အခန်း (၃၆) - ပြတ်ပြတ်သားသား ရင်ဆိုင်ရန် ဆုံးဖြတ်ခြင်း
ရှောင်ပေ့၏ မေးခွန်းကို ကြားရသောအခါ ဘရုစ်က သက်ပြင်းတစ်ချက် ချလိုက်ရင်း - "ငါ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာကို လေ့လာနေတာ တစ်နှစ်နီးပါး ရှိပါပြီ။ ဒါပေမယ့် မင်းတို့ရဲ့ တရုတ်ဆေးပညာက အရမ်းကို နက်နဲလွန်းပြီး အနောက်တိုင်း ဆေးပညာထက် အများကြီး ပိုမိုရှုပ်ထွေးလွန်းပါတယ်"
(အပြိုင်ကမ္ဘာ ကို ကူးပြောင်းတာဆိုတော့ တရုတ်ပေါ့)
သူသည် သမီးဖြစ်သူ၏ ရောဂါဆိုးကို ကုသနိုင်ရန်အတွက် အထူးဆေးဝါးတစ်မျိုး ထုတ်လုပ်ရန် သုတေသနဌာနတစ်ခုကို တည်ထောင်ခဲ့သည်။ ငွေကြေးအမြောက်အမြား အသုံးပြုခဲ့သော်လည်း မျှော်လင့်ချက် လမ်းစမှာ အလွန်ပင် မှေးမှိန်နေခဲ့သည်။ သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် တရုတ်ရိုးရာ ဆေးပညာ၏ အံ့ဖွယ်စွမ်းပကားကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးနောက်... သမီးဖြစ်သူကို ကယ်တင်နိုင်မည့် လမ်းစကို ရှာဖွေနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် လေ့လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်ရိုးရာ ဆေးပညာသည် အလွန်နက်နဲသဖြင့် လေ့လာရန် မလွယ်ကူလှချေ။ ထိရောက်သော ဆေးဝါးများကို သုတေသနပြုခြင်းက ပိုမို၍ စိတ်ချရပေလိမည်။ သို့သော်လည်း ဘရုစ်တစ်ယောက် လေ့လာခြင်းကို လက်မလျှော့ခဲ့ချေ။ ဆရာဝန်တစ်ဦးအနေဖြင့် လူနာများကို ကုသကယ်တင်နိုင်မည့် နည်းလမ်းများကို ပိုမိုသိရှိထားခြင်းက အမြဲတမ်း ကောင်းမွန်သောအချက် ဖြစ်သည်မဟုတ်ပါလား။
ထို့အပြင်... အချို့သော ရောဂါဝေဒနာများအတွက် အနောက်တိုင်းဆေးပညာနှင့် တရုတ်ရိုးရာဆေးပညာတို့ကို ပေါင်းစပ်ကုသခြင်းက ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိစေတတ်သည်။
ဘရုစ်သည် ရှောင်ပေ့၏ ညာဘက်လက်အတွင်းမှ ပိတ်ဆို့နေသော သွေးပုပ်အချို့ကို စုပ်ထုတ်ပေးလိုက်သည်။ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေး စက်ကိရိယာများ ရောက်ရှိလာပြီးနောက်တွင်မူ... သူမသည် ရှောင်ပေ့ကို အသေးစိတ် စေ့စေ့စပ်စပ် စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့တော့သည်။
စစ်ဆေးချက် ရလဒ်များ ထွက်ပေါ်လာသည့်အခါ ဘရုစ်တစ်ယောက် နက်နဲစွာ တွေးတောနေမိတော့သည်။
"ကျွန်တော့်ရဲ့ ညာဘက်လက်ကို အရင်အတိုင်း ရာနှုန်းပြည့် ပြန်ကောင်းအောင် ကုသပေးလို့ ရမလား။ ငွေကြေးကတော့ ပြဿနာမရှိဘူး... မင်း စိတ်ကျေနပ်စေရမယ်လို့ ငါ အာမခံပါတယ်" ပြည်ပတွင် ရှိစဉ်က နှစ်ပေါင်းများစွာအတွင်း ရှောင်ပေ့သည် ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ခဲ့ရာ ခန့်မှန်းခြေ ကုဋေတစ်ထောင်ဝန်းကျင်ခန့် (ဘီလီယံချီ၍) ပိုင်ဆိုင်ထားသဖြင့်... သဘာဝအတိုင်း အလွန် ရက်ရောလှပေသည်။
ဘာပဲဖြစ်ဖြစ်... သူ၏ ညာဘက်လက်ဟူသည်မှာ သူ၏ ဘဝတစ်ခုလုံးအတွက် အလွန်တရာ အရေးပါလွန်းလှသည် မဟုတ်ပါလား။
ဘရုစ် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ ပြန်လည်၍ ဆိုလိုက်သည် - "ဒါက အတော်လေးကို လက်ဝင်ပြီး ခက်ခဲပါတယ်။ အကယ်၍ ကုသလို့ အောင်မြင်ခဲ့ရင်တောင်မှ... အရင်တုန်းကလိုမျိုး သွက်လက်ချက်ချာတဲ့ အဆင့်ကိုတော့ ပြန်လည်မရရှိနိုင်တော့ပါဘူး။ ဒါပေမယ့် ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
"အကောင်းဆုံး နည်းလမ်းတွေကို အသုံးပြုရင်တောင်မှ... လုံးဝ ဥဿုံ ပြန်ကောင်းဖို့ မဖြစ်နိုင်ဘူးလား" ရှောင်ပေ့ မျှော်လင့်ချက် မပျက်လိုသေးသဖြင့် ထပ်မံ၍ မေးမြန်းလိုက်သည်။
"မစ္စတာ ဝုဖ်ကင်း... ကျေးဇူးပြုပြီး ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပေးပါ။ အကယ်၍ မင်းသာ သာမန်ဆေးရုံတွေကို သွားခဲ့မယ်ဆိုရင်... မင်းရဲ့ ညာဘက်လက် ဒဏ်ရာအခြေအနေအရ သူတို့က ဖြတ်တောက်ပစ်ဖို့ပဲ အကြံပြုကြပါလိမ့်မယ်။ ဒါပေမယ့် ငါကသာ ကုသပေးမယ်ဆိုရင်တော့... အနည်းဆုံးတော့ မင်းအနေနဲ့ သေနတ်ကို ပြန်လည်ကိုင်ဆောင်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိပါသေးတယ်"
ဘရုစ် ဖြည်းညှင်းစွာ ဆိုလိုက်သည် - "ဒါက... ငါ့ရဲ့ ဆေးပညာ စွမ်းရည်ကို ကြွားဝါနေတာ လုံးဝ မဟုတ်ပါဘူး…အကယ်၍ ငါ့ကို မယုံကြည်ဘူးဆိုရင်လည်း... အခြားသူတစ်ယောက်ယောက်ကို ရှာဖွေနိုင်ပါတယ်"
ဤစကားကို ကြားရသောအခါ ရှောင်ပေ့၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့ရပြီး... ကာလရှည်ကြာစွာ တိတ်ဆိတ်သွားခဲ့ပြီးမှသာ လက်တွေ့ဘဝ အမှန်တရားကို အတင်းအကျပ် လက်ခံလိုက်ရတော့သည်။
"မစ္စတာ ဝုဖ်ကင်း... ခင်ဗျား အဆင်ပြေတယ်ဆိုရင်တော့... ငါ အခုပဲ အဖွဲ့သားတွေနဲ့အတူ ကုသမှု အစီအစဉ်တစ်ခုကို စတင်ရေးဆွဲလိုက်ပါတော့မယ်" ဘရုစ်က ဆိုလိုက်သည်။
ရှောင်ပေ့ စကားမဆိုတော့ဘဲ သဘောတူသည့် အနေဖြင့် ခေါင်းသာ ငြိတ်ပြလိုက်တော့သည်။ ဘရုစ်သည် သူ၏ အဖွဲ့သားများကို စုစည်းကာ အကျဉ်းချုံး အစည်းအဝေးတစ်ခု ပြုလုပ်လိုက်သည်။
သို့သော်လည်း အတိအကျပင် ထိုအချိန်၌... ဆန်းကြယ်လှသော စကားသံအချို့မှာ သူမ၏ စိတ်အာရုံအတွင်းသို့ နောက်တစ်ကြိမ် ထပ်မံ၍ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ပြန်သည်။
ဤအရာမျိုးမှာ စောစောက ကားပေါ်တွင် ရှိနေစဉ်ကလည်း တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။ ထိုစဉ်က ဘရုစ်တစ်ယောက် အလွန်အမင်း မောပန်းနေခဲ့သဖြင့် မိမိ၏ စိတ်ကူးယဉ် အာရုံမှားမှုဟု ထင်မှတ်ခဲ့သော်လည်း... လမ်းခရီးတွင် ခေတ္တမျှ အနားယူခဲ့ပြီးနောက် ယခုအခါ သူမ၏ စိတ်ဓာတ်များမှာ အလွန်ပင် လန်းဆန်းတည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။ သူ သေချာပေါက် သိရှိလိုက်ရသည်မှာ... ဤအရာမှာ လုံးဝ အာရုံမှားခြင်း မဟုတ်ချေ။
ထို့ကြောင့် သူသည် မိမိ၏ စိတ်ကူးအတွေးများဖြင့် ထိုစိတ်အာရုံအတွင်းရှိ အသံနှင့် အပြန်အလှန် ဆက်သွယ်စကားပြောရန် ကြိုးပမ်းခဲ့ရာ... နောက်ဆုံးတွင် အခြေအနေ အလုံးစုံကို အကြမ်းဖျင်းအားဖြင့် နားလည်သဘောပေါက်သွားခဲ့တော့သည်။
သူ၏ စိတ်ထဲတွင် ရောက်ရှိနေသော အသံ သို့မဟုတ် စိတ်ဝိဉာဉ်အာရုံစုမှာ... "စူပါဆရာဝန် " ဟု ခေါ်ဆိုအပ်သော စနစ် တစ်ခုထံမှ ဖြစ်ပေသည်။
ဤစူပါဆရာဝန် စနစ်သည်... သမီးဖြစ်သူအပေါ် ထားရှိသော သူ၏ ကြီးမားလှသည့် ဖခင်မေတ္တာတရားကို တန်ဖိုးထားသောအားဖြင့် သူနှင့် လာရောက် ပူးပေါင်းတွဲဖက်ခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည်။
စနစ်က ပေးအပ်သော မစ်ရှင် များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သရွေ့... သူ၏ ဆေးပညာ စွမ်းရည်များကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ရှားပါးရောဂါ ခံစားနေရသော သူ၏ သမီးလေးကို ကယ်တင်နိုင်မည် ဖြစ်ပေသည်။ ဤအရာက ဘရုစ်ကို အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားစေခဲ့ပြီး... သူသည် စနစ်ထံမှ မစ်ရှင်တစ်ခုကို ပေးအပ်ရန်အတွက် စိတ်အားထက်သန်စွာဖြင့် ချက်ချင်း တောင်းဆိုလိုက်တော့သည်။
မကြာမီအချိန်မှာပင် မစ်ရှင်အကြောင်းကြားစာ ပေါ်ပေါက်လာခဲ့သည်။
【မစ်ရှင်အကျဉ်းချုပ် - ရှောင်ပေ့၏ လက်နှစ်ဖက်တွင် သွေးညှီနံ့များ စွန်းထင်နေခဲ့ပြီ ဖြစ်ရာ... ပိုင်ရှင်အနေဖြင့် ကောင်းကင်ဘုံ၏ ကိုယ်စား တရားစီရင်ပေးပါ။】
【မစ်ရှင်ရည်ရွယ်ချက် - ရှောင်ပေ့ကို ကုသပေးဟန် ဆောင်ရွက်ပြီး... သူ့ကို အိပ်ငိုက်ကာ အားအင်ချည့်နဲ့သွားစေမည့် ဆေးဝါးတစ်မျိုးကို ဆေးသွင်းပုလင်းအတွင်းသို့ ထည့်သွင်း ထိုးနှံပေးလိုက်ပါ။】
【မစ်ရှင်ဆုလာဘ် - တရုတ်ရိုးရာ တိုင်းရင်းဆေးပညာ အတွေ့အကြုံ အမြောက်အမြား တိုးတက်ရရှိမည်။】
【မစ်ရှင်အချိန်ကန့်သတ်ချက် - ၁၂ နာရီ】
ဘရုစ် ဤမစ်ရှင်ကို စိုးစဉ်းမျှ တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း လက်ခံလိုက်တော့သည်။ သူသည် မိမိ၏ သမီးလေးအတွက်ဆိုလျှင်... မိမိ၏ အသက်ကိုပင် ဖြစ်ဖြစ် ဘာမဆို ပေးဆပ်ရန် အသင့်ရှိနေသူ ဖြစ်သည်။ ရှောင်ပေ့ကို အန္တရာယ်မရှိသော အိပ်ငိုက်ဆေးဝါး အနည်းငယ် ထိုးနှံပေးရုံမျှသာ ရှိသည်ကို... ဘာများ စိုးရိမ်စရာ ရှိတော့မည်နည်း။
သံသယဖြစ်ဖွယ်ရာ မရှိစေရန်အတွက် ဘရုစ်သည် သူ၏ အဖွဲ့သားများနှင့်အတူ လေးနက်လှသော အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ရှောင်ပေ့အတွက် ပြည့်စုံသော ကုသမှု အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်သည်။ အစီအစဉ် ပြီးဆုံးသွားသည့်အခါ ရှောင်ပေ့ စတင်၍ ဆေးသွင်းကုသမှုကို ခံယူခဲ့ရသည်။
ဘရုစ်ကိုယ်တိုင် ဆေးဝါးများကို သွားရောက်စပ်ဟပ်ခဲ့ပြီး... ရှောင်ပေ့၏ ဆေးသွင်းပုလင်း အတွင်းသို့ အိပ်ငိုက်ခြင်းနှင့် နုံးခွေခြင်းကို ဖြစ်ပေါ်စေတတ်သော အင်တီဟစ္စတမင်း ဆေးဝါးအချို့ကို ရောနှောထည့်သွင်းလိုက်တော့သည်။ ဤဆေးဝါးမှာ စနစ်မစ်ရှင်၏ လိုအပ်ချက်နှင့် ကိုက်ညီလှသလို... ရှောင်ပေ့၏ ဆေးရည်များနှင့် ရောနှောလိုက်သည့်အခါတွင်လည်း အလွယ်တကူ ရိပ်မိနိုင်ခြင်း မရှိချေ။
【ဂုဏ်ယူပါသည် ပိုင်ရှင်... မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။ ဆုလာဘ်အနေဖြင့် တရုတ်ရိုးရာ ဆေးပညာအတွေ့အကြုံ အမြောက်အမြားကို ပေးအပ်လိုက်ပါသည်။ ဂုဏ်ယူပါသည်... သင်၏ အခြေခံအဆင့် တရုတ်ဆေးပညာ စွမ်းရည်မှာ အလယ်အလတ်အဆင့် သို့ မြင့်တက်သွားခဲ့ပါပြီ။】
ရှောင်ပေ့ ဆေးသွင်းခြင်း ပြီးဆုံးသွားသည့်အခါ ဘရုစ် စနစ်ထံမှ မစ်ရှင်အောင်မြင်ကြောင်း မက်ဆေ့ဂျ်ကို လက်ခံရရှိလိုက်သည်။
အခြားတစ်ဖက်တွင်မူ...
【ဘရုစ်သည် မစ်ရှင်ကို ပြီးမြောက်အောင်မြင်ခဲ့သဖြင့် ဆုလာဘ်အနေဖြင့် တရုတ်ရိုးရာ ဆေးပညာအတွေ့အကြုံ အမြောက်အမြားကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဂုဏ်ယူပါသည် ပိုင်ရှင်... ၅ ဆ တိုးပွားသော တုံ့ပြန်ဆုလာဘ်ကို စတင်နိုင်ခဲ့သဖြင့်၊ တရုတ်ရိုးရာ ဆေးပညာအတွေ့အကြုံ အလုံးအရင်းကို ရရှိလိုက်ပါပြီ။】
မူဟန်သည်လည်း တူညီသော ဆုလာဘ်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။ သူ စနစ်အတွင်းရှိ မိမိ၏ အချက်အလက် မျက်နှာပြင်ကို ခေါ်ယူလိုက်ပြီး မိမိ၏ စွမ်းရည်များကို စစ်ဆေးကြည့်ရှုလိုက်တော့သည်။
【စွမ်းရည်များ - ထိပ်တန်းအဆင့် ပေါင်းစပ်ကိုယ်ခံပညာ ကျွမ်းကျင်မှု၊ အခြေခံအဆင့် ၊စတ္တဇညှို့အမျက်၀န်း၊သာမန်အခြေအနေတွင် ၂၀၀၀ ကီလိုဂရမ်အထိ ဖျက်ဆီးအားပြင်းသော ညာဘက်လက်သီးချက်၊ အဆင့်မြင့် တရုတ်ရိုးရာ ဆေးပညာကျွမ်းကျင်မှု (မဟာဆရာကြီးအဆင့် ဆေးပညာသို့ မြင့်တက်ရန် လိုအပ်သော အတွေ့အကြုံ၏ ၁၀ ပုံ ၁ ပုံ ရှိနေပြီ ဖြစ်သည်)】
စွမ်းရည်အသစ်တစ်ခုကို ထပ်မံရရှိသွားခဲ့သဖြင့် မူဟန် စိတ်ထဲတွင် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့ရပြီးနောက်... ရှောင်ပေ့ကို ဆက်လက်ကိုင်တွယ်ရန်အတွက် သူ၏ နောက်ထပ် အစီအစဉ်များကို စတင်စဉ်းစားလိုက်တော့သည်။
ဘရုစ်ထံသို့ ဤကဲ့သို့သော မစ်ရှင်မျိုး ပေးအပ်ခဲ့ရခြင်းတွင် ခိုင်လုံသော အကြောင်းပြချက် ရှိပေသည်။ အရိုးရှင်းဆုံး ပြောရလျှင်မူ... ၎င်းမှာ ကျန်းမင်းနှင့် ရှောင်ပေ့တို့အကြား ဆက်ဆံရေးကို ဖြိုခွဲဖျက်ဆီးပစ်ရန်အတွက် ပထမဆုံးသော ခြေလှမ်းပင် ဖြစ်သည်။
မူဟန် ကုတင်ပေါ်မှ ထကာ မျက်နှာသစ် သွားတိုက်ပြီးနောက် နံနက်စာ သုံးဆောင်ရင်း သူ၏ အစီအစဉ်ကို ဆက်လက်တွေးတောနေခဲ့သည်။
နံနက်စာ သုံးဆောင်ပြီးခါစမှာပင် ကျန်းရုန်ဖေးထံမှ ဖုန်းရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သူမ၏ လေသံမှာ အလွန်ပင် တိုးညှင်းနေခဲ့ပြီး စိတ်ပျက်အားလျော့နေဟန်ဖြင့် - "ဒီနေ့ မနက်စောစောတင်... ဖေဖေ ကျွန်မရဲ့ ကုမ္ပဏီကို ရောက်လာခဲ့တယ်"
၎င်းမှာ တိုတောင်းလှသော စကားတစ်ခွန်းမျှသာ ဖြစ်သော်လည်း မူဟန် မည်သို့သောအရာ ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းမိလိုက်သည်။
"မင်း အလျှော့ပေးလိုက်မိပြီလား" မူဟန် သော့ချက်ကျသော အချက်ကို ဦးတည်၍ မေးမြန်းလိုက်သည်။
"ဟင့်အင်း... လုံးဝ မဟုတ်ပါဘူး…ဒါပေမယ့် ဖေဖေက အရမ်းကို ဒေါသထွက်နေခဲ့တာ... ဒေါသထွက်လွန်းလို့ သတိတောင် လစ်မတတ် ဖြစ်သွားခဲ့ရတယ်" ကျန်းရုန်ဖေး၏ စကားလုံးများအတွင်း၌ စိုးရိမ်ပူပန်မှုများ အရိပ်အယောင် ထင်ဟပ်နေခဲ့သည်။
မူဟန် ကျန်းရုန်ဖေး၏ လေသံအတွင်းမှ စိတ်ခံစားချက်ကို အကဲခတ်မိလိုက်သဖြင့်... ကျန်းမင်းနှင့် ရှောင်ပေ့တို့အကြား ဆက်ဆံရေးကို ဖြိုခွဲပစ်ရန် အစီအစဉ်မှာ အလွန်ပင် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။ သို့မဟုတ်ပါက အကယ်၍ ကျန်းမင်းတစ်ယောက် နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံ၍ ပြဿနာရှာ ဂျစ်တိုက်ပြနေဦးမည်ဆိုလျှင်... ကျန်းရုန်ဖေးအနေဖြင့် အမှန်တကယ်ပင် စိတ်ပျော့ကာ အလျှော့ပေးသွားနိုင်ခြေ ရှိပေသည်။
"မင်း စိတ်မပျော့လိုက်နဲ့ဦး ဖေးဖေး။ အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြီး စဉ်းစားကြည့်ဦးလေ။ မင်းရဲ့ ဖေဖေက မင်းကို ရှောင်ပေ့နဲ့ အတင်းပေးစားဖို့အတွက်... ကုမရတဲ့ ရောဂါဆိုးကြီး စွဲကပ်နေပါတယ်ဆိုပြီး ဟန်ဆောင် လှည့်စားခဲ့ဖူးတယ် မဟုတ်လား။ အခုလည်း သူ သေချာပေါက် အဲဒီနည်းလမ်းဟောင်းကြီးကိုပဲ ထပ်ပြီး သုံးနေတာ ဖြစ်ရမယ်" မူဟန် စိတ်ချလက်ချပင် သွေးထိုးလိုက်သည်။
သူသည် ခေါင်းမာလှသည့် အဖိုးကြီး ကျန်းမင်း၏ ဘေးအန္တရာယ်နှင့် ကျန်းမာရေးကို စိုးစဉ်းမျှ ဂရုစိုက်မည့်သူ မဟုတ်ချေ။ ထို့အပြင် ပွင့်ပွင့်လင်းလင်း ပြောရလျှင်မူ... ဇာတ်လိုက်မင်းသမီး၏ ဖခင်ဖြစ်သူအနေဖြင့် ဤကဲ့သို့သော ခေါင်းမာလှသည့် အဖိုးကြီးတစ်ဦးမှာ... ဒေါသထွက်ရုံမျှဖြင့် အသက်ဆုံးရှုံးသွားနိုင်ခြေ အလွန်တရာ နည်းပါးလှပေသည်။ ၎င်းအပြင်... ယခုအခါ သူကိုယ်တိုင်လည်း အဆင့်မြင့် ဆေးပညာရပ်များကို တတ်မြောက်ထားပြီ ဖြစ်ရာ၊ အကယ်၍ မတော်တဆ အရေးပေါ် အခြေအနေတစ်ခုခု ဖြစ်ပေါ်လာခဲ့လျှင်ပင်... သူကိုယ်တိုင် ဝင်ရောက်၍ ဤအဖိုးကြီး၏ အသက်ကို ကယ်တင်ပေးနိုင်လှပေသည်။
ဖုန်း၏ အခြားတစ်ဖက်တွင်မူ ကျန်းရုန်ဖေး တိတ်ဆိတ်သွားခဲ့ရပြီး မူဟန်ပြောဆိုသော စကားများ၏ ယုံကြည်နိုင်စွမ်းကို စဉ်းစားဆင်ခြင်နေပုံ ရသည်။
မူဟန် ကျန်းရုန်ဖေးကို ဆက်လက်၍ တွေးတောရန် အချိန်မပေးလိုတော့သဖြင့် ထပ်မံဆိုလိုက်သည် - "ငါ့အမြင်ကတော့ ဒီလိုရှိတယ်... ငါ ဒီနေ့ မင်းတို့အိမ်ကို ကိုယ်တိုင်လာခဲ့ပြီး မင်းရဲ့ ဖေဖေနဲ့ ပြတ်ပြတ်သားသား ရင်ဆိုင် လိုက်မယ်။ ပြီးတော့ ရှောင်ပေ့ကိုပါ အဲဒီနေရာကို တစ်ခါတည်း ခေါ်ခိုင်းလိုက်လေ"
"ဒါ... ဒါက တကယ်ပဲ အဆင်ပြေပါ့မလားဟင်" ကျန်းရုန်ဖေး စိုးရိမ်တကြီးဖြင့် မေးမြန်းရှာသည်။
"ပြဿနာကို အမြစ်ကနေ ဖြတ်တောက်ပစ်ရမယ် … ဒီအတိုင်း အချိန်ဆွဲနေရင်... ကိစ္စတွေက ပိုပြီးတော့ပဲ ရှုပ်ထွေးသွားလိမ့်မယ်။ အကယ်၍ မင်းက ရှောင်ပေ့နဲ့အတူ ဆက်ပြီးတော့ အိမ်ထောင်သည်အဖြစ် နေထိုင်သွားချင်သေးတယ်ဆိုရင်တော့လည်း... ငါ အခုပြောခဲ့တာတွေကို ဘာမှမကြားခဲ့သလိုပဲ သတ်မှတ်လိုက်ပါတော့" မူဟန်၏ လေသံမှာ အဆုံးသတ်တွင် အနည်းငယ် မကျေမနပ် ဖြစ်သွားဟန် ဆောင်လိုက်သည်။
၎င်းကို ကြားရသောအခါ ကျန်းရုန်ဖေးတစ်ယောက် အလွန်ပင် ပျာယာခတ်သွားခဲ့ရပြီး အလျင်အမြန်ပင် ရှင်းပြလိုက်တော့သည် - "မဟုတ်ပါဘူး... ကျွန်မ ရှောင်ပေ့အပေါ်မှာ ရွံရှာစက်ဆုပ်စိတ်ကလွဲလို့ ဘာမှမရှိပါဘူး။ ကျွန်မ သူနဲ့ ဖြစ်တည်နေတဲ့ ဒီလိုမျိုး ပြဇာတ်ဆန်လှတဲ့ အိမ်ထောင်ရေး အမှားကြီးကို အခုချက်ချင်းပဲ အဆုံးသတ်ပစ်ချင်နေတာပါ"
"အဲလိုဆိုရင်လည်း... မင်း ဘာတွေကို တွန့်ဆုတ်နေဦးမှာလဲ…ငါက... မင်းနဲ့ ရှောင်ပေ့တို့က တရားဝင် လက်ထပ်ထားကြတဲ့ အိမ်ထောင်သည်တွေ ဖြစ်နေတယ်ဆိုတာကို သတိရမိသွားလို့... ငါက... ငါက ဒီအတိုင်းပဲ..." မူဟန် အဆုံးသတ်တွင် စကားကို ဆက်မပြောတော့ဘဲ ရုတ်တရက် ရပ်တန့်လိုက်သည်။
သူ စကားကို အဆုံးအထိ မပြောခဲ့သော်လည်း ကျန်းရုန်ဖေးအနေဖြင့် သူ ဘာကို ဆိုလိုချင်သည်ကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းမိလိုက်သဖြင့်... သူမ တွန့်ဆုတ်မနေတော့ဘဲ စိုးစဉ်းမျှ မဆိုင်းမတွဘဲ ချက်ချင်းပင် ဆိုလိုက်တော့သည် -
"ကောင်းပါပြီ... ကျွန်မ ဒီနေ့ ရှင့်ကို ကျွန်မတို့ အိမ်ကို ခေါ်သွားပါ့မယ်”