အခန်း (၃၇) - ရှောင်ပေ့၏ စိတ်ကူးယဉ် ဆန်းကြယ်လှသော အတွေးများ
စိတ်ဆုံးဖြတ်ချက် ချပြီးနောက် ကျန်းရုန်ဖေးသည် မူဟန့်ထံသို့ မည်သည့်အချိန်တွင် လာရောက်ရန် အဆင်ပြေမည်နည်းဟု မေးမြန်းလိုက်သည်။
မူဟန်သည် အမှန်တကယ်တော့ တစ်နေ့ခင်းလုံး အားလပ်နေခဲ့ခြင်း ဖြစ်သော်လည်း၊ ကျန်းရုန်ဖေးအနေဖြင့် သူ့ကို အလုပ်အကိုင်မရှိ ပျင်းရိနေသူတစ်ဦးဟု ထင်မြင်သွားမည်ကို မလိုလားသဖြင့်... "မွန်းတည့်ချိန်" ဟု ပြန်လည်ဖြေကြားလိုက်တော့သည်။
ကျန်းရုန်ဖေးလည်း ၎င်းမှာ အချိန်ကောင်းတစ်ခုဖြစ်သည်ဟု တွေးမိကာ၊ မူဟန်နှင့် ဖုန်းချပြီးနောက် သူမ၏ မိခင်ဖြစ်သူ ယွီဟုန်ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။
သို့သော်လည်း ဖုန်းပြောဆိုနေစဉ်အတွင်း ကျန်းရုန်ဖေးသည် အကြောင်းအရာကို အတိအကျ ဖွင့်ဟမပြောဘဲ... ယနေ့မွန်းတည့်ချိန်တွင် ဧည့်သည်အချို့ ခေါ်ဆောင်လာခဲ့မည်ဖြစ်ရာ မိခင်ဖြစ်သူအနေဖြင့် အိမ်အကူကို ဟင်းပွဲများများ ပိုမိုချက်ပြုတ်ခိုင်းထားရန်သာ ဝေဝါးဝါး ပြောဆိုလိုက်တော့သည်။
ဤအရာအားလုံးကို ရှင်းလင်းပြီးနောက်... ကျန်းရုန်ဖေးသည် သူမ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်း အတွင်းမှ ရှောင်ပေ့၏ ဖုန်းနံပါတ်ကို ရှာဖွေကာ ပြန်လည်၍ ခေါ်ဆိုလိုက်သည်။
ရှောင်ပေ့သည် ဆေးသွင်းပုလင်း ( dripချိတ်) ကို ဆက်လက်ခံယူနေရဆဲ ဖြစ်ပြီး... ဆေးဝါးများ၏ အာနိသင်ကြောင့် တစ်ကိုယ်လုံး နုံးခွေကာ အိပ်ငိုက်နေခဲ့သည်။ သို့သော်လည်း ဖုန်းခေါ်ဆိုလာသူမှာ ကျန်းရုန်ဖေး ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည့်အခါ... သူ၏ စိတ်အာရုံများ ချက်ချင်းပင် အနည်းငယ် တက်ကြွလန်းဆန်းသွားခဲ့ရသည်။
သူ မှတ်မိသရွေ့တော့... ဤသည်မှာ ကျန်းရုန်ဖေးဘက်မှနေ၍ သူ့ထံသို့ ပထမဦးဆုံးအကြိမ်အဖြစ် ဦးဆောင်ကာ ဖုန်းခေါ်ဆိုလာခဲ့ခြင်း ဖြစ်ပေသည်။
"မွန်းတည့်ချိန်ကျရင် အဖေ့အိမ်ကို လာခဲ့ပါ" ဖုန်းလိုင်းချိတ်ဆက်မိသည်နှင့်တစ်ပြိုင်နက် ကျန်းရုန်ဖေးက ပြတ်သားစွာ ဆိုလိုက်သည်။
"ကောင်းပါပြီ..." ရှောင်ပေ့ ပထမဆုံးအကြိမ်အဖြစ် ချက်ချင်း သဘောတူ ခေါင်းငြိတ်လိုက်ပြီးမှ... ကျန်းရုန်ဖေး၏ လေသံမှာ အနည်းငယ် တင်းမာနေသည်ကို ခံစားလိုက်ရသဖြင့် ထပ်မံမေးမြန်းလိုက်သည် - "တစ်စုံတစ်ခု ဖြစ်လို့လားဟင်"
"အိမ်မှာ အတူတူ ထမင်းစားဖို့လေ" ကျန်းရုန်ဖေးသည် ရှောင်ပေ့တစ်ယောက် မလာဘဲ နေမည်ကို စိုးရိမ်သဖြင့် သဘာဝအတိုင်း အမှန်တရားကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်း မပြုဝံ့ချေ။
၎င်းကို ကြားလိုက်ရသည့်အခါ ရှောင်ပေ့ စိတ်ထဲတွင် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့ရပြီး... ကျန်းရုန်ဖေးတစ်ယောက် အမှန်တကယ်ပင် သူမ၏ စိတ်ကို ပြောင်းလဲကာ သူ့ကို ချစ်သူအဖြစ် စမ်းသပ်တွဲရန် ကြံစည်နေခြင်းလားဟု တွေးတောမိလိုက်သည်။ သို့သော်လည်း မနေ့က ကုန်တိုက်အတွင်း၌ သူမ မိမိအပေါ် ဒေါသထွက်ခဲ့သည့် အပြုအမူကို ပြန်လည်တွေးတောမိသည့်အခါ... ၎င်းမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟု ခံစားလိုက်ရပြန်သည်။
"တကယ်ပဲ အိမ်မှာ ထမင်းအတူစားဖို့ သက်သက်ပဲလား" ရှောင်ပေ့ အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ်... ထမင်းစားဖို့ သက်သက်ပဲ"
ကျန်းရုန်ဖေး၏ လေသံမှာ အလွန်ပင် သေချာရေရာလှပေသည်။
၎င်းကို ကြားရသောအခါ ရှောင်ပေ့၏ စိတ်ထဲရှိ သံသယများမှာ များစွာ လွင့်ပြယ်သွားခဲ့ရတော့သည်။ သူ အလွန်အမင်း ပျော်ရွှင်သွားခဲ့ရသဖြင့်... ဖူးဖူးယောင်နေသော သူ၏ ညာဘက်လက်ဝါးကြီးမှာပင် အရင်ကလောက် မနာကျင်တော့သကဲ့သို့ ခံစားလိုက်ရသည်။
ဖုန်းချပြီးနောက် ရှောင်ပေ့ တိတ်ဆိတ်စွာ တွေးတောနေမိတော့သည်။ အကယ်၍ ကျန်းရုန်ဖေးသည် သူ့အပေါ် အမှန်တကယ် ကောင်းမွန်စွာ ဆက်ဆံပြီး ဇနီးကောင်းတစ်ဦးအနေဖြင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ဆန္ဒရှိမည်ဆိုပါက... သူသည်လည်း ပြင်ပလောကရှိ မိန်းကလေးများနှင့် ရှုပ်ပွေနေခြင်းများကို လုံးဝ ရပ်တန့်ကာ အိမ်ထောင်တစ်ခုကို အတည်တကျ တည်ဆောက်သွားရန် စိတ်ကူးလိုက်သည်။
ပြင်ပလောကရှိ မည်မျှပင် ဆွဲဆောင်မှုရှိလှသော မိန်းမပျိုများဖြစ်ပါစေ... သူ၏ လှပကျော့ရှင်းလွန်းလှသော ဇနီးချောလေးကို ဘယ်လိုမှ ယှဉ်နိုင်မည် မဟုတ်ပါလား။
ရှောင်ပေ့ ဤကဲ့သို့သော အတွေးများဖြင့် စိတ်ကူးယဉ်နေစဉ်အတွင်း... ပြင်းထန်လှသော အိပ်ငိုက်ခြင်း ဝေဒနာမှာ ထပ်မံ၍ လွှမ်းမိုးလာခဲ့သဖြင့်၊ သူ၏ ခေါင်းလေး ငိုက်ကျသွားခဲ့ရပြီးနောက် ချက်ချင်းပင် အိပ်ပျော်သွားခဲ့တော့သည်။
တစ်စုံတစ်ဦးက သူ၏ ပုခုံးကို လာရောက်၍ ပုတ်ခတ်လိုက်သည့် အခါကျမှသာ သူ ပြန်လည်၍ နိုးထလာခဲ့ရသည်။ သူ ဆန်းစစ်ကြည့်လိုက်သည့်အခါ ဆေးသွင်းပုလင်းမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။
ရှောင်ပေ့သည် ဘရုစ်အား သူ၏ ညာဘက်လက်မှ ဖူးယောင်နေမှုများကို ဖုံးကွယ်နိုင်ရန်အတွက် ပတ်တီးအထပ်ထပ် တင်းကျပ်စွာ စည်းနှောင်ပေးရန် တောင်းဆိုလိုက်သည်။ ပတ်တီးစည်းနှောင်ခြင်း ခံနေရစဉ်အတွင်း... ရှောင်ပေ့ အိပ်ငိုက်ခြင်း ဝေဒနာကို ထပ်မံခံစားလိုက်ရသဖြင့်၊ သူ၏ စိတ်ကို နိုးကြားနေစေရန်အတွက် စီးကရက်တစ်လိပ်ကို မီးညှိကာ အပြင်းအထန် ဖွာရှိုက်လိုက်တော့သည်။ ၎င်းက အိပ်ငိုက်ခြင်းကို အနည်းငယ် သက်သာသွားစေခဲ့သည်။
"ငါ ဘာဖြစ်လို့ ဒီလောက်တောင် အားအင်ချည့်နဲ့ပြီး အိပ်ငိုက်နေရတာလဲ" ရှောင်ပေ့ စီးကရက်ကို အနည်းငယ် ဖွာရှိုက်လိုက်ပြီးနောက် ဘရုစ်ကို မေးမြန်းလိုက်သည်။
" မင်းအတွက် စပ်ပေးထားတဲ့ ဆေးဝါးတွေထဲမှာ... ငါ လတ်တလော သုတေသနပြုထားတဲ့ ဆေးသစ်တစ်မျိုး ပါဝင်နေလို့ပါ။ အဲဒီဆေးက မင်းရဲ့ အရိုးတွေနဲ့ အာရုံကြောတွေ ပြန်လည်ကောင်းမွန်လာအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပေမယ့်... ဘေးထွက်ဆိုးကျိုးအနေနဲ့ အနည်းငယ် နုံးခွေအိပ်ငိုက်တာမျိုး ဖြစ်တတ်တာက သဘာဝပါပဲ" ဘရုစ်က အေးဆေးတည်ငြိမ်စွာပင် လိမ်ညာ၍ ရှင်းပြလိုက်သည်။
ရှောင်ပေ့ အလိုက်သင့် ခေါင်းငြိတ်ပြလိုက်ပြီး နားလည်ကြောင်း ပြသလိုက်သည်။ ပတ်တီးစည်းနှောင်ခြင်း ပြီးဆုံးသွားသည့်အခါ... သူသည် ဘရုစ်နှင့် သူ၏ ဆေးအဖွဲ့သားများ သင့်လျော်သော ဟိုတယ်တစ်ခုခု၌ တည်းခိုနားနေနိုင်ရန်အတွက် ငွေကြေးအမြောက်အမြားကို တိုက်ရိုက်ပင် လွှဲပြောင်းပေးအပ်လိုက်တော့သည်။
ဤအရာအားလုံးကို ဆောင်ရွက်ပြီးနောက်တွင်မူ... ရှောင်ပေ့သည် တက္ကစီတစ်စီးကို တားဆီးလိုက်ပြီး သူ၏ ယောက္ခမဖြစ်သူများ နေထိုင်ရာ အိမ်ကြီးဆီသို့ ချက်ချင်း ထွက်ခွာခဲ့တော့သည်။
"အမေ... ဖေးဖေး က ကျွန်တော့်ကို အိမ်မှာ အတူတူ ထမင်းစားဖို့ ဖိတ်ခေါ်လိုက်လို့ပါ" ရှောင်ပေ့ ယွီဟုန်ကို မြင်တွေ့လိုက်ရသည့်အခါ နှုတ်ဆက်လိုက်သည်။
ယွီဟုန် ရှောင်ပေ့ကို မြင်တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့ရရှာသည်။ သဘာဝအတိုင်း သူမ၏ သမီးဖြစ်သူ ကျန်းရုန်ဖေးက ယနေ့မွန်းတည့်ချိန်တွင် အလွန်အရေးကြီးသော ဧည့်သည်တစ်ဦး လာလိမ့်မည်ဟု ပြောဆိုခဲ့သည်ကို ပြန်လည်အမှတ်ရမိလိုက်သည်။ သမီးဖြစ်သူ ပြောဆိုခဲ့သော ထိုဧည့်သည်ဟူသည်မှာ... ရှောင်ပေ့ကို ဆိုလိုခြင်း ဖြစ်နေပါသလား။
ယွီဟုန် စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသော်လည်း၊ များစွာ တွေးတောမနေတော့ဘဲ နူးညံ့စွာ ပြုံးပြလိုက်ရင်း ဆိုလိုက်သည် - "ထမင်းစားဖို့ အချိန်က လိုသေးတယ်လေ... သား ဧည့်ခန်းမှာ ခဏလောက် ထိုင်ပြီး နားနှင့်ဦးနော်"
"ဟုတ်ကဲ့ပါ အမေ..." ရှောင်ပေ့က လွယ်လွယ်ကူကူပင် ပြန်လည်ပြောဆိုလိုက်သည်။
"သားရဲ့ လက်က..." ယွီဟုန် တစ်စုံတစ်ခုသော အရာကို သတိပြုမိသွားခဲ့သည်။
"ဪ... ကျွန်တော် လေးလံတဲ့ ပစ္စည်းအချို့ကို သယ်ယူရင်းနဲ့ မတော်တဆ ညှပ်မိသွားလို့ပါ အမေ" ရှောင်ပေ့ လိမ်ညာလိုက်ပြန်သည်။
"အခြေအနေက ပြင်းထန်လားဟင်" ယွီဟုန်က မေးမြန်းရှာသည်။
"ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး" ရှောင်ပေ့ ခေါင်းခါပြလိုက်ပြီး ယွီဟုန်၏ ထပ်မံမေးမြန်းမှုများကို ရှောင်လွှဲနိုင်ရန်အတွက် စကားဝိုင်းခေါင်းစဉ်ကို လျင်မြန်စွာ ပြောင်းလဲလိုက်တော့သည်။ ထိုအချိန်၌ သူသည် ယွီဟုန်တစ်ယောက် ယနေ့တွင် ထူးခြားစွာ လှပပြင်ဆင်ထားသည်ကို သတိပြုမိသွားခဲ့သဖြင့် မြှောက်ပင့်၍ ချီးကျူးစကား ဆိုလိုက်တော့သည် -
"အမေ... အမေက ဒီနေ့ တကယ့်ကိုပဲ အလွန်အမင်း လှပနေတာပဲနော် အကယ်၍ အမေနဲ့ ဖေးဖေး တို့သာ လမ်းမပေါ်မှာ အတူတူ လမ်းလျှောက်သွားမယ်ဆိုရင်... လူတွေက သေချာပေါက် အမေတို့နှစ်ယောက်ကို ညီအစ်မတွေလို့ပဲ ထင်ကြလိမ့်မယ်"
ယွီဟုန်သည် ယနေ့နံနက်ပိုင်းတွင် သူမ၏ သူငယ်ချင်းမလေးများနှင့်အတူ အပြင်ထွက်၍ ဈေးဝယ်ရန် ကြိုတင်စီစဉ်ထားခဲ့သဖြင့် အထူးတလည် ပြင်ဆင်မွမ်းမံထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမ၏ သမီးဖြစ်သူ ကျန်းရုန်ဖေးထံမှ ဖုန်းလက်ခံရရှိပြီးနောက်တွင်မူ... ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။
ယခုအခါ ရှောင်ပေ့ထံမှ ဤကဲ့သို့သော မြှောက်ပင့်ချီးကျူးမှုမျိုးကို ကြားလိုက်ရသည့်အခါ... သူမ၏ စိတ်ထဲတွင် အနည်းငယ် ဝမ်းမြောက်သွားခဲ့ရသော်လည်း၊ ပိုမို၍ စိတ်အနှောင့်အယှက်ဖြစ်ကာ အဆင်မပြေမှုကိုသာ ခံစားလိုက်ရသည်။
သူမသည် စည်းကမ်းဘောင်ကို အလွန်တရာ အလေးထားလှသော ရှေးရိုးစွဲဆန်သည့် ရိုးရာအမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ်... သူမနှင့် ရှောင်ပေ့တို့မှာ ယောက္ခမနှင့် သမက် ဆက်ဆံရေးမျိုး ဖြစ်သည်မဟုတ်ပါလား။
ရှောင်ပေ့၏ လျှာအရိုးမရှိဘဲ သူမ၏ အလှတရားအပေါ် ဤမျှအထိ ထိကပါးရိကပါး မြှောက်ပင့်ပြောဆိုလာသော စကားလုံးများက... သူမကို များစွာ စိတ်မသက်မသာ ဖြစ်သွားစေခဲ့ရသည်။
သို့သော်လည်း သူမ ဒေါသထွက်မပြခဲ့ချေ။ သူမသည် ရှောင်ပေ့၏ စကားကို ချက်ချင်းပင် ရပ်တန့်စေလိုက်ရင်း ဆိုလိုက်သည် - "ကဲပါ... လျှောက်ပြီးတော့ အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့တော့…အမေက အသက်ကြီးလှပါပြီ"
"ကျွန်တော် အဓိပ္ပာယ်မရှိတာ ပြောနေတာ မဟုတ်ပါဘူး အမေ... အမှန်တရားကို ပြောနေတာပါ" ရှောင်ပေ့၏ မျက်နှာအမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်နေခဲ့ပြီး မိမိ၏ စကားလုံးများ မည်မျှအထိ ရိုးသားဖြူစင်ကြောင်း သက်သေပြရန် ကြိုးပမ်းနေခဲ့သည်။
အစစ်အမှန်အားဖြင့် ယွီဟုန်သည် ယခုအခါ အသက် ၄၇ နှစ် အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ... သူမ၏ မျက်နှာပေါ်တွင် ခေတ်ကာလများ၏ အိုမင်းခြင်း အရိပ်အယောင်အချို့ ထင်ဟပ်နေခဲ့ပြီ ဖြစ်သည်။ သူမကို ရုပ်ရည်လှပဆဲဖြစ်သည်ဟု ဖော်ပြနိုင်သော်လည်း... ကျန်းရုန်ဖေး၏ ညီအစ်မအရင်းကဲ့သို့ နုပျိုနေဆဲဖြစ်သည်ဟု ဆိုခြင်းမှာမူ... သေချာပေါက် အလွန်အကျွံ မြှောက်ပင့်လိမ်ညာခြင်းသာ ဖြစ်ပေသည်။
"သား ဒီမှာပဲ ခဏထိုင်နှင့်ဦးနော်... အမေ သွားပြီးတော့ လက်ဖက်ရည် ဖျော်ပေးပါ့မယ်" ယွီဟုန် စိတ်ထဲတွင် အနည်းငယ် ရှက်ရွံ့ပြီး အနေခက်သွားခဲ့သဖြင့်... ရှောင်ပေ့နှင့် ဆက်လက်၍ ငြင်းခုံမနေတော့ဘဲ လမ်းခွဲရန်အတွက် အကြောင်းပြချက်တစ်ခု ပေးကာ ထွက်ခွာသွားခဲ့တော့သည်။
နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင်... ကျန်းရုန်ဖေး အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမ၏ ခန္ဓာကိုယ် အခြေအနေမှာ မနေ့ကထက် များစွာ ပိုမိုကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူမ၏ မိန်းမကိုယ်အစိတ်အပိုင်းမှ ဖူးယောင်နာကျင်မှုများမှာ အနည်းငယ် သက်သာသွားခဲ့ပြီ ဖြစ်ရာ... ယခုအခါ သူမဘာသာ ကားကို ကိုယ်တိုင်မောင်းနှင်နိုင်ပြီ ဖြစ်သည်။
ရှောင်ပေ့သည် ပြင်းထန်လှသော အိပ်ငိုက်ခြင်း ဝေဒနာကြောင့် ခေတ္တမျှ မှိန်းနေလိုခဲ့သော်လည်း... ကျန်းရုန်ဖေး အိမ်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ မိမိကိုယ်ကိုယ် အတင်းအကျပ် နိုးကြားနေစေရန် ကြိုးပမ်းလိုက်တော့သည်။
"ဖေးဖေး.. နင် ရောက်လာပြီလား…နင့်ရဲ့ ခြေထောက်ကော သက်သာသွားပြီလားဟင်" ရှောင်ပေ့ အလွန်ပင် ဂရုစိုက်လှဟန်ဖြင့် မေးမြန်းလိုက်သည်။
ကျန်းရုန်ဖေး သူ့ကို မည်သည့် စိတ်ခံစားချက်မျှမရှိသော မျက်နှာသေဖြင့် တစ်ချက်မျှ စိုက်ကြည့်လိုက်သည်။ သူမသည် ရှောင်ပေ့၏ ညာဘက်လက်တွင် ပတ်တီးအထပ်ထပ် စည်းနှောင်ထားသည်ကို သတိပြုမိလိုက်သော်လည်း... ၎င်းမှာ မနေ့က ကုန်တိုက်အတွင်း၌ မူဟန်နှင့် ရှောင်ပေ့တို့အကြား ပြင်းထန်စွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည့် ကိစ္စနှင့် သက်ဆိုင်နေလိမ့်မည်ဟု လုံးဝ တွေးမိခြင်း မရှိချေ။
ထိုစဉ်က ရှောင်ပေ့သည် အလွန်ပင် သည်းခံနိုင်စွမ်း ရှိခဲ့ပြီး မည်သည့် အသံမျှ ထွက်ပေါ်မလာစေဘဲ တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်ကာ... သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေခဲ့ရုံမျှသာ ရှိခဲ့သည် မဟုတ်ပါလား။
၎င်းအပြင်... ကျန်းရုန်ဖေးအနေဖြင့် မူဟန်တွင် ဤမျှလောက်အထိ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ခန္ဓာကိုယ်အင်အား ရှိနေလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးခြင်း မရှိချေ။ သူမသည် မူဟန်၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကိုသာ သာမန်အတိုင်း အကဲခတ်ကြည့်ရှုပြီး... အကယ်၍ ရှောင်ပေ့သာ မူဟန့်ကို လက်ဆွဲနှုတ်ဆက်၍ အကဲစမ်းခဲ့မည်ဆိုပါက... သေချာပေါက် ဒုက္ခရောက်သွားမည့်သူမှာ မူဟန်သာ ဖြစ်လိမ့်မည်ဟု အရိုးခံအတိုင်း ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျန်းရုန်ဖေး ရှောင်ပေ့၏ မေးခွန်းကို လုံးဝ လျစ်လျူရှုထားခဲ့လိုက်တော့သည်။
ထိုအချိန်တွင် ယွီဟုန်သည် ဧည့်ခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး သူမ၏ သမီးဖြစ်သူကို ဘေးသို့ သီးသန့်ဆွဲခေါ်သွားကာ တိုးညှင်းစွာ မေးမြန်းလိုက်သည် - "သမီးပြောတဲ့ အရေးကြီးတဲ့ ဧည့်သည်ဆိုတာ ဘာကို ဆိုလိုတာလဲ ဖေးဖေး"
"သူ... အခုပဲ ရောက်တော့မှာပါ အမေ"
ကျန်းရုန်ဖေး မိခင်ဖြစ်သူ၏ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်ပြီးနောက်... အနည်းငယ် စိုးရိမ်တကြီးဖြင့် ထပ်မံမေးမြန်းလိုက်သည် - "ဖေဖေ အိမ်မှာ မရှိဘူးလားဟင်"
"မရှိပါဘူး... နင့်အဖေက စိတ်အပန်းဖြေဖို့အတွက် သူငယ်ချင်းတွေနဲ့အတူ ငါးမျှားထွက်သွားတယ်လေ…ဘယ်အချိန်မှ ပြန်လာမလဲဆိုတာလည်း မသိဘူး" ယွီဟုန်က ဆိုလိုက်သည်။
"အမေ... ဖေဖေ့ဆီကို အခုချက်ချင်း ဖုန်းဆက်ပြီး မွန်းတည့်စာ ထမင်းစားဖို့အတွက် အိမ်ကို အမြန်ဆုံး ပြန်လာခဲ့ဖို့ ပြောလိုက်ပါ" ကျန်းရုန်ဖေး သူမ၏ မိခင်မှာ စကားပြောရလွယ်ကူသူ ဖြစ်ကြောင်း သိရှိထားပြီး၊ အဓိက သော့ချက် ပြဿနာကြီးမှာ ကျန်းမင်း ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသည်။ အကယ်၍ ကျန်းမင်းသာ အိမ်သို့ ပြန်မလာခဲ့ပါက... မူဟန်တစ်ယောက် ဤနေရာသို့ လာရောက်ခြင်းမှာ မည်သည့် အဓိပ္ပာယ်မျှ ရှိတော့မည် မဟုတ်ချေ။
ယွီဟုန် အခြေအနေ အလုံးစုံကို နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေခဲ့သော်လည်း... သမီးဖြစ်သူ၏ အလွန်တရာ တည်ကြည်လေးနက်လှသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည့်အခါ၊ သူမ၏ ဖုန်းကို ထုတ်ယူ၍ ကျန်းမင်း၏ နံနက်ပတ်ကို ချက်ချင်း ခေါ်ဆိုလိုက်တော့သည်။
ဖုန်းပြောဆိုနေစဉ်အတွင်း ယွီဟုန် ကျန်းမင်းနှင့် စကားလုံးအနည်းငယ် ပြောဆိုလိုက်ပြီးနောက်... ဖုန်းချလိုက်ကာ အခြေအနေကို ကျန်းရုန်ဖေးအား ပြန်လည်ရှင်းပြလိုက်ရသည် - "နင့်အဖေနဲ့ သူငယ်ချင်းတွေက အခုတင် ငါးကြီးတစ်ကောင် မိထားကြလို့... ငါးအထူးပြုစားသောက်ဆိုင်မှာ ငါးသောက်ပွဲ လုပ်နေကြတယ်တဲ့။ ဒါကြောင့် သူတို့ မွန်းတည့်စာအတွက် အိမ်ကို ပြန်မလာနိုင်တော့ဘူး"
ကျန်းရုန်ဖေးက ဆိုလိုက်သည် - "ဒါဆိုရင်လည်း... ဖေဖေ့ကို စားသောက်ပြီးတာနဲ့ ချက်ချင်းပဲ အိမ်ကို အမြန်ဆုံး ပြန်လာခဲ့ဖို့ ပြောလိုက်ပါ"
ယွီဟုန်သည် သားအဖနှစ်ဦးအကြားတွင် ပြင်းထန်စွာ စကားများ ရန်ဖြစ်ထားကြကြောင်း သိရှိထားသော်လည်း... ၎င်းမှာ သမီးဖြစ်သူ၏ အကြံဉာဏ်ဖြစ်ကြောင်းကို ဖုန်းထဲတွင် ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ချေ။ သူမသည် ကျန်းမင်းအား ဖုန်းထဲတွင်... ရှောင်ပေ့တစ်ယောက် လက်ရှိ၌ အိမ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုသာ လှမ်း၍ ပြောကြားလိုက်တော့သည်။
၎င်းကို ကြားရသောအခါ ကျန်းမင်းက... သူသည် ငါးစားသောက်ပြီးသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပြန်လာခဲ့မည်ဖြစ်ရာ၊ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်ခန့်တွင် အိမ်သို့ ရောက်ရှိလိမ့်မည် ဖြစ်ကြောင်း ဆိုလိုက်သည်။
ထိုငါးစားသောက်ဆိုင်မှာ သူတို့၏ နေအိမ်နှင့် အတော်လေး ဝေးကွာလှပြီး ကားမောင်းလျှင်ပင် တစ်နာရီနီးပါးခန့် ကြာမြင့်မည် ဖြစ်သည်။ ထို့အပြင် စားသောက်ရမည့် အချိန်ကိုပါ ထည့်သွင်းတွက်ချက်လိုက်လျှင်မူ... ဤထက် ပိုမို၍ လျင်မြန်နိုင်စရာ အကြောင်းမရှိချေ။
ကျန်းမင်းနှင့် ဖုန်းချပြီးနောက် ယွီဟုန် ရလဒ်ကို ကျန်းရုန်ဖေးအား ပြောပြလိုက်သည်။
ကျန်းရုန်ဖေး ခေါင်းငြိတ်ပြလိုက်ပြီး... သူမအနေဖြင့် အချိန်အနည်းငယ် ပိုမိုစောင့်ဆိုင်းရသည်ကို ဂရုမစိုက်သော်လည်း၊ မူဟန်၏ အဖိုးတန်လှသော အချိန်များကို နှောင့်နှေးကြန့်ကြာသွားစေမည်ကိုသာ အလွန် စိုးရိမ်နေမိသည်။
"ဖေးဖေး.. သမီး တောက်လျှောက်လုံး ဘာတွေလုပ်နေတာလဲဟင်၊ ဘာဖြစ်လို့ ဒီလောက်တောင် လျှို့ဝှက်ချက်တွေ များနေရတာလဲ" ယွီဟုန် စူးစမ်းလိုစိတ်ကို ဘယ်လိုမှ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့သဖြင့် သူမ၏ သမီးကို မေးမြန်းလိုက်တော့သည်။
ကျန်းရုန်ဖေး စကားလုံးများ ထစ်ငေါ့သွားခဲ့ရပြီး မည်သည့်နေရာမှ စတင်၍ ရှင်းပြရမည်ကို မသိဖြစ်နေစဉ်မှာပင်... တိုက်တိုက်ဆိုင်ဆိုင် သူမ၏ ဖုန်းမြည်သံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဖုန်းခေါ်ဆိုသူမှာ မူဟန် ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည့်အခါ... သူမ ယွီဟုန်ကို လှည့်၍ ဆိုလိုက်တော့သည် - "အမေ... ဧည့်သည် ရောက်လာပြီ။ ကျွန်မ အပြင်ထွက်ပြီး သွားကြိုလိုက်ဦးမယ်နော်။ အမေ ခဏနေရင် သေချာပေါက် အားလုံးကို နားလည်သွားလိမ့်မယ်”