အခန်း (၄၉) - ရွှီပင်းနင်း... ငါ သူမနဲ့ သိပ်မရင်းနှီးပါဘူး
ညနေ ၇ နာရီ….
မူဟန်နှင့် ကျန်းရုန်ဖေးတို့သည် ယခင်က ဆုံတွေ့ခဲ့ဖူးသော စားသောက်ဆိုင်တွင်ပင် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။
ကျန်းရုန်ဖေးသည် ယနေ့တွင် သေချာပေါက် ကြိုတင်ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပြီး၊ ခြောက်ပြစ်ကင်းစင်သော မိတ်ကပ် နှင့် အပြည့်အဝ ဝတ်စားဆင်ထားသဖြင့် သူမ၏ အလှတရားမှာ ပိုမို၍ တောက်ပလင်းလက်နေခဲ့သည်။
သူမသည် မူဟန်နှင့် ဆုံတွေ့ပြီးနောက် ယခင်ကဲ့သို့ တည်ငြိမ်ရဲဝံ့ခြင်း မရှိတော့ဘဲ၊ ၎င်းအစား အနည်းငယ် ရှက်ရွံ့စိုးရိမ်နေသည့် ပုံစံ ဖြစ်နေခဲ့ရသည်။ မူဟန်အနေဖြင့် ကျန်းရုန်ဖေး၏ စိတ်နေသဘောထားကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းနိုင်သော်လည်း၊ သူက စတင်၍ စကားကို အစပျိုးခြင်း မပြုခဲ့ပေ။
အကယ်၍ ဤကိစ္စရပ်ကို အချိန်ဆွဲထားနိုင်မည်ဆိုပါက လက်ရှိအချိန်တွင် အချိန်ဆွဲထားခြင်းက အကောင်းဆုံးဖြစ်ပြီး၊ နှစ်ဦးနှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် မသိချင်ယောင်ဆောင်နေကြခြင်းမှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ကျန်းရုန်ဖေးနှင့် ရွှီပင်းနင်းတို့မှာ အချစ်ဆုံးသူငယ်ချင်း များ ဖြစ်ကြသဖြင့်၊ ကိစ္စရပ်များ ပေါက်ကြားသွားပါက ပြဿနာအလွယ်တကူ တက်သွားနိုင်ခြေ ရှိနေသည်။
သို့သော်လည်း အခြေအနေများမှာ သူထင်သလို ဖြစ်မလာခဲ့ပေ။ အစားအစာများကို ထက်ဝက်ခန့် စားသောက်ပြီးသည့် အချိန်တွင် ကျန်းရုန်ဖေးက ရုတ်တရက် လှမ်း၍ ပြောလိုက်သည် - "ကျွန်မ ဒီနေ့ လင်မယားကွာရှင်းပြတ်စဲခြင်း လက်မှတ် သွားယူခဲ့ပြီးပြီ"
"ဂုဏ်ယူပါတယ်" မူဟန်က ပြုံးလိုက်ရင်း အလွန်ပင် ဝမ်းမြောက်လှိုက်လှဲသော မျက်နှာအမူအရာဖြင့် ဂုဏ်ပြုစကား ဆိုလိုက်သည်။
"ဒါဆို... တို့နှစ်ယောက် အရင်က ပြောခဲ့တဲ့ ကိစ္စက..." ကျန်းရုန်ဖေး စကားကို ထစ်အငေါ့ဖြစ်သွားရပြီး အနည်းငယ် ရှက်ရွံ့နေခဲ့သည်။
"မင်းက ငါ့ကို တာဝန်ယူရမှာ မဟုတ်လား" မူဟန်အနေဖြင့် ဤကိစ္စရပ်ကို သေချာပေါက် မေ့လျော့နေမည် မဟုတ်သလို၊ လွှဲရှောင်၍ မရနိုင်ကြောင်းလည်း ကောင်းစွာသိရှိထားသည်။ သို့သော်လည်း တော်သေးသည်မှာ သူက ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားခဲ့သဖြင့် စိုးရိမ်ထိတ်လန့်ခြင်း မရှိပေ။
သူသည် ဤကဲ့သို့သော အချစ်ရေးကိစ္စရပ်များနှင့် ပတ်သက်လာလျှင် အတွေ့အကြုံနှင့် အမြင်အမြော် အလွန်ပင် ကြွယ်ဝလှသူ ဖြစ်သည်။ ယခင်ဘဝတုန်းကဆိုလျှင် မိန်းကလေး ရှစ်ယောက်ကို တစ်ပြိုင်တည်း တွဲခဲ့ဖူးပြီး၊ တစ်နှစ်ပတ်လုံး မည်သည့်ပြဿနာမျှ မရှိအောင် စီမံခန့်ခွဲနိုင်ခဲ့ဖူးသည်။
((ကဲ ပေါ်ပြီ အရင်ကမ္ဘာမှာ အလုပ်ပိ သေတာ မဟုတ်ဘူး တစ်ခုခု ပိပြီး သေတာ))
ရံဖန်ရံခါ စိတ်ထဲတွင် အပြစ်မကင်းသကဲ့သို့ ခံစားရတတ်သော်လည်း၊ ပျော်ရွှင်မှုမှာမူ သေချာပေါက် အတိုင်းအထက်အလွန် ရှိနေခဲ့သည်။
မူဟန်သည် တစ်ခါတရံတွင် မိမိကိုယ်ကိုယ် ဤသို့ပင် တွေးတောမိတတ်သည် — သူ့အနေဖြင့် ဤကဲ့သို့သော စိတ်နေသဘောထားနှင့် အပြုအမူများ ရှိနေခြင်းကြောင့်ပင်၊ ဝတ္ထုများထဲက မိန်းမရှုပ်သော ရန်ပုံငွေအပြည့်ရှိသည့် သူဌေးသား ဗီလိန်ဇာတ်ကောင် အဖြစ်နှင့် အလွန်ပင် ကိုက်ညီနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း သူသည် ဇာတ်လိုက် ဖြစ်လာရန် အရည်အချင်းမပြည့်မီဘဲ ဗီလိန်သာ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
ကျန်းရုန်ဖေးက မျက်တောင်လေးများကို အသာအယာ ချလိုက်ရင်း - "ကျွန်မက ဥပဒေအရ အိမ်ထောင်ပြုခဲ့ဖူးတယ် ဆိုပေမဲ့…အခုက ကွာရှင်းထားတဲ့ သူဖြစ်သွားပြီလေ…အကယ်၍ ရှင်က စိတ်ထဲမှာ တစ်မျိုးထင်တယ်ဆိုရင်လည်း... ဒါဆိုရင်လည်း အဲဒီကိစ္စကို မေ့လိုက်ကြရအောင်" ဟု ဆိုသည်။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပတ်သက်မှု ရှိခဲ့ပြီးဖြစ်သဖြင့် ကျန်းရုန်ဖေးသည် သဘာဝကျစွာပင် ပိုမို၍ ရဲတင်းလာခဲ့ခြင်း ဖြစ်သည်။
သူမသည် ဝတ္ထုထဲက ဇာတ်လိုက်မတစ်ဦး ဖြစ်သည့်အလျောက် အလွန်ပင် ရိုးရာအစဉ်အလာကို လေးစားသော စိတ်နေသဘောထား ရှိသူဖြစ်သည်။ မူဟန်နှင့် ဤကဲ့သို့ ပတ်သက်မှုရှိခဲ့ပြီးကတည်းက သူမသည် မူဟန်အား သူမ၏ဘဝလက်တွဲဖော်အဖြစ် စိတ်ထဲက အပြီးအပိုင် သတ်မှတ်ထားခဲ့ပြီး ဖြစ်သည်။ အကယ်၍ မူဟန်က ငြင်းပယ်ခဲ့မည်ဆိုပါက သူမသည် တစ်ဘဝလုံး အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်း ဖြတ်သန်းသွားရန်နှင့်၊ အနာဂတ်တွင် သားသမီးလိုချင်ပါက ကလေးတစ်ဦးကို မွေးစားရန်သာ ဆုံးဖြတ်ထားခဲ့သည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ… မင်းသာ ငါ့ကို တာဝန်မယူရင် ငါ မင်းနောက်ကို တစ်ဘဝလုံး သရဲလိုမျိုး တကောက်ကောက် လိုက်နေမှာနော်" မူဟန်က စိုးစဉ်းမျှ တုံ့ဆိုင်းမနေဘဲ ပြတ်ပြတ်သားသားပင် စကားဆိုလိုက်သည်။
ကျန်းရုန်ဖေးက စကားကို ဖွင့်ဟပြောဆိုလာခဲ့ပြီဖြစ်ရာ၊ အကယ်၍ သူသာ တုံ့ဆိုင်းနေမည်ဆိုပါက သူမ၏ သူ့အပေါ်ထားရှိသော အထင်အမြင်များကိုသာ လျော့ပါးသွားစေမည် ဖြစ်သည်။
သေချာပါသည်... မူဟန် ဤစကားကို ပြောပြီးနောက် စိတ်ထဲတွင် အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းရုန်ဖေးနှင့် ရွှီပင်းနင်းတို့မှာ အချစ်ဆုံးသူငယ်ချင်းများ ဖြစ်ကြဆဲပင်။ မိန်းကလေးနှစ်ယောက်ကို တစ်ပြိုင်တည်း ခြေနှစ်ခွ နင်းထားရခြင်းအတွက် မည်သို့လျှင် အပြစ်မကင်းဘဲ နေပါမည်နည်း။
သို့သော်လည်း အပြစ်မကင်းသည့် ခံစားချက်ကို ဘေးဖယ်ထားမည်ဆိုပါက၊ ဤအခြေအနေကို တွေးတောမိသည့်အခါတိုင်း စိတ်ထဲတွင် အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပြန်သည်။
ကျန်းရုန်ဖေးသည် မူလက အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သော်လည်း၊ မူဟန်၏ အလျင်စလိုနှင့် စိတ်မရှည်သကဲ့သို့ တာဝန်ယူခိုင်းနေသော စကားများကို ကြားရသည့်အခါ ချက်ချင်းပင် သဘောကျစွာ ရယ်မောလိုက်မိတော့သည် - "ရှင် စိတ်ထဲမှာ တစ်မျိုးမထင်ဘူးဆိုရင်ပဲ ကျွန်မဝမ်းသာပါတယ်… ကျွန်မ မနေ့ညက အဲဒီအကြောင်းကို အကြာကြီး စဉ်းစားနေမိလို့ တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး"
"ငါလည်း မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ပါဘူး" မူဟန်က ပြန်လည်ဖြေကြားခဲ့သည်။
"ဘာဖြစ်လို့လဲဟင်" ကျန်းရုန်ဖေးက ပြုံးလျက် မေးမြန်းသည်။
'ငါ မင်းကို လွမ်းနေလို့ အိပ်မပျော်တာပေါ့'
"ကျွန်မ မယုံပါဘူး… ရှင်က ကျွန်မကို လာပြီး လှည့်စားနေတာပဲ"
"ကောင်းပါပြီ... အမှန်အတိုင်း ပြောရရင်တော့ ငါအိပ်မပျော်ရတဲ့ အကြောင်းရင်းရဲ့ တစ်ဝက်က မင်းကို လွမ်းနေလို့ပါ"
"ဒါဆို ကျန်တဲ့တစ်ဝက်ကကော..."
"မနေ့က မွန်းလွဲပိုင်းတုန်းက ငါ့ရဲ့ကားထဲမှာ ခြိမ်းခြောက်စာ တစ်စောင် တွေ့ခဲ့ရတယ်…အဲဒီစာထဲမှာ မင်းနဲ့ ဝေးဝေးမှာနေဖို့…မဟုတ်ရင် ငါ့ကို သတ်ပစ်မယ်လို့ ရေးထားတယ်… ငါ ကားတံခါးကို သေသေချာချာ သော့ခတ်ထားခဲ့တာဖြစ်ပြီး တံခါးကလည်း ဘာမှ ပျက်စီးနေတာမျိုး မရှိဘူးလေ…အဲဒီခြိမ်းခြောက်စာက ကားထဲကို ဘယ်လိုနည်းနဲ့ ရောက်လာခဲ့လဲဆိုတာ ငါ တကယ်ပဲ စဉ်းစားလို့မရဘူး ဖြစ်နေတယ်"
"အဲဒီလိုလား..."
ကျန်းရုန်ဖေး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်တံ့လေးနက်သွားခဲ့ပြီး တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့သည် - "ဒါ... ဒါ ရှောင်ပေ့ ပြုလုပ်ခဲ့တာများလား… သူ့မှာပဲ ဒီလိုမျိုး လုပ်ဆောင်မယ့် ရည်ရွယ်ချက် ရှိနိုင်တာလေ…ဒါပေမဲ့ သူ့မှာ ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး ဘယ်ကနေ ရောက်လာတာလဲ"
"ငါလည်း အဲဒီကောင် ပြုလုပ်ခဲ့တာလို့ သံသယရှိတာကြောင့်ပဲ… လူတစ်ယောက်ကို လွှတ်ပြီး သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းခိုင်းထားတာ"
မူဟန် စကားပြောဆိုနေစဉ်အတွင်း သူ၏ဖုန်းထံမှ မက်ဆေ့ခ်ျဝင်ရောက်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။
လင်းရော့တစ်ယောက် အလုပ်လုပ်ရာတွင် အလွန်ပင် ထိရောက်မြန်ဆန်လှသည်ဟု တွေးတောရင်း… သူက ကျန်းရုန်ဖေးအား ချက်ချင်းဆိုသလို - "ရလဒ် ထွက်လာပြီ" ဟု ဆိုလိုက်သည်။
သူသည် ဖုန်းမျက်နှာပြင်ပေါ်တွင် အမည်မသိ နံပါတ်တစ်ခုထံမှ ပေးပို့လာသော မက်ဆေ့ခ်ျများကို အပေါ်အောက် ဆွဲ၍ ဖတ်ရှုလိုက်ရာ၊ သူ၏ မျက်နှာပေါ်တွင် ကြီးမားသော ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ တဖြည်းဖြည်းချင်း ထင်ဟပ်လာခဲ့တော့သည်။
ဤကဲ့သို့သော လောကီလူ့ဘောင်အတွင်း၌ မိန်းကလေးများကို လှည့်စားဖျားယောင်းခြင်းဟူသည်မှာ သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်ရာ၊ အကြိမ်ရေများစွာ လုပ်ဆောင်ဖူးလေလေ သရုပ်ဆောင် အရည်အချင်းမှာ ပိုမို၍ ကောင်းမွန်လာလေလေ ဖြစ်ပေသည်။
မူဟန်၏ မျက်နှာအမူအရာကို မြင်ရသည့်အခါ ကျန်းရုန်ဖေးသည်လည်း စိုးရိမ်ထိတ်လန့်သွားခဲ့ရသည်။ သူမသည် လက်ထဲက တူကို အလျင်အမြန် ချထားလိုက်ပြီး၊ မူဟန့်ဘေးနားသို့ တိုးကပ်လာကာ အချက်အလက်များကို အတူတကွ စစ်ဆေးကြည့်ရှုလိုက်တော့သည်။
"ငါ အရင်က ရှောင်ပေ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ခဲ့ဖူးတယ်လို့ ပြောတာပဲ ကြားဖူးတာ၊ သူက နိုင်ငံရပ်ခြားက ကြေးစားစစ်သား တစ်ဦး ဖြစ်နေလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့မိဘူး… ပြီးတော့... သူက အဲဒီလောက်အထိ တိုက်ခိုက်ရေး အရည်အချင်း မြင့်မားနေတာလား" ကျန်းရုန်ဖေး၏ မျက်နှာလေး ဖြူလျော်သွားခဲ့ရသည်။
"သွားပါပြီ... သွားပါပြီ…ရှောင်ပေ့က အဲဒီလောက်အထိ စွမ်းအားကြီးနေတာဆိုတော့…ငါ့ကို သတ်ပစ်ဖို့က သူ့အတွက် လက်ဖျောက်တစ်ချက်တီးရုံထက်တင် လွယ်ကူနေမှာပေါ့" မူဟန်က ထိတ်လန့်တုန်လှုပ်နေသည့် ပုံစံဖြင့် ဆိုလိုက်သည်။
ကျန်းရုန်ဖေး မိမိကိုယ်ကိုယ် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ သူမ ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် - "ရဲစခန်း (911) ကို သွားပြီး တိုင်ချက်ဖွင့်ရင်ကော ဘယ်လိုလဲ… ရှောင်ပေ့က နိုင်ငံရပ်ခြားမှာ ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ကိုင်ခဲ့တာဆိုတော့ သူ့ရဲ့လက်တွေက သေချာပေါက် သန့်ရှင်းနေမှာ မဟုတ်ဘူး…သူ့ကို ဖမ်းဆီးလိုက်နိုင်သရွေ့ တို့တွေ ဘာမှ ကြောက်နေစရာ မလိုတော့ဘူးလေ" ဟု အကြံပြုခဲ့သည်။
"အဲဒါက အဆင်မပြေနိုင်ဘူး… အခု သူက ဒီကို အေးအေးဆေးဆေး ပြန်ရောက်နေပြီဆိုကတည်းက သူ့ရဲ့ အထောက်အထားပိုင်းမှာ ပြဿနာရှာဖို့က အလွန်ခက်ခဲလိမ့်မယ်။ ပြီးတော့ သူက ထိပ်တန်းစစ်သား တစ်ဦးပဲ… အလွယ်တကူ ဖမ်းဆီးနိုင်ဖို့က မဖြစ်နိုင်ဘူး…အကယ်၍ တို့တွေဘက်က လှုပ်ရှားလိုက်လို့ သူရိပ်မိသွားရင်…ငါက ရဲတိုင်လိုက်တာလို့ သူ ချက်ချင်း တွေးမိသွားမှာပဲ…အဲဒီအခါကျရင် ငါ ပိုပြီးတော့တောင် မြန်မြန် သေသွားနိုင်တယ်" မူဟန်က ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။
ကျန်းရုန်ဖေးသည် ဤစကားမှာ အလွန်ပင် အကျိုးအကြောင်း သင့်လျော်သည်ဟု ခံစားလိုက်ရသဖြင့် အခြားသော နည်းလမ်းများကို ထပ်မံစဉ်းစားမိသော်လည်း၊ အချိန်အတော်ကြာသည်အထိ ပြီးပြည့်စုံသော အဖြေကို ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် သူမသည် ဝမ်းနည်းပက်လက်ဖြင့် ငိုရှိုက်မိတော့သည် -
"ဒါဆိုရင်... ဒါဆိုရင် တို့နှစ်ယောက် မဆက်သွယ်ကြရ တော့အောင်… ရှောင်ပေ့က ကျွန်မ ကြောင့်မို့လို့ ရှင့်ကို ပစ်မှတ်ထားနေတာလေ…တို့နှစ်ယောက် မပတ်သတ်ကြရင် ရှင် အန္တရာယ်ရှိတော့မှာ မဟုတ်ဘူး"
မူဟန်၏ မျက်နှာပေါ်တွင် အချိန်အတော်ကြာ "ရုန်းကန်လှုပ်ရှားနေရသည့်" အမူအရာ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ကြောက်ရွံ့ထိတ်လန့်မှုနှင့် သတ္တိရှိမှုတို့အကြား ဗာရာဏသီ ချာချာလည်နေသည့် ပုံစံမျိုး ဖြစ်ပြီး၊ နောက်ဆုံးတွင်မူ ဒုတိယအချက်က အနိုင်ရရှိသွားခဲ့သည်။
သူသည် ကျန်းရုန်ဖေး၏ အကြံပြုချက်ကို ငြင်းပယ်လိုက်သည် - "မဖြစ်ဘူး... ငါ မင်းနဲ့ လမ်းခွဲပြီး နောက်နောင် ဘယ်တော့မှ မဆုံတွေ့ရတော့မယ့် အခြေအနေကို လုံးဝလက်မခံနိုင်ဘူး… အဲဒါက ငါ့ကို သတ်ပစ်လိုက်တာနဲ့ ဘာမှမထူးခြားဘူး"
【ဇာတ်လိုက်မ ကျန်းရုန်ဖေး၏ ပိုင်ရှင်အပေါ်ထားရှိသော နှစ်သက်မှုအမှတ် ၅ မှတ် တိုးပွားသွားခဲ့ပြီး…လက်ရှိ စုစုပေါင်း နှစ်သက်မှုအမှတ်မှာ ၉၀ (သေသည်အထိ မပြောင်းလဲနိုင်သော အချစ်) သို့ ရောက်ရှိသွားပါပြီ။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် ၄၀ လျော့နည်းသွားပြီး၊ ပိုင်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် ၄၀ တိုးပွားလာခဲ့ပါပြီ။】
ကျန်းရုန်ဖေး၏ နှလုံးသားတစ်ခုလုံး အရည်ပျော်သွားခဲ့ရပြီး၊ သူမ၏ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များ ပြည့်လျှံလာကာ၊ ငိုသံပါလေးဖြင့် မူဟန်အား ပြောရှာသည် - "ကျွန်မလည်း ရှင့်နဲ့ မခွဲခွာချင်ပါဘူး… ဒါပေမဲ့..."
သူမသည် စကားပြောရင်း ဝမ်းနည်းစိတ်ကြောင့် ဆက်လက်၍ စကားမဆိုနိုင်တော့ဘဲ လည်ချောင်းဆို့နေခဲ့ရသည်။
"ငွေရှိရင် မာရ်နတ်ကိုပင် မုန့်ကြိတ်ခိုင်းလို့ရတယ် ဆိုတဲ့ စကားပုံ ရှိတာပဲ… ရှောင်ပေ့က စစ်ဘုရင် တစ်ဦး ဖြစ်နေပါစေဦး…ဒီလောကကြီးထဲမှာ သူ့ကို နှိမ်နင်းနိုင်မယ့် လူတွေကတော့ သေချာပေါက် ရှိနေမှာပါ"
မူဟန်က ကျန်းရုန်ဖေး၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း - "ရှောင်ပေ့ရဲ့ အန္တရာယ်ကို တို့တွေ မဖြေရှင်းနိုင်သေးခင် အချိန်အတွင်းမှာတော့… အပြင်ပန်းမှာ တို့နှစ်ယောက် သိပ်မရင်းနှီးကြတဲ့ ပုံစံမျိုး ဟန်ဆောင်ထားကြပြီး…နောက်ကွယ်ကနေပဲ လျှို့ဝှက် ဆက်သွယ်ကြရအောင်" ဟု ဆိုသည်။ (လိုအပ်နေတာ ဒါ)
"ဒါက အကြံကောင်းပဲ" ကျန်းရုန်ဖေး စိတ်ထဲမှ အနည်းငယ် စိတ်အေးသွားခဲ့ရပြီး ဤနည်းလမ်းက ဖြစ်နိုင်ချေရှိသည်ဟု ယူဆလိုက်သည်။
"ကဲ... အရင်ဆုံး အစားအစာတွေကို စားလိုက်ကြရအောင်…အများကြီး ထပ်ပြီး မတွေးပါနဲ့တော့" မူဟန်က သူမအား နှစ်သိမ့်လိုက်သည်။
၎င်းတို့နှစ်ဦး ဆွေးနွေးတိုင်ပင်ကာ ဖြေရှင်းနည်းတစ်ခု ရှာဖွေတွေ့ရှိသွားခဲ့ပြီးနောက်…အခန်းတွင်းရှိ လေးလံထိုင်းမှိုင်းနေသော အငွေ့အသက်များမှာ တဖြည်းဖြည်းချင်း လျော့ပါးသက်သာသွားခဲ့ရသည်။
"ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ရွှီပင်းနင်းကလည်း မကြာသေးခင်ကမှ ချစ်သူရသွားခဲ့တာလေ…ငါက အကယ်၍ တို့နှစ်ယောက်လည်း တွဲဖြစ်သွားရင် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပေးကြရင် ကောင်းမလားလို့ တွေးနေတာ" ကျန်းရုန်ဖေးက ဆိုသည်။
မူဟန်၏ နှုတ်ခမ်းအစုံမှာ မသိမသာမျှ တုန်ခါသွားခဲ့ရပြီးနောက်… သူက တည်ငြိမ်အေးဆေးစွာဖြင့် ပြန်ပြောခဲ့သည် - "ရွှီပင်းနင်း ဟုတ်လား... သူမက အမြဲတမ်း လူတစ်ဖက်သားက သူမကို ပိုက်ဆံကြွေးတင်နေတဲ့အတိုင်း မျက်နှာကြီး ဆူပုပ်နေတာပဲ… ငါ သူမနဲ့ သိပ်မရင်းနှီးပါဘူး၊ စီးပွားရေးအရပဲ အပေါ်ယံ ခဏတဖြုတ် ဆုံတွေ့ဖူးတာဆိုတော့ သေချာမသိဘူးလေ။ တို့နှစ်ယောက်ရဲ့ အခြေအနေကို သူမကို ပြောပြလို့ ဖြစ်ပါ့မလား… သူမကော ယုံကြည်စိတ်ချရရဲ့လား"
"သူမက အပြင်ပန်းကြည့်ရင်တော့ ချဉ်းကပ်ရခက်တယ်လို့ ထင်ရပေမဲ့၊ တကယ်တမ်း ရင်းနှီးသွားတဲ့ အခါကျရင် ပေါင်းသင်းရတာ အရမ်းလွယ်ကူတာကို ရှင်သိလာပါလိမ့်မယ်"
ကျန်းရုန်ဖေးသည် မူဟန်၏ နောက်ပြောင် စနောက်စကားကြောင့် သဘောကျသွားခဲ့ရသော်လည်း..မကြာမီမှာပင် မျက်နှာကို ပြန်လည်တည်တံ့လိုက်ပြီး - "ငါ သူမကို ယုံကြည်ပါတယ်၊ ဒါပေမဲ့ ဒါက ရှင့်ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်နေတာဆိုတော့၊ တို့နှစ်ယောက်ရဲ့ ကိစ္စကို လူသိနည်းလေလေ ပိုပြီးတော့ ကောင်းလေလေပါပဲ" ဟု ဆိုသည်။
"ဟုတ်တာပေါ့" မူဟန် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို တိုးတိုးတိတ်တိတ် ချလိုက်မိပြီး… စကားလမ်းကြောင်းကို အလျင်အမြန် လွှဲပြောင်းလိုက်တော့သည်…
"ဒီကိစ္စရပ်တွေ အမြန်ဆုံး ပြေလည်သွားပါစေလို့ပဲ မျှော်လင့်မိပါတယ်။ အဲဒီအခါကျရင် ငါ မင်းကို ငါ့အိမ်ကို ခေါ်သွားပြီး ငါ့ရဲ့ မိဘတွေနဲ့ ပေးတွေ့မယ်လေ"
မိဘများဟူသော စကားလုံးကို ကြားရသည့်အခါ ကျန်းရုန်ဖေး၏ နှလုံးသားလေးမှာ နွေးထွေးသွားခဲ့ရပြီး… မျှော်လင့်ချက်များ ဖြစ်ပေါ်လာသလို တစ်ဖက်တွင်လည်း အနည်းငယ် စိုးရိမ်ပူပန်မိသွားခဲ့ရသည် - "ဦးလေးနဲ့ အန်တီက... ငါ့အပေါ် စိတ်တိုင်းကျပါ့မလားဟင်”