အခန်း (၃၁) - စုံတွဲများ အနမ်းပြိုင်ပွဲ စိန်ခေါ်မှု
စားသောက်ဆိုင်အတွင်း၌ လူအုပ်ကြီးဖြင့် အလွန်ပင် စည်ကားနေခဲ့သည်။ မူဟန်နှင့် ကျန်းရုန်ဖေးတို့သည် ကြိုတင်၍ သီးသန့်ခန်း ဘိုကင်လုပ်ထားခြင်း မရှိသဖြင့် ဆိုင်၏ သာမန်အများသုံး စားပွဲဝိုင်းနေရာတွင်သာ ထိုင်၍ စားသောက်ခဲ့ကြရသည်။
ဟင်းပွဲများ မှာယူသည့်အခါ မူဟန်နှင့် ကျန်းရုန်ဖေးတို့သည် "နားလည်မှုရှိရှိ" ဖြင့် အစာကြေလွယ်ပြီး အနံ့အရသာ သိပ်မပြင်းထန်လှသော ပေါ့ပေါ့ပါးပါး ဟင်းပွဲအချို့ကိုသာ ရွေးချယ်မှာယူလိုက်ကြသည်။ မိနစ်တစ်ဆယ်ခန့်အကြာတွင် ဟင်းပွဲများ အသီးသီး ရောက်ရှိလာခဲ့တော့သည်။
ရှောင်ပေ့တစ်ယောက် မိမိနောက်သို့ တောက်လျှောက် လိုက်ပါလာခဲ့ကြောင်း သိရှိထားသဖြင့်၊ မူဟန်သည် ဘေးပတ်ဝန်းကျင်ရှိ ဟိုဟိုဒီဒီ ထိုင်ခုံနေရာများကို ဝေ့ဝိုက်၍ တစ်ချက် အကဲခတ်ကြည့်လိုက်ရာ... မျှော်လင့်ထားသည့်အတိုင်းပင် ခပ်လှမ်းလှမ်းတစ်နေရာ၌ ထိုင်နေသော ရှောင်ပေ့ကို တွေ့ရှိလိုက်ရသည်။
မူဟန်သည် စနစ်ဆက်သွယ်ရေးစွမ်းရည်မှတစ်ဆင့် ရှောင်ပေ့၏ အချက်အလက်များကို တိုက်ရိုက် စစ်ဆေးကြည့်ရှုလိုက်တော့သည်။
【ဇာတ်လိုက်မင်းသား - ရှောင်ပေ့ 】
【ဆွဲဆောင်မှုအမှတ် - ၇၉】
【တိုက်ခိုက်ရေးစွမ်းရည် - ၇၅၃】
【ဇာတ်လိုက်အရှိန်အဝါအမှတ် - ၂၇၆】
【စွမ်းရည်များ - ထိပ်တန်းအဆင့် ကာကွယ်ရေးကိုယ်ခံပညာမျိုးစုံ ၊ ထိပ်တန်းအဆင့် သေနတ်ပစ်ကျွမ်းကျင်မှု၊ ထိပ်တန်းအဆင့် ကားမောင်းပြိုင်ပွဲကျွမ်းကျင်မှု၊ ထိပ်တန်းအဆင့် ထောက်လှမ်းရေးစွမ်းရည်】
【စရိုက်လက္ခဏာ - ပြတ်သားပြီး အလှအပနှင့် မိန်းမလှလေးများကို အလွန်ပင် မက်မောတတ်သူ】
【ကံကြမ္မာနှင့် ဖူးစာ - စူပါစစ်ဘုရင် (】
【အိမ်ရှင်အပေါ် ထားရှိသော စိတ်ခံစားချက် - -၈၀ (အလွန်တရာ မုန်းတီးခြင်း)】
ရှောင်ပေ့၏ တိုက်ခိုက်ရေးစွမ်းရည် ၇၅၃ ဆိုသည်မှာ မူဟန်၏ လက်ရှိစွမ်းရည် ၁၀၅၉ နှင့် ယှဉ်လျှင်မူ များစွာ နိမ့်ပါးလွန်းလှပေသည်။ ၎င်းကို မူဟန် ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း၊ စိတ်အေးသွားစေရန်အတွက် ရှောင်ပေ့၏ အချက်အလက်ကို သေချာအောင် စစ်ဆေးကြည့်လိုက်ခြင်းသာ ဖြစ်သည်။
"မင်းရဲ့ ညာဘက်ဘေးက စားပွဲဝိုင်းကို တစ်ချက်လောက် လှမ်းကြည့်လိုက်ဦး" မူဟန်က ကျန်းရုန်ဖေးကို အချက်ပြ၍ သတိပေးလိုက်သည်။
ကျန်းရုန်ဖေး စကားသံကြောင့် ခေါင်းကို အသာအယာ လှည့်၍ ကြည့်ရှုလိုက်ရာ... ရှောင်ပေ့ ရှိနေသည်ကို အထင်အရှား မြင်တွေ့လိုက်ရသည်။
"မင်း ဘာပဲလုပ်လုပ်... ငါ မင်းဘက်ကနေ အပြည့်အဝ ပူးပေါင်းပေးပါ့မယ်" မူဟန်က ဦးဆောင်၍ တက်ကြွစွာ ဆိုလိုက်သည်။
"ကောင်းပါပြီ..." ကျန်းရုန်ဖေး ဤအရာသည် အလွန်တရာ ရှားမှရှားသည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ကြောင်း သိရှိထားသည်…သူမ ခေတ္တမျှ စဉ်းစားပြီးနောက်၊ ဟင်းတစ်ဖတ်ကို တူ ဖြင့် ညှပ်ယူလိုက်ပြီး မူဟန်၏ ပန်းကန်လုံးအတွင်းသို့ သေသေသပ်သပ် ထည့်သွင်းပေးလိုက်သည်။
"ဒီလောက်တင်ပဲလား… ဟင်းဖတ်လေး တစ်ဖတ် ထည့်ပေးရုံနဲ့တော့... သူ ဘယ်လိုလုပ်ပြီး စိတ်ဓာတ်တွေ ပေါက်ကွဲသွားမှာလဲဗျာ" မူဟန်က ဤမျှလောက်သော အပြုအမူမှာ အဝေးကြီး လိုအပ်သေးသည်ဟု ခံစားလိုက်ရသည်။
ကျန်းရုန်ဖေးလည်း ထိုစကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်မိသဖြင့်… သူမ ချိုမြိန်စွာ ပြုံးလိုက်ပြီး ဟင်းဖတ်အချို့ကို ညှပ်ယူကာ မူဟန်၏ ပါးစပ်နားသို့ ကိုယ်တိုင်ကိုယ်ကျ လှမ်း၍ ခွံ့ကျွေးလိုက်တော့သည်။
【အိမ်ရှင်သည် ဇာတ်လိုက် ရှောင်ပေ့၏ စိတ်ဓာတ်ကို အောင်မြင်စွာ တိုက်ခိုက်ချိုးနှိမ်နိုင်ခဲ့သည်။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် -၂၊ အိမ်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် +၂】
ရလဒ်ထွက်ပေါ်လာခဲ့သော်လည်း အမှတ်ပမာဏမှာ နည်းပါးလွန်းလှသေးသည်။ ထို့ကြောင့် မူဟန်သည်လည်း သူ၏ တူကို ကောက်ကိုင်လိုက်ပြီး ကျန်းရုန်ဖေးကို ဟင်းဖတ်အချို့ ပြန်လည်၍ ခွံ့ကျွေးလိုက်တော့သည်။ သူမကို ခွံ့ကျွေးနေစဉ်မှာပင်... မူဟန်သည် တမင်သက်သက် ကျန်းရုန်ဖေး၏ နှုတ်ခမ်းဘေး အသားပြင်ပေါ်သို့ ဟင်းဆီအချို့ကို မသိမသာ ပေကျံသွားစေခဲ့သည်။
ကျန်းရုန်ဖေး အဝတ်စ သို့မဟုတ် တစ်ရှူးတစ်ခုခုကို ယူ၍ သုတ်ရန်အတွက် လက်လှမ်းလိုက်သော်လည်း၊ လမ်းတစ်ဝက်တွင် သူမ၏ လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မူဟန့်ကို အကြည့်တစ်ချက်ဖြင့် လှမ်း၍ အရိပ်အမြွက် ပြလိုက်သည်။
မူဟန် ချက်ချင်းပင် နားလည်သွားခဲ့သည်။ သူ တစ်ရှူးတစ်ခုကို ဆွဲဖြတ်လိုက်ပြီး ကျန်းရုန်ဖေး၏ မျက်နှာပေါ်မှ ဆီကွက်ကို အလွန်တရာ ညင်သာစွာ သုတ်ပေးလိုက်တော့သည်။ ထို့အပြင်... သုတ်ပြီးသွားသည့်နောက်တွင်မူ သူသည် ကျန်းရုန်ဖေး၏ နူးညံ့အိစက်လှသော ပါးပြင်လေးကို လက်ဖြင့် အသာအယာ ဆိတ်ဆွဲလိုက်သေးသည်။
ကျန်းရုန်ဖေး ခဏမျှ ကြောင်အသွားရပြီးမှ... မူဟန်သည် ရှောင်ပေ့ကို ဒေါသထွက်စေရန်အတွက် မိမိနှင့်အတူ သရုပ်ဆောင်ကာ ပူးပေါင်းပေးနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီး…သူမ၏ မျက်နှာထက်တွင် အလွန်တရာ ချိုမြိန်လှသော အပြုံးတစ်ခုကို ချက်ချင်း ဆင်မြန်းလိုက်တော့သည်။
【အိမ်ရှင်သည် ဇာတ်လိုက် ရှောင်ပေ့၏ စိတ်ဓာတ်ကို အောင်မြင်စွာ တိုက်ခိုက်ချိုးနှိမ်နိုင်ခဲ့သည်။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် -၃၊ အိမ်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် +၃】
ထို့နောက်တွင်မူ မူဟန်နှင့် ကျန်းရုန်ဖေးတို့သည် စည်းချက်ညီညီဖြင့်... တစ်ဦးကိုတစ်ဦး အပြန်အလှန် ခွံ့ကျွေးလိုက်ကြရင်း၊ ပါးပြင်လေးများကို ဆိတ်ဆွဲခြင်းနှင့် လက်ချင်းချိတ်ထားခြင်းကဲ့သို့သော သေးငယ်သည့် ချစ်စနိုး အပြုအမူလေးများကိုပါ ထပ်မံထည့်သွင်းကာ ရုပ်ရှင်ပြနေခဲ့ကြတော့သည်။
မိနစ်နှစ်ဆယ်ခန့် ကုန်လွန်သွားခဲ့ပြီး ညစာစားခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့သည်။ ဤလုပ်ငန်းစဉ်အတွင်း မူဟန်သည် ကြားဖြတ်၍ အရှိန်အဝါအမှတ်အချို့ကို အဆက်မပြတ် ထပ်မံရရှိခဲ့ရာ စုစုပေါင်း ၅ မှတ် ထပ်တိုးလာခဲ့သည်။ အချုပ်ဆိုရသော် ညစာတစ်နပ် စားရုံမျှဖြင့်... သူသည် ဗီလိန်အရှိန်အဝါအမှတ် ၁၀ မှတ်အထိ သိမ်းပိုက်ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ရှောင်ပေ့သည်လည်း အစားအစာအချို့ကို မှာယူထားခဲ့သော်လည်း၊ စိတ်ထဲတွင် ဒေါသအဟုန်များ အပြည့်အသိပ် ဖြစ်ပေါ်နေသဖြင့် ဘာတစ်ခုမျှ ကောင်းကောင်းမွန်မွန် မစားသောက်နိုင်ခဲ့ချေ။ ဤအချိန်အတောအတွင်း သူသည် ကျန်းရုန်ဖေး၏ ရှေ့သို့ သွားရောက်တားဆီးရန်အတွက် အကြိမ်ကြိမ် စဉ်းစားမိသော်လည်း… မိမိကိုယ်ကိုယ် အတင်းအကျပ် ပြန်လည်ထိန်းချုပ်ထားခဲ့ရသည်။
ယောက်ျားတစ်ယောက်အနေဖြင့် မိမိနှစ်သက်သော မိန်းကလေးအရှေ့တွင် တည်ငြိမ်မှုကို ဘယ်တော့မှ မပျောက်ပျက်စေရဟူသည်မှာ ရှောင်ပေ့၏ ဆောင်ပုဒ်တစ်ခု ဖြစ်သည်။
ထို့အပြင်... ကျန်းရုန်ဖေးသည် မိမိကို တမင်သက်သက် ဒေါသထွက်အောင် ပြုလုပ်နေခြင်းဖြစ်ပြီး၊ မိမိဘက်ကနေ ဦးအောင် ကွာရှင်းခွင့် တောင်းလာစေရန် ရည်ရွယ်နေခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်း ရိပ်မိလှပေသည်။
ရှောင်ပေ့သည် ဤကဲ့သို့သော ရိုးရှင်းလှသည့် စိန်ခေါ်လှုံ့ဆော်မှုမျိုးကို လုံးဝ အကျဆုံးခံမည် မဟုတ်ချေ။
"လက်ချင်းချိတ်တာနဲ့ အပြန်အလှန် ခွံ့ကျွေးရုံလောက်ပဲ မင်း လုပ်နိုင်တာပါ ကျန်းရုန်ဖေးရယ်... ငါကတော့ လုံးဝ ဒေါသထွက်မှာ မဟုတ်ဘူး…နင် နောက်ထပ် ဘာတွေ ဆက်လုပ်နိုင်ဦးမလဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့" ရှောင်ပေ့ သူ၏ စိတ်ဓာတ်ကို လျင်မြန်စွာ ပြန်လည်ချိန်ညှိလိုက်သည်။
ညစာစားပြီးနောက် ကျန်းရုန်ဖေးသည် ငွေရှင်းရန်အတွက် အလျင်စလို ပြေးသွားခဲ့သည်။
"ရှောင်ပေ့ကတော့ ဘာတုံ့ပြန်မှုမှ မရှိသေးဘူးနော်.. ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ" မူဟန်က ကျန်းရုန်ဖေးကို မေးမြန်းလိုက်သည်။
"ငါတို့ ဒီနားတင်ရှိတဲ့ ယွန့်တာပလာဇာ ကုန်တိုက်ကြီးဆီ သွားပြီး ဈေးဝယ်ကြရအောင်…ရှောင်ပေ့ ငါတို့နောက်ကို ဆက်လိုက်လာလား မလိုက်လာဘူးလားဆိုတာ စောင့်ကြည့်တာပေါ့" ကျန်းရုန်ဖေး အခြေအနေကို ကြည့်၍ ဆုံးဖြတ်ရန် ရွေးချယ်လိုက်တော့သည်။
ထိုသူနှစ်ဦး စားသောက်ဆိုင်အတွင်းမှ လှမ်းထွက်လာခဲ့ကြပြီး ယွန့်တာစီးပွားရေးပလာဇာဆီသို့ ဦးတည်သော လမ်းကလေးအတိုင်း လျှောက်လှမ်းခဲ့ကြသည်။ လမ်းတစ်ဝက်တွင် မူဟန်သည် မိမိ၏ နောက်ကွယ်သို့ မသိမသာ အကဲခတ်ဟန် ပြုလုပ်လိုက်ပြီးနောက် ကျန်းရုန်ဖေးကို ဆိုလိုက်သည် - "ရှောင်ပေ့ ငါတို့နောက်ကို လိုက်လာပြီ"
ယခုနေရာမှာ စားသောက်ဆိုင် မဟုတ်သဖြင့်... အကယ်၍ ထိပ်တန်းအဆင့် စစ်သည်တော်ဟောင်းတစ်ဦးဖြစ်သော ရှောင်ပေ့သာ လူတစ်ဦးကို နောက်ယောင်ခံလိုက်မည်ဆိုပါက သာမန်လူတစ်ဦးအနေဖြင့် ရိပ်မိရန် လုံးဝ မလွယ်ကူချေ။
မူဟန်သည် အမှန်တကယ်တော့ ရှောင်ပေ့ကို မျက်စိဖြင့် မြင်တွေ့ရခြင်း မဟုတ်သော်လည်း... ရှောင်ပေ့တစ်ယောက် သေချာပေါက် လိုက်လာလိမ့်မည်ဖြစ်ကြောင်း ရာနှုန်းပြည့် အာမခံနိုင်လှပေသည်။
ဘာပဲဖြစ်ဖြစ် ရှောင်ပေ့၏ မျက်လုံးထဲတွင် ကျန်းရုန်ဖေးမှာ သူ၏ တရားဝင် ဇနီးမယား ဖြစ်နေသည် မဟုတ်ပါလား။ မိမိ၏ ဇနီးဖြစ်သူက အခြားယောက်ျားတစ်ယောက်နှင့်အတူ ဈေးဝယ်ထွက်နေသည်ကို ရှောင်ပေ့တစ်ယောက် မည်သို့လျှင် စိတ်အေးလက်အေး ပစ်ထားနိုင်ပါမည်နည်း။
ယနေ့မှာ မေလ ၂၀ ရက်နေ့ (520 - တရုတ်ချစ်သူများနေ့) ဖြစ်သဖြင့် ယွန့်တာစီးပွားရေးပလာဇာအတွင်း၌ အလွန်ပင် လူစည်ကားနေခဲ့ပြီး နေရာအနှံ့အပြားတွင် ချစ်သူစုံတွဲများကိုသာ မြင်တွေ့နေရသည်။
မူဟန်နှင့် ကျန်းရုန်ဖေးတို့နှစ်ဦးလုံးမှာ ထူးခြားလှပသော ရုပ်ရည်အလှတရားများ ရှိကြသူများဖြစ်ရာ... ခန့်ညားသော လူငယ်နှင့် လှပသော မိန်းမလှလေးတို့၏ တွဲဖက်မှုက လူအများ၏ အာရုံစိုက်မှုကို အထူးပင် ဆွဲဆောင်နေခဲ့သည်။
မူဟန်သည် ကုန်တိုက်အတွင်း၌ မိမိ၏ အသိမိတ်ဆွေများနှင့် မတော်တဆ ဆုံတွေ့မိမည်ကို စိုးရိမ်သဖြင့်... ကုန်တိုက်အတွင်းသို့ ဝင်ရောက်ပြီးနောက် ဘေ့စ်ဘောဦးထုပ် တစ်လုံးနှင့် မျက်မှန်တစ်စုံကို အထူးတလည် ဝယ်ယူဝတ်ဆင်လိုက်ကာ သူ၏ မျက်နှာကို အနည်းငယ် ဖုံးကွယ်ထားလိုက်တော့သည်။
((အသိမိတ်ဆွေပါ စာဖတ်သူတို့ထင်နေသလို မိန်းကလေးများမဟုတ်ပါ))
ကုန်တိုက်၏ အချို့သော နေရာကွင်းပြင်များတွင်... ဝယ်ယူသူ အားပေးသူများကို ဆွဲဆောင်ရန်အတွက် "ချစ်သူစုံတွဲများ အပြန်အလှန် တုံ့ပြန်ကစားရသော ပြိုင်ပွဲများ" ကို ကျင်းပပေးနေခဲ့သည်။ မူဟန်နှင့် ကျန်းရုန်ဖေးတို့ လမ်းလျှောက်လာခဲ့ကြရင်းနှင့်... စုံတွဲပြိုင်ပွဲတစ်ခု ကျင်းပနေသော ကွင်းပြင်တစ်ခုကို ဖြတ်ကျော်မိခဲ့ကြသည်။
ထိုပြိုင်ပွဲကို ရွှေထည်ရတနာဆိုင်ကြီးတစ်ခုက စပွန်ဆာပေး၍ ကျင်းပခြင်းဖြစ်ပြီး၊ ဆိုင်၏ အပြင်ဘက် ကွင်းပြင်ကျယ်တွင် ပြုလုပ်နေခြင်း ဖြစ်သည်။ ကွင်းပြင်၏ အလယ်ဗဟိုတွင် ဆိုင်းဘုတ်ကြီးတစ်ခုကို စိုက်ထူထားခဲ့ပြီး ၎င်း၏ ခေါင်းစဉ်မှာ - "စုံတွဲများ အနမ်းပြိုင်ပွဲ စိန်ခေါ်မှု" ဟူ၍ ဖြစ်သည်။
ထိုဆိုင်းဘုတ်ကြီးပေါ်တွင် ပြိုင်ပွဲတွင် ပါဝင်ခွင့်ရှိမည့် သတ်မှတ်ချက်များ၊ စည်းကမ်းချက်များနှင့် ဆုလာဘ်များကို သေသေချာချာ ရေးသားဖော်ပြထားခဲ့သည်။ ပြိုင်ပွဲဝင်ရန် သတ်မှတ်ချက်မှာ အလွန်ပင် နိမ့်ပါးလှပြီး မည်သည့် ချစ်သူစုံတွဲမဆို လာရောက်စာရင်းပေးသွင်းနိုင်ခြင်း ဖြစ်သည်။
ပြိုင်ပွဲ၏ စည်းကမ်းချက်မှာလည်း အလွန်ပင် ရိုးရှင်းလှပေသည် - ပြိုင်ပွဲ စတင်သည်နှင့်တစ်ပြိုင်နက်... ပြိုင်ပွဲဝင် စုံတွဲများသည် နှုတ်ခမ်းချင်း ခွာထုတ်ခြင်း လုံးဝမရှိဘဲ ဆက်တိုက် နမ်းရှုံ့နေကြရမည် ဖြစ်ပြီး၊ အကယ်၍ လမ်းတစ်ဝက်တွင် နှုတ်ခမ်းချင်း ကွာထွက်သွားခဲ့ပါက စိန်ခေါ်မှု ကျရှုံးကာ ပြိုင်ပွဲမှ တိုက်ရိုက် ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သည်။
ဤပြိုင်ပွဲ၏ ဆုလာဘ်များကို ပါဝင်ဆုနှင့် အဆင့်လိုက်ဆုဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ ပါဝင်ယှဉ်ပြိုင်သူတိုင်းအတွက် မေတ္တာလက်ဆောင်အဖြစ် ယွမ် ၅၀၀ တန်ဖိုးရှိသော စုံတွဲလက်စွပ်တစ်စုံကို ပေးအပ်မည် ဖြစ်သည်။
(အဲ့ကမ္ဘာမှာလည်း ယွမ်ပဲသုံးတယ်)
အဆင့်လိုက် ဆုကြီးများမှာမူ အမျိုးအစား သုံးမျိုးခွဲခြားထားပြီး ၎င်းတို့အားလုံးမှာ ရွှေဆိုင်မှ တန်ဖိုးကြီး ရွှေထည်ရတနာများ ဖြစ်ကြသည်။ ပထမဆုကြီးမှာမူ... အငြင်းပွားစရာမလိုဘဲ အကောင်းဆုံးဆု ဖြစ်ကာ၊ ၎င်းမှာ လက်စွပ်၊ နားကပ်နှင့် လက်ကောက်တို့ ပါဝင်သော စုစုပေါင်း တန်ဖိုးငွေ ယွမ်ရှစ်သောင်း (၈၀,၀၀၀) ကျော် တန်ဖိုးရှိသည့် ရွှေထည်ရတနာ အစုံလိုက်ကြီး ဖြစ်သည်။
လက်ရှိအချိန်တွင် ပြိုင်ပွဲမှာ တရားဝင် စတင်ခြင်းမရှိသေးဘဲ စာရင်းပေးသွင်းသည့် အဆင့်တွင်သာ ရှိနေသေးကာ၊ အများဆုံး ပြိုင်ပွဲဝင် စုံတွဲ အရေအတွက် တစ်ရာ (၁၀၀) သာ လက်ခံမည် ဖြစ်သည်။ ဆိုလိုသည်မှာ ကန့်သတ်ချက်အရ စုံတွဲတစ်ရာသာ ဤပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲခွင့် ရရှိမည် ဖြစ်သည်။
ပြိုင်ပွဲကို ဦးဆောင်ကျင်းပနေသော ရွှေဆိုင်ဝန်ထမ်းမှာ မိုက်ခရိုဖုန်းကို ကိုင်ဆောင်ကာ လက်ရှိ ကျန်ရှိနေသေးသော ပြိုင်ပွဲဝင်နေရာ များကို အဆက်မပြတ် ကြေညာပေးနေခဲ့သည်။ ယခုအချိန်အထိ စုံတွဲပေါင်း ၉၀ တိတိ စာရင်းပေးသွင်းထားခဲ့ကြပြီ ဖြစ်သဖြင့် နောက်ထပ် စုံတွဲ ၁၀ တွဲသာ လိုအပ်တော့သည်။
ထိုဆူညံသံများကို ကြားရသောအခါ ကျန်းရုန်ဖေး ခြေလှမ်းများကို ရပ်တန့်လိုက်မိပြီး စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်ကာ စိတ်ဝင်စားသွားခဲ့ရသည်။
ရှောင်ပေ့သည် သေချာပေါက် သူမနှင့် မူဟန်၏ အနောက်ကွယ်မှနေ၍ စောင့်ကြည့်နေပေလိမည်။ အကယ်၍ သူမနှင့် မူဟန်တို့သာ ဤ "စုံတွဲများ အနမ်းပြိုင်ပွဲ" တွင် ပါဝင်ဆင်နွှဲလိုက်မည်ဆိုပါက... ရှောင်ပေ့အနေဖြင့် ၎င်းကို ကွက်ကွက်ကွင်းကွင်း မျက်ဝါးထင်ထင် မြင်တွေ့သွားရမည် မဟုတ်ပါလား။ သို့သော်လည်း ကျန်းရုန်ဖေးအနေဖြင့် အမျိုးသမီးတစ်ဦးဖြစ်ရာ ဤကဲ့သို့သောအရာကို စတင်၍ ပြောဆိုရန်အတွက် အနည်းငယ် ရှက်ရွံ့နေခဲ့ရသည်။
မူဟန်သည် ကျန်းရုန်ဖေး၏ မျက်နှာအမူအရာကို တစ်ချက်မျှ အကဲခတ်ကြည့်လိုက်ရုံမျှဖြင့်... သူမ၏ စိတ်ထဲမှ အတွေးများကို ချက်ချင်းပင် ရိပ်မိသွားခဲ့သည်။
"ဘာပဲဖြစ်ဖြစ်... ငါတို့က ဒါမျိုးကို တစ်ခါမှ မလုပ်ဖူးတာမှ မဟုတ်တာပဲဟာ… အကယ်၍ မင်း ပါဝင်ဆင်နွှဲချင်တယ်ဆိုရင်တော့... ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးနိုင်ပါတယ်" မူဟန်က သဘောထားကြီးစွာဖြင့် ဆိုလိုက်သည်။
ကျန်းရုန်ဖေး အစပိုင်းတွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့သော်လည်း၊ မူဟန်၏ စကားကို ကြားပြီးနောက် ၎င်းမှာ ကျိုးကြောင်းဆီလျော်သည်ဟု ထင်မှတ်လိုက်မိသည်။
သူတို့နှစ်ဦးအကြား ထိုကဲ့သို့သော အလွန်နက်ရှိုင်းသည့် ဆက်ဆံရေးမျိုးပင် ရှိထားခဲ့ပြီးပြီ ဖြစ်ရာ... ဤမျှလောက်သော ထိတွေ့မှုအဆင့်ကို ဘာဖြစ်လို့ ဂရုစိုက်နေရဦးမည်နည်း။ ထို့အပြင်... ဤသည်မှာ ရှောင်ပေ့ကို လုံးဝ မောင်းထုတ်ပစ်ရန်အတွက်လည်း ဖြစ်သည် မဟုတ်ပါလား။
နှစ်ဦးသဘောတူ ညီညွတ်မှု ရရှိသွားခဲ့ပြီးနောက် မူဟန်နှင့် ကျန်းရုန်ဖေးတို့သည် စာရင်းပေးသွင်းရန်အတွက် ရွေးချယ်လိုက်ကြတော့သည်။ မကြာမီအချိန်မှာပင် ပြိုင်ပွဲဝင် စုံတွဲတစ်ရာလုံး ပြည့်စုံသွားခဲ့ရတော့သည်။
ပွဲစီစဉ်သူ အစီအစဉ်တင်ဆက်သူက စာရင်းပေးသွင်းမှု လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး၊ ပြိုင်ပွဲဝင် စုံတွဲ ၁၀၀ လုံးကို ပြင်ဆင်ရန်အတွက် ခေတ္တမျှ အချိန်ပေးလိုက်သည်။ ပြိုင်ပွဲစိန်ခေါ်မှုကြီးကို နောက်ထပ် သုံးမိနစ်အတွင်း တရားဝင် စတင်တော့မည် ဖြစ်သည်။
ကြည့်ရှုအားပေးနေကြသော လူအုပ်ကြီးအကြားတွင်ရှိနေသည့် ရှောင်ပေ့သည်... မူဟန်နှင့် ကျန်းရုန်ဖေးတို့ ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းလိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ စိတ်ထဲတွင် အလွန်အမင်း မသက်မသာ ဖြစ်သွားခဲ့ရသော်လည်း…သူ၏ မျက်နှာအမူအရာကိုမူ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ထိန်းထားခဲ့သည်။
ကျန်းရုန်ဖေးသည် အသားအရေ ပါးလွှာပြီး (ရှက်တတ်ပြီး) ငွေကြေးပြတ်လပ်သူလည်း မဟုတ်ချေ။ သူမ ဤပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲရခြင်း၏ ရည်ရွယ်ချက်မှာ... မိမိလိုက်လာသည်ကို သိပြီး တမင်သက်သက် ဒေါသထွက်စေရန်အတွက်သာ ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ရှောင်ပေ့အနေဖြင့် ဤမျှလောက်သော ရိုးရှင်းသည့် အတွေးအခေါ်ကို မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။
သူသည် ကျန်းရုန်ဖေး၏ အတိတ်အကြောင်းအရာအားလုံးကို ယောက်ခက္မဖြစ်သူ ကျန်းမင်းထံမှတစ်ဆင့် ကြိုတင်စုံစမ်းသိရှိထားပြီးသား ဖြစ်သည်။ ကျန်းရုန်ဖေးသည် တစ်ဘဝလုံး မည်သည့် အချစ်ရေး ဆက်ဆံရေးမျိုးမျှ မရှိခဲ့ဖူးသဖြင့်... သူမ၏ ပထမဆုံး အနမ်း မှာ ယခုထက်ထိ သေချာပေါက် ရှိနေသေးရမည် ဖြစ်သည်။ ရှောင်ပေ့အနေဖြင့်... ကျန်းရုန်ဖေးသည် မိမိကို ဒေါသထွက်အောင် ပြုလုပ်ရန်သက်သက်အတွက်နှင့်... သူမ၏ တန်ဖိုးကြီးလှသော ပထမဆုံးအနမ်းကို အခုလေးတင်မှ သိကျွမ်းခဲ့ရသည့် ယောက်ျားတစ်ယောက်ထံသို့ လွယ်လွယ်ကူကူ ပေးအပ်ပစ်လိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ချေ။
"ကျန်းရုန်ဖေး... နင်က ငါ့ကို ဒေါသထွက်အောင် လုပ်ပြီး နင့်ကို အတင်းဆွဲခေါ်သွားဖို့ လောင်းကြေးထပ်နေတာပေါ့ ဟုတ်လား။ နင် သေချာပေါက် အတွက်အချက် မှားသွားခဲ့ပြီ" ရှောင်ပေ့ စိတ်ထဲမှ ကျိတ်၍ ကျေနပ်နေခဲ့သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပြီးနောက်... စုံတွဲများ အနမ်းပြိုင်ပွဲ စိန်ခေါ်မှုကြီး တရားဝင် စတင်ရန်အတွက် ကန့်သတ်ချက် Countdown စက္ကန့်များ စတင်ရေတွက်ခြင်း ခံလိုက်ရတော့သည်။
၁၀... ၉... ၈... ၇...
ရှောင်ပေ့ သူ၏ စိတ်ခံစားချက်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး၊ ကျန်းရုန်ဖေးတစ်ယောက် နောက်ဆုံးမိနစ်တွင် စိတ်ပြောင်းလဲသွားကာ ပြိုင်ပွဲမှ ပြန်လည်နှုတ်ထွက်သွားမည့်အချိန်ကိုသာ အေးဆေးစွာ စောင့်ဆိုင်းနေခဲ့တော့သည်။