အခန်း (၄၃) - ရွှီရို၏ ထူးဆန်းသော အပြုအမူ
ညနေခင်း အလုပ်ဆင်းချိန်တွင် ရွှီပင်းနင်းသည် အိမ်သို့ ပြန်လာခဲ့ရာ တိုက်ခန်းအောက်ရှိ ကားပါကင်တွင် မိခင်ဖြစ်သူ ရွှီရိုနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့သည်။
ရွှီရိုသည် လက်နှစ်ဖက်စလုံးတွင် ပစ္စည်းများကို သယ်ဆောင်လာခဲ့သည်။ သူမ၏ ဘယ်ဘက်လက်တွင် သားငါးဟင်းသီးဟင်းရွက်မျိုးစုံ မြင်တွေ့နေရသည့် ပလတ်စတစ်အိတ်အချို့ကို ကိုင်ထားပြီး၊ ညာဘက်လက်တွင်မူ အဝတ်အထည် အမှတ်တံဆိပ် လိုဂိုပါရှိသော အလွန်လှပသည့် ဈေးဝယ်အိတ်အချို့ကို သယ်ဆောင်လာခဲ့သည်။
ရွှီပင်းနင်းက မိခင်ဖြစ်သူ၏ အလေးအပင်များကို ကူညီသယ်ဆောင်ပေးရန် ကမ်းလှမ်းခဲ့ပြီး ပိုမိုလေးလံသော ဟင်းသီးဟင်းရွက်အိတ်များကို တောင်းယူခဲ့သော်လည်း၊ ရွှီရိုက ငြင်းဆန်ခဲ့ပြီး အဝတ်အထည်အိတ်များကိုသာ သယ်ခိုင်းခဲ့သည်။
နှစ်ဦးသား အိမ်သို့ ပြန်ရောက်လာကြသည်။
ရွှီရိုက ဟင်းချက်စရာများကို မီးဖိုချောင်ထဲသို့ ယူဆောင်သွားကာ အလုပ်ရှုပ်နေခဲ့သည်။
ရွှီပင်းနင်းသည် အဝတ်အိတ်များကို ဧည့်ခန်းတွင် ချထားပြီးနောက်၊ မိခင်ဖြစ်သူ မည်သည့်အဝတ်အစားလှလှလေးများ ဝယ်ယူလာခဲ့သနည်းဟု ရုတ်တရက် စိတ်ဝင်တစား သိရှိလိုသဖြင့် အိတ်တစ်အိတ်ကို ဖွင့်လှစ်၍ ကြည့်ရှုလိုက်သည်။
အလွန်နုပျော့သော ခရမ်းရောင် ကြိုးတစ်ကိုယ်စာ ညဝတ်ဂါဝန်တိုလေးတစ်ထည် ရွှီပင်းနင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။
ထိုညဝတ်အင်္ကျီမှာ အထည်သားအလွန်ကောင်းမွန်ပြီး လက်ဖြင့်ထိတွေ့လိုက်ပါက အလွန်နုညံလှသဖြင့် ဒီဇိုင်နာအမှတ်တံဆိပ်အစစ်အမှန်ဖြစ်ကြောင်း သိသာလှသည်။ သို့သော်လည်း အထည်သားမှာ အလွန်ပါးလွှာပြီး အနည်းငယ် အထဲသို့ ဖောက်ထွင်းမြင်နိုင်လောက်သည်။
ခြုံငုံ၍ ပြောရလျှင် အလွန်ပင် ရဲတင်းဆွဲဆောင်မှုရှိသော ညဝတ်အင်္ကျီမျိုး ဖြစ်ပေသည်။
ဤအချက်က ရွှီပင်းနင်းကို အနည်းငယ် ဇဝေဇဝါဖြစ်သွားစေသည်။ ရွှီရို၏ ယခင်ညဝတ်အင်္ကျီများမှာ အမြဲတမ်း အလွန်လုံခြုံရိုးသားပြီး အနည်းဆုံး ဒူးအောက်အထိ ရှည်လျားတတ်ကြသည်။ ယခုမြင်တွေ့နေရသည့် ညဝတ်အင်္ကျီမှာမူ ယခင်ပုံစံများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
ရွှီပင်းနင်းသည် မိခင်ဖြစ်သူ ဤညဝတ်ဂါဝန်ကို ဝတ်ဆင်ထားပုံကို စိတ်ကူးပုံဖော်ကြည့်ရင်း သူမကိုယ်တိုင်ပင် အနည်းငယ် ရှက်သွေးဖြန်းသွားခဲ့ရသည်။
ထိုအချိန်တွင် ရွှီရိုသည် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ သမီးဖြစ်သူက ညဝတ်အင်္ကျီကို ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ ရွှီရို၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့သည်။ သို့သော်လည်း ရွှီပင်းနင်း၏ အာရုံမှာ ညဝတ်အင်္ကျီပေါ်၌သာ ရောက်ရှိနေသဖြင့် မိခင်ဖြစ်သူ၏ ပျာယာခတ်သွားသော အမူအရာကို သတိမပြုမိခဲ့ပေ။
"အမေ... ဘာလို့ ရုတ်တရက်ကြီး စတိုင်ပြောင်းပြီး ဒီလိုညဝတ်အင်္ကျီမျိုး ဝတ်ဖို့ ဝယ်လာတာလဲဟင်" ရွှီပင်းနင်းက ရွှီရိုအား စပ်စုသောလေသံဖြင့် မေးမြန်းလိုက်သည်။
ရွှီရို ခေတ္တမျှ စကားထစ်သွားပြီးမှ ပြန်ပြောခဲ့သည် - "ဪ... ဆိုင်မှာ အဝတ်အစားတွေ လျှော့ဈေးပေးနေတာနဲ့လေ။ ဒီညဝတ်အင်္ကျီက တော်တော်လေး ဈေးလျှော့ပေးထားတာ တွေ့တာနဲ့ တန်တယ်ဆိုပြီး ဝယ်လာခဲ့မိတာ။ ဒါပေမဲ့ ဒီအင်္ကျီက နည်းနည်း... အမေ မနက်ဖြန်ကျရင် ဆိုင်ကို ပြန်သွားလဲရမလားလို့ တွေးနေတာ"
"ဝယ်ပြီးမှတော့ ပြန်လဲမနေပါနဲ့တော့ အမေရဲ့"
ရွှီပင်းနင်းက ဤကိစ္စကို ဘာမှထူးဆန်းသည်ဟု မထင်ပေ။ ဘာပဲဖြစ်ဖြစ် အိမ်မှာပဲ ဝတ်ဆင်မည့်အရာဖြစ်ပြီး အလွန်ဆုံးရှိမှ သမီးဖြစ်သူ သူမတစ်ဦးတည်းသာ မြင်တွေ့ရမည် မဟုတ်ပါလား။ ထို့ပြင် ညဝတ်ဂါဝန်လေးမှာ တကယ်လည်း လှပပေသည်။
"ဒါဆိုလည်း မလဲတော့ဘူးပေါ့" ရွှီရိုက ဆိုသည်။
"အမေ... သမီး တစ်ချက်လောက် ဝတ်ကြည့်လို့ရမလားဟင်" ရွှီပင်းနင်းက စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။
သူမနှင့် ရွှီရိုသည် ခန္ဓာကိုယ်အချိုးအစားချင်း တူညီကြသဖြင့် တစ်ခါတရံတွင် တစ်ဦး၏အဝတ်အစားကို တစ်ဦးက လဲလှယ်ဝတ်ဆင်တတ်ကြသည်။ သူမကိုယ်တိုင် ဤကဲ့သို့သော စတိုင်မျိုးကို သွားရောက်ဝယ်ယူရန် ရှက်ရွံ့နေသော်လည်း စမ်းသပ်ဝတ်ဆင်ကြည့်ချင်စိတ်တော့ ရှိနေခဲ့သည်။
ရွှီရို ဤစကားကို ကြားရသည့်အခါ ခေတ္တမျှ အံ့အားသင့်သွားပြီးမှ ပြုံး၍ ပြောခဲ့သည် - "ဝတ်ကြည့်ချင်ရင်လည်း ဝတ်ကြည့်လေ သမီးက အမေ့အဝတ်အစားတွေကို မဝတ်ဖူးတာကျလို့"
ရွှီပင်းနင်း အလွန်ဝမ်းသာသွားခဲ့သည်။ သူမသည် ညဝတ်အင်္ကျီကို ယူဆောင်ကာ သူမ၏အခန်းထဲသို့ သွက်လက်သော ခြေလှမ်းများဖြင့် ဝင်ရောက်သွားပြီး စမ်းသပ်ဝတ်ဆင်လိုက်သည်။ ထို့နောက် မှန်ထဲတွင် မိမိကိုယ်ကိုယ် အထက်အောက် ကြည့်ရှုရင်း ရှက်ရွံ့စိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။
'အကယ်၍ သူသာ ငါ့ကို ဒီလိုမျိုး မြင်သွားရင်... ငါ့အလှမှာ မိန်းမောသွားမလားမသိဘူး'
ရွှီပင်းနင်း မှန်ထဲက အဝတ်အစားကို ကြည့်ရင်း ဤအတွေးက ရုတ်တရက် ခေါင်းထဲသို့ ရောက်ရှိလာခဲ့သော်လည်း၊ သူမတွင် ဤအင်္ကျီကို ဝတ်ဆင်၍ မူဟန်အား ပြသရဲသည့် သတ္တိနှင့် မျက်နှာမျိုးတော့ မရှိသေးပေ။ အနည်းဆုံးတော့ လက်ရှိအချိန်၌ မဖြစ်နိုင်သေးပါ။
သူမ မှန်ထဲတွင် မိမိကိုယ်ကိုယ် သဘောကျစွာ ကြည့်ရှုနေစဉ်အတွင်း ဖုန်းမြည်သံ ထွက်ပေါ်လာခဲ့သည်။
မူဟန် ဖုန်းခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
ရွှီပင်းနင်း ဖုန်းလက်ခံလိုက်ပြီး မူဟန် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည့်အခါ၊ သူမသည် ညဝတ်အင်္ကျီကို အလျင်အမြန် လဲလှယ်လိုက်ပြီး သာမန်အဝတ်အစားများ ပြန်လည်ဝတ်ဆင်ကာ တံခါးဝသို့ ပြေးထွက်၍ ကြိုဆိုလိုက်တော့သည်။
"ရောက်လာပြီလား"
နှစ်ဦးသား မတွေ့ရသည်မှာ တစ်ရက်နှစ်ရက်မျှသာ ရှိသေးသော်လည်း၊ ရွှီပင်းနင်း၏ စိတ်ထဲတွင်မူ ကာလအတန်ကြာ ကွဲကွာနေခဲ့ရသည့်အလား သူ့ကို အလွန်ပင် လွမ်းဆွတ်နေခဲ့မိသည်။ သူမသည် မူဟန် မိမိထံသို့ လမ်းလျှောက်လာသည်ကို မြင်ရသည့်အခါ အလွန်ချိုမြိန်လှပသော အပြုံးလေးဖြင့် ဆီးကြိုလိုက်သည်။
"ဘာလို့ မျက်နှာက ဒီလောက်တောင် နီရဲနေရတာလဲ… မျက်နှာပေါ် မိတ်ကပ်တွေ အများကြီး လိမ်းထားတာလား" မူဟန် ရွှီပင်းနင်းအနားသို့ ရောက်ရှိလာပြီး သူမ၏ နီမြန်းနေသော ပါးပြင်လေးကို ကြည့်ကာ ပြုံး၍ မေးမြန်းလိုက်သည်။
ရွှီပင်းနင်း သူမ၏ ပါးပြင်ကို လက်ဖြင့်အုပ်လိုက်မိပြီး အနည်းငယ် ပူထူသွားခဲ့ရသည်။ စောစောက ညဝတ်အင်္ကျီ စမ်းသပ်ဝတ်ဆင်ခဲ့ခြင်းကြောင့် ဖြစ်မှန်း သူမသိရှိသဖြင့် ကိစ္စကို ဖုံးကွယ်ရန်အတွက် - "ဘာလဲ... အပြင်မှာ ရာသီဥတု ပူလို့ပါ" ဟု ပြောလိုက်သည်။
မူဟန် အိမ်ထဲသို့ လမ်းလျှောက်ဝင်လာစဉ် သူမက မီးဖိုချောင်ဘက်သို့ လက်ညှိုးထိုးပြရင်း ဆိုသည် - “ အမေ့ကို ဟင်းချက်ကူလိုက်ဦးမယ်နော်.. ရှင့်ဘာသာရှင်ပဲ အိမ်ထဲမှာ လွတ်လွတ်လပ်လပ် နေပါ"
မူဟန် လက်လှမ်း၍ သူမ၏ နုညံ့လှသော ပါးပြင်လေးကို အသာအယာ ဆိတ်ဆွဲလိုက်ပြီး - "သွားလေ" ဟု ဆိုလိုက်သည်။
ရွှီပင်းနင်းသည် ချစ်သူများအကြား ဤကဲ့သို့သော ထိတွေ့မှုလေးများကို စိုးစဉ်းမျှ စိတ်မဆိုးသည့်အပြင် အနည်းငယ်ပင် ရှက်ရွံ့သွားခဲ့ရသည်။ ထို့ကြောင့် သူမက စိတ်ဆိုးချင်ယောင်ဆောင်ကာ မျက်နှာလေးဆူပုပ်လျက် - "အား... နာတယ်၊ ကျွန်မပါးကို လာမဆိတ်နဲ့" ဟု ချစ်စနိုးဖြင့် ရန်တွေ့လိုက်သည်။
မူဟန်သည် ရွှီပင်းနင်း၏ လှပသော ခန္ဓာကိုယ်အချိုးအစားလေး မီးဖိုချောင်ထောင့်သို့ ကွေ့ဝင်ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက်၊ ဧည့်ခန်းတွင် ခေတ္တမျှ ထိုင်နေခဲ့ပြီး အိမ်အတွင်းသို့ လျှောက်လှမ်းကြည့်ရှုလိုက်သည်။
လှေကားထောင့်သို့ ဖြတ်သန်းသွားစဉ် လှေကားဘေးရှိ ဘုရားစင်ပေါ်တွင် တင်ထားသည့် သစ်သားကမ္ပည်းပြားများထံသို့ သူ၏အာရုံ ရောက်ရှိသွားခဲ့သည်။
ထိုစင်ပေါ်တွင် ကမ္ပည်းပြား နှစ်ခု ရှိနေသည်။ တစ်ခုပေါ်တွင် "ချင်ဟွေး" ဟု ရေးသားထားပြီး၊ ကမ္ပည်းပြားပေါ်ရှိ သေဆုံးသည့် ရက်စွဲအရ သူ သေဆုံးသွားခဲ့သည်မှာ ၂၀ နှစ်နှင့် ၉ လခန့် ရှိပြီ ဖြစ်သည်။
အခြား ကမ္ပည်းပြားတစ်ခုမှာမူ "ချင်ဖုန်း" အတွက်ဖြစ်ပြီး ၎င်းပေါ်တွင် မွေးသက္ကရာဇ်ကို ရေးသားထားသည်။ သူသည် ယနေ့တွင်မှ အသက် ၂၀ တိတိ ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။
ချင်ဟွေးဟူသည်မှာ ရွှီရို၏ ကွယ်လွန်သူ ခင်ပွန်းဖြစ်ကြောင်း ထင်ရှားလှပြီး၊ ချင်ဖုန်း၏ ဖခင်လည်း ဖြစ်သည်။
ချင်ဟွေးသည် လွန်ခဲ့သော ၂၀ နှစ်နှင့် ၉ လက သေဆုံးခဲ့ပြီး၊ ချင်ဖုန်းက ယနေ့တွင် အသက် ၂၀ ပြည့်ခဲ့သည်။ ဆိုလိုသည်မှာ ချင်ဟွေးသည် ရွှီရို ကိုယ်ဝန်ရှိပြီးစ အချိန်ကာလမှာတင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပေသည်။
ရွှီရို၏ လင်ယောက်ျားကို အသက်တိုစေတတ်သော ကံကြမ္မာဆိုးမှာ တကယ်ပင် ပြင်းထန်လှပေသည်။
မူဟန် စိတ်ထဲမှ အနည်းငယ်ပင် ကြောက်ရွံ့သွားမိသည်။
သို့သော်လည်း ပြန်လည်တွေးတောကြည့်သည့်အခါ သူ ကြောက်ရွံ့နေရန် စိုးစဉ်းမျှ မလိုပေ။
လူတစ်ဦး၏ ကိုယ်ပိုင်ကံကြမ္မာ အရှိန်အဝါကသာ လုံလောက်စွာ ပြင်းထန်နေမည်ဆိုပါက ရွှီရို၏ ကံကြမ္မာဆိုးဒဏ်ကို ခံရမည်မဟုတ်ပေ။
၎င်းကို တစ်နည်းအားဖြင့် ပြောရလျှင် လူတစ်ဦး၏ ကံ အရှိန်အဝါ မည်မျှ မြင့်မားသနည်းဟူသော အချက်နှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။
မူဟန်၏ လက်ရှိ ဗီလိန်အရှိန်အဝါမှာ ၄၃၉ အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဤပမာဏမှာ သေချာပေါက် အလွန်မြင့်မားသော အဆင့်တွင် ရှိနေသည်။ ဇာတ်လိုက်ဖြစ်သူ ရှောင်ပေ့ပင်လျှင် သူ၏ အထွတ်အထိပ် အချိန်ကာလ၌ ဇာတ်လိုက်အရှိန်အဝါအမှတ် ၃၀၀ ဝန်းကျင်သာ ရှိခဲ့ဖူးသည်။
ထိပ်တန်းစစ်သားတစ်ဦးအနေဖြင့် ရှောင်ပေ့သည် ထိုမျှလောက်သော ဒုက္ခသုက္ခများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ယနေ့တိုင် အသက်ရှင်ကျန်ရစ်နေခြင်းမှာ သူ၏ ကံဇာတာ တောင့်တင်းသောကြောင့် ဖြစ်သည်။ မူဟန်၏ အရှိန်အဝါအမှတ်မှာ ရှောင်ပေ့ထက်ပင် သာလွန်နေသဖြင့် သူ၏အသက်ဇာတာမှာ ရှောင်ပေ့ထက် ပိုမို၍ တောင့်တင်းခိုင်မာနေမည်မှာ သဘာဝကျလှပေသည်။
တစ်နာရီခန့် ကြာမြင့်ပြီးနောက် ဟင်းပွဲများအားလုံး အဆင်သင့် ဖြစ်သွားခဲ့သည်။
ရွှီရို ညစာပြင်ဆင်နေစဉ်အတွင်း ယနေ့သည် သူမ၏သားဖြစ်သူ ချင်ဖုန်း၏ မွေးနေ့ဖြစ်ကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။ ယခင်နှစ်များကဆိုလျှင် သူမသည် သားဖြစ်သူ ကြိုက်နှစ်သက်သော ဟင်းပွဲအချို့ကို ချက်ပြုတ်၍ ဝိညာဉ်အတွက် ရည်မှန်းကာ အောက်မေ့ဖွယ် ပူဇော်လေ့ရှိသည်။
သို့သော်လည်း ယနေ့သည် ထိုသို့လုပ်ဆောင်ရန် အချိန်ကောင်းမဟုတ်ပေ။ အိမ်တွင် ဧည့်သည် ရောက်ရှိနေသောကြောင့် ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် ရွှီရိုက ရွှီပင်းနင်းအား နတ်စင်တွင် သွားရောက်၍ အမွှေးတိုင် အသာအယာ ထွန်းညှိပူဇော်ခိုင်းလိုက်ပြီး အခမ်းအနားကို ရိုးရှင်းစွာပဲ ကျော်ဖြတ်လိုက်တော့သည်။
(တကယ် သေရင် တော့ ဒီကောင်ငတ်ပြီ)
သေလွန်သူများက ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ၊ အသက်ရှင်ကျန်ရစ်သူများကမူ ကောင်းမွန်စွာ ရှင်သန်နေထိုင်ကြရမည် မဟုတ်ပါလား။
ရွှီရိုနှင့် ရွှီပင်းနင်းတို့သည် ဝမ်းနည်းပူဆွေးမှုများမှ ကျော်ဖြတ်နိုင်ခဲ့ကြပြီ ဖြစ်သည်။ အကယ်၍ လူဝင်စားခြင်း တကယ်ရှိခဲ့လျှင် ချင်ဖုန်းသည်လည်း အခြားတစ်နေရာတွင် လူပြန်ဝင်စားနေလောက်ပြီ ဖြစ်သည်။ အတိတ်ကို အဘယ်ကြောင့် ဖက်တွယ်နေရဦးမည်နည်း။
အမည်မသိ နက်ရှိုင်းလှသော တောင်တန်းကြီးတစ်ခုအတွင်း။
"ဟတ်ချိုး... ဟတ်ချိုး... ဟတ်ချိုး"
ချင်ဖုန်း ရုတ်တရက် နှာချေ သုံးကြိမ် ဆက်တိုက် ထွက်သွားခဲ့သည်။
အကြောင်းရင်းမရှိဘဲ နှာချေလျှင် တစ်စုံတစ်ဦးက မိမိကို သတိရအောက်မေ့နေခြင်းဖြစ်သည်ဟု လူမှုပတ်ဝန်းကျင်တွင် ပြောလေ့ရှိကြသည်။ ချင်ဖုန်းအနေဖြင့် မိခင်နှင့် ညီမဖြစ်သူတို့က မိမိကို သတိရနေကြမည်မှာ သေချာကြောင်း အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။ ဘာပဲဖြစ်ဖြစ် ယနေ့သည် သူ၏ အသက် ၂၀ ပြည့် မွေးနေ့ မဟုတ်ပါလား။
သူ အိမ်မှ ထွက်ခွာသွားခဲ့သည့် ငါးနှစ်တာ အချိန်ကာလအတွင်း မိခင်နှင့် ညီမဖြစ်သူတို့သည် အလွန်ပင် ပူဆွေးသောကရောက်ခဲ့ကြရရှာမည်။
အထူးသဖြင့် မိခင်ဖြစ်သူ ဖြစ်သည်။ မိမိ၏ အသက် ၂၀ ပြည့် မွေးနေ့ကို တွေးမိသည့်အခါတိုင်း သူမ သေချာပေါက် မျက်ရည်ကျနေလိမ့်မည်။
ငါးနှစ်တာ ကာလအတွင်း မိခင်ဖြစ်သူ မည်မျှအခြေအနေအထိ အိုမင်းရင့်ရော်သွားခဲ့ပြီလဲ သူ မသိရှိပေ။ ချင်ဖုန်း တွေးတောရင်းဖြင့် သူ၏ မျက်ဝန်းအစုံတွင်လည်း မျက်ရည်များ အနည်းငယ် ဝဲလည်လာခဲ့ရသည်။
"နောက်ထပ် စိန်ခေါ်သူကတော့ ချင်ဖုန်း ဖြစ်ပါတယ်"
ပြတ်သားပြီး တည်ကြည်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ရာ၊ ချင်ဖုန်းကို သူ၏ အတွေးကမ္ဘာထဲမှ လက်တွေ့လောကသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
"ဒီချင်ဖုန်းကတော့ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ သူ ကျင့်ကြံခြင်းလောကထဲကို ဝင်ရောက်ခဲ့တာ ငါးနှစ်ပဲ ရှိသေးတယ် တောင်တံခါးအတွင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရနေပြီ"
"သူတို့က ပါရမီရှင်တွေလေ၊ ငါတို့နဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရဘူး"
"သူက ပါရမီရှင်တင်မကဘူး ရုပ်ရည်ကလည်း အလွန်ပဲ ချောမောခန့်ညားသေးတယ်"
"တောင်တံခါးကို ဖြတ်ကျော်ပြီးရင် ချင်ဖုန်း တောင်အောက်ကို ဆင်းရတော့မယ် မဟုတ်လား… ငါ သူ့ကို ရင်ဖွင့်စကားတောင် မပြောရသေးဘူး"
"အပိုတွေ ပြောမနေပါနဲ့အေ၊ သူက ညည်းကို လှည့်တောင် ကြည့်မှာမဟုတ်ဘူး"
"နင်ကလည်း... ငါ့ဘာသာငါ စိတ်ကူးယဉ်တာကို တားမနေပါနဲ့"
လူအုပ်ကြီးအတွင်းမှ မိန်းကလေးအချို့၏ တိုးတိုးတိတ်တိတ် ပြောဆိုသံများလည်း ထွက်ပေါ်နေခဲ့သည်။
ချင်ဖုန်း ဤစကားများကို ကြားရသည့်အခါ မသိစိတ်အရ ကျောပြင်ကို ဆန့်လိုက်ပြီး၊ ခန့်ညားလှသော မျက်နှာကို အနည်းငယ် မော့လျက် လူအုပ်ကြီးထဲမှ ရှေ့သို့ လှမ်းထွက်ခဲ့လိုက်သည်။
သူသည် မိမိ၏မိခင် ရွှီရိုတစ်ယောက် ဆံပင်ဖြူများဖြင့် မိမိအတွက် ငိုကြွေးနေမည့် ပုံရိပ်ကို စိတ်ကူးယဉ်ကြည့်လိုက်မိသည်။
ယခုအချိန်တွင် သူ၏ တိုက်ခိုက်လိုစိတ်နှင့် ဇွဲလုံ့လမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး၊ ရှေ့မှောက်ရှိ အန္တရာယ်ကြီးမားလှသော စိန်ခေါ်မှုဂိတ်ဆီသို့ သတ္တိရှိရှိဖြင့် အားမာန်အပြည့် ချီတက်သွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင်။
ထန်ကျိုးမြို့ရှိ ရွှီရိုနှင့် ရွှီပင်းနင်းတို့၏ နေအိမ် ထမင်းစားခန်းအတွင်း၌မူ အလွန်ပင် ပျော်ရွှင်စရာကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှံနေခဲ့သည်။
"အန်တီရွှီ... အန်တီ့လက်ရာက တကယ်ကို ကောင်းလွန်းပါတယ်ဗျာ…အန်တီ့လက်ရာကို နေ့တိုင်း စားသောက်ခွင့်ရနေတဲ့ ပင်းနင်းကိုတောင် ကျွန်တော် တကယ်ပဲ မနာလိုဖြစ်မိတယ်" မူဟန် ဟင်းပွဲအချို့ကို မြည်းစမ်းကြည့်ပြီးနောက် အလွန်ပင် ချီးကျူးစကား ဆိုလိုက်သည်။
ရွှီရိုသည် အလွန်ပင် စိတ်ကြည်နူးသွားခဲ့ရပြီး သဘောကျစွာဖြင့် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ သူမသည် မူဟန့်ကို အလွန်ပင် နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ရင်း - "မောင်ရင်က စားလို့ကောင်းတယ်ဆိုရင်လည်း နေ့တိုင်းသာ လာခဲ့လေ… အန်တီ ချက်ကျွေးပါ့မယ်" ဟု နွေးထွေးစွာ ပြောဆိုလိုက်တော့သည်။