အခန်း (၃၈) - ငါတို့အိမ်တံခါးဝအထိ ရောက်လာကြပြီ
ကျန်းရုန်ဖေး ခြံဝင်းတံခါးဝသို့ ရောက်ရှိသွားသည့်အခါ (McLaren P1) ပြိုင်ကားတစ်စီး မောင်းနှင်ဝင်ရောက်လာပြီး... သူမ၏ ရှေ့မှောက်တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ကားတံခါးပင့်တင်၍ ပွင့်ဟသွားပြီးနောက်... မူဟန် ကားမောင်းသူနေရာမှ ထွက်လာခဲ့ပြီး၊ ကားအနောက်ခန်းအတွင်းမှ အဖိုးတန် လက်ဆောင်ပုံးအချို့ကို ထုတ်ယူလိုက်တော့သည်။
မူဟန်၏ လှပခန့်ညားလွန်းလှသော မျက်နှာပြင်ကို ကြည့်ရင်း ကျန်းရုန်ဖေး မထိန်းနိုင်ဘဲ ပြုံးမိသွားခဲ့ပြီး တိုးညှင်းစွာ မေးလိုက်သည် - "ဘာဖြစ်လို့ လက်ဆောင်တွေ အများကြီး ဝယ်လာရတာလဲဟင်"
"ငါတို့က လူကြီးတွေဆီကို လာတာပဲဥစ္စာ... လက်ဗလာနဲ့ လာရင် မကောင်းဘူးမဟုတ်လား" မူဟန်က ပြုံးလျက် ဆိုလိုက်သည်။
ကျန်းရုန်ဖေး ခေတ္တမျှ ကြောင်အသွားခဲ့ရပြီးမှ ထိုစကားမှာ ကျိုးကြောင်းဆီလျော်လှသည်ဟု တွေးမိကာ ဆိုလိုက်သည် - "ဒါဆိုရင်... ဒီလက်ဆောင်တွေရဲ့ ကုန်ကျစရိတ်ကို ငါ နင့်ဆီ ဖုန်းထဲကနေ ပြန်လွှဲပေးမယ်နော်"
မူဟန် ခေါင်းခါပြလိုက်ရင်း - "မလိုပါဘူးအေ... ဒါက မင်းရဲ့ မိဘတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာပဲဥစ္စာ၊ ငါ့ဘက်ကနေပြီး ရိုသေလေးစားမှုပြတဲ့ သဘောအနည်းငယ်ပါပဲ"
ကျန်းရုန်ဖေးတစ်ယောက် ပိုမို၍ ကြောင်အသွားခဲ့ရရှာသည်။ အစစ်အမှန်အားဖြင့် ဤသည်မှာ သူမကို ကူညီ၍ ပြဇာတ်ကပြရန် ဟန်ဆောင်ပေးခြင်းမျှသာ မဟုတ်ပါလား။ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလျှင်မူ ဤကုန်ကျစရိတ်များကို သူမဘာသာ ပေးချေရမည် ဖြစ်ပြီး... မူဟန့်ကို ငွေကြေးအကုန်အကျ မခံစေသင့်ချေ။
သို့သော်လည်း သူမ ထပ်မံတွေးတောမိသည်မှာ... သူတို့နှစ်ဦးကြားတွင် ဤမျှလောက်အထိ အသေးစိတ် တွက်ချက်နေရန် လိုအပ်ပါဦးမည်လော။ ထို့အပြင် ဤကဲ့သို့ မိမိအပေါ် အလေးထားပေးခြင်းက သူမအတွက် မည်သည့် ဆိုးကျိုးရှိနိုင်မည်နည်း။ တစ်ခါတရံတွင် မသိချင်ယောင်ဆောင်ပြီး အလိုက်သင့် မျောလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်ပေသည်။
"သွားကြရအောင်..." ကျန်းရုန်ဖေး ချိုသာစွာ ပြုံးလိုက်ပြီး မူဟန်၏ လက်ထဲမှ လက်ဆောင်ပုံးအချို့ကို ကူညီ၍ သယ်ယူပေးလိုက်ရင်း... သူ့ကို ဧည့်ခန်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့တော့သည်။
ယွီဟုန်သည် သမီးဖြစ်သူ ကျန်းရုန်ဖေး ဧည့်သည်သွားကြိုသည်ဟူသော စကားကြောင့် ဧည့်ခန်းအတွင်း၌ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ မူဟန် ဧည့်ခန်းအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ... သူမသည် မူဟန်၏ အလွန်တရာ ထူးခြားပြောင်မြောက်လှသော ရုပ်ရည်သွင်ပြင်ကြောင့် လုံးဝ ငေးမောအံ့အားသင့်သွားခဲ့ရရှာသည်။
သူမသည် မူဟန့်ကို မသိမသာဖြင့် အကြိမ်အနည်းငယ်မျှ ထပ်မံ၍ စိုက်ကြည့်မိလိုက်ရာ... မျက်နှာလေး အနည်းငယ် နီမြန်းသွားခဲ့ရပြီး ရင်ခုန်သံများပင် မြန်ဆန်သွားခဲ့ရကာ စိတ်ထဲမှ ရေရွတ်မိတော့သည် - 'ဒီလူငယ်လေးက တကယ့်ကို ခန့်ညားလွန်းလှတာပဲ...'
ကျန်းရုန်ဖေးဘက်မှ စတင်၍ စကားဆိုလိုက်သည့် အခါကျမှသာ ယွီဟုန်တစ်ယောက် စိတ်အာရုံ ပြန်လည်လည်ပတ်လာခဲ့တော့သည်။
"အမေ... ဒါက မူဟန် တဲ့" ကျန်းရုန်ဖေး မူဟန့်ကို မိတ်ဆက်ပေးလိုက်သည်။
"မင်္ဂလာပါ အန်တီ..." မူဟန် အလွန်ပင် ယဉ်ကျေးသိမ်မွေ့စွာဖြင့် နှုတ်ဆက်လိုက်တော့သည်။
"အေးအေး... မင်္ဂလာပါကွယ်" ယွီဟုန် ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက်... သမီးဖြစ်သူထံသို့ စူးစမ်းလိုသော မျက်လုံးများဖြင့် လှည့်၍ ကြည့်လိုက်သည်။
ကျန်းရုန်ဖေး စိတ်ထဲတွင် ကြိုတင်၍ ပြင်ဆင်ထားပြီးသား ဖြစ်သဖြင့် စကားလုံးများကို လှည့်ပတ်မနေတော့ဘဲ... မူဟန်၏ လက်ကို တရားဝင်ပင် ဆွဲကိုင်လိုက်ရင်း ပြတ်သားစွာ ဆိုလိုက်တော့သည် - "အမေ... သူက သမီးရဲ့ ချစ်သူပါ"
ယွီဟုန်သည် ယနေ့တွင် ကျန်းရုန်ဖေး၏ အပြုအမူများမှာ ထူးခြားဆန်းပြားနေသည်ကို ရိပ်မိထားခဲ့သော်လည်း... သမီးဖြစ်သူ၏ နှုတ်ထွက်စကားကို တိုက်ရိုက် ကြားလိုက်ရသည့်အခါတွင်မူ လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ရရှာသည်။
သူမ၏ မျက်ဝန်းများမှာ ဧည့်ခန်းဆိုဖာပေါ်တွင် အိပ်ငိုက်နေခဲ့သော ရှောင်ပေ့ထံသို့ အလိုအလျောက် ရောက်ရှိသွားခဲ့တော့သည်။
သူတို့၏ စကားပြောသံများကြောင့် ထင်ပါသည်... ရှောင်ပေ့တစ်ယောက် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ဖြည်းည်းချင်း ဖွင့်ဟ၍ ကြည့်လိုက်သည်။
သူ ပထမဦးဆုံး မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာမူ... ကျန်းရုန်ဖေးနှင့် မူဟန်တို့နှစ်ဦး ပူးကပ်စွာ ရပ်တန့်နေလျက် လက်ချင်းချိတ်ထားကြသည့် မြင်ကွင်းပင် ဖြစ်ချေသည်။
ရှောင်ပေ့ စိတ်ထဲတွင် ဝုန်းခနဲ တုန်လှုပ်သွားခဲ့ရပြီး... ခန္ဓာကိုယ်အတွင်းရှိ အိပ်ငိုက်ခြင်း ဝေဒနာများမှာလည်း တစ်ခဏချင်းမှာပင် အငွေ့ပျံ လွင့်ပြယ်သွားခဲ့ရတော့သည်။
"ကျန်းရုန်ဖေး... ငါက နင့်ရဲ့ တရားဝင် ယောကျ်ားလေ… နင် ဒီကောင်ကို ဒီအိမ်အထိ ဘာသဘောနဲ့ ခေါ်လာတာလဲ" ရှောင်ပေ့ မကျေမနပ်ဖြင့် အော်ဟစ်လိုက်တော့သည်။
ကျန်းရုန်ဖေးက အေးစက်စွာ ဆိုလိုက်သည် - "ငါတို့နှစ်ယောက်ကြားမှာ... နင့်လမ်းနင်သွား၊ ငါ့လမ်းငါလာပြီး တစ်ယောက်နဲ့တစ်ယောက် ပတ်သက်မှုမရှိကြေးလို့ ကြိုတင်ပြီး သဘောတူထားကြတယ် မဟုတ်လား…ငါ့ရဲ့ ချစ်သူကို အိမ်မှာ ထမင်းကျွေးဖို့ ငါ ခေါ်လာတာပဲဥစ္စာ... နင်က ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသတွေ ထွက်နေရတာလဲ"
"အဲ... အကယ်၍ နင်က ဒါကို ဘယ်လိုမှ မခံစားနိုင်ဘူးဆိုရင်လည်း... ငါတို့နှစ်ယောက် အခုပဲ ကွာရှင်း လိုက်ကြရအောင်လေ။ အဲဒါက လူတိုင်းအတွက် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်"
ရှောင်ပေ့၏ မျက်နှာအမူအရာမှာ အလွန်ပင် ဆိုးရွား ညှိုးငယ်သွားခဲ့ရသည်။ ၎င်းမှာ ကျန်းရုန်ဖေးဘက်မှ သူ့ကို တမင်သက်သက် ဒေါသထွက်အောင် သွေးတိုးစမ်းနေခြင်းဖြစ်ကြောင်း သိရှိထားသော်လည်း... သူ၏ စိတ်ထဲတွင်မူ အလွန်ပင် စော်ကားခံရသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ကဲ့သို့သော ထိပ်တန်းစစ်သားကောင်းကြီး တစ်ဦးအနေဖြင့်... ဤကဲ့သို့သော အရှက်ရဖွယ်ရာ စော်ကားမှုကို မည်သည့်နေရာတွင် ခံစားခဲ့ဖူးပါသနည်း။ ဤသည်မှာ တကယ့်ကိုပဲ သိက္ခာချလွန်းရာ ကျလှပေသည်။
【ပိုင်ရှင်သည် ဇာတ်လိုက် ရှောင်ပေ့၏ စိတ်ဓာတ်ကို ပြင်းထန်စွာ ဖျက်ဆီးနိုင်ခဲ့ပါပြီ။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် -၁၅ ကျဆင်းသွားပြီး၊ ပိုင်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် +၁၅ တိုးပွားလာခဲ့ပါပြီ】
ရှောင်ပေ့တစ်ယောက် အလွန်အမင်း ဒေါသထွက်နေခဲ့သော်လည်း... သူ၏ စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး အတင်းအကျပ် ထိန်းချုပ်လိုက်ရင်း ကျန်းရုန်ဖေးကို စိုက်ကြည့်ကာ ဆိုလိုက်သည် -
"ကွာရှင်းဖို့ ကိစ္စကတော့... ငါ့ရဲ့ မိဘတွေဘက်က သဘောတူ ကန့်ကွက်ခြင်း မရှိသရွေ့တော့ ငါလည်း ပြဿနာမရှိပါဘူး"
ယွီဟုန်သည် ရှောင်ပေ့နှင့် ကျန်းရုန်ဖေးတို့၏ အိမ်ထောင်ရေးကို အစကတည်းက သဘောမတူခဲ့သူ ဖြစ်သော်လည်း... ယခုအခါ သူတို့နှစ်ဦးမှာ တရားဝင် လက်ထပ်ထားကြပြီးသား ဖြစ်နေသဖြင့်၊ ဤကဲ့သို့သော သော့ချက်ကျလှသည့် အချိန်အခါမျိုးတွင် သမီးဖြစ်သူ ကျန်းရုန်ဖေးဘက်မှနေ၍ သိသိသာသာ ရပ်တည်ပေးရန်အတွက် အဆင်မပြေ ဖြစ်နေခဲ့သည်။ သူမသည် အနေခက်လှသဖြင့် ဆိုလိုက်သည် -
"အမေ... မီးဖိုချောင်ထဲသွားပြီး ဟင်းတွေ အဆင်သင့် ဖြစ်ပြီလားဆိုတာ သွားကြည့်လိုက်ဦးမယ်နော်"
ဤသို့ဆိုကာ သူမ ဧည့်ခန်းအတွင်းမှ ချက်ချင်း ထွက်ခွာသွားခဲ့တော့သည်။
ကျန်းရုန်ဖေး မူဟန့်ကို ဆိုဖာတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သူတို့နှစ်ဦး မိနစ်အနည်းငယ်မျှ ချိုသာစွာ စကားစမြည် ပြောဆိုနေခဲ့ကြသည်။ ရှောင်ပေ့မှာမူ... သူတို့နှစ်ဦး၏ ဘေးတွင် တတိယလူ အဖြစ် မတ်တပ်ရပ်နေခဲ့ရသည်။ သူ၏ မျက်နှာအမူအရာမှာ ဘယ်လိုမှ မကောင်းမွန်လှသော်လည်း မည်သည့် စကားတစ်လုံးမျှ ထပ်မံ၍ ထုတ်ဖော်မပြောဆိုခဲ့ချေ။
မူဟန် စနစ်ထံမှ မည်သည့် အရှိန်အဝါအမှတ်မျှ ထပ်မံ၍ လက်ခံရရှိခြင်း မရှိတော့ချေ။ ဖြစ်နိုင်သည်မှာ ရှောင်ပေ့သည် ပြင်းထန်လှသော စိတ်လှုံ့ဆော်မှုများကို အကြိမ်ကြိမ် ခံစားခဲ့ရဖူးသဖြင့်... ယခုအခါ အတိုင်းအတာတစ်ခုအထိ စိတ်ခံနိုင်ရည်စွမ်းအား ရှိနေခြင်း ဖြစ်ရမည်။ ဘာပဲဖြစ်ဖြစ်... သူသည် မူဟန်နှင့် ကျန်းရုန်ဖေးတို့နှစ်ဦး အနမ်းခြွေခဲ့ကြသည်ကိုပင် ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ခဲ့ဖူးပြီးသား ဖြစ်ရာ၊ ယခုကဲ့သို့ စကားပြောဆိုနေကြရုံမျှကိုမူ... ရှောင်ပေ့အနေဖြင့် တောင့်ခံထားနိုင်ဆဲ ရှိပေသည်။
မူဟန် အနည်းငယ် ပျင်းရိလာဟန်ပြုကာ ကျန်းရုန်ဖေးကို လှည့်၍ ဆိုလိုက်သည် - "မင်းတို့အိမ်က တော်တော်လေး ကျယ်တာပဲနော် ဖေးဖေး... ငါ့ကို အိမ်ထဲမှာ လိုက်ပြီးတော့ လျှောက်ပြပေးလို့ ရမလားဟင်"
"ရတာပေါ့... လိုက်ခဲ့လေ" ကျန်းရုန်ဖေးက ဆိုလိုက်သည်။
"ဒါဆို... မင်းရဲ့ အိပ်ခန်းကိုကော ငါ ဝင်ကြည့်လို့ ရမလား" မူဟန်က ပြုံးလျက် မေးမြန်းလိုက်ပြန်သည်။
"အင်း... ရပါတယ်" ကျန်းရုန်ဖေး၏ မျက်နှာလေး အနည်းငယ် ထပ်မံ၍ နီမြန်းသွားခဲ့ရပြန်သည်။
【ပိုင်ရှင်သည် ဇာတ်လိုက် ရှောင်ပေ့၏ စိတ်ဓာတ်ကို ပြင်းထန်စွာ ဖျက်ဆီးနိုင်ခဲ့ပါပြီ။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် -၅ ကျဆင်းသွားပြီး၊ ပိုင်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် +၅ တိုးပွားလာခဲ့ပါပြီ။】
ရှောင်ပေ့သည် မူဟန်နှင့် ကျန်းရုန်ဖေးတို့နှစ်ဦး ဧည့်ခန်းအတွင်းမှ ထွက်ခွာသွားကြသည်ကို ကြည့်ရင်း... အံကို တင်းတင်းကြိတ်ထားမိတော့သည်။ သူသည် ကျန်းရုန်ဖေး၏ တရားဝင် လင်ယောကျ်ား ဖြစ်သော်လည်း... ယခုအချိန်အထိ ကျန်းရုန်ဖေး၏ ပုဂ္ဂလိက အိပ်ခန်းအတွင်းသို့ တစ်ကြိမ်တစ်ခါမျှပင် ဝင်ရောက်ခွင့် မရရှိခဲ့ဖူးချေ။ ကျန်းရုန်ဖေး၏ အိပ်ခန်းတံခါးမှာ သူမကိုယ်တိုင် အမြဲတမ်း သော့ခတ်ထားလေ့ရှိသောကြောင့် ဖြစ်သည်။
ရှောင်ပေ့ ဤအိမ်သို့ တစ်ခါတရံ လာရောက်၍ ထမင်းစားလေ့ရှိသော်လည်း... သူမ၏ အိပ်ခန်းအတွင်းသို့ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်ရန် အခွင့်အရေးမျိုးပင် လုံးဝ မရရှိခဲ့ဖူးချေ။ သို့သော်လည်း ယခုအခါတွင်မူ... ကျန်းရုန်ဖေးသည် အခြားသော အမျိုးသားတစ်ဦးကို သူမ၏ အပျိုစင် အိပ်ခန်းဆောင် ဆီသို့ ကိုယ်တိုင်ဦးဆောင်၍ ခေါ်သွားခဲ့ချေပြီ။
'ဘာမှမဟုတ်ပါဘူး... သာမန်ကိစ္စပါပဲ။ သူမက ငါ့ကို ဒေါသထွက်ပြီး ငါ့ဘာသာငါ ကွာရှင်းခွင့် တောင်းလာအောင် တမင်သက်သက် စိတ်ဆွနေတာ သက်သက်ပဲ' ရှောင်ပေ့ ခေတ္တမျှ ဒေါသပြင်းထန်စွာ ခံစားလိုက်ရပြီးမှ... စိတ်ကို ပြန်လည်အေးချလိုက်ကာ ဤကဲ့သို့သော အတွေးမျိုးဖြင့် မိမိကိုယ်ကိုယ် ပြန်လည်၍ နှစ်သိမ့်လိုက်တော့သည်။
သူမသည် ကျန်းရုန်ဖေးမှာ အကျင့်စာရိတ္တ ပျက်ပြားပြီး စည်းကမ်းမရှိ ရှုပ်ပွေတတ်သော အမျိုးသမီးမျိုး မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားသည်။ သူမသည် မနေ့က ကုန်တိုက်အတွင်း၌ သူ့ကို ဒေါသထွက်စေရန်အတွက်သာ ခဏတာ စိတ်လိုက်မာန်ပါဖြင့် မိမိ၏ ပထမဆုံးသော အနမ်းကို ထိုကောင်အား ပေးအပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ယနေ့ခေတ်ကာလကြီးတွင် ပထမဆုံးအနမ်း ဆုံးရှုံးသွားရခြင်းမှာ ဘာများ အရေးကြီးသနည်း။ ကျန်းရုန်ဖေးသည် ဖြူစင်သန့်ရှင်းဆဲဖြစ်ရာ ၎င်းမှာ ပြဿနာမဟုတ်ချေ။
ကျန်းရုန်ဖေး၏ ဦးဆောင်မှုဖြင့် မူဟန်သည် ဗီလာအိမ်ကြီးအတွင်း၌ ပေါ့ပေါ့ပါးပါး လျှောက်ကြည့်ပြီးနောက် ဆိုလိုက်သည် - "ငါတို့ မင်းရဲ့ အိပ်ခန်းကို သွားကြည့်ရအောင်လေ"
"တကယ်... တကယ်ပဲ သွားမှာလားဟင်" ကျန်းရုန်ဖေး ကြောင်အသွားခဲ့ရသည်။ သူမသည် မူဟန် စောစောက စနောက်၍ ပြောဆိုနေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
"အကယ်၍ အဆင်မပြေဘူးဆိုရင်လည်း... ထားလိုက်ပါတော့" မူဟန်က ဆိုလိုက်သည်။
"အဆင်မပြေစရာ ဘာရှိလို့လဲ... လိုက်ခဲ့လေ" ကျန်းရုန်ဖေး စိတ်ထဲတွင် ဆန်းစစ်ကြည့်လိုက်ရာ အိပ်ခန်းကို လိုက်လံပြသခြင်းမှာ ဘာမှ မမှန်ကန်စရာ မရှိချေ။ ဘာပဲဖြစ်ဖြစ်... သူတို့နှစ်ဦးအကြားတွင် ထိုထက်မကသော ကိစ္စရပ်များပင် ဖြစ်ပျက်ခဲ့ပြီးသား ဖြစ်ရာ၊ ယခုကဲ့သို့သော သာမန်အရာမျိုးကို သူမ ဘာဖြစ်လို့ ဂရုစိုက်နေရဦးမည်နည်း။
သူမသည် သော့ကို ထုတ်ယူကာ အိပ်ခန်းတံခါးကို ဖွင့်လှစ်လိုက်ပြီးနောက် မူဟန့်ကို အတွင်းသို့ ခေါ်ဆောင်သွားခဲ့တော့သည်။ တံခါးပွင့်ဟသွားသည်နှင့်တစ်ပြိုင်နက်... အခန်းအတွင်းမှ မွှေးပျံ့နူးညံ့လှသော မိန်းကလေး သဘာဝ ရနံ့သင်းသင်းလေးမှာ လေထုထဲသို့ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။
အိပ်ခန်းမှာ အလွန်ပင် သန့်ရှင်းသပ်ရပ်နေခဲ့ပြီး အခန်းတစ်ခုလုံးကို ပန်းရောင် ဖြင့် အဓိက မွမ်းမံပြင်ဆင်ထားကာ... ကုတင်ဘေးရှိ စားပွဲငယ်လေးပေါ်တွင်မူ ချစ်စရာကောင်းလှသော ကာတွန်းအရုပ်လေးအချို့ ရှိနေခဲ့သည်။
၎င်းကို ကြည့်ခြင်းဖြင့် ဤအိပ်ခန်း၏ ပိုင်ရှင်ဖြစ်သူ ကျန်းရုန်ဖေးမှာ... စိတ်နှလုံးထဲတွင် အလွန်ပင် နုပျိုသော မိန်းကလေးတစ်ဦး၏ စိတ်ကူးစိတ်သန်းမျိုး ရှိနေဆဲဖြစ်ကြောင်း ထင်ရှားလှပေသည်။
မူဟန် အိပ်ခန်းအတွင်းသို့ ဖြည်းည်းချင်း လျှောက်ဝင်လာခဲ့ပြီး... စာကြည့်စားပွဲဘေးမှ ဖြတ်သန်းသွားစဉ် စားပွဲပေါ်တွင် ပြသထားသော ဓာတ်ပုံမှတ်တမ်းစုလေးများကို ကြည့်ရှုရန် ရပ်တန့်လိုက်သည်။
"ငါ... ဒီဓာတ်ပုံတွေကို ကြည့်လို့ရမလား ဖေးဖေး" မူဟန်က မေးလိုက်သည်။
"ရတာပေါ့..." ကျန်းရုန်ဖေး ခေါင်းငြိတ်ပြလိုက်ရှာသည်။
ဤဓာတ်ပုံများထဲတွင် ကျန်းရုန်ဖေး၏ ကလေးဘဝ အရွယ်မှစ၍ အရွယ်ရောက်လာသည့်အထိ ပုံရိပ်အမျိုးမျိုး ပါဝင်နေသလို... သူမ၏ ပညာသင်ကြားခဲ့သော ခေတ်ကာလ အဆင့်ဆင့်မှ ဘွဲ့နှင်းသဘင် ဓာတ်ပုံများလည်း ပါရှိနေခဲ့သည်။ ဤဓာတ်ပုံများကို ကြည့်ရှုရခြင်းမှာ... ကျန်းရုန်ဖေးတစ်ယောက် ကလေးငယ်ဘဝမှနေ၍ ယခုကဲ့သို့ လှပကျော့ရှင်းလွန်းလှသော မိန်းမပျိုတစ်ဦးအဖြစ်သို့ ပြောင်းလဲလာခဲ့ပုံကို ကိုယ်တိုင် သက်သေပြ မြင်တွေ့နေရသည့်အလား ခံစားရစေသည်။
ဘွဲ့နှင်းသဘင် စုပေါင်းဓာတ်ပုံကို ကြည့်ရှုနေစဉ်အတွင်း ကျန်းရုန်ဖေး မူဟန့်ကို စနောက်သည့်အနေဖြင့်... ထိုလူအုပ်ကြီးထဲမှ သူမ၏ ပုံရိပ်ကို ရှာဖွေနိုင်မလားဟု မေးခွန်းထုတ်လိုက်သည်။ သို့သော်လည်း ဤမေးခွန်းမှာ မူဟန်အတွက်မူ မေးခွန်းတစ်ခု မဟုတ်ခဲ့ချေ။ ကျန်းရုန်ဖေးသည် ငယ်စဉ်ကတည်းက ထူးခြားစွာ လှပလွန်းသူ ဖြစ်ရာ... မူဟန် ဓာတ်ပုံကို တစ်ချက်မျှ အကဲခတ်ကြည့်ရုံမျှဖြင့် သူမကို လွယ်လွယ်ကူကူပင် ရှာဖွေတွေ့ရှိသွားခဲ့တော့သည်။
ဓာတ်ပုံများကို ကြည့်ရှုပြီးနောက် မူဟန် စကားဝိုင်းကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး တိုးညှင်းစွာ မေးမြန်းလိုက်သည် - "မင်း... ဒီနေ့ ခန္ဓာကိုယ် အခြေအနေ နည်းနည်း သက်သာသွားပြီလား"
ကျန်းရုန်ဖေး ခေတ္တမျှ ကြောင်အသွားခဲ့ရပြီးမှ မူဟန် ဘာကို မေးမြန်းနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့သဖြင့်... မျက်နှာလေး ရဲခနဲ ဖြစ်သွားခဲ့ရပြီး အနေခက်စွာဖြင့် ဆိုရှာသည် - "မနေ့ကထက်စာရင်တော့... အများကြီး ပိုပြီးတော့ သက်သာလာပါပြီ"
ပြန်လည်ဖြေကြားပြီးနောက်... သူမသည်လည်း အပြန်အလှန်အားဖြင့် မူဟန့်ကို စိုးရိမ်တကြီး ပြန်လည်မေးမြန်းလိုက်သည် - "ရှင်ကော... ဘယ်လိုနေသေးလဲဟင်"
"ငါလည်း အခုတော့ အများကြီး သက်သာသွားပါပြီ… မနေ့ကလောက် မနီရဲတော့ဘူး... ဒါပေမယ့် ဆီးသွားတဲ့ အချိန်ကျရင်တော့ အနည်းငယ် စပ်ဖျဉ်းဖျဉ်းနဲ့ သက်တောင့်သက်သာ မရှိသေးဘူးပေါ့" မူဟန် သဘာဝကျကျပင် လိမ်ညာလိုက်တော့သည်။
"ကျွန်မ... ကျွန်မလည်း အဲလိုပါပဲ..." ကျန်းရုန်ဖေး စကားလုံးများ ထစ်ငေါ့လျက် ဆိုရှာသည်။
ဤအခန်းအတွင်း၌ သူတို့နှစ်ဦးတည်းသာ ရှိနေခဲ့ကြသော်လည်း... သူမသည် မသိစိတ်၏ စေခိုင်းမှုကြောင့် အသံကို အလွန်ပင် တိုးညှင်းစွာ နှိမ့်ချလိုက်မိပြီး၊ သူခိုးတစ်ယောက်ကဲ့သို့ ခိုးကြောင်ခိုးဝှက် ပြောဆိုနေမိခဲ့ကြသော်လည်း... ဆန်းကြယ်လှစွာဖြင့်၊ ၎င်းအပြုအမူလေးအတွင်း၌ အလွန်ပင် ကောင်းမွန်လှသော သာယာကြည်နူးမှု အရသာတစ်မျိုး ကိန်းအောင်းနေခဲ့သည်။