အခန်း (၃၃) - သူကိုယ်တိုင် အရှက်ရှာခဲ့ခြင်းသာ ဖြစ်သည်
ရှောင်ပေ့သည် ကျန်းရုန်ဖေးနှင့် မူဟန်တို့ လက်ချင်းချိတ်ကာ ထွက်ခွာသွားကြသည်ကို ကြည့်ရင်း ရင်ထဲတွင် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ပြီး ဘာဆက်လုပ်ရမည်ကို စဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် ကျန်းမင်းက ဖုန်းထပ်မံခေါ်ဆိုလာပြီး ရှောင်ပေ့ကို ဆိုလိုက်သည် - "ဖေးဖေး ကို အတင်းခေါ်လာခဲ့စမ်း… အကယ်၍ သူက ကောင်းကောင်းပြောလို့မှ မရရင်... နင် သူ့ကို ကြိုးနဲ့တုတ်ပြီးတော့ဖြစ်ဖြစ် ပြန်ခေါ်လာခဲ့ရမယ်"
ယောက္ခမဖြစ်သူ၏ တိုက်ရိုက်အမိန့်ကို ရရှိလိုက်သဖြင့် ရှောင်ပေ့သည် ကျန်းရုန်ဖေးတို့နောက်သို့ လျင်မြန်စွာ လိုက်မီသွားခဲ့ပြီး ကျန်းမင်း ပြောဆိုခဲ့သော စကားများကို ပြန်လည်၍ လှမ်းပြောလိုက်တော့သည်။
"ကျွန်မ ပြန်မလာဘူးလို့ ပြောပြီးပြီပဲဟာ ရှင် ကျွန်မကို လာထိရဲရင် ထိကြည့်လိုက်လေ... ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" ကျန်းရုန်ဖေး ရှောင်ပေ့ကို ရွံရှာစက်ဆုပ်ဖွယ် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ရှောင်ပေ့သည် ကျန်းရုန်ဖေးကို ထိခိုက်ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်သဖြင့်... သဘာဝအတိုင်း သူမအပေါ် ကြမ်းတမ်းသော အင်အားကို အသုံးမပြုဝံ့ချေ။ မိန်းကလေးတစ်ဦးအပေါ် အကြမ်းဖက်ခြင်းဟူသည်မှာ အောက်တန်းကျလွန်းသော အပြုအမူ ဖြစ်သည် မဟုတ်ပါလား။
ထို့ကြောင့် ရှောင်ပေ့သည် မူဟန့်ထံမှနေ၍ စတင်ကိုင်တွယ်ရန်နှင့် သူ့ကို အကျပ်ရိုက်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး၊ မူဟန်၏ ရှေ့မှောက်သို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်ရင်း ဆိုလိုက်သည် -
"သူငယ်ချင်း... ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ခဏလောက် အလိုက်သိပေးပါဦး။ နောက်ရက်ကျရင် ငါ မင်းကို ညစာ ကောင်းကောင်း ပြန်ဧည့်ခံပါ့မယ်"
မူဟန် ရှောင်ပေ့၏ ဆန့်ထုတ်ထားသော လက်ကို ငုံ့ကြည့်လိုက်သည့်အခါ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ သူသည် ရှောင်ပေ့ကို စမ်းသပ်ရန် အခွင့်အရေး ရှာမရ ဖြစ်နေခဲ့ခြင်း ဖြစ်ရာ... မမျှော်လင့်ဘဲ ရှောင်ပေ့ကိုယ်တိုင်က သူ့ထံသို့ လာရောက်၍ တံခါးခေါက်လာခဲ့ချေပြီ။
မူဟန် သူ၏ မျက်နှာအမူအရာကို တည်ငြိမ်အောင် ဟန်ဆောင်ထားဆဲဖြစ်ပြီး၊ သူ၏ ညာဘက်လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ ၎င်းကို မြင်တွေ့လိုက်ရသောအခါ ရှောင်ပေ့သည် မူဟန်တစ်ယောက် လက်ပြန်ရုပ်သိမ်းသွားမည်ကို စိုးရိမ်သည့်အလား... လက်ကို ရှေ့သို့ ပိုမိုဆန့်ထုတ်ကာ မူဟန်၏ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တော့သည်။
သူတို့နှစ်ဦး၏ ညာဘက်လက်ဝါးချင်း ထိစပ်သွားခဲ့ကြသည့် အခိုက်အတန့်တွင်... မူဟန်သည် ရှောင်ပေ့၏ လက်ဝါးထံမှ တဖြည်းဖြည်းချင်း တိုးမြင့်လာသော ညှစ်အားကို အထင်အရှား ခံစားလိုက်ရသည်။ ထို့ကြောင့် မူဟန်သည် တစ်ဖက်လူ၏ သတိလက်လွတ်ဖြစ်မှုကို ရယူရန်အတွက်... ရှောင်ပေ့၏ လက်ဝါးအတွင်းမှ ရုန်းထွက်ချင်ယောင် ဆောင်လိုက်တော့သည်။
ရှောင်ပေ့ကမူ သဘာဝအတိုင်း မူဟန့်ကို လွှတ်ပေးရန် စိတ်ကူးမရှိဘဲ သူ၏လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ မူဟန်တွင် အချိုးအစားကျနလှသော ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိသော်လည်း၊ ကြွက်သားအဖုဖုနှင့် တောင့်တင်းလှသော ရှောင်ပေ့နှင့် ယှဉ်လျှင်မူ ကွာခြားချက်တစ်ခု ရှိနေသေးသည် မဟုတ်ပါလား။
ကျန်းရုန်ဖေးသည် ရှောင်ပေ့တစ်ယောက် မကောင်းသောအကြံ ကြံစည်နေသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ မူဟန် ထိခိုက်ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်ကာ ရှောင်ပေ့ကို ချက်ချင်း အော်ဟစ်လိုက်တော့သည် - "သူ့ကို အခုချက်ချင်းလွှတ်စမ်း"
ရှောင်ပေ့ သူမ၏ စကားကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး၊ သူ၏ စိတ်ထဲတွင်မူ မူဟန်နှင့် ကျန်းရုန်ဖေးတို့ စောစောက အနမ်းပြိုင်ပွဲတွင် ဖက်လဲတကင်း နမ်းရှုံ့နေခဲ့ကြသည့် ပုံရိပ်များကိုသာ ပြန်လည်မြင်ယောင်နေခဲ့သည်။ သူ၏ မျက်ဝန်းများအတွင်း၌ အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီးနောက်... မူဟန့်ကို နာကျင်ဖွယ် သင်ခန်းစာတစ်ခု ပေးရန်အတွက် သူ၏ လက်ဝါးမှ ညှစ်အားကို အစွမ်းကုန် တိုးမြှင့်လိုက်တော့သည်။
သို့သော်လည်း မမျှော်လင့်ဘဲ ဤအခိုက်အတန့်တွင်... တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသော အင်အားတစ်ခုမှာ မူဟန်၏ လက်ဝါးအတွင်းမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော ရှောင်ပေ့သည် သူ၏ ညာဘက်လက်ထံမှ စူးရှလှသော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရတော့သည်။
【ပိုင်ရှင်သည် ဇာတ်လိုက်မင်းသား ရှောင်ပေ့ကို မသန်မစွမ်းဖြစ်အောင် ထိခိုက်စေခဲ့သည်။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် -၅၀၊ ပိုင်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် +၅၀】
မူဟန်၏ ညာဘက်လက်မောင်း အင်အားမှာ ရှောင်ပေ့ထက် နှစ်ဆမျှ သာလွန်လွန်းလှပေသည်။ ထို့အပြင် ရှောင်ပေ့ဘက်က သူ့ကို အထင်သေးမိသွားခြင်းနှင့် ပေါင်းစပ်လိုက်သည့်အခါ... မူဟန်သည် သူ၏ စွမ်းအားအားလုံးကို ရုတ်တရက် အသုံးပြု၍ ညှစ်ချလိုက်ခြင်း ဖြစ်သည်။
ဤညှစ်ချက်ကြောင့်... မူဟန်သည် သူ၏ အားအင်အားလုံးကို ထည့်သွင်းအသုံးပြုခဲ့သဖြင့်၊ ရှောင်ပေ့၏ ညာဘက်လက်ဝါးမှ အရိုးများကို တိုက်ရိုက်ပင် ကြေမွသွားစေခဲ့တော့သည်။
မူဟန်အနေဖြင့် ရှောင်ပေ့နှင့် ပတ်သက်၍ တစ်ခုတည်းသော စိုးရိမ်ရသည့် အချက်မှာ... တစ်ဖက်လူ၏ ထိပ်တန်းအဆင့် သေနတ်ပစ်ကျွမ်းကျင်မှုပင် ဖြစ်သည်။ ယခုအခါ ရှောင်ပေ့၏ ညာဘက်လက်ဝါးရိုးများ ကြေမွသွားခဲ့ပြီ ဖြစ်ရာ... ကာလရှည်ကြာစွာ ပြန်လည်ကောင်းမွန်လာနိုင်တော့မည် မဟုတ်သလို၊ သေနတ်ကိုလည်း ကောင်းမွန်စွာ ကိုင်ဆောင်နိုင်တော့မည် မဟုတ်ချေ။
မူဟန် ဤတိုက်ခိုက်မှုလှိုင်းမှနေ၍ အမြတ်အစွန်းအမြောက်အမြား သိမ်းပိုက်ရရှိသွားခဲ့ချေပြီ။
ရှောင်ပေ့သည် ကြီးမားလှသော ဆုံးရှုံးမှုနှင့် ကြုံတွေ့လိုက်ရသော်လည်း၊ သူသည် စိတ္တဗလ ပြတ်သားသူဖြစ်ရာ... မည်သည့် အသံတစ်သံမျှ ထွက်ပေါ်မလာစေဘဲ နာကျင်မှုကို အံကြိတ်၍ သည်းခံထားခဲ့သည်။ မူဟန်သည်လည်း ဘာမှမဖြစ်ခဲ့သကဲ့သို့ အမူအရာဖြင့် ရှောင်ပေ့၏ လက်ကို ပြန်လည်၍ လွှတ်ပေးလိုက်တော့သည်။
ကုန်တိုက်အတွင်း၌ ဆူညံသံများ အလွန်ပြင်းထန်နေသဖြင့်... ကျန်းရုန်ဖေးအနေဖြင့် ရှောင်ပေ့၏ လက်ရိုးများ ကြေမွသွားသည့် အသံကို မကြားသိခဲ့ရချေ။ သို့သော်လည်း ရှောင်ပေ့၏ မျက်နှာနှင့် နှုတ်ခမ်းများ ဖြူလျော့သွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူမ စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
ရှောင်ပေ့သည် မာနကြီးလွန်းသူ ဖြစ်ရာ... ကျန်းရုန်ဖေး၏ ရှေ့မှောက်တွင် သိက္ခာကျမည့်အရေးကို လုံးဝ အဖြစ်မခံနိုင်သဖြင့် သဘာဝအတိုင်း နာကျင်မှုကို အော်ဟစ်ခြင်း မပြုခဲ့ချေ။ ထို့အပြင် အကယ်၍ သူသာ အော်ဟစ်ခဲ့လျှင်ပင်... ကျန်းရုန်ဖေးက သူ့ကို မုန်းတီးနေသည့် အခြေအနေအရ အလွန်ဆုံးရှိလှမှ လှောင်ပြုံးပြုံးရုံမျှသာ ရှိပေလိမည်။ ဘာပဲဖြစ်ဖြစ် ဤလက်ဆွဲနှုတ်ဆက်ခြင်းကို ရှောင်ပေ့ကိုယ်တိုင်က ဦးဆောင်၍ စတင်ခဲ့ခြင်း မဟုတ်ပါလား။
"သူ့ကို လျစ်လျူရှုထားလိုက် သွားကြစို့"
ကျန်းရုန်ဖေး မူဟန်၏ လက်ကို ဆွဲကိုင်လိုက်ပြီး သူနှင့်အတူ ဆက်လက်လျှောက်လှမ်းခဲ့ရာ... မကြာမီအချိန်မှာပင် ရှောင်ပေ့၏ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားခဲ့ကြတော့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်... ကျန်းမင်းသည် ရှောင်ပေ့ထံမှ မည်သည့် တုံ့ပြန်မှုစာတစ်စောင်မျှ ပြန်လည်မရရှိခဲ့သဖြင့်၊ ကျန်းရုန်ဖေးထံသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်တော့သည်။ သားအဖနှစ်ဦးမှာ ဖုန်းထဲတွင် နောက်တစ်ကြိမ် ပြင်းထန်စွာ အငြင်းပွားခဲ့ကြပြန်သည်။ ကျန်းရုန်ဖေး စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသဖြင့် ဖုန်းကို တိုက်ရိုက်ချပစ်လိုက်ပြီးနောက်... ဖုန်းကိုပါ လုံးဝ ပိတ်ပစ်လိုက်တော့သည်။
"ကျွန်မ တကယ်ကို နားမလည်နိုင်တော့ဘူး။ ဘာဖြစ်လို့ ဖေဖေက ရှောင်ပေ့အပေါ်ကို ဒီလောက်တောင် ကောင်းနေရတာလဲ... ရှောင်ပေ့ကပဲ သူ့ရဲ့ သားအရင်း ဖြစ်ပြီး၊ ကျွန်မကပဲ ကောက်ရတဲ့ ကလေးတစ်ယောက်လိုမျိုး ခံစားရတယ်" ကျန်းရုန်ဖေး စိတ်ထဲတွင် မတရားသဖြင့် ခံစားရသဖြင့်... သူမ၏ စိတ်မချမ်းမြေ့မှုများကို မူဟန့်ထံသို့ ရင်ဖွင့်ကာ တိုင်တည်လိုက်ရှာသည်။
မူဟန် နှစ်သိမ့်စကား အနည်းငယ် ပြောဆိုပေးခဲ့သော်လည်း ထိရောက်မှု မရှိလှသဖြင့် သူ ဆက်လက်၍ မပြောတော့ချေ။
ဇာတ်ပို့ဇာတ်ကောင်ဖြစ်သော ကျန်းမင်းဟူသည့် ခေါင်းမာလှသည့် အဖိုးကြီးမှာ... ဇာတ်လိုက် ရှောင်ပေ့ဘက်မှနေ၍ အပြည့်အဝ ရပ်တည်ပေးနေဆဲဖြစ်ရာ ၎င်းမှာ အနည်းငယ် အန္တရာယ်ရှိပြီး ပြဿနာရှာနိုင်လှပေသည်။
ယခုအခါ နောက်ဆုံးအကြိမ် စနစ်ပေးအပ်ခဲ့သည့် အချိန်မှစ၍ ၄၈ နာရီ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ မူဟန်အနေဖြင့် အခြားသူများထံသို့ စနစ် များကို ထပ်မံ၍ ပေးအပ်နိုင်ပြီဖြစ်ရာ... ကျန်းမင်းထံသို့ စနစ်တစ်ခု ပေးအပ်ခြင်းမှာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း မူဟန်အနေဖြင့် ကျန်းမင်းထံသို့ စနစ်တစ်ခု လွယ်လွယ်ကူကူ ပေးအပ်ရန်အတွက် စိတ်အားထက်သန်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းမာလှသည့် အဖိုးကြီးမှာ အလွန်တရာ အစွဲအလမ်းကြီးလွန်းလှပြီး ရှောင်ပေ့နှင့် ကျန်းရုန်ဖေးတို့ကို ပေါင်းစပ်ပေးရန်သာ အမြဲတစေ ကြံစည်နေသောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော အဖိုးကြီးထံမှ ဆုလာဘ်များ ရယူရန် ကြိုးပမ်းခြင်းမှာ တွက်ခြေမကိုက်လှချေ။
ဘာပဲဖြစ်ဖြစ် စနစ်ပေးအပ်ခြင်း အရေအတွက် ကန့်သတ်ချက်မှာ စုဆောင်းထားနိုင်သဖြင့်... မူဟန်အနေဖြင့် ယခုချက်ချင်း အသုံးပြုရန် အလျင်မလိုဘဲ လောလောဆယ် သိမ်းဆည်းထားနိုင်ကာ၊ သင့်လျော်သော ကိုယ်စားလှယ်လောင်း တစ်ဦးကို စောင့်ဆိုင်းနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ... ကျန်းမင်းနှင့် ရှောင်ပေ့တို့အကြား ဆက်ဆံရေးကို ဖျက်ဆီးပစ်ခြင်းအားဖြင့်လည်း ကျန်းမင်းကို ဖယ်ရှားပစ်နိုင်လှပေသည်။ ကျန်းမင်းနှင့် ရှောင်ပေ့တို့အကြား ဆက်ဆံရေး ကောင်းမွန်နေခဲ့သော်လည်း... ၎င်းကို ဖြေရှင်းရန် နည်းလမ်းမရှိသည်တော့ မဟုတ်ချေ။
ယောက်ျားနှစ်ဦးကို အပြန်အလှန် ရန်သူဖြစ်သွားစေရန် ပြုလုပ်နိုင်မည့် အကောင်းဆုံး နည်းလမ်းမှာ... အမျိုးသမီးတစ်ဦးကို ကြားခံအသုံးပြုခြင်းပင် ဖြစ်သည်။
ကျန်းရုန်ဖေးသည် ဤမျှလောက်တောင် လှပနေသည်မှတော့... သူမ၏ မိခင်ဖြစ်သူသည်လည်း သေချာပေါက် ရုပ်ရည်အလှတရား ရှိရပေမည်။ ကျန်းရုန်ဖေး၏ မိခင်ဖြစ်သူမှာ အသက် ၄၅ နှစ် ဝန်းကျင်ခန့်သာ ရှိဦးမည်ဟု ခန့်မှန်းရသည်။
ကျန်းမိသားစုကဲ့သို့သော ကြီးမားလှသည့် လုပ်ငန်းစုကြီးတစ်ခုတွင် ငွေကြေးပြတ်လပ်မှု လုံးဝမရှိနိုင်ရာ... ကျန်းရုန်ဖေး၏ မိခင်မှာ သေချာပေါက် အထက်တန်းလွှာ သူဌေးမကြီး တစ်ဦး ဖြစ်ပေလိမည်။ သူမသည် ပုံမှန်အတိုင်း မိမိကိုယ်ကိုယ် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရမည်ဖြစ်ရာ... လက်ရှိအချိန်အထိ အလွန်တရာ ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ရပေမည်၊ မဟုတ်ဘူးလား။
"ဟေး... ဟိုမှာ ဆေးဆိုင်တစ်ဆိုင် ရှိတယ်" မူဟန် တွေးတောနေခဲ့ရင်းနှင့်... ဘေးနားရှိ ကျန်းရုန်ဖေး၏ စကားသံကြောင့် စိတ်ကူးကမ္ဘာမှ လက်တွေ့လောကသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့နှစ်ဦး လမ်းလျှောက်လာခဲ့ကြရင်း ဆေးဆိုင်တစ်ဆိုင်ကို ဖြတ်ကျော်မိခဲ့ကြခြင်း ဖြစ်သည်။
မူဟန် ခေတ္တမျှ ကြောင်အသွားရပြီးမှ... ကျန်းရုန်ဖေး စောစောက ပြောဆိုခဲ့သော ဆေးဝယ်ယူမည့် ကိစ္စကို ပြန်လည်သတိရသွားခဲ့သည် - "ဒါဆိုရင်... ငါတို့ အတွင်းထဲကို ဝင်ပြီး ကြည့်ကြတာပေါ့"
သူတို့နှစ်ဦး ဆေးဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ကျန်းရုန်ဖေး သူမ၏ လွယ်အိတ်အတွင်းမှ လိမ်းဆေးဘူးကို ထုတ်ယူကာ ဆေးဆိုင်အတွင်း၌ လိုက်လံရှာဖွေခဲ့သည်။ သူမသည် တူညီသော ဆေးပစ္စည်းကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ပြီးနောက်၊ ငွေရှင်းကာ ဆေးဆိုင်အတွင်းမှ ပြန်လည်ထွက်ခွာခဲ့တော့သည်။
"ရော့... ဒါ ရှင့်အတွက်" ကျန်းရုန်ဖေး ဆေးဘူးကို လှမ်း၍ ပေးအပ်လိုက်ရင်း၊ သူမ၏ မျက်နှာလေးမှာ နီမြန်းနေခဲ့ပြီး မူဟန့်ကို ထပ်မံ၍ မကြည့်ရဲတော့ချေ။
ကျန်းမိသားစု နေအိမ်။
သူမ၏ သမီးဖြစ်သူက ဖုန်းချပစ်လိုက်ပြီးနောက်၊ ကျန်းမင်း ဖုန်းပြန်လည်ခေါ်ဆိုခဲ့သော်လည်း "သင်ခေါ်ဆိုသော တယ်လီဖုန်းမှာ လက်ရှိတွင် ပိတ်ထားပါသည်" ဟူသော အကြောင်းကြားချက်ကိုသာ ရရှိခဲ့သည်။ ဤအရာက ကျန်းမင်းကို အလွန်အမင်း ဒေါသထွက်သွားစေခဲ့သည်။
ကျန်းရုန်ဖေး၏ မိခင်ဖြစ်သူ ယွီဟုန် က ဘေးမှနေ၍ ဖျောင်းဖျလိုက်သည် - "အတင်းအကျပ် စေခိုင်းတဲ့ အချစ်က ဘယ်တော့မှ မချိုမြိန်နိုင်ပါဘူး ယောကျ်ားရယ်။ ဖေးဖေး က ဒီအိမ်ထောင်ရေးအပေါ် ဒီလောက်တောင် ဆန့်ကျင်နေမှတော့... ကျွန်မတို့ သမီးရဲ့ ဆန္ဒအတိုင်းပဲ လိုက်လျောပေးလိုက်ရင်ကော မကောင်းဘူးလားဟင်"
"သူတို့က လက်ထပ်စာချုပ်တောင် ချုပ်ထားပြီးပြီဟာကို... မင်းက သူတို့ကို ကွာရှင်းခိုင်းချင်တာလား" ကျန်းမင်းက ဆိုလိုက်သည်။
"ကျွန်မတို့ လက်ထပ်စာချုပ် ယူထားခဲ့တာ မှန်ပေမယ့်... အဲဒါကို အများပြည်သူကိုလည်း ချပြထားတာ မဟုတ်ဘူး…မင်္ဂလာပွဲလည်း မလုပ်ရသေးဘူးလေ။ ဒီအကြောင်းကို ကျွန်မတို့ မိသားစုတွေပဲ သိကြတာ။ ကျွန်မတို့ တိတ်တဆိတ်ပဲ ကွာရှင်းပေးလိုက်ရင်... နောင်ကျရင် ဖေးဖေး အခြားလူတစ်ယောက်ယောက်ကို ရှာဖွေတဲ့အခါမှာလည်း သက်ရောက်မှု အများကြီး ရှိမှာ မဟုတ်တော့ပါဘူး"
"သံယောဇဉ်မရှိရင်လည်း... နောင်ကျရင် တဖြည်းဖြည်းချင်း မွေးမြူသွားလို့ ရတာပဲလေ။ ငါတို့တုန်းကကော ဒီလိုပဲ မဟုတ်ခဲ့ဘူးလား... အခုကျတော့လည်း ငါတို့ အဆင်ပြေပြေ နေနိုင်တာပဲဟာကို" ကျန်းမင်းက ကန့်ကွက်လိုက်သည်။
"ခေတ်ကာလတွေက ပြောင်းလဲသွားခဲ့ပါပြီ ယောကျ်ားရယ်။ အခုခေတ် လူငယ်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိကြတာပဲ။ ပြီးတော့... ပြီးတော့ ရှောင်ပေ့ကလည်း ကျွန်မအမြင်မှာတော့... နည်းနည်း ယုံကြည်ရခက်တဲ့ ပုံစံမျိုး ရှိနေသလိုပဲ" ယွီဟုန်က ဆိုလိုက်သည်။
"ရှောင်ပေ့က ငါ့ရဲ့ ရဲဘော်ရဲဘက်ဟောင်းရဲ့ သားပဲလေ…သူက လူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ ငါ အပြည့်အဝ ယုံကြည်တယ်…မင်း ဝင်ရောက်စွက်ဖက်ဖို့ မလိုပါဘူး... ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိပြီးသား"
ကျန်းမင်းသည် ယောက်ျားဝါဒီ တစ်ဦးဖြစ်ရာ ယွီဟုန်၏ အကြံဉာဏ်များကို ဘယ်တော့မှ နားထောင်လေ့မရှိချေ။ ထိုသို့သာ မဟုတ်လျှင်... သူတို့သည် အစကတည်းက ဤလက်ထပ်စာချုပ်ကို ချုပ်ဆိုဖြစ်ကြမည် မဟုတ်ချေ။
မိမိလင်ယောကျ်ား၏ စကားကို ကြားရသောအခါ ယွီဟုန် သက်ပြင်းတစ်ချက်ကိုသာ အသာအယာ ချလိုက်မိတော့သည်။ သူမသည် စိတ်ဓာတ်ကြံ့ခိုင်လွန်းသော အမျိုးသမီးတစ်ဦး မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အလွန်ပင် နူးညံ့သိမ်မွေ့သူဖြစ်ပြီး၊ သူမ ကြီးပြင်းလာခဲ့ရသော ခေတ်စနစ်ကြောင့် "လင်ယောကျ်ားသည်သာ အရာရာ" ဟူသော အတွေးအခေါ်မျိုး ရှိနေသူ ဖြစ်သည်။
သူမအနေဖြင့် မိမိလင်ယောကျ်ား၏ အပြုအမူများအပေါ် မကျေနပ်မှုများ ရှိနေခဲ့လျှင်ပင်... အလွန်ဆုံးရှိလှမှ ဖျောင်းဖျရန်သာ ကြိုးပမ်းလေ့ရှိပြီး၊ အကယ်၍ ဖျောင်းဖျ၍ မရပါကလည်း ဆက်လက်၍ ငြင်းခုံရန် ကြိုးပမ်းတော့မည် မဟုတ်ချေ။