အခန်း (၇) - အန်တီက ကျားမှမဟုတ်တာ၊ သားကို စားပစ်မှာစိုးလို့လား
မူမျိုးနွယ်စု စံအိမ်တော်ကြီး။
မူဟန့်၏ မိခင်ဖြစ်သူ ဝမ်ချင်း သည် သားဖြစ်သူထံမှ မွေးနေ့ကိတ်မုန့် လက်ဆောင်ရရှိသဖြင့် အလွန်ပင် ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။
သားဖြစ်သူ အရွယ်ရောက်လာပြီးကတည်းက ဤကဲ့သို့သော "သိတတ်မှု" မျိုး ပြသခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပုံရသည်။
မူဟန် အနည်းငယ်တော့ ရှက်ကိုးရှက်ကန်း ဖြစ်မိသွားသည်။ လက်တွေ့တွင်မူ သူသည် ရွှီရို ထံ သွားရောက်တွေ့ဆုံရန် အကြောင်းပြချက်တစ်ခုအနေဖြင့် ထိုကိတ်မုန့်ကို စိတ်ကူးပေါက်ရာ ဝယ်ယူခဲ့ခြင်းသာ ဖြစ်သည်။
အမှန်တောက် စကားပြောရလျှင် သူ၏မိခင် ဝမ်ချင်း၏ မွေးနေ့အစစ်အမှန်မှာ နောက်ထပ် တစ်ပတ်ခန့် လိုသေးသည်။
မူဟန်သည် နောက်တစ်ပတ်တွင် သူအလုပ်များနေနိုင်သဖြင့် ဝမ်ချင်း၏ မွေးနေ့ကို စောစီးစွာ ကျင်းပပေးခြင်းဖြစ်သည်ဟု အကြောင်းပြခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ အတော်လေး ဝတ္တရားအရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ဝမ်ချင်းကတော့ အလွန် ပျော်ရွှင်နေဆဲပင်။
"ငါ့သားလေး တောင် ကြီးလာပြီပဲ..."
ဝမ်ချင်းသည် သက်ပြင်းတစ်ချက်ကို မွတ်သိပ်စွာ ချလိုက်ရင်း မူဟန့်၏ နဖူးကို အနမ်းတစ်ချက် ခြွေလိုက်သည်။ မကြာမီမှာပင် သူ၏နဖူးပေါ်တွင် နှုတ်ခမ်းနီအရာတစ်ခု ချက်ချင်း ထင်ကျန်ရစ်ခဲ့တော့သည်။
"မေမေကလည်း... ကျွန်တော့်ကို ကြီးပြီလို့လည်းပြောတယ် အခုထိ ကလေးတစ်ယောက်လို ဆက်ဆံနေတုန်းပဲ" ဟု မူဟန်က ပြောလိုက်သည်။
"သား ဘယ်လောက်ပဲ အသက်ကြီးကြီး၊ အမေ့မျက်စိထဲမှာတော့ ကလေးတစ်ယောက်ပါပဲကွယ်" ဝမ်ချင်းက သဘာဝကျစွာ ရယ်မောလိုက်ပြီး တစ်ရှူးတစ်ခုကို ထုတ်ကာ သားဖြစ်သူ၏ နဖူးပေါ်မှ အနီရောင်အမှတ်အသားကို သေသေချာချာ သုတ်ပေးလိုက်သည်။
မူဟန်သည် ရိုးရှင်းသော မွေးနေ့အခမ်းအနားလေးတစ်ခုကို စီစဉ်ပေးခဲ့သည်။
"အမေ့ရဲ့ အဖိုးတန်သားလေး နေ့တိုင်း ပျော်ရွှင်ပါစေ… လိုအင်ဆန္ဒတွေ အားလုံးလည်း ပြည့်ဝပါစေကွယ်"
ဝမ်ချင်း၏ မိခင်မေတ္တာ အရှိန်အဝါမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး သူမသည် သားဖြစ်သူအတွက် ကိုယ်စား ဆုတောင်းပေးကာ ဖယောင်းတိုင်များကို မှုတ်၍ ကိတ်မုန့်ကို စတင်လှီးဖြတ်တော့သည်။
"ဒီကိတ်မုန့်က အတော်လေး အရသာရှိတာပဲ။ ဘယ်က ဝယ်လာတာလဲ သား" ဝမ်ချင်းက ကိတ်မုန့်ကို တစ်ကိုက် စားသုံးပြီးနောက် ချီးမွမ်း စကားဆိုလိုက်သည်။
"ကျိုကျန်း လမ်းမှာရှိတဲ့ ရှင်ယွဲ့ မုန့်တိုက်က ဝယ်လာတာပါ မေမေ" ဟု မူဟန်က ပြန်ဖြေသည်။
ဝမ်ချင်း ခေါင်းညိတ်လိုက်သည်။ သားဖြစ်သူ၏ မျက်နှာကို ထောက်ထားသောအားဖြင့် သူမသည် ကိတ်မုန့်အချို့ကို ဆက်တိုက် စားသုံးခဲ့ပြီးနောက် တကယ်ပင် ဗိုက်ပြည့်သွားသည့် အချိန်ကျမှသာ ရပ်နားလိုက်တော့သည်။
"အမေ ကုမ္ပဏီမှာ လုပ်စရာလေးတွေ ရှိသေးလို့ အရင်သွားတော့မယ်… ကုမ္ပဏီကိစ္စနဲ့ ပတ်သက်လို့တော့ သား အလုပ်လုပ်ချင်ရင် သွားလုပ်ပါ၊ မလုပ်ချင်ရင်လည်း အမေ အတင်းအကျပ် မတိုက်တွန်းပါဘူး။ ပြီးတော့... သား အိမ်ထောင်ပြုဖို့ ကိစ္စကိုလည်း စဉ်းစားသင့်ပြီနော်… သား အသက် ၂၅ နှစ် ရှိနေပြီ….အဖေတစ်ယောက် ဖြစ်ရမယ့် အရွယ် ရောက်နေပြီလေ"
ဝမ်ချင်းသည် သူမ၏ ဤသားကြီးမှာ စီးပွားရေးတွင် စိတ်မပါဘဲ အပျော်အပါး မက်နေသဖြင့် မျှော်လင့်ချက် မရှိတော့ဟု ယူဆကာ နောက်ထပ် "အကောင့်အသစ်" (မြေး) တစ်ယောက်ကိုသာ ပျိုးထောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် သားဖြစ်သူ၏ စိတ်ကို ထိခိုက်မည် စိုးသောကြောင့် တိုက်ရိုက် မပြောဘဲ အရိပ်အမြွက်သာ ပြောခြင်း ဖြစ်သည်။
"ကောင်းပါပြီ မေမေ….ကျွန်တော် စဉ်းစားပါ့မယ်" မူဟန်က ဝတ္တရားအရ ပြန်ဖြေလိုက်သည်။
"သား ကတော့ အမြဲတမ်း ဒီလိုပဲ ဝတ္တရားအရ ဖြေတာပဲ။ သား အပြင်မှာ ပျော်ပါးချင်နေတာကို အမေသိပါတယ်၊ ဒါပေမယ့် အိမ်ထောင်ပြုပြီးရင်တောင်မှ ဆက်ပြီး ပျော်လို့ရပါသေးတယ်… အပြင်ပန်းမှာ သိပ်ပြီး မသိသာစေနဲ့ပေါ့ကွယ်" ဟု ဝမ်ချင်းက ပြောလိုက်သည်။
မူဟန့်၏ ဦးနှောက်မှာ စက္ကန့်အနည်းငယ်မျှ ရှော့ ဖြစ်သွားရသည်။
ဘယ်လို မိသားစုမျိုးက သူတို့ရဲ့ သားကို ဒီလို ပညာပေးတာလဲ။
ဒါက သူ့ကို လူဆိုးတစ်ယောက်ဖြစ်အောင် သင်ပေးနေတာ မဟုတ်ဘူးလား။
သို့သော် နောက်တစ်ကြိမ် ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ ၎င်းက သဘာဝကျလှသည်ဟု ခံစားလိုက်ရသည်။
ဗီလိန် တို့၏ မိဘများသည် များသောအားဖြင့် မိမိတို့၏ သားသမီးများကို အလိုလိုက်လွန်းကြစမြဲပင်။ သားသမီးများက နေရာတကာတွင် ပြဿနာရှာမှသာ ဇာတ်လိုက် က ဝင်ရောက်ဖြေရှင်းပြီး မျက်နှာဖြတ်ရိုက်ရန် ဇာတ်ကွက် ဆင်နိုင်မည် မဟုတ်ပါလား။
"ဒါဆို သဘောတူပြီနော်…အကယ်၍ သား စိတ်ဝင်စားတဲ့ မိန်းကလေးရှိရင် ရှေ့ဆက်တိုးလိုက်ပါ သားဘက်က ကိုင်တွယ်ရ ခက်ခဲနေရင် အမေ့ကို ပြော… အမေ ကူညီဖြေရှင်းပေးမယ့် နည်းလမ်း ရှာပေးမယ်"
သားဖြစ်သူ စကားမပြောသည်ကို မြင်သောအခါ ဝမ်ချင်းက သူစိတ်ထဲ မှတ်သားထားလိုက်ပြီဟု ယူဆကာ နောက်ထပ် သတိပေးချက်တစ်ခုကို ထပ်မံဖြည့်စွက်ပြီးနောက် ထွက်ခွာသွားခဲ့တော့သည်။
ဝမ်ချင်း ထွက်ခွာသွားပြီးပြီးချင်းမှာပင် မူဟန်သည် ရွှီရိုထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။
ရွှီရိုသည် စကားကို တိုက်ရိုက်မပြောဘဲ ပတ်ဝန်းကျင်လှည့်ကာ ကိတ်မုန့်အရသာ ဘယ်လိုရှိလဲဟု အရင်မေးမြန်းခဲ့သည်။
မူဟန်သည် ရွှီရို၏ စိတ်ထဲတွင် ဘာရှိနေသည်ကို သိထားသဖြင့် ထိုကိတ်မုန့်ကို အချိန်အတော်ကြာ ချီးမွမ်းပြောဆိုလိုက်ပြီးနောက် ၎င်းကို မည်သို့ ပြုလုပ်ရသနည်းဟု စူးစမ်းစွာ မေးမြန်းလိုက်သည်။
ရွှီရိုကလည်း စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် မူဟန်က နောက်တစ်ကြိမ် မိသားစုဝင်တစ်ဦးဦး၏ မွေးနေ့တွင် ကိတ်မုန့်ကို မိမိကိုယ်တိုင် လက်လုပ် လုပ်ဆောင်လိုကြောင်း ဆန္ဒပြုလိုက်သည်။
ရွှီရိုက ချက်ချင်းပင် သူမအနေဖြင့် မူဟန့်ကို သင်ကြားပေးနိုင်ကြောင်း ပြောဆိုလိုက်ပြီး၊ ဤအခွင့်အရေးကို အသုံးပြု၍ ယနေ့ညနေပိုင်းတွင် သူမ၏ အိမ်သို့ လာရောက်သင်ယူရန် ဖိတ်ခေါ်လိုက်တော့သည်။
"ဒါက... ဒါက သိပ်ပြီး မသင့်တော်ဘူး မဟုတ်လား အန်တီ" မူဟန်သည် သေချာပေါက်ပင် ချက်ချင်း လွယ်လွယ်ကူကူ သဘောတူမည် မဟုတ်ချေ…မဟုတ်ပါက သူသည် အလွန်အမင်း စိတ်အားထက်သန်နေသကဲ့သို့ ထင်ရပေလိမ့်မည်။
ရွှီရိုက တက်ကြွစွာဖြင့် ပြောသည် - "ဖုန်းထဲကနေ ပြောပြရင် ရှင်းမှာမဟုတ်ဘူးကွယ်…လူကိုယ်တိုင် လက်တွေ့သင်ပေးတာက ပိုပြီး မြန်ဆန်ပါတယ်…အန်တီ့အိမ်မှာ ကိတ်မုန့်လုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ကိရိယာတွေ အကုန်ရှိတယ်….ဒီတိုင်း လာခဲ့လိုက်ပါ…ဘာမှ ယူလာစရာမလိုပါဘူး။ ဒါနဲ့... ညစာပါ တစ်ခါတည်း လာစားလှည့်ပါဦး…အန်တီ့ရဲ့ လက်ရာကို မြည်းစမ်းကြည့်တာပေါ့"
နုပျိုလှပလာမည့် အခွင့်အရေးနှင့် နှိုင်းယှဉ်ပါက မိန်းမသားတို့၏ သိက္ခာအိန္ဒြေ ဆိုသည်မှာ ဘာလဲ။
ထို့အပြင် ဤသည်မှာ သမီးဖြစ်သူ၏ ပျော်ရွှင်မှုအတွက်လည်း ဖြစ်သည်လေ။
"ညဉ့်ဘက်ကြီး အန်တီ့အိမ်ကို လာရမှာကျတော့... ကျွန်တော် အားနာနေမိတုန်းပဲဗျာ" မူဟန်က အိန္ဒြေရရ ပြောလိုက်သည်။
ရွှီရို ပို၍ စိုးရိမ်လာကာ - "ဘာဖြစ်လို့လဲကွယ်။ အန်တီက ကျားမှမဟုတ်တာ….သားကို စားပစ်မှာ စိုးလို့လား"
ဤစကားကို ပြောပြီးနောက် သူမအနေဖြင့် အနည်းငယ် မသင့်တော်ဟု ခံစားလိုက်ရသဖြင့် ချက်ချင်း ထပ်ဖြည့်ပြောလိုက်သည် - "ငါ့သမီး ပင်းနင်းလည်း အိမ်မှာ ရှိမှာပါကွယ်"
"ဟုတ်ကဲ့... ကောင်းပါပြီခင်ဗျာ" မူဟန် "မတတ်သာဘဲ" သဘောတူလိုက်ရသည့် ပုံစံဖြင့် ပြောလိုက်သည်။
"ဒါဆို သဘောတူပြီနော်" ရွှီရို ဖုန်းချလိုက်ပြီး မူဟန်နှင့် စကားပြောဆိုမှုကို အဆုံးသတ်လိုက်သည်။
ရွှီပင်းနင်းသည် ထိုနေရာတွင်ပင် ရှိနေပြီး ဖုန်းပြောသံအားလုံးနီးပါးကို ကြားခဲ့ရသဖြင့် သူမက ထူးဆန်းစွာ ပြောလိုက်သည် - "မေမေ... သမီး ဘာလို့ မေမေက သမီးကို ဘယ်သူမှ မလိုချင်မှာ စိုးရိမ်နေသလို ခံစားရတာလဲ"
"သမီးက ကိုယ့်ဘာသာကိုယ် တက်ကြွမှု မရှိလို့လေ…ဒီလောက်အထိ ကြီးလာတာကို ရည်းစားတစ်ခါမှတောင် မထားဖူးသေးဘူး။ အမေသာ မကူညီရင် သမီးတစ်သက်လုံး အထီးကျန်နေရလိမ့်မယ်" ဟု ရွှီရိုက ပြောလိုက်သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." ရွှီပင်းနင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဓိကကတော့ မူဟန်က အလွန် ထူးချွန်ပြီး သမီးနဲ့ သိပ်ကို လိုက်ဖက်တယ်လို့ အမေမြင်လို့ပါ…အမေ့ရဲ့ အမြင်ကို ယုံစမ်းပါ၊ အမေက သမီးကို ဒုက္ခရောက်အောင် လုပ်ပါ့မလား" ရွှီရိုက သမီးဖြစ်သူကို စတင် စည်းရုံး တော့သည်။
သူမသည် မူဟန်က သမီးဖြစ်သူ ရွှီပင်းနင်းကို ပျော်ရွှင်မှု ပေးစွမ်းနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေသည်…မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးမှာ ၉၉% လိုက်ဖက်ညီမှု ရှိနေသည် မဟုတ်ပါလား။
ရွှီပင်းနင်းကမူ လောလောဆယ်တွင် မူဟန်သည် လူကောင်းတစ်ယောက် ဖြစ်သည်ဟုသာ ခံစားရပြီး သူငယ်ချင်းအဖြစ် ရှိနေရန် မကန့်ကွက်သော်လည်း၊ ထို့ထက် ပိုမိုသော ဆက်ဆံရေးမျိုးကိုတော့ လောလောဆယ် စဉ်းစားထားခြင်း မရှိချေ။
သို့သော် သူမသည် စိတ်ပျော့ပြီး မိဘအပေါ် အလွန်သိတတ်သူ ဖြစ်သည်။ ရွှီရိုက မူဟန်နှင့် သူမမှာ အလွန်လိုက်ဖက်သည်ဟု အကြိမ်ကြိမ် ပြောဆိုနေသဖြင့် မူဟန့်ကို ပိုမိုသိကျွမ်းအောင် လုပ်ဆောင်ရန် စတင်စဉ်းစားလာခဲ့သည်။
မည်သို့ပင်ဆိုစေ သူမသည်လည်း တကယ်ပဲ ရည်းစားထားချင်နေသည်လေ။
အချစ်ဝတ္ထုများထဲတွင် ဖော်ပြလေ့ရှိသည့် ထိုချိုမြိန်သော အချစ်ခံစားချက်မျိုးကို သူမ ကိုယ်တိုင် လက်တွေ့ခံစားကြည့်ချင်နေမိသည်။
ရွှီပင်းနင်း နေ့လယ်စာ မစားရသေးသဖြင့် မိခင်ဖြစ်သူ၏ ဆိုင်တွင် ဗိုက်ဖြည့်ရန် တစ်ခုခု စားသောက်ပြီးနောက် ကုမ္ပဏီသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
သူမ ထွက်ခွာခါနီးတွင် ရွှီရိုက ထပ်မံသတိပေးလိုက်သည် - "ဒီနေ့ အလုပ်ဆင်းရင် အိမ်ကို စောစောပြန်လာဖို့ မမေ့နဲ့ဦးနော်"
"သိပါပြီ မေမေ" ရွှီပင်းနင်းက အလိုက်သင့် ပြန်ဖြေလိုက်သည်။
သူမ၏ သူငယ်ချင်း အသိုင်းအဝိုင်းမှာ အလွန်ရိုးရှင်းပြီး သူမတွင် အလွန်ရင်းနှီးသော သူငယ်ချင်းကောင်း တစ်ယောက်သာ ရှိသည်။ သို့သော် ထိုသူငယ်ချင်းမှာ အိမ်ထောင်ပြုသွားပြီးကတည်းက အတူတူရှိချိန်များမှာ အလွန်လျော့နည်းသွားခဲ့ပြီး အချိန်အတော်ကြာမှသာ တစ်ကြိမ် ဆုံဖြစ်ကြတော့သည်။
မည်သို့ပင်ဆိုစေ သူမ၏ သူငယ်ချင်းမှာလည်း သူမကဲ့သို့ပင် ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်သဖြင့် အလုပ်များပြားလှသည်လေ။
ထိုအချိန်တွင် အပြင်ဘက်ရှိ ကောင်းကင်ယံမှာ မှိုင်းညို့နေပြီး အချိန်မရွေး မိုးရွာသွန်းနိုင်မည့် အခြေအနေ ရှိနေသည်။
ရွှီပင်းနင်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာခဲ့သည်။
"ကိစ္စမရှိပါဘူး… အမေ မိုးလေဝသခန့်မှန်းချက်ကို စစ်ဆေးပြီးပြီ။ ညဘက် ၈ နာရီခွဲကျော်မှ မိုးသက်မုန်တိုင်း ကျမှာပါ" ဟု ရွှီရိုက သမီးဖြစ်သူ စိုးရိမ်နေသည်ကို သိသည့်အလား နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။ ဤစကားကို ကြားရသောအခါမှ ရွှီပင်းနင်း သက်ပြင်းတစ်ချက် ချနိုင်သွားပြီး မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပျောက်သွားခဲ့သည်။
ညနေ ၄ နာရီအချိန်တွင် ရွှီရိုသည် ဆိုင်ရှိ ဝန်ထမ်းများကို ဆိုင်စောင့်ခိုင်းခဲ့ပြီးနောက် ဈေးသို့ ဟင်းသီးဟင်းရွက်နှင့် အသားငါးများ ဝယ်ယူရန် စောစီးစွာ ထွက်ခွာခဲ့သည်။
လူတစ်ယောက်ကို အိမ်တွင် ထမင်းဖိတ်ကျွေးခြင်းဖြစ်ရာ သူမအနေဖြင့် သေချာပေါက် ပေါ့ဆ၍ မရချေ။
ရွှီရိုသည် သူမ၏ လက်ရာကို အစွမ်းကုန် ပြသရန်အတွက် ပါဝင်ပစ္စည်း အမြောက်အမြားကို ဝယ်ယူခဲ့သည်။
အလုပ်ဆင်းပြီးနောက် ရွှီပင်းနင်းသည် မိခင်ဖြစ်သူကို ကူညီရန်အတွက် အချိန်မီ အိမ်သို့ ပြန်ရောက်လာခဲ့ပြီး အလုပ်အချို့ကို ဝေမျှလုပ်ဆောင်ပေးခဲ့သည်။
ဟင်းချက်နေစဉ်အတွင်း ရွှီရိုက သမီးဖြစ်သူ ရွှီပင်းနင်းကို လမ်းညွှန်မှုအချို့ ပြုလုပ်ပေးနေသော်လည်း ရွှီပင်းနင်းမှာ စိတ်မပါ့တပါ ဖြစ်နေပုံရသည်။
"အာရုံစိုက်စမ်းပါ…သေသေချာချာ နားထောင်ပြီး အမေ့ဆီက ဟင်းချက်နည်း အချို့ကို သင်ယူထားစမ်းပါ… နောက်ပိုင်း ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်လာတဲ့အခါ အသုံးဝင်လိမ့်မယ်" ဟု ရွှီရိုက လေးနက်စွာ ပြောလိုက်သည်။
"အဲဒါနဲ့ ဘာဆိုင်လို့လဲ မေမေရဲ့ အိမ်ထောင်ပြုဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်…ဒါ့အပြင် သမီး အိမ်ထောင်ပြုရင်တောင်မှ နေ့တိုင်း ဟင်းချက်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး" ရွှီပင်းနင်း မျက်နှာနီမြန်းသွားပြီး တိုးတိုးလေး ပြန်လည်ငြင်းဆန်လိုက်သည်။
"သေချာတာပေါ့... သမီး နေ့တိုင်း ဟင်းချက်စရာ မလိုပါဘူး၊ ဒါပေမယ့် ဟင်းချက်ကျွမ်းကျင်မှု ရှိထားရင် နောက်ပိုင်း ခင်ပွန်းဖြစ်သူကို စိတ်ကျေနပ်အောင် ချက်ကျွေးနိုင်တာပေါ့။ နည်းနည်းပါးပါး သင်ယူထားတာက အမြဲတမ်း အကျိုးရှိပါတယ်ကွယ်"
"မေမေကတော့ အတွေးလွန်နေပြန်ပြီ။ အကယ်၍ အဲဒီနေ့ တကယ်ရောက်လာရင်တောင်မှ သူကသာ သမီးကို စိတ်ကျေနပ်အောင် လုပ်ပေးရမှာလေ..." ရွှီပင်းနင်းက ပွစိပွစိ ရေရွတ်လိုက်သည်။
သူမသည် ယောက်ျားတစ်ယောက်ကို စိတ်ကျေနပ်စေရန်အတွက်သာ သီးသန့် ဟင်းချက်နည်းများကို မသင်ယူလိုချေ။
သူမ မျှော်လင့်တောင့်တသော ချိုမြိန်သည့် အချစ်မှာ အချစ်ဝတ္ထုများထဲတွင် ဖော်ပြထားသကဲ့သို့ ခင်ပွန်းဖြစ်သူက သူမအပေါ် နည်းမျိုးစုံဖြင့် အလိုလိုက် အကြိုက်ဆောင်မည့် အချစ်မျိုး ဖြစ်သည်။
ရွှီရို သမီးဖြစ်သူကို ဆက်လက်ဆုံးမရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ အိမ်ရှေ့တံခါးဘဲလ် တီးသံ ထွက်ပေါ်လာခဲ့လေတော့သည်။