အခန်း (၄၀) - ရှောင်ပေ့ - "ဖေဖေ... ကျွန်တော် ရှင်းပြပါရစေ"
ကျန်းမင်းသည် မိမိ၏ သမီးဖြစ်သူက လှပခန့်ညားသော သူစိမ်းအမျိုးသားတစ်ဦးနှင့် လက်ချင်းချိတ်ထားသည်ကို မြင်တွေ့လိုက်ရသည့်အခါ ခေတ္တမျှ ကြောင်အသွားခဲ့ရပြီးမှ... သမီးဖြစ်သူအား လေးနက်တည်ကြည်သော လေသံဖြင့် မေးမြန်းလိုက်သည် -
"သမီး... ဘာတွေလုပ်နေတာလဲ"
ကိစ္စရပ်များမှာ ဤအဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ကျန်းရုန်ဖေးအနေဖြင့် နောက်ဆုတ်သွားရန် လုံးဝ အကြောင်းမရှိတော့ချေ - "ဘာမှမဟုတ်ပါဘူး ဖေဖေ... သမီးရဲ့ ချစ်သူကို ဖေဖေနဲ့ မိတ်ဆက်ပေးချင်လို့ အိမ်ကို ခေါ်လာခဲ့တာပါ"
"သမီး ရူးနေပြီလား…သမီးမှာ အိမ်ထောင်ရှိနေပြီဆိုတာကို မေ့သွားပြီလား” ကျန်းမင်း မကျေမနပ်ဖြင့် အော်ဟစ်လိုက်တော့သည်။
"ဒီအိမ်ထောင်ရေးက သမီးကိုယ်တိုင် အလိုရှိလို့ ဖြစ်လာခဲ့တာမို့လို့လား။ ဒါတွေအားလုံးက ဖေဖေ အတင်းအကျပ် လုပ်ခဲ့လို့ ဖြစ်လာရတာ မဟုတ်ဘူးလား" ကျန်းရုန်ဖေးက ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။
ကျန်းမင်း စက္ကန့်အနည်းငယ်မျှ စကားလုံးများ ဆွံ့အသွားခဲ့ရရှာသည်။ သူသည် သမီးဖြစ်သူ၏ ယနေ့ လေသံမှာ ထူးခြားစွာ စူးရှထက်မြက်နေပြီး သူမ၏ သဘာဝအတိုင်း မဟုတ်သကဲ့သို့ ခံစားလိုက်ရသဖြင့် မေးလိုက်သည် - "သမီး... ရှောင်ပေ့ကို အဲဒီလောက်တောင် စက်ဆုပ်ရွံရှာနေတာလား"
"ဟုတ်တယ်... သူ့မျက်နှာကို မြင်ရဖို့ နေနေသာသာ… သူ့ရဲ့ နာမည်ကို ကြားရရုံနဲ့တင် သမီး နားထဲမှာ အလွန်ပဲ ကသိကအောက် ဖြစ်ရပါတယ်" ကျန်းရုန်ဖေးက ဆိုလိုက်သည်။
ကျန်းမင်း၏ အမြင်တွင်မူ... သမီးဖြစ်သူ ခေါ်ဆောင်လာခဲ့သော ဤချစ်သူဟူသည်မှာ သူမဘက်မှ အကြောင်းပြချက်တစ်ခု ပေးရန်အတွက် ဟန်ဆောင်ထားခြင်းမျှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားသည်။ သို့သော်လည်း သူသည် ဤကိစ္စနှင့် ပတ်သက်၍ ထပ်မံငြင်းခုံမနေလိုတော့ချေ။ ဘာပဲဖြစ်ဖြစ် အငြင်းပွားနေလျှင် နောက်ဆုံး၌ သားအဖချင်း ရန်ဖြစ်ရုံမျှသာ ရှိသည်မဟုတ်ပါလား။
"ရှောင်ပေ့နဲ့ အတူတူ နောက်ထပ် လအနည်းငယ်လောက် ထပ်ပြီးတော့ နေထိုင်ကြည့်ပါဦး သမီးရယ်…အကယ်၍ အဆင်မပြေဘူးဆိုတာ တကယ် သေချာသွားပြီဆိုမှ... ကွာရှင်းဖို့ ကိစ္စကို ထပ်ပြီးတော့ တင်ပြပေါ့... ဟုတ်ပြီလား" ကျန်းမင်း လေးနက်စွာဖြင့် ဖျောင်းဖျလိုက်ရှာသည်။
မူဟန်ထံမှ ကြိုတင်၍ အကြံဉာဏ်ကောင်းများ ရရှိထားခဲ့သော ကျန်းရုန်ဖေးသည်... သဘာဝအတိုင်း ဖခင်ဖြစ်သူ၏ ဤကဲ့သို့သော နည်းဗျူဟာဟောင်းကြီးအတွင်းသို့ ထပ်မံ၍ သက်ဆင်းသွားရန် အကြောင်းမရှိတော့ချေ။ သူမသည် မူဟန်နှင့်အတူ ကြိုတင်၍ အစီအစဉ်များကို အသေးစိတ် ဆွေးနွေးရေးဆွဲထားခဲ့ပြီးသား ဖြစ်သည်။ ဖခင်ဖြစ်သူ၏ စကားကို ကြားလိုက်ရသည့်အခါ သူမ ချက်ချင်းပင် ပြန်လည်၍ တုံ့ပြန်လိုက်တော့သည် -
"ဒီလိုမျိုး စကားတွေကို သမီး အကြိမ်ကြိမ် ကြားဖူးလွန်းလို့ နားငြီးနေပါပြီ ဖေဖေ။ ဒါပေမယ့် ဖေဖေက ဤမျှအထိ တောင်းဆိုနေမှတော့... ကွာရှင်းမယ့် ကိစ္စကို နောက်ထပ် လအနည်းငယ်ကြာမှပဲ ထပ်ပြီးတော့ ဆွေးနွေးကြတာပေါ့… ဒါပေမယ့် အဲဒီအတောအတွင်းမှာတော့... သမီးလည်း ရှောင်ပေ့လိုပဲ ကိုယ်ဖြစ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရှိရမယ်"
"ဒါက ဘာကို ဆိုလိုတာလဲ" ကျန်းမင်း နားလည်သလိုလိုနှင့် ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်သည်။
"သမီး ဆိုလိုတာက... ရှောင်ပေ့က သူ့လမ်းသူသွားပြီး ပြင်ပမှာ ပျော်ပါးနိုင်သလို၊ သမီးလည်း သမီးရဲ့ လမ်းကို လျှောက်လှမ်းပြီး ကိုယ်ဖြစ်ချင်တာကို လုပ်မယ်... တစ်ယောက်နဲ့တစ်ယောက် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြေးပေါ့" ကျန်းရုန်ဖေး စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း... ဤမျှအထိ ထူးခြားလှသော စကားလုံးများကို ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလိုက်သည့် အခါတွင်မူ မျက်နှာလေး အနည်းငယ် နီမြန်းသွားခဲ့ရရှာသည်။
ကျန်းမင်း သမီးဖြစ်သူ၏ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသော စကားလုံးများကို ကြားလိုက်ရသည့်အခါ စက္ကန့်အနည်းငယ်မျှ ကြောင်အသွားခဲ့ရပြီးမှ ဒေါသတကြီး အော်လိုက်တော့သည် - "သမီး... သမီးက 'အရှက်' နဲ့ 'သိက္ခာ' ဆိုတဲ့ စကားလုံးတွေကို ဘယ်လိုရေးရမလဲဆိုတာကော သိရဲ့လား!"
"ရှောင်ပေ့ကကော ပြင်ပမှာ သွားပြီးတော့ ပျော်ပါးနိုင်တာပဲဥစ္စာ... သမီးက ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ" ကျန်းရုန်ဖေးက ဆိုလိုက်သည်။
"အဲဒါ တကယ်ပဲလား" ကျန်းမင်း သံသယစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က... သမီး သူ့ဆီကို ဖုန်းခေါ်ခဲ့တုန်းက ပြင်ပက မိန်းကလေးတစ်ယောက်က ဖုန်းလက်ခံဖြေကြားခဲ့ပြီး... ရှောင်ပေ့တစ်ယောက် ရေချိုးခန်းထဲမှာ ရေချိုးနေပါတယ်လို့ ပြောခဲ့ဖူးတယ်" ကျန်းရုန်ဖေးက ဆိုလိုက်သည်။
"ဒါက ဖုန်းခေါ်ဆိုမှုတစ်ခု သက်သက်ပဲဥစ္စာ... ဘာကိုမှ သက်သေမပြနိုင်ပါဘူး" ကျန်းမင်း ရှောင်ပေ့အပေါ် ယုံကြည်မှု ရှိနေဆဲဖြစ်ရာ... သမီးဖြစ်သူက ကွာရှင်းလိုသဖြင့် တမင်သက်သက် လုပ်ကြံဖန်တီး၍ ပြောဆိုနေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ကာ ၎င်းကို အလေးမထားခဲ့ချေ။
"ဒါဆိုရင်... သူ့ကို အိပ်ရာပေါ်မှာ လက်ပူးလက်ကျပ် မိမှပဲ သက်သေပြနိုင်မှာလား" ကျန်းရုန်ဖေး ဒေါသတကြီးဖြင့် အော်လိုက်တော့သည်။
ကျန်းမင်း မျက်နှာပြင်တစ်ခုလုံး တည်ကြည်လေးနက်သွားခဲ့ပြီး - "ဖေဖေ့အနေနဲ့ ယုံကြည်တာကတော့... ရှောင်ပေ့က ဤကဲ့သို့သော အကျင့်ပျက်တဲ့ ကိစ္စရပ်မျိုးကို လုံးဝ လုပ်မယ့်သူ မဟုတ်ဘူး…ကဲပါ... ဒီကိစ္စကို ဒီတင်ပဲ ရပ်တန့်လိုက်ကြရအောင်၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြီးတော့ မလုပ်ကြနဲ့တော့"
"ကျွန်တော် အဲလိုမျိုး မလုပ်ခဲ့ပါဘူး..."
အတိအကျပင် ကျန်းရုန်ဖေး တစ်စုံတစ်ခုကို ထပ်မံ၍ ချေပပြောဆိုရန် ကြံစည်နေစဉ်အတွင်း... သူမသည် အိပ်ခန်းများရှိရာ အဝေးတစ်နေရာဆီမှနေ၍ တိုးညှင်းလှသော လန့်အော်သံ "အား..." ဟူသော အသံကို ဖျတ်ခနဲ ကြားလိုက်ရသည်။
ထိုအသံမှာ ဧည့်ခန်းမကြီးအတွင်းသို့ ရောက်ရှိလာသည့်အခါ အလွန်ပင် တိုးညှင်းလှသော်လည်း... ၎င်းမှာ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားသော အခြေအနေတစ်ခုတွင် ထွက်ပေါ်လာသော အော်ဟစ်သံဖြစ်ကြောင်း သေချာလှသည့်အပြင်၊ ထိုအသံပိုင်ရှင်မှာလည်း သူတို့အတွက် အလွန်ပင် ရင်းနှီးလွန်းလှပေသည်။
"ဒါ... ဒါက နင့်အမေရဲ့ အသံပဲ" ကျန်းမင်း ထိုအသံကို ချက်ချင်းပင် မှတ်မိသွားခဲ့ပြီး... ၎င်းထွက်ပေါ်လာရာ နေရာဖြစ်သော ဇနီးမောင်နှံနှစ်ဦး၏ အဓိက အိပ်ခန်းဆောင်ဆီသို့ အလွန်ပင် စိုးရိမ်တကြီးဖြင့် ပြေးထွက်သွားခဲ့တော့သည်။
ကျန်းမင်း စိတ်နှလုံးထဲတွင် အလွန်ပင် ပူပန်သွားခဲ့ရသဖြင့် တံခါးကို အတင်းအကျပ် တွန်းဖွင့်ရန် ကြိုးပမ်းလိုက်သော်လည်း... တံခါးမှာ အတွင်းမှနေ၍ သော့ခတ်ထားသဖြင့် ဘယ်လိုမှ ဖွင့်လှစ်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
တံခါးချပ်ကြီး၏ ပြင်ပမှနေ၍ အခန်းအတွင်းရှိ အသံအချို့ကို ထပ်မံကြားသိနေရဆဲ ဖြစ်သည် -
"အမေ... လျှောက်ပြီးတော့ မအော်ပါနဲ့ဦး၊ အခြေအနေက အမေထင်သလိုမျိုး လုံးဝ မဟုတ်ပါဘူး"
ကျန်းမင်း ၎င်းမှာ ရှောင်ပေ့၏ အသံဖြစ်ကြောင်း ချက်ချင်းပင် ခွဲခြားသိရှိလိုက်ရသဖြင့်... တံခါးကို အပြင်းအထန် ထုရိုက်ရင်း အော်ဟစ်လိုက်တော့သည် - "ဟုန်ဟုန် ... ဘာတွေဖြစ်နေတာလဲ။ တံခါးကို အခုချက်ချင်း ဖွင့်စမ်း"
ပြင်ပမှ ကျန်းမင်း၏ အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ... အခန်းအတွင်းရှိ ရှောင်ပေ့တစ်ယောက် ခေါင်းနားပန်းကြီးသွားခဲ့ရပြီး၊ ယွီဟုန်အား တံခါးသွားမဖွင့်နိုင်စေရန်အတွက် အတင်းအကျပ် ဝင်ရောက်တားဆီးရန် ကြိုးပမ်းလိုက်တော့သည်။
သို့သော်လည်း သူသည် မသိစိတ်၏ စေခိုင်းမှုအရ မိမိ၏ ညာဘက်လက်မောင်းကို လှမ်း၍ ဆွဲကိုင်ရန် လှုပ်ရှားလိုက်မိရာ... ပတ်တီးစည်းနှောင်ထားသော ညာဘက်လက်ဝါးကြီးဆီမှနေ၍ စူးရှလှသော နာကျင်မှုဝေဒနာကြီး ထွက်ပေါ်လာခဲ့သဖြင့်၊ သူ တစ်ကိုယ်လုံး တွန့်လိမ်သွားခဲ့ရပြီး မျက်နှာပျက်သွားခဲ့ရရှာသည်။
ယွီဟုန်သည် ရှောင်ပေ့၏ တားဆီးမှုများကို အောင်မြင်စွာ ရှောင်လွှဲလိုက်ပြီးနောက် တံခါးကို ချက်ချင်းပင် ဆွဲဖွင့်လိုက်တော့သည်။
ကျန်းမင်း အခန်းအတွင်းသို့ ဒေါသတကြီးဖြင့် ဝုန်းခနဲ တိုးဝင်လာခဲ့ရာ... သူ မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာမူ၊ ဆံပင်များ ရှုပ်ပွကာ စိတ်မတည်မငြိမ် ဖြစ်နေသော ယွီဟုန်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အကျီ င်္ဗလာကျင်းလျက် ရှိနေသော ရှောင်ပေ့တို့နှစ်ဦးကိုပင် ဖြစ်ချေသည်။ သူ တစ်ခဏချင်းမှာပင် အလွန်အမင်း ဒေါသထွက်သွားခဲ့ရတော့သည်။
"မင်း... မင်းက တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်ပဲ…မင်း ဘယ်လိုဖြစ်လို့ ဒီလိုမျိုး မဟုတ်တာတွေကို မင်းရဲ့ ယောက္ခမအပေါ်မှာ လုပ်ရက်ရတာလဲ" ကျန်းမင်း ဒေါသအရှိန်ကြောင့် တစ်ကိုယ်လုံး တုန်ရီနေလျက် ရှောင်ပေ့ကို လက်ညှိုးငေါ့ငေါ့ထိုးကာ အော်ဟစ်လိုက်တော့သည်။
ပြင်ပလောကတွင် အန္တရာယ်များနှင့် လှိုင်းတံပိုးပေါင်းမြောက်အမြားကို ကြုံတွေ့ဖြတ်သန်းခဲ့ဖူးသော ကမ္ဘာကျော် စစ်သားကောင်းကြီး ရှောင်ပေ့ပင် ဖြစ်ပါစေ... ယခုကဲ့သို့သော ထူးဆန်းဆန်းပြားလှသည့် အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အခါတွင်မူ လုံးဝကို သက်ပြင်းချရင်း ကိုးလို့ကန့်လန့် ဖြစ်သွားခဲ့ရရှာသည်။
ရှောင်ပေ့သည် ပြင်ပလောက၌ အိပ်ရာမှ နိုးထလာသည့်အခါတိုင်း မိမိ၏ ဘေးတွင် လှပသော အမျိုးသမီးများ ရှိနေခဲ့သည့် အခြေအနေပေါင်း မြောက်အမြားကို ကြုံတွေ့ခဲ့ဖူးသော်လည်း... ယနေ့ကဲ့သို့ တုန်လှုပ်ချောက်ချားပြီး ကြောက်ရွံ့ထိတ်လန့်ရသော အခြေအနေမျိုးကိုမူ တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။
"အဖေ... မဟုတ်ပါဘူး... အဖေထင်သလိုမျိုး လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ကောင်းကောင်းမွန်မွန် အိပ်ပျော်နေခဲ့တာပါ... အခု အိပ်ရာကနေ နိုးလာတဲ့ အခါကျမှပဲ ကျွန်တော် ဘယ်လိုဖြစ်လို့ ဒီအိပ်ခန်းထဲကို ရောက်နေရတာလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း လုံးဝ စဉ်းစားလို့ မရပါဘူး အဖေ" ရှောင်ပေ့ အပြင်းအထန် ကန့်ကွက်ရှင်းပြလိုက်တော့သည်။
"အမှန်တရားနဲ့ သက်သေတွေက ငါတို့မျက်စိရှေ့မှာတင် အထင်အရှား ရှိနေတာပဲဥစ္စာ... မင်းက ဘာတွေကို ထပ်ပြီးတော့ လိမ်ညာ ရှင်းပြချင်နေသေးတာလဲ…မင်းက... ငါ့ရဲ့ ဇနီးဖြစ်သူက မင်းအပေါ်ကို မဟုတ်တာ ကြံစည်ပါတယ်လို့ ပြောချင်နေတာလား" ကျန်းမင်း ဒေါသပြင်းထန်စွာဖြင့် အော်ဟစ်လိုက်ရာ... သူ၏ စကားလုံးများအရ ယခုအခါ ရှောင်ပေ့ကို သူ၏ သမက်အဖြစ် လုံးဝ အသိအမှတ်မပြုတော့သည့်အပြင်၊ မီးဖိုချောင်အတွင်းသို့ သွားရောက်ကာ ဓားတစ်လက် ယူဆောင်ပြီး ဤကောင်ကို သတ်ပစ်ချင်စိတ်များပင် ပြင်းထန်စွာ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
"ကျွန်တော် အဲလိုမျိုး ဆိုလိုတာ မဟုတ်ပါဘူး ဖေဖေ။ ဒါက သေချာပေါက် တစ်စုံတစ်ယောက်က ကျွန်တော့်ကို တမင်သက်သက် ထောင်ချောက်ဆင်ပြီး လုပ်ကြံလိုက်တာ ဖြစ်ရမယ်။ အမေ... ဒါက အမေရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်နေတာမို့လို့... စောစောက ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို သေသေချာချာ ပြန်ပြီးတော့ စဉ်းစားပေးပါဦး အမေရာ" ရှောင်ပေ့ ယွီဟုန်ကို လှည့်၍ အသနားခံလိုက်သည်။
ယွီဟုန်သည် လုံးဝ ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး စိတ်ခံစားချက်များမှာလည်း ဘယ်လိုမှ မတည်ငြိမ်နိုင်ဘဲ ရှိနေခဲ့ရှာသည်။ သူမကို သမီးဖြစ်သူ ကျန်းရုန်ဖေးက ဘေးမှနေ၍ အသာအယာ ဖက်တွဲထားပေးခဲ့ပြီး... ကာလအတန်ကြာမှသာ စိတ်ဓာတ်များ အနည်းငယ် ပြန်လည်၍ တည်ငြိမ်လာခဲ့တော့သည်။
"ဟုန်ဟုန်... စောစောက အခန်းထဲမှာ တကယ်ပဲ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲဟင်။ မင်း သေသေချာချာ မှတ်မိသလောက် ပြန်ပြီးတော့ ပြောပြပါဦး" ကျန်းမင်း မိမိ၏ ဇနီးဖြစ်သူ ထပ်မံ၍ စိတ်ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် အလွန်ပင် နူးညံ့သိမ်မွေ့သော လေသံလေးဖြင့် မေးမြန်းရှာသည်။
ယွီဟုန် ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် - "မွန်းလွဲ ၁ နာရီ ဝန်းကျင်လောက်မှာ... ကျွန်မ အနည်းငယ် အိပ်ငိုက်လာတာနဲ့ အနားယူဖို့အတွက် အိပ်ခန်းထဲကို ပြန်လာပြီး အိပ်ပျော်သွားခဲ့တယ်…အခု အိပ်ရာကနေ ပြန်ပြီး နိုးလာတဲ့ အခါကျတော့မှ... ကျွန်မရဲ့ ဘေးနားမှာ ရှောင်ပေ့တစ်ယောက် ရောက်နေတာကို မြင်လိုက်ရတာပါပဲ"
"ဒါတွေအပြင်... အခြားအရာတွေကော သတိရသေးလား ဟုန်ဟုန်" ကျန်းမင်း စိုးရိမ်တကြီးဖြင့် ထပ်မံမေးမြန်းလိုက်ပြန်သည်။
ယွီဟုန် စက္ကန့်အနည်းငယ်မျှ တွန့်ဆုတ်သွားခဲ့ပြီးမှ - "ပြီးတော့... ကျွန်မ အိပ်မက်တစ်ခု မက်ခဲ့သလိုမျိုးလည်း ခံစားရတယ်..."
ကျန်းမင်း ပါးစပ်ကို ဖွင့်ဟလိုက်မိပြီး မသိစိတ်အရ - "ဘာအိပ်မက်လဲဟင်" ဟု မေးမြန်းရန် ကြံစည်လိုက်သော်လည်း... မိမိဇနီးဖြစ်သူ၏ အလွန်တရာ အနေခက်ပြီး ထူးဆန်းနေသော မျက်နှာအမူအရာလေးကို သတိပြုမိသွားခဲ့သဖြင့် ချက်ချင်းပင် စကားကို ရပ်တန့်ထားလိုက်တော့သည်။
"ဒါက သေချာပေါက် လုပ်ကြံမှုတစ်ခုပဲ" ယွီဟုန်၏ စကားကို ကြားရပြီးနောက်... ရှောင်ပေ့သည် ဤကိစ္စ၏ တရားခံအစစ်အမှန်မှာ မူဟန်သာ ဖြစ်ရမည်ဟု ချက်ချင်း ရိပ်မိသွားခဲ့သဖြင့်၊ သူ့ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်တော့သည် - "သူပဲ... သူပဲ တရားခံ…သူက ဒီအိမ်မှာ ရှိနေတဲ့ တစ်ဦးတည်းသော ပြင်ပလူပဲဥစ္စာ… သူက ကျွန်တော် ဆေးအရှိန်နဲ့ အိပ်မောကျနေတာကို အခွင့်ကောင်းယူပြီး... ကျွန်တော့်ကို ဧည့်ခန်းထဲကနေ ဒီအိပ်ခန်းထဲအထိ ခိုးပြီးတော့ သယ်လာခဲ့တာ သေချာတယ်။ ဒါက သူ့ရဲ့ လက်ချက်ပဲ"
"ငါလား..." မူဟန် မျက်နှာပြင်တစ်ခုလုံး ဇဝေဇဝါ ဖြစ်သွားဟန်ဖြင့် အပြစ်ကင်းစင်စွာ ရေရွတ်လိုက်သည်။
"ဒါက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာပဲဥစ္စာ" ကျန်းရုန်ဖေးက ချက်ချင်းပင် မူဟန့်ဘက်မှနေ၍ ကာကွယ်ငြင်းဆန်ပေးလိုက်တော့သည် - "ရှောင်ပေ့... နင်က ခန္ဓာကိုယ်အင်အား ကြီးမားထွားကြိုင်းပြီး အနည်းဆုံး ပေါင် ၁၈၀ ကျော် (ကီလို ၈၀ ကျော်) လောက် အလေးချိန် ရှိတာပဲဥစ္စာ။ မူဟန်က နင့်ကို ဘယ်လိုနည်းနဲ့ မြှောက်ပြီးတော့ သယ်လာနိုင်မှာလဲ။ ပြီးတော့ နင်က ဝက်တစ်ကောင်လည်း မဟုတ်ဘူးလေ... အကယ်၍ သူက နင့်ကို တကယ်ပဲ ချီပြီးတော့ သယ်လာခဲ့မယ်ဆိုရင်လည်း... နင်က ဘာဖြစ်လို့ လမ်းမှာတင် လုံးဝ မနိုးရတာလဲ"
ရှောင်ပေ့က ဆိုလိုက်သည် - "သူ့မှာ တုန်လှုပ်စရာ ကောင်းလောက်အောင် ပြင်းထန်တဲ့ ခန္ဓာကိုယ်အင်အား ရှိတယ် ဖေးဖေး... ဒါကြောင့် သူ ကျွန်တော့်ကို လွယ်လွယ်ကူကူ သယ်နိုင်တယ်။ ပြီးတော့ ကျွန်တော် ဘာဖြစ်လို့ မနိုးရသလဲဆိုတဲ့ အချက်ကလည်း အရမ်းကို ရိုးရှင်းပါတယ်... ကျွန်တော့်ရဲ့ ညာဘက်လက်က ဒဏ်ရာရထားလို့၊ ဆရာဝန်စပ်ပေးတဲ့ ဆေးကို သောက်ထားမိရာကနေ ဘေးထွက်ဆိုးကျိုးအနေနဲ့ တစ်ကိုယ်လုံး နုံးခွေပြီး အိပ်မောကျနေခဲ့လို့ပဲ"
"ဒါပေမယ့်... စောစောက မူဟန်က တစ်ချိန်လုံး ငါ့ရဲ့ ဘေးနားမှာပဲ ရှိနေခဲ့တာလေ" ကျန်းရုန်ဖေးက ဆိုလိုက်သည်။
"သူက သမီးရဲ့ မျက်စိအောက်ကနေ စက္ကန့်ပိုင်းမျှတောင် ပျောက်ကွယ်သွားခြင်း မရှိခဲ့ဘူးလို့ သမီး သေချာပေါက် ပြောနိုင်လား" ကျန်းမင်းက မေးမြန်းလိုက်သည်။
"အဲ... အဲဒါတော့ မဟုတ်ပါဘူး ဖေဖေ" ကျန်းရုန်ဖေး ခေါင်းခါပြလိုက်ရှာသည်။
"ဒါဆိုရင်... သမီးက ဘာဖြစ်လို့ မူဟန် မလုပ်ခဲ့ပါဘူးလို့ ဒီလောက်တောင် သေချာပေါက် ပြောနိုင်ရတာလဲ" ကျန်းမင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်သည်။
ကျန်းရုန်ဖေး စကားလုံးများ ခေတ္တမျှ ထစ်ငေါ့သွားခဲ့ရသော်လည်း... သူမအနေဖြင့် ယခုအခါ အမှန်တရားကို အသေးစိတ် ရှင်းလင်းစွာ မပြောပြနိုင်ပါက၊ မူဟန်တစ်ယောက် သံသယတရားခံအဖြစ် အထင်ခံရတော့မည် ဖြစ်ကြောင်း ကောင်းစွာ နားလည်လိုက်သည်။ ဤအချက်ကို သဘောပေါက်သွားသည့်အခါ... သူမ မိမိ၏ မိန်းကလေး သဘာဝ ရှက်ရွံ့မှုများအားလုံးကို ဘေးဖယ်ထားလိုက်ပြီး ပြတ်သားစွာ ဆိုလိုက်တော့သည် -
"ဘာဖြစ်လို့လဲဆိုတော့... စောစောက မူဟန်က သမီးရဲ့ အိပ်ခန်းထဲမှာ ရှိနေခဲ့တာ ဖေဖေ သူက သမီးနဲ့အတူ ကုတင်တစ်ခုတည်းပေါ်မှာ အတူတူ အိပ်ပျော်နေခဲ့တာပါ... အခု ဖေဖေ ဖုန်းဆက်လို့ ကျွန်မတို့ အိပ်ရာကနေ နိုးလာတဲ့ အချိန်အထိ... ကျွန်မတို့နှစ်ယောက်က တစ်ဦးကိုတစ်ဦး ရင်ခွင်ထဲမှာ တင်းကျပ်စွာ ဖက်ထားကြတုန်းပဲ ရှိပါသေးတယ်"
【ပိုင်ရှင်သည် ဇာတ်လိုက် ရှောင်ပေ့၏ စိတ်ဓာတ်ကို ပြင်းထန်စွာ ဖျက်ဆီးနိုင်ခဲ့ပါပြီ။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် -၁၀ ကျဆင်းသွားပြီး၊ ပိုင်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် +၁၀ တိုးပွားလာခဲ့ပါပြီ။】
ရှောင်ပေ့ ကျန်းရုန်ဖေး၏ နှုတ်ထွက်စကားကို တိုက်ရိုက် ကြားလိုက်ရသည့်အခါ ဒေါသနှင့် မနာလိုစိတ်တို့ကြောင့် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ခံစားလိုက်ရပြီး လုံးဝ သတိလစ်မတတ် ဖြစ်သွားခဲ့ရရှာသည်။ သို့သော်လည်း သူသည် လက်ရှိအချိန်၌ မိမိ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန်ကသာ အရေးအကြီးဆုံး ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသည်။
"ဒါဆိုရင်လည်း... နင် အိပ်ပျော်နေတဲ့ အချိန်မှာ သူက အခန်းထဲကနေ ခိုးပြီးတော့ ထွက်သွားခဲ့ပြီး... ဧည့်ခန်းထဲက ငါ့ကို ဒီအခန်းထဲအထိ သယ်လာပြီးမှ၊ နင့်ရဲ့ ဘေးနားကို ပြန်လာပြီး အိပ်ချင်ယောင်ဆောင်နေတာမျိုး မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ" ရှောင်ပေ့ ပြင်းထန်စွာ ဆင်ခြေတက်လိုက်ပြန်သည်။
မူဟန် ရှောင်ပေ့နှင့် ဆက်လက်၍ အချည်းနှီး ငြင်းခုံမနေတော့ဘဲ... တည်ငြိမ်အေးဆေးလှသော လေသံဖြင့် ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်တော့သည် - "ကျိုးကြောင်းဆီလျော်စွာ စဉ်းစားကြည့်ရင်တော့... ရှောင်ပေ့က ပြင်ပမှာ ဘယ်လောက်ပဲ မိန်းကလေးတွေနဲ့ ရှုပ်ပွေတတ်တဲ့သူ ဖြစ်ပါစေ၊ သူလည်း လူသားတစ်ယောက်ပဲဥစ္စာ။ ဤကဲ့သို့သော အခြေအနေမျိုးအောက်မှာ... သူက မိမိရဲ့ ယောက္ခမအရင်းခေါက်ခေါက်အပေါ်ကို ဒီလောက်အထိ အကျင့်ပျက်ပြားတဲ့ လုပ်ရပ်မျိုးကို စိတ်ကူးရှိရှိနဲ့ လုပ်ဝံ့လိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး "
ဟုတ်ပေသည်…သဘာဝအတိုင်း မူဟန်အနေဖြင့် မိမိကိုယ်တိုင် ရှောင်ပေ့ကို ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်ကြောင်းကိုတော့ ဘယ်သောအခါမှ ဝန်ခံလိမ့်မည် မဟုတ်ပါလား။
"အပြစ်မရှိတဲ့သူကတော့... အမြဲတမ်း ဖြူစင်နေမှာပါပဲ… ကျွန်တော် ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုဝံ့ပါတယ်... အကယ်၍ စောစောက ရှောင်ပေ့ကို ဧည့်ခန်းထဲကနေ အန်တီ အိပ်ခန်းထဲအထိ သယ်ဆောင်လာခဲ့တာကသာ ကျွန်တော့်ရဲ့ လက်ချက် ဖြစ်ခဲ့မယ်ဆိုရင်... ကျွန်တော်တစ်သက်လုံး သားသမီး ရတနာ မထွန်းကားဘဲ... လမ်းဘေးမှာတင် အနိဋ္ဌာရုံဆိုးကြီးနဲ့ ကျိန်စာသင့်ပြီး သေပါစေ”
+++++++++++++++++++++++++
ဒါမျိူးဇာတ်လမ်းလေး တွေ ကြိုက်ရင် ၅ star review လေးတွေပေးခဲ့ပါဦး။