်း၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ လျှပ်စီးလက်နေသော ကောင်းကင်ယံကို မော့ကြည့်နေသည့် လူငယ်တစ်ဦး ရှိနေသည်။
"ငါတို့ အိမ်ဘက်မှာကော အခုလိုပဲ ရာသီဥတုဆိုးရွားနေမလား မသိဘူး။ အကယ်၍ ရာသီဥတု တူညီနေမယ်ဆိုရင်တော့ သမီးခုနစ်ယောက်မြောက်ဖြစ်တဲ့ (အမခုနစ်လေး) က အခုအချိန်မှာ ငုံးငှက်လေးတစ်ကောင်လို မေမေ့ရဲ့ ရင်ခွင်ထဲမှာ ကုန်းကုန်းကွကွနဲ့ ပုန်းနေလောက်ပြီ"
လူငယ်သည် အတိတ်မှ အမှတ်တရများကို သတိရသွားကာ မိမိဘာသာ တိုးတက်စွာ ရေရွတ်လိုက်သည်။ သူ၏ ခုနစ်ဦးမြောက် ညီမငယ်လေးသည် မိုးကြိုးပစ်သည်ကို အထူးသဖြင့် ညဘက်တွင် အလွန်အမင်း ကြောက်လန့်တတ်သည်။
မိုးကြိုးပစ်သည့် အကြိမ်တိုင်းတွင် သူမသည် လုံခြုံမှုရှိသည်ဟု ခံစားရရန်အတွက် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ပုန်းအောင်းလေ့ရှိသည်။ မိုးကြိုးသံ မစဲမချင်းလည်း ထိုရင်ခွင်ကို လွှတ်ပေးလေ့မရှိချေ။
သူ မှတ်မိသလောက်ဆိုလျှင် ညီမလေး အသက် ၁၆ နှစ်အရွယ်တုန်းက မိုးသက်မုန်တိုင်းတစ်ခုကြောင့် သူမသည် ညလုံးပေါက် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ခေါင်းမာစွာဖြင့် ကွေးကွေးလေး ပုန်းအောင်းနေခဲ့ဖူးသည်။ နောက်တစ်နေ့ မနက်တွင် မိခင်ဖြစ်သူက ထိုအကြောင်းကို ပြောပြသဖြင့် သူက ညီမလေးကို အကြီးအကျယ်ပင် စနောက်ခဲ့သေးသည်။
"ငါ မတွေ့ရတာ ငါးနှစ်တောင် ရှိသွားပြီပဲ…ခုနစ်လေးရဲ့ ရုပ်သွင်ကလည်း အများကြီး ပြောင်းလဲသွားပြီး ပိုပြီးတော့တောင် လှလာလောက်ပြီ။ မေမေကတော့... ငါ့ကို ရှာမတွေ့တော့လို့ သေပြီလို့ပဲ ထင်ပြီး အများကြီး အိုမင်းသွားရှာရောပေါ့…မျက်နှာမှာလည်း အရေးအကြောင်းတွေ ထင်ပြီး ဆံပင်တွေတောင် ဖြူနေမလား မသိဘူး"
လူငယ်၏ စိတ်ထဲတွင် အတိုင်းအဆမရှိသော လွမ်းဆွတ်တမ်းတမှုများ ဆူဝေလာခဲ့သည်။
သူသည် မိသားစုဝင်များကို အမြန်ဆုံး သွားရောက်တွေ့ဆုံကာ သူ အသက်ရှင်လျက် ရှိနေသေးကြောင်း အသိပေးလိုလှပြီ ဖြစ်သည်။
သို့သော်လည်း ဂိုဏ်း၏ စည်းကမ်းချက်များကြောင့် သူသည် တောင်ပေါ်မှ လောလောဆယ် မဆင်းနိုင်သေးချေ။
သူ၏ "ရွှန်းထျန်း ကျင့်စဉ် " အထွတ်အထိပ် အဆင့်သို့ ရောက်ရှိရန်နှင့် ဂိုဏ်းက သတ်မှတ်ထားသော စမ်းသပ်ချက်များကို အောင်မြင်ရန် လိုအပ်နေသေးသည်။ သို့မှသာ တောင်ပေါ်မှ ဆင်းခွင့် အရည်အချင်းကို ရရှိမည် ဖြစ်သည်။
"ငါ့ရဲ့ မွေးရာပါ ကျင့်စဉ်က အထွတ်အထိပ် ရောက်ဖို့အတွက် အခွင့်အရေး တစ်ခုပဲ လိုတော့တာ… တောင်ပေါ်က ဆင်းရမယ့် နေ့ရက်က သိပ်မဝေးတော့ဘူးလို့ ငါယုံကြည်တယ်… ပြီးတော့... ငါ့ကို သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့တဲ့ ရန်သူတွေကို စုံစမ်းသိရှိရတာနဲ့ သူတို့တစ်မျိုးနွယ်လုံးကို ကြက်ခွေးမကျန် အကုန် အမှုန့်ကြိတ် သတ်ပစ်မယ်။
ပြီးတော့... ပထမအစ်မ၊ ဒုတိယအစ်မ၊ တတိယအစ်မ၊ စတုတ္ထအစ်မ၊ ပဉ္စမအစ်မ၊ ဆဋ္ဌမအစ်မနဲ့ ခုနစ်လေးတို့... ငါ့ကို စောင့်နေကြပါဦး… ဘယ်သူမှ ရည်းစားမထားကြနဲ့ဦးနော်… ငါ မင်းတို့အားလုံးကို လက်ထပ်ပြီး တစ်သက်လုံး ကာကွယ်ပေးသွားမှာမလို့"
လူငယ်သည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ရင်း စိတ်ထဲရှိ လွမ်းဆွတ်မှု၊ နာကျည်းမှုနှင့် မသိစိတ်မှ ဖြစ်ပေါ်လာသော အတ္တဆန္ဒများကို စွမ်းအင်အဖြစ် ပြောင်းလဲကာ ကျင့်စဉ်လမ်းပေါ်သို့ အာရုံအပြည့် ပြန်လည်နှစ်မြှုပ်လိုက်တော့သည်။
ပြတင်းပေါက် အပြင်ဘက်တွင် လျှပ်စီးများ အဆက်မပြတ် လက်လက်ထွက်နေပြီး ကောင်းကင်ယံတစ်ခုလုံးကို ခဏတာ နေ့လယ်ခေါင်ကြီးအလား လင်းထိန်သွားစေသည်။
ထို့နောက် ချက်ချင်းပင် နားစည်ကွဲမတတ် ပြင်းထန်လှသော မိုးကြိုးသံကြီးက ဝုန်းခနဲ မြည်ဟည်းချလိုက်တော့သည်။
ရွှီပင်းနင်းတစ်ယောက် ကြောက်လန့်တကြားဖြင့် တုန်လှုပ်သွားရပြီး၊ ဖြူလျော်နေသော မျက်နှာလေးဖြင့် လည်ပင်းကို ကျုံ့ထားမိသည်။
သူမ မိခင်ဖြစ်သူကို လှမ်းခေါ်ချင်သော်လည်း ကံဆိုးစွာပင် မိခင်ဖြစ်သူမှာ ဘေးနားတွင် မရှိချေ။
"မိုးကြိုးပစ်တာကို အဲလောက်တောင် ကြောက်တာလား" မူဟန်သည် ပုံမှန်အမူအရာအတိုင်း ကိတ်မုန့်ကို ဆက်လက်လုပ်ဆောင်နေရင်း ဘေးသို့ တစ်ချက် လှည့်ကြည့်ကာ မေးလိုက်သည်။
"မ... မကြောက်ပါဘူး" ရွှီပင်းနင်းက မာန်တင်းပြီး ပြန်ပြောလိုက်သည်။
သူမ စကားပြောပြီးပြီးချင်းမှာပင် အပြင်ဘက်၌ ကောင်းကင်ကြီး ကွဲအက်သွားသည့်အလား ယခင်ကထက် ပိုမိုပြင်းထန်သော သောသောညံ မိုးကြိုးသံကြီး ထပ်မံထွက်ပေါ်လာပြန်သည်။
ရွှီပင်းနင်း တစ်ကိုယ်လုံး တုန်ရီသွားပြီး နီထွေးသော နှုတ်ခမ်းလေးဆီမှ လန့်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူမသည် မသိစိတ်၏ စေ့ဆော်မှုအရ လုံခြုံမှု အနည်းငယ် ရရှိရန်အတွက် ဘေးနားရှိ မူဟန့်၏ လက်မောင်းကို လှမ်း၍ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိတော့သည်။
မူဟန် သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် မိမိလက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် သူမ၏ လက်ဆီသို့ ငုံ့ကြည့်လိုက်သည်။
ရွှီပင်းနင်း ချက်ချင်းပင် အရှက်သည်းသွားရပြီး သူမ၏ မျက်နှာလေးမှာ မီးရဲရဲတောက်နေသော သံတုံးကို ကိုင်မိသွားသည့်အလား နီမြန်းသွားကာ လက်ကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်သည်။
အပြင်ဘက်တွင်မူ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများက အဆက်မပြတ် ဖြစ်ပေါ်နေဆဲဖြစ်သည်။ ရွှီပင်းနင်း၏ နှလုံးသားမှာ တုန်လှုပ်နေသော်လည်း အလှောင်ပြောင်မခံလိုသဖြင့် အတင်းအကျပ် အောင့်အည်းသည်းခံကာ စိတ်ထဲမှနေ၍ ကိုယ့်ကိုယ်ကိုယ်ဦးနှောက်ဆေး နေမိသည်…. ဒါက မိုးကြိုးပစ်ရုံတင်ပါ…ကြောက်စရာ မလိုဘူး… ကြောက်စရာ မလိုဘူး...
သို့သော်လည်း သူမသည် တစ်မိနစ်ခန့်သာ တောင့်ခံနိုင်ခဲ့သည်။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ပိတ်မှောင်သွားခဲ့သည်။ မိုးသက်မုန်တိုင်းကြောင့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားပုံရသည်။ (ဒီကမ္ဘာက လည်း မိုးရွာမီးပျက်တယ်)
ယခုအခါ ကိတ်မုန့်လုပ်သည့် ကိစ္စကိုပင် ဆက်လက် လုပ်ဆောင်၍ မရတော့ချေ။
မူဟန်သည် သူ၏ဖုန်းမှ ဓာတ်မီး ကို ဖွင့်လိုက်ပြီး လင်းထိန်စေကာ ဧည့်ခန်းဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။ ရွှီပင်းနင်းကလည်း မူဟန့်နောက်သို့ ကပ်လျက် ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
ဝုန်း...
မိုးကြိုးသံကြီး ထပ်မံ ပေါက်ကွဲသွားပြီး လျှပ်စီးအလင်းရောင်မှာ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျလာကာ ခဏတာ လင်းထိန်သွားပြီးနောက် ပြန်လည်၍ ပိတ်မှောင်သွားခဲ့ပြန်သည်။ ဤသို့ နေ့နှင့်ည ကပြောင်းကပြန် ဖြစ်နေသော အလင်းအမှောင် အာရုံများကြောင့် ရွှီပင်းနင်း လုံးဝ ထိန်းချုပ်မထားနိုင်တော့ချေ။ သူမသည် လက်ကို လှမ်းဆွဲလိုက်ပြီး ရှေ့တွင်ရှိနေသော လူရိပ်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ လွှတ်မပေးတော့ချေ။
"ဒီလောက်အထိ ကြီးနေပြီကို မိုးကြိုးပစ်တာ ကြောက်နေတုန်းပဲလား" မူဟန် သူ၏လက်မောင်းပေါ်မှ တင်းကျပ်လှသော ခံစားချက်ကြောင့် သဘောကျကာ စနောက်လိုက်သည်။
"ဘာဖြစ်လဲ... ကြောက်တော့ကော မရဘူးလား" ယခုအကြိမ်တွင်မူ ရွှီပင်းနင်း မာန်တင်းမနေတော့ဘဲ စနောက်ခံရခြင်းကြောင့် ရှက်ရွံ့စိတ်တော၌ အနည်းငယ် စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်လည် အော်ဟစ်လိုက်သည်။
"အန်တီရွှီရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ ငါ့လက်မောင်းကို ခဏ ငှားပေးမယ်။ ဒါပေမယ့် နည်းနည်းလောက် လျှော့ကိုင်ပေးလို့ ရမလား… မင်းရဲ့ လက်သည်းတွေက ငါ့အသားထဲ စိုက်ဝင်တော့မယ်" မူဟန်က ပြောလိုက်သည်။
"သြော်... တောင်းပန်ပါတယ်" ရွှီပင်းနင်း အလျင်အမြန်ပင် လက်ကို အနည်းငယ် လျှော့လိုက်ပြီး အနေအထားကို ပြင်လိုက်သည်။
မူဟန် ဧည့်ခန်းရှိ ဆိုဖာပေါ်သို့ လာရောက် ထိုင်လိုက်ရာ ရွှီပင်းနင်းကလည်း သူ၏လက်မောင်းကို ကိုင်ထားဆဲဖြစ်ပြီး ဘေးနားတွင် ကပ်လျက် ထိုင်လိုက်သည်။ ရွှီပင်းနင်းသည် မိခင်ဖြစ်သူထံ ဖုန်းဆက်ကာ ဘယ်အချိန် ပြန်လာမည်လဲဟု မေးမြန်းရန် ကြိုးစားခဲ့သည်။ သို့သော် သူမ ပြန်လည်ရရှိလိုက်သော အဖြေမှာ—အပြင်တွင် မိုးအရမ်းသည်းနေသဖြင့် ယနေ့ည အန်တီလင်းတို့အိမ်တွင်ပဲ အိပ်လိုက်တော့မည် ဟူ၍ ဖြစ်သည်။
ရွှီပင်းနင်း တကယ်ပင် ပြောလိုက်ချင်သည်— မေမေ... သမီးကြောက်တယ်၊ ပြန်လာပေးပါဦး… သမီးကို ဖက်ထားပေးပါဦး...
သို့သော်လည်း မူဟန်က ဘေးနားတွင် ရှိနေသဖြင့် သူမ ဤစကားကို လုံးဝ ထုတ်မပြောရဲချေ။ တစ်ဖက်တွင်မူ သမီးဖြစ်သူ စိတ်အာရုံလွင့်နေသည့် အခွင့်အရေးကို အသုံးချကာ ရွှီရိုက ဖုန်းကို ချက်ချင်း ချပစ်လိုက်သည်။
အပြင်ဘက်တွင်မူ မိုးကြိုးသံများက ဆက်လက် ထစ်ချုန်းနေဆဲ ဖြစ်သည်။
ရွှီပင်းနင်း တစ်မိနစ်၊ နှစ်မိနစ်ခန့် ဆက်လက်တောင့်ခံထားသော်လည်း သူမ၏ နှလုံးခုန်သံမှာ ပိုမို မြန်ဆန်လာခဲ့သည်။ ထိုစဉ် ယခင်မိုးကြိုးသံများထက် ပိုမိုကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ရွှီပင်းနင်း ထိတ်လန့်တကြား ဖြစ်သွားရပြီး မူဟန့်ကို တိုက်ရိုက်ပင် လှမ်း၍ ဖက်လိုက်တော့သည်။
ရွှီပင်းနင်းသည် ဖြူလျော်ကာ အားနည်းပြီး ကိုးကွယ်ရာမဲ့နေသော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး လူကြီးတစ်ယောက်၏ တည်ငြိမ်မှုမျိုး လုံးဝ မရှိတော့ချေ။ ဤအခြေအနေမျိုးတွင် မူဟန် သေချာပေါက် သူမကို ဆက်လက်စနောက်မနေတော့ဘဲ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ သူမကို ပြန်လည် ပွေ့ဖက်ပေးလိုက်တော့သည်။
မူဟန်သည် ရွှီပင်းနင်း၏ တင်းတောင့်နေသော ခန္ဓာကိုယ်လေးမှာ အနည်းငယ် ပြေလျော့သွားပြီး ယခင်ကလောက် မကြောက်လန့်တော့သည်ကို ထင်ရှားစွာ ခံစားလိုက်ရသည်။ ရွှီပင်းနင်းသည် ရုန်းထွက်ခြင်းမရှိဘဲ ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ မူဟန့်၏ ရင်ခွင်ထဲသို့ ပိုမိုတိုးဝင်ကာ လုံခြုံမှုကို ပိုမို ရယူလိုနေခဲ့သည်။
အပြင်ဘက်တွင် မိုးကြိုးများ ပစ်နေဆဲ ဖြစ်သော်လည်း ရွှီပင်းနင်း စိတ်ထဲတွင် သိပ်ပြီး မကြောက်တော့ချေ။ သို့သော် သူမ၏ နှလုံးခုန်နှုန်းကမူ လျော့ကျသွားခြင်း မရှိသေးချေ။ မိခင်ဖြစ်သူ ရွှီရို၏ ရင်ခွင်နှင့် မူဟန့်၏ ရင်ခွင် နှစ်ခုစလုံးက ရွှီပင်းနင်းကို ကြီးမားသော လုံခြုံမှု ပေးစွမ်းနိုင်သည်မှာ အမှန်ပင်။ သို့သော် ထိုလုံခြုံမှု အမျိုးအစား နှစ်ခုမှာမူ အနည်းငယ် ကွဲပြားခြားနားနေခဲ့သည်။
ရွှီပင်းနင်း ဤခံစားချက်ကို မည်သို့ ဖော်ပြရမည်မှန်း မသိသော်လည်း မည်သို့ပင်ဆိုစေ သူမ၏ မျက်နှာလေးမှာ အနည်းငယ် ပူနွေးနေသည်ကို ခံစားနေရသည်။
ဒါက... သူမ ယောက်ျားလေးတစ်ယောက်ရဲ့ ပွေ့ဖက်ခြင်းကို ပထမဆုံးအကြိမ် ခံရခြင်း ဖြစ်သည်လေ...
နောက်တစ်နေ့ နံနက်ခင်း ကောင်းကင်ယံ စတင်လင်းထိန်လာသည့် အချိန်။
ညလုံးပေါက် ပြင်းထန်လှသော မိုးကြိုးသံများ၊ လေပြင်းများနှင့် မိုးသက်မုန်တိုင်းတို့၏ တိုက်စားမှုဒဏ်ကြောင့် လမ်းမများပေါ်တွင် အတော်လေး ပရမ်းပတာ ဖြစ်နေခဲ့သည်။ လမ်းဘေးရှိ သစ်ပင်အချို့မှာ အမြစ်မှ ကျွတ်ထွက်ကာ လမ်းပေါ်တွင် လဲပြိုနေခဲ့ကြသည်။
ဟိုတယ်တစ်ခုတွင် ညအိပ်ခဲ့သော ရွှီရိုသည် ကားမောင်းကာ အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမ၏ ပုံစံမှာ အလွန်ပင် တောက်ပလန်းဆန်းနေပြီး နုပျိုလှပကာ ကျန်းမာရေးနှင့် ညီညွတ်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ ရွှီရိုသည် တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သဖြင့် ဆွဲဆောင်မှုအမှတ် +၃ မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူမ၏ စုစုပေါင်း ဆွဲဆောင်မှုမှာ ၉၀ အမှတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ လက်ရှိ အခြေအနေမှာ သူမ အသက် ၂၅ နှစ်အရွယ်တုန်းက အခြေအနေနှင့် ညီမျှလှသည်။ သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစား နှစ်ခုစလုံးမှာ အတိတ်က အကောင်းဆုံး အဆင့် နီးပါး ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်လေတော့သည်။