အခန်း (၈၈) - စိတ်အေးအေးထားပြီး ဓားမကြီးကို အရင်ချလိုက်ပါ...
ရွှီပင်းနင်း တံခါးကို ဝုန်းခနဲ တွန်းဖွင့်ပြီး ပြေးဝင်လာတဲ့ တစ်ခဏမှာပဲ သူမ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားရတော့သည်။
အိပ်ခန်းထဲမှာ သူမ တွေးထင်ထားသလို( နဲ့ စာဖတ်သူတွေ ထင်သလို) အခြေအနေမျိုး ဖြစ်မနေပါဘူး။ မူဟန်က သူမအမေရဲ့ ခြေထောက်ကို သေသေချာချာ နှိပ်နယ်ပေးနေရုံ သက်သက်သာ ဖြစ်သည်။
ရွှီရိုရဲ့ ဘယ်ဘက် ခြေကျင်းဝတ်လေးက နီရဲနေပြီး ကြမ်းပြင်ပေါ်မှာလည်း တိုင်းရင်းဆေးရည်တစ်ပုလင်း ရှိနေ၏။ ခုနတုန်းက ကြားလိုက်ရတဲ့ ထူးဆန်းတဲ့ အသံကတော့ ခြေထောက်က နာကျင်မှုကို မအောင့်နိုင်လွန်းလို့ မေမေ အမှတ်မထင် ညည်းတွားမိလိုက်တဲ့ အသံပဲ ဖြစ်ရမည်။
ရွှီပင်းနင်း ရုတ်တရက် ဇွတ်တိုးဝင်လာတာမို့ အခန်းထဲက လူနှစ်ယောက်လုံးလည်း လန့်သွားကြသည်။ အထူးသဖြင့် ရွှီရိုဆိုရင် တစ်ကိုယ်လုံး တုန်တက်သွားပြီး မျက်နှာလေး ချက်ချင်း ဖြူဆုတ်သွားကာ…အသံပါ ပျောက်သွားရှာသည်။
ရွှီရိုက ရွှီပင်းနင်းရဲ့ လက်ထဲမှာ ပြောင်လက်နေတဲ့ မီးဖိုချောင်သုံး ဓားမကြီးကို မြင်တော့ စိတ်ထဲ အပြစ်မကင်းသလို ခံစားရပြီး အမြန် လှမ်းပြောလိုက်သည် - "လော့အာ (ပင်းနင်း)... ဘာမှ မဟုတ်ဘူးနော်၊ မင်းထင်သလို မဟုတ်ပါဘူး... စိတ်အေးအေးထားပြီး အဲဒီဓားမကြီးကို အရင်ချလိုက်ပါဦး..."
ရွှီပင်းနင်း မိမိ အထင်မှားသွားမှန်း ချက်ချင်း ရိပ်မိသွားသည်။ ဓားမကြီးကို ကိုင်ထားရတာ တကယ့်ကို အိုးတိုးရှန်းတန်း ဖြစ်သွားရသော်လည်း၊ ကြမ်းပြင်ပေါ် ဇွတ်ချလိုက်ရင်လည်း သစ်သားကြမ်းခင်းတွေ ပျက်စီးသွားမှာ စိုးရိမ်နေမိ၏။
"တံခါးက ဟဟလေး ဖြစ်နေပြီး အထဲကလည်း ထူးဆန်းတဲ့ အသံတွေ ကြားရတော့... လူဆိုးတစ်ယောက် ဝင်ပြီး မေမေ့ကို အနိုင်ကျင့်နေတယ် ထင်လို့ပါ..." ရွှီပင်းနင်းက သူ့အမေ ရွှီရိုကို တိုးတိုးလေး ရှင်းပြလိုက်သည်။
ရွှီရို ချက်ချင်းပဲ ရှက်လွန်းလို့ ဘယ်နား မျက်နှာထားရမှန်း မသိတော့ချေ။ ခုနတုန်းက သူမ သတိမထားမိခဲ့သော်လည်း အခု ပြန်တွေးကြည့်မှ သူမရဲ့ ညည်းညူသံတွေက တခြားလူတွေ အထင်မှားစရာ ကောင်းလွန်းနေမှန်း သိလိုက်ရသည်။
ယွီယွမ်နဲ့ ချင်ဖုန်းတို့က ဈေးဝယ်ထွက်သွားကြပြီး အိမ်မှာ လူမရှိဘူးအထင်နဲ့ သူမ စိတ်ကိုလွှတ်လိုက်မိခြင်း ဖြစ်သည်။ ရွှီပင်းနင်း အလုပ်ကနေ စောစောပြန်လာမယ်ဆိုတာကို လုံးဝ မေ့သွားခဲ့သည်။
'ဒီလိုမှန်းသိရင် ပါးစပ်ထဲမှာ မျက်နှာသုတ်ပုဝါတစ်ထည်ကို ကိုက်ထားလိုက်ပါတယ်...' ဟု ရွှီရို စိတ်ထဲကနေ ညည်းတွားမိတော့သည်။
ရွှီပင်းနင်း ဓားမကြီးကို ကိုင်ထားရတာ နေရခက်တာကြောင့် မီးဖိုချောင်ထဲကို ပြန်ထားဖို့ အခန်းထဲကနေ ထွက်လာခဲ့သည်။
အတိအကျ ထိုအချိန်မှာပဲ ယွီယွမ်နဲ့ ချင်ဖုန်းတို့ ဈေးဝယ်ပြီး ပြန်ရောက်လာကြ၏။ သူတို့နှစ်ယောက်လုံး ရွှီပင်းနင်းတစ်ယောက် ဧည့်ခန်းထဲကနေ မီးဖိုချောင်ထဲကို ဓားမကြီးတစ်လက်နဲ့ ဝင်သွားတာကို မြင်တော့ အံ့ဩသွားကြသည်။
"ခုနှစ်ယောက်မြောက်ညီမလေး... ဓားမကြီးကို ဘာလုပ်မလို့ ကိုင်ထားတာလဲ..." ချင်ဖုန်းက ဇဝေဇဝါနဲ့ မေးလိုက်၏။
"သစ်သီး လှီးမလို့..." ရွှီပင်းနင်းက တည်ငြိမ်ဟန်ဆောင်ပြီး ပြန်ဖြေလိုက်သည်။
"ဟိုမှာ သစ်သီးလှီးဓား ရှိနေတာပဲလေ..." ချင်ဖုန်းက လှမ်းညွှန်ပြသည်။
"မြင်လို့ပဲ... အခု ဓားမကြီးကို ပြန်ထားမလို့ လုပ်နေတာ..."
ဓားမကြီးကို နေရာတကျ ပြန်ထားပြီးနောက် ရွှီပင်းနင်း ရွှီရိုရဲ့ အိပ်ခန်းထဲကို ပြန်ဝင်လာပြီး စိုးရိမ်တကြီး မေးလိုက်သည် - "မေမေ... ခြေထောက်က ဘာဖြစ်တာလဲ..."
"မတော်တဆ ခြေကျင်းဝတ် လည်သွားလို့ပါ... မူဟန်က အကြောအဆစ် နားလည်တာနဲ့ လာပြီး နှိပ်နယ်ပေးနေတာ..." ရွှီရိုက ရှင်းပြလိုက်သည်။
"တကယ်ကြီးလား... ရှင်က ဒါမျိုးတွေပါ တတ်တာလား..." ရွှီပင်းနင်း မူဟန်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
"နည်းနည်းပါးပါး လေ့လာဖူးရုံပါ..." မူဟန်က ဆိုသည်။
ယွီယွမ်နဲ့ ချင်ဖုန်းတို့ပါ အိပ်ခန်းထဲကို ဝင်လာကြပြီး၊ ချင်ဖုန်းက ချက်ချင်း ဝင်မေးသည် - "မေမေ... ဘယ်လိုနေလဲ၊ အနှိပ်ခံလိုက်လို့ ပိုပြီး ဆိုးမသွားဘူးမလား..."
ရွှီရို သူမရဲ့ ဘယ်ဘက်ခြေထောက်ကို အသာအယာ လှုပ်ရှားကြည့်လိုက်ရာ နာကျင်မှုတွေက အများကြီး သက်သာသွားတာကို ခံစားလိုက်ရတာမို့ ပြုံးပြီး ပြောလိုက်သည် - "အများကြီး သက်သာသွားပါပြီ..."
ချင်ဖုန်း ခေတ္တ ဆွံ့အသွားပြီးမှ မူဟန်ကို အံ့ဩတကြီး လှမ်းကြည့်လိုက်မိသည်။ ဒီကောင်က တကယ်ပဲ အကြောအဆစ် နှိပ်တတ်တာလား။
မူဟန်ကတော့ ချင်ဖုန်းရဲ့ အကြည့်ကို လျစ်လျူရှုထားလိုက်ပြီး ရွှီရိုကိုပဲ ကြည့်ကာ ပြုံးလိုက်ရင်း - "ကျနော့်ရဲ့ အနှိပ်ပညာက အဆင်ပြေရဲ့လား ..."
"အဆင်ပြေရုံတင် ဘယ်ကမလဲ... တကယ့်ကို အံ့ဩဖို့ကောင်းလောက်အောင် တော်တယ်" ရွှီရိုက ချီးမွမ်းစကား ဆိုလိုက်သည် - "ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဒီလို ပညာမျိုး တတ်လိမ့်မယ်လို့ အန်တီ လုံးဝ မထင်ထားမိဘူး..."
ရွှီပင်းနင်းကတော့ ဘေးကနေ နားထောင်ရင်း မျက်နှာမှာ အမူအရာ သိပ်မပြသော်လည်း၊ စိတ်ထဲမှာတော့ 'ငါ့ရည်းစားက အကြော နှိပ်တတ်တာလား... နောက်ကျရင် ငါ့ကိုလည်း နှိပ်ခိုင်းရမယ်' ဟု တွေးနေမိသည်။
သူမက ရုံးမှာ အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတာမို့ တစ်ခါတလေ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲတတ်သည်။ တကယ်လို့ တစ်ယောက်ယောက်က အခုလို နှိပ်ပေးမယ်ဆိုရင် သေချာပေါက် နေလို့ အရမ်းကောင်းသွားမှာ အမှန်ပင်။
ရွှီရိုက မူဟန်ကို ချီးကျူးနေတာကို ကြားတော့ ချင်ဖုန်းတစ်ယောက် မနေနိုင်ဘဲ ဝင်ပြီး လေကန်လိုက်သည် - "ဒါက အကြောနှိပ်တာပဲ... ဘာခက်တာမှတ်လို့၊ ကျွန်တော်လည်း အားတဲ့အချိန်ကျရင် လေ့လာလိုက်ဦးမယ်..."
"ဒါကို ဘာလို့ လေ့လာချင်ရတာလဲ... မင်းက မင်းမေမေကို နောက်ထပ် ခြေကျင်းဝတ် ထပ်လည်စေချင်လို့လား..." မူဟန်က ခပ်အေးအေးပဲ ပြောလိုက်၏။
"ကျွန်တော် အဲလို ဆိုလိုတာ မဟုတ်ပါဘူး... ဒဏ်ရာရရင် အဆင်ပြေအောင်လို့..." ချင်ဖုန်း အမြန် ပြန်ရှင်းပြသည်။
သူ စကားမဆုံးသေးခင်မှာပဲ မူဟန်က ထပ်ကြားဖြတ်ပြီး - "မင်းမေမေ ခြေကျင်းဝတ် ထပ်လည်ဖို့ကို ကြိုတွေးနေတာလား... မင်း မေမေ့ကို ကျိန်ဆဲနေတာပဲ၊ တကယ့်ကို သိတတ်တဲ့ သားလိမ္မာလေးပဲ..."
ချင်ဖုန်း စကားလုံးတွေ ဆွံ့အသွားရပြီး ပြန်ပက်ဖို့ နည်းလမ်း ရှာသော်လည်း စဉ်းစားလို့ မရသေးချေ။
အတိအကျ ထိုအချိန်မှာပဲ ယွီယွမ်က သူ့ကို မီးဖိုချောင်ထဲ ဝင်ပြီး ကူညီဖို့ ချက်ချင်း မောင်းထုတ်လိုက်တော့သည်။
ရွှီရိုက ခြေကျင်းဝတ် ဒဏ်ရာရထားတာမို့ အခု သက်သာသွားပြီဆိုပေမဲ့ အတတ်နိုင်ဆုံး လှုပ်ရှားမှုကို လျှော့ချဖို့ လိုအပ်သည်။ ယွီယွမ်နဲ့ ရွှီပင်းနင်းတို့ကတော့ မီးဖိုချောင်အလုပ် လုံးဝ မလုပ်တတ်ကြသလို၊ ဝါသနာလည်း မရှိကြချေ။
သို့သော်လည်း ချင်ဖုန်းကတော့ ဟင်းချက်တဲ့နေရာမှာ ပါရမီ အနည်းငယ် ရှိသည်။ သူ ဆယ်ကျော်သက်အရွယ်တုန်းက ဟင်းချက်နည်း တော်တော်များများကို သင်ယူဖူးတာမို့လို့၊ ရွှီရိုရဲ့ လက်ရာကို မမီရင်တောင်မှ စားလို့သောက်လို့ရတဲ့ အဆင့်တော့ ရှိသည်။
ချင်ဖုန်းလည်း ယွီယွမ်ရဲ့ စကားကို မငြင်းဆန်ရဲတာမို့ မူဟန်ကို မကျေမနပ် တစ်ချက် စိုက်ကြည့်ပြီး အိပ်ခန်းထဲကနေ ထွက်သွားခဲ့သည်။
ယွီယွမ်က ရွှီရိုကို ဧည့်ခန်းထဲမှာ ခဏလောက် ထိုင်မလားလို့ မေးလိုက်ရာ၊ ရွှီရိုက ခေါင်းညိတ်ပြသည်။ ထို့နောက် ယွီယွမ်နဲ့ ရွှီပင်းနင်းတို့က တစ်ဖက်တစ်ချက်စီကနေ ရွှီရိုကို တွဲပြီး ဧည့်ခန်းထဲ ခေါ်သွားဖို့ ပြင်လိုက်ကြ၏။
သို့သော်လည်း ရွှီရို ထဖို့ လုပ်ပြီးခါမှ ရုတ်တရက် အိပ်ရာပေါ်သို့ ပြန်ထိုင်ချလိုက်ပြီး - "သမီးတို့ အမေ... အခန်းထဲမှာပဲ ခဏလောက် ထပ်နားချင်သေးတယ်... သမီးတို့ အပြင်ထွက်သွားကြတော့..." ဟု ဆိုသည်။ သူမက ခေါင်းကို အနည်းငယ် ငုံ့ထားတာမို့ မျက်နှာအမူအရာကို သေသေချာချာ မမြင်ရချေ။
ယွီယွမ်နဲ့ ရွှီပင်းနင်းတို့လည်း ဘာမှ ထူးဆန်းတယ်လို့ မထင်တာကြောင့် အခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
မူဟန်ကတော့ ကြမ်းပြင်ပေါ်က တိုင်းရင်းဆေးရည်ပုလင်းကို ကောက်ယူပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ ငုံ့ကောက်တဲ့အချိန်မှာ အကြည့်က အောက် ရောက်နေတာမို့၊ ခေါင်းငုံ့ထားတဲ့ ရွှီရိုရဲ့ မျက်နှာလေးကို အမှတ်မထင် ဖြတ်ခနဲ မြင်လိုက်ရ၏။
ခဏတာ ဖြတ်ခနဲ မြင်လိုက်ရရုံတင် ဖြစ်သော်လည်း၊ မူဟန် ရွှီရိုရဲ့ မျက်နှာအမူအရာက ထူးဆန်းနေပြီး ပါးပြင်လေးတွေက ပန်းရောင်သန်းကာ နီမြန်းနေတာကို အသေအချာ သတိပြုမိလိုက်သည်။ သူ ဘာမှမပြောဘဲ တိတ်တဆိတ်ပဲ အခန်းထဲက ထွက်လာခဲ့ပြီး တံခါးကို အသာအယာ ပြန်ပိတ်ပေးလိုက်၏။
ထို့နောက်... သူ စနစ်ကို သုံးပြီး ရွှီရိုရဲ့ အမြင်နဲ့ အကြားအာရုံကို မျှဝေ လိုက်သည်။ သူက ရွှီရို ဘာလို့ အမူအရာ ထူးဆန်းနေရတာလဲဆိုတာကို သိချင်လို့ ဖြစ်သည်။
ခဏအကြာမှာပဲ... မူဟန် အခြေအနေမှန်ကို သိသွားပြီး စိတ်ထဲကနေ တကယ့်ကို အံ့ဩတုန်လှုပ်သွားရကာ - 'ငါတော့ တကယ့်ကို ဗဟုသုတအသစ်တွေ ရသွားပြီပဲ' ဟု ရေရွတ်မိတော့သည်။ ဒီလိုမျိုး ထူးခြားတဲ့ တုံ့ပြန်မှုလွယ်ကူတဲ့ အမျိုးသမီးတွေအကြောင်းကို သူ ကောလာဟလတွေထဲမှာပဲ ကြားဖူးတာ ဖြစ်ပြီး၊ အပြင်မှာ တကယ်ရှိလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့မိပါဘူး။
ရွှီရို အိပ်ခန်းထဲကနေ ပြန်ထွက်လာတဲ့အချိန်မှာတော့ ညစာစားဖို့ အချိန် တန်နေပြီ ဖြစ်သည်။
ရွှီရိုက နေ့ခင်းတုန်းက ဝတ်ဆင်ထားတဲ့ အဝါနုရောင် ချောင်ဆန်ဝတ်စုံကို လဲလှယ်လိုက်ပြီး၊ အခုဆိုရင် အိမ်နေရင်း ညဝတ်ဂါဝန်အရှည်ကြီးကို ဝတ်ဆင်ထားသည်။ သူမရဲ့ ဆံပင်တွေပေါ်မှာလည်း ရေစက်အချို့ ရှိနေသေးတာမို့လို့ ရေချိုးလာမှန်း သိသာလှ၏။
ဒါကို မြင်တော့ ယွီယွမ်က အံ့ဩတကြီးနဲ့ - "မေမေ... ခြေကျင်းဝတ်ကြီး လည်နေတာကို ရေဝင်ချိုးလိုက်တာလား..."
"ဒီလို ရာသီဥတုမျိုးမှာ ရေမချိုးရရင် အမေ နေရခက်လို့ ညကျ အိပ်ပျော်မှာ မဟုတ်ဘူး..." ရွှီရိုက အကြောင်းပြချက် ပေးလိုက်သည်။
မူဟန်က သူမကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း… သေချာတာကတော့ သူ ဒါကို ထုတ်ပြီး ဘယ်တော့မှ ဖွင့်ပြောမှာ မဟုတ်ပါဘူး။
"သမီးကို လာတွဲခိုင်းရင် ရတာပဲကို... တကယ်လို့ ချော်လဲသွားရင် ဘယ်လိုလုပ်မလဲ..." ယွီယွမ်က စိတ်ပူတကြီး ဆိုသည်။
"ရပါတယ်... ငါ့ဘာသာ ဖြည်းဖြည်းချင်း သတိထားပြီး လုပ်ရင် ဘာမှမဖြစ်ပါဘူး..." ရွှီရိုက အတိုချုံး ရှင်းပြပြီးနောက် စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်သည် - "ချင်ဖုန်း... ဟင်းတွေ အများကြီး ချက်ထားတာပဲ…ကြည့်ရတာ တော်တော်လေး စားချင်စရာ ကောင်းတယ်..."
မေမေ့ဆီကနေ ချီးကျူးစကား ကြားလိုက်ရတော့ ချင်ဖုန်းတစ်ယောက် မျက်နှာတစ်ခုလုံး ပီတိတွေ ဖြာဝေသွားရတော့သည်။ သူ ဟင်းမချက်ရတာ ကြာပြီဆိုပေမဲ့ လက်ရာကတော့ သိပ်ပြီး ကျမသွားသေးပါဘူး။ သူ ချက်ထားတဲ့ အိမ်ချက်ဟင်းလျာတွေက တကယ့်ကို အရသာ ရှိလှသည်။
ယွီယွမ်နဲ့ ရွှီပင်းနင်းတို့လည်း လိုက်ပြီး ချီးကျူးကြ၏။
မူဟန်လည်း ချွင်းချက်မဟုတ်ပါဘူး၊ သူက ချင်ဖုန်းမှာ ဟင်းချက်တဲ့ ပါရမီ ရှိတာမို့လို့ ဒီထက်မက ထပ်ပြီး လေ့လာရင် အနာဂတ်မှာ စားဖိုမှူးကြီး တစ်ယောက် တကယ် ဖြစ်လာနိုင်တယ်လို့ ချီးမွမ်းစကား ဆိုလိုက်သည်။
ဒီစကားက အပြင်ပန်းမှာ ချီးကျူးတာ ဖြစ်သော်လည်း၊ ချင်ဖုန်းရဲ့ နားထဲမှာတော့ မူဟန်က သူ့ကို စားဖိုမှူးတစ်ယောက် ဖြစ်အောင် ကျိန်ဆဲနေသလိုမျိုး ခံစားလိုက်ရသည်။
ချင်ဖုန်းက ချက်ချင်းပဲ ပြန်ပက်လိုက်သည် - "ကျွန်တော် ဘယ်တော့မှ စားဖိုမှူး မလုပ်ဘူး... အဲဒါက ကျွန်တော့်ရဲ့ ပါရမီတွေကို ဖြုန်းတီးပစ်တာနဲ့ အတူတူပဲ..."
ဒါကို ကြားတော့ မူဟန်က ပြုံးပြီး ပြန်မေးလိုက်၏ - "ဒါဆို... မင်းမှာ ဘယ်လို ပါရမီတွေ ရှိလို့လဲ..."
ချင်ဖုန်းရဲ့ အမူအရာက ခေတ္တမျှ တောင့်တင်းသွားပြီးမှ၊ နောက်ဆုံးမှာတော့ - "ကျွန်တော်က ရန်ပွဲတွေမှာ အရမ်းတော်တယ်..." ဟု ပြောချလိုက်တော့သည်။
ရွှီပင်းနင်းက ချင်ဖုန်း အလုပ်ရှာချင်နေတယ်လို့ ပြောဖူးတာကို သတိရသွားတာကြောင့် - "ချင်ဖုန်း... မင်း အလုပ်ရှာဖို့ ကိစ္စကို ဆုံးဖြတ်ပြီးပြီလား..." ဟု မေးလိုက်သည်။
ချင်ဖုန်းက ခေါင်းခါပြပြီး ဘာလုပ်ရမှန်း မသိသေးကြောင်း အရိပ်အယောင် ပြလိုက်၏။
ဒါကို နားထောင်ပြီးနောက် မူဟန်က စေတနာရှိတဲ့ ပုံစံမျိုးနဲ့ အကြံဉာဏ် ပေးလိုက်သည် - "လူငယ်တွေဆိုတာ လှုပ်လှုပ်ရှားရှား ရှိရမယ်... နေ့တိုင်း အိမ်မှာပဲ အောင်းနေတာက မကောင်းဘူးလေ... မင်းက ရန်ပွဲတွေမှာ တော်တယ်ဆိုမှတော့... လုံခြုံရေးဝန်ထမ်း အလုပ် သွားရှာရင်ကော ဘယ်လိုလဲ၊ အဲဒီအလုပ်က မင်းနဲ့ တကယ့်ကို ကိုက်ညီမှု ရှိလိမ့်မယ်..."
"ဘာ... မင်းက ငါ့ကို လုံခြုံရေး လုပ်ခိုင်းတာလား... ငါ့ကို လာပြီး နောက်ပြောင်နေတာလား..." ချင်ဖုန်းက သရော်လိုက်တော့သည်။
သူက ဂိုဏ်းကြီးတစ်ခုရဲ့ ထိပ်သီး ပါရမီရှင်တစ်ယောက် ဖြစ်နေတာကို၊ သူ့ကို လုံခြုံရေးဝန်ထမ်းတစ်ယောက် သွားလုပ်ခိုင်းတာက သူ့ရဲ့ သိက္ခာကို စော်ကားလိုက်တာ မဟုတ်ဘူးလား။