အခန်း (၃၀) - ကျား၊ မ ဇာတ်ကောင်လွှဲပြောင်းသွားသည့် ထင်ယောင်ထင်မှား ခံစားချက်
မူဟန်၏ တရစပ် မေးခွန်းထုတ်မှုများကြောင့် ကျန်းရုန်ဖေးတစ်ယောက် ခေတ္တမျှ စကားအံ့အားသင့်သွားရပြီးမှ ထစ်ထစ်ငေါ့ငေါ့ဖြင့် - "ကျွန်မ... ကျွန်မ အဲလိုသဘောမျိုး မဟုတ်ပါဘူး… ရှင် အဆင်ပြေမယ်ဆိုရင် ကျွန်မ တစ်ခုခုနဲ့ ပြန်ပြီး လျော်ကြေးပေးပါရစေ… ရှင့်ကို... ရှင့်ကို ငွေကြေးပေးရင်ကော ရမလားဟင်"
"ငွေနဲ့ လျော်ကြေးပေးမလို့လား" မူဟန် ကားစတီယာရင်ကို ဆုပ်ကိုင်ထားရင်း ကျန်းရုန်ဖေးကို စောင်းငဲ့ကြည့်လိုက်သည် - "မင်းက ပျော်ပါးပြီးတာနဲ့ ဒီအတိုင်း ပစ်ထားခဲ့ရုံတင်မကဘူး… အခုကျတော့ ငါ့ကို ငွေနဲ့ပါ လာပြီး စော်ကားချင်သေးတာလား"
"မဟုတ်ပါဘူး" ကျန်းရုန်ဖေး ရှက်ရွံ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည် … "ဒီအရာကလွဲရင် ကျွန်မ ရှင့်ကို ဘယ်လိုမျိုး လျော်ကြေးပေးရမလဲဆိုတာ တကယ်ကို စဉ်းစားလို့မရတော့လို့ပါ... ဘာဖြစ်လို့လဲဆိုတော့..."
"ဘာဖြစ်လို့လဲ" မူဟန်က မေးမြန်းလိုက်သည်။
ကျန်းရုန်ဖေး စက္ကန့်အနည်းငယ်မျှ တွန့်ဆုတ်နေပြီးနောက်မှ ဆိုလိုက်သည်…
"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အိမ်ထောင်ရှိပြီးသားမို့လို့ပါ… အကယ်၍ ကျွန်မ ရှင့်အပေါ်... ရှင့်အပေါ် တာဝန်ယူချင်တယ်ဆိုရင်တောင်မှ ယူလို့ မရနိုင်လို့ပါ"
ဤစကားကို ပြောပြီးသွားသည့်အခါတွင်မူ ကျန်းရုန်ဖေး စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရပြီး…ကျား…မ သဘာဝ ဇာတ်ကောင်များ ပြောင်းပြန်လှန်သွားသကဲ့သို့ ထင်မှတ်လိုက်မိသည်။
သို့သော်လည်း ထူးဆန်းသည်မှာ ကျန်းရုန်ဖေးအနေဖြင့် ထိုသို့ခံစားရခြင်းအပေါ် လုံးဝ စိတ်အနှောင့်အယှက် မဖြစ်မိခြင်းပင်။
အဘယ်ကြောင့်ဆိုသော် မူဟန်သည် အလွန်တရာ ခန့်ညားလွန်းသဖြင့် သူမ၏ စိတ်ထဲတွင် သူ့ကို "ကာကွယ်စောင့်ရှောက်ပေးချင်သည့်" အာရုံကိုပါ ပေးစွမ်းနေသောကြောင့် ဖြစ်သည်။
မူဟန် ဟန်ဆောင်၍ အံ့အားသင့်သွားဟန်ဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်သည်… "အိမ်ထောင်ရှိတယ် ဟုတ်လား… ငါ့ကို လာပြီး မလှည့်စားပါနဲ့…ငါက အတွေ့အကြုံ မရှိတာပဲ ဖြစ်နိုင်တယ်…ဒါပေမယ့် အခြေခံ အသိပညာတော့ ရှိပါတယ်… ဒါဆိုရင်... မနေ့ညက အိပ်ရာခင်းပေါ်က သက်သေတွေကို မင်း ဘယ်လို ရှင်းပြမလဲ"
"ကျွန်မက သူ့နဲ့ လက်ထပ်စာချုပ်ပဲ ယူထားတာပါ…ကျွန်မပြောတဲ့ အိမ်ထောင်ဆိုတာက ဥပဒေကြောင်းအရ သတ်မှတ်ချက်တစ်ခုသက်သက်ပါပဲ… ကျွန်မ အဲဒီလူကို လုံးဝ မချစ်ဘူး… တကယ်တော့... သူ့ကို အလွန်တရာတောင် မုန်းတီးမိတာပါ" ကျန်းရုန်ဖေးက ဆိုလိုက်သည်။
"အဲဒါ... ခုနတင် မင်းတို့ကုမ္ပဏီအရှေ့မှာ ရှိနေတဲ့ ကြွက်သားအဖုဖုနဲ့ လူကြီးကို ပြောတာလား"
"ဟုတ်ပါတယ်... သူ့နာမည်က ရှောင်ပေ့ လို့ ခေါ်တယ်"
"မင်းက ရှောင်ပေ့ကို မုန်းနေတာပဲဟာကို... ဘာဖြစ်လို့ သူ့နဲ့ လက်ထပ်စာချုပ် သွားချုပ်ရတာလဲ…အဲဒီမှာ သေချာပေါက် အကြောင်းပြချက် တစ်ခုခု ရှိရမယ်…ငါ့ကို ပြောပြလို့ ရမလား" မူဟန်သည် အဖြေကို ကြိုတင်သိရှိထားပြီးသား ဖြစ်သော်လည်း၊ ဇာတ်လမ်းဆင်ရန်အတွက် ဤကဲ့သို့ မေးမြန်းရန် လိုအပ်လှပေသည်။
ကျန်းရုန်ဖေးသည် ဤဖြစ်ရပ်နှင့် ပတ်သက်၍ အလွန်အရှက်ရမိသော်လည်း၊ မူဟန့်ကို ပြောပြရန်အတွက်မူ ဝန်မလေးခဲ့ချေ။
ထို့ကြောင့် သူမသည် ဖြစ်ကြောင်းကုန်စင် ဇာတ်ကြောင်းအားလုံးကို ပြန်လည်ပြောပြလိုက်တော့သည်။
"မိဘအပေါ် သာသမီးဝတ္တရား ကျေပွန်တာက ကောင်းပါတယ်…ဒါပေမယ့် မျက်ကန်းတစ္ဆေမကြောက် နာခံဖို့တော့ မလိုပါဘူး… မင်းက ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိတဲ့ အသက်ရှင်နေတဲ့ လူသားတစ်ယောက်ပဲလေ… မင်းရဲ့ မိဘတွေမှာတောင် မင်းရဲ့ ဘဝတစ်ခုလုံးကို သူတို့စိတ်ကြိုက် ပုံဖော်ပေးပိုင်ခွင့် မရှိပါဘူး"
မူဟန်က ကျန်းရုန်ဖေးဘက်မှ ရပ်တည်၍ နာကျင်မှုကို ဖေးမပေးသည့် လေသံဖြင့် ရိုးရှင်းစွာ ပြောဆိုလိုက်ပြီးနောက်…သူမကို ဆက်လက်၍ အားပေးလိုက်သည်…
"ဒီအိမ်ထောင်ရေးက အမှားတစ်ခု ဖြစ်နေမှတော့... မင်း ဘာဖြစ်လို့ အဲဒါကို အဆုံးသတ်ဖို့ မရွေးချယ်တာလဲ"
မူဟန်၏ စကားလုံးများက ကျန်းရုန်ဖေး၏ နှလုံးသားကို ထိမှန်သွားခဲ့ပြီးနောက် သူမက ဆိုလိုက်သည် - "သဘာဝအတိုင်းပဲ... ကျွန်မလည်း ဒီအိမ်ထောင်ရေး ပြဇာတ်ဆိုးကြီးကို အဆုံးသတ်ချင်တာပေါ့…ပြီးတော့ ကျွန်မမှာ အစီအစဉ်လည်း ရှိပါတယ်…ဒါပေမယ့်... ကျွန်မကို ကူညီပေးမယ့် လူတစ်ယောက် လိုအပ်နေလို့ပါ"
"ငါ့ကို ပြောပြကြည့်ပါဦး"
"ကျွန်မရဲ့ အိမ်ထောင်စုလက်ထပ်စာရင်း က ဖေဖေနဲ့မေမေတို့ဆီမှာ ရှိနေတာ။ အဲဒါကို တိုက်ရိုက် သွားယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အကယ်၍ ရှောင်ပေ့နဲ့ ကျွန်မ နှစ်ယောက်လုံးက ကွာရှင်းဖို့ သဘောတူရင်တောင်မှ အဆင်မပြေနိုင်ဘူးလေ"
"မင်းပြောချင်တဲ့ သဘောကို ငါ နားလည်သွားပြီ ထင်တယ်…အခု ရှောင်ပေ့ရဲ့ ပုံစံကို ကြည့်ရသလောက်ဆိုရင်တော့... သူက မင်းကို ကွာရှင်းပေးဖို့ ဘယ်လိုမှ သဘောတူမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းက ရှောင်ပေ့ကို စိတ်ဆိုးဒေါသထွက်စေဖို့အတွက်... ယောက်ျားတစ်ယောက်ကို ကြားခံအဖြစ် ရှာချင်တာပေါ့။ ရှောင်ပေ့တစ်ယောက် သည်းမခံနိုင်တော့တဲ့ အဆုံးကျရင်... သူက သဘာဝအတိုင်း မင်းကို ကွာရှင်းပေးဖို့ သဘောတူလာလိမ့်မယ်"
"ဟုတ်ပါတယ်... ရှင်... ရှင် ကျွန်မကို ကူညီပေးနိုင်မလားဟင်… ကျွန်မ ရှင့်ကို အလကား အကူအညီတောင်းတာ မဟုတ်ပါဘူး… အခကြေးငွေ ပေးပါ့မယ်" ကျန်းရုန်ဖေး၏ စိတ်ထဲတွင် ဤဇာတ်ကောင်နေရာအတွက် မူဟန်ထက် ပိုမိုသင့်တော်သူ မည်သူမျှ မရှိချေ။
"မင်း ငါ့ကို ငွေနဲ့ ထပ်ပြီး စော်ကားဖို့ ကြိုးစားပြန်ပြီလား" မူဟန်က ဆိုလိုက်သည်။
ကျန်းရုန်ဖေး ခေတ္တမျှ စကားအမ်းသွားရပြီးနောက် မတတ်သာဘဲ ဆိုလိုက်ရသည် - "ရှင် ငွေမပြတ်လပ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ငွေကလွဲရင်... ရှင့်ကို ဘာထပ်ပေးရမလဲဆိုတာ ကျွန်မ တကယ်ကို မသိတော့လို့ပါ"
မူဟန် ခေတ္တမျှ စဉ်းစားဟန်ပြုလိုက်ပြီးမှ ဆိုလိုက်သည် -"ငါ မင်းကို ကူညီပေးလို့ ရပါတယ်… ဒါပေမယ့် မင်း ငါ့ကို အချက်သုံးချက် ကတိပေးရမယ်"
ကျန်းရုန်ဖေး အခွင့်အရေးကို မြင်တွေ့လိုက်ရသဖြင့် ကပျာကယာပင် - "ဘာအချက် သုံးချက်လဲဟင်… ကျွန်မကို ပြောပြပါ"
မူဟန်က - "လောလောဆယ်တော့ ငါ သေသေချာချာ မစဉ်းစားရသေးဘူး၊ စဉ်းစားမိတဲ့ အခါကျမှ မင်းကို ပြောမယ်…ဒါပေမယ့် စိတ်ချပါ... ငါပြောတဲ့ အချက်သုံးချက်က မင်းရဲ့ စွမ်းဆောင်နိုင်ရည် ဘောင်အတွင်းမှာပဲ ရှိစေရပါမယ်… မင်း မလုပ်နိုင်တဲ့ အရာတွေကို ငါ ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ဘူး"
P1 ပြိုင်ကားကြီးမှာ လမ်းဆုံတစ်ခု၏ မီးပွိုင့်အနီတွင် ရပ်တန့်၍ စောင့်ဆိုင်းနေခဲ့သည်။ မူဟန်၏ စကားများကို ကြားပြီးနောက် ကျန်းရုန်ဖေး မျက်တောင်လေးများ ချပစ်လိုက်ကာ စက္ကန့်အနည်းငယ်မျှ ဝေခွဲမရ ဖြစ်နေခဲ့သည်။
ထို့နောက်တွင်မူ သူမ၏ အကြည့်မှာ မသိစိတ်အတိုင်း မူဟန်ထံသို့ ကျရောက်သွားခဲ့ပြီး သူတို့နှစ်ဦး၏ မျက်ဝန်းချင်း ဆုံစည်းသွားခဲ့ကြသည်။
မူဟန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ရှိနေခဲ့ပြီး၊ သူ၏ ကြယ်တာရာအလား တောက်ပလှသော မျက်ဝန်းများမှာမူ ရေပြင်ကဲ့သို့ အေးချမ်း တည်ငြိမ်နေခဲ့သည်။
ကျန်းရုန်ဖေး သူ့ကို ထပ်မံ၍ စိုက်ကြည့်မိရင်းနှင့်... နှလုံးသားလေး လှုပ်ခတ်သွားခဲ့ရတော့သည်။ ထိုအချိန်တွင် မူဟန်၏ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ သူမ၏ မျက်ဝန်းထဲတွင် နောက်ခံ Background တစ်ခုအလား ဖြစ်ပေါ်သွားခဲ့ရသည်။
ကျန်းရုန်ဖေး၏ စိတ်ထဲတွင် နူးညံ့သိမ်မွေ့မှုများနှင့်အတူ... မူဟန့်ကို လက်လှမ်း၍ ဖက်ထားချင်စိတ်များ ရုတ်တရက် အပြင်းအထန် ဖြစ်ပေါ်လာခဲ့ရသည်။
သူမအနေဖြင့် သူနှင့်အတူ ထာဝရ ရှိနေချင်မိကာ…မိမိ၏ နူးညံ့မှုအားလုံးကို ပေးအပ်ပြီး သူ့ကို အလိုလိုက်ကာ ချစ်ခင်ယုယပြီး ကာကွယ်စောင့်ရှောက်ပေးချင်မိတော့သည်။
သူ့ကို စိုးစဉ်းမျှ နာကျင်ခံရခက်မှု သို့မဟုတ် ထိခိုက်မှုမျိုး လုံးဝ မကြုံတွေ့စေချေ။
【ဇာတ်လိုက်မ ကျန်းရုန်ဖေး၏ အိမ်ရှင်အပေါ် နှစ်သက်သဘောကျမှုအမှတ် +၁၀၊ လက်ရှိ စုစုပေါင်း နှစ်သက်မှုအမှတ်မှာ ၈၀ (နက်နက်ရှိုင်းရှိုင်း သံယောဇဉ်တွယ်ခြင်း) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်… ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် -၃၀၊ အိမ်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် +၃၀】
"ကောင်းပါပြီ... ရှင် ကျွန်မကို ကူညီပေးသရွေ့တော့၊ ကျွန်မ ရှင့်ကို အချက်သုံးချက် အပြည့်အဝ ကတိပေးပါတယ်" ကျန်းရုန်ဖေး အိပ်မက်မက်နေသကဲ့သို့သော လေသံလေးဖြင့် မူဟန့်ကို ဆိုလိုက်တော့သည်။
မူဟန် ကားစတီယာရင်ပေါ်မှ လက်များကို ဖယ်ရှားလိုက်ပြီး ကျန်းရုန်ဖေးကို ကြည့်ကာ ဆိုလိုက်သည် - "ကဲ... နှုတ်ကတိတင်ဆိုရင် မလုံလောက်ဘူးလေ၊ ငါတို့ လက်ဝါးချင်းရိုက် ပြီး သစ္စာပြုကြရအောင်"
ကျန်းရုန်ဖေးသည် ဤအပြုအမူကို ကလေးကလားနိုင်သည်ဟု စိုးစဉ်းမျှ မထင်မှတ်ခဲ့ချေ။ သူမ ညင်သာစွာ ပြုံးလိုက်ပြီး မိမိ၏ ဖြူစင်လှပသော လက်ကလေးကို ဆန့်ထုတ်ကာ မူဟန်နှင့်အတူ လက်ဝါးချင်း သုံးကြိမ်တိုင်တိုင် ရိုက်လိုက်တော့သည်။
ရှေ့ရှိ မီးပွိုင့်မှာ အစိမ်းရောင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သဖြင့် မူဟန် အကြည့်ကို လွှဲပြောင်းလိုက်ကာ ရှေ့လမ်းမဆီသို့သာ အာရုံစိုက်လျက် ကားကို ဆက်လက်မောင်းနှင် ထွက်ခွာခဲ့တော့သည်။
ကျန်းရုန်ဖေးလည်း မူဟန့်ကို ဆက်ပြီး မကြည့်တော့ဘဲ၊ သူမ၏ ပြင်းထန်စွာ ခုန်လှုပ်နေသော နှလုံးခုန်နှုန်းကို ဖြည်းဖြည်းချင်း ပြန်လည်ထိန်းချုပ်လိုက်သည်။
စိတ်တည်ငြိမ်သွားသည့် အခါတွင်မူ... သူမ ခုနတင် မူဟန့်ကို ပေးခဲ့သော ကတိကဝတ်ကို ပြန်လည်တွေးတောမိကာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
အကယ်၍ ထိုခံစားချက်ကို ဖော်ပြရမည်ဆိုပါက... မူဟန်က "ဇာတ်လိုက်မင်းသမီး ဇာတ်ညွန်း" ကို ရရှိထားပြီး၊ မိမိကမူ "ဇာတ်လိုက်မင်းသား ဇာတ်ညွန်း" ကို ရရှိထားသကဲ့သို့ပင် ဖြစ်သည်။
မိနစ်တစ်ဆယ်ကျော် ကြာပြီးနောက် ပြိုင်ကားကြီးမှာ စားသောက်ဆိုင်တစ်ခု၏ ကားပါကင်အတွင်းသို့ ဆိုက်ရောက်လာခဲ့သည်။
ဤစားသောက်ဆိုင်မှာ ကျန်းရုန်ဖေးနှင့် ရွှီပင်းနင်းတို့ ပုံမှန်လာရောက်လေ့ရှိသော နေရာ ဖြစ်သည်။ မူဟန်နှင့် ရွှီပင်းနင်းတို့လည်း ယခင်က ဤနေရာသို့ တစ်ကြိမ် လာရောက်ဖူးခဲ့ကြပြီး ဟင်းပွဲများမှာ တကယ်ကို အရသာရှိကြောင်း သိရှိထားကြသည်။
ကားကို သေသေချာချာ ရပ်တန့်ပြီးနောက် မူဟန်နှင့် ကျန်းရုန်ဖေးတို့သည် ကားပါကင်နှင့် စားသောက်ဆိုင်ကို ဆက်သွယ်ထားသော လမ်းကလေးအတိုင်း တူညီစွာ လှမ်းလျှောက်လာခဲ့ကြသည်။ ကျန်းရုန်ဖေးသည် လွယ်အိတ်လေးကို လွယ်ထားရင်း အလွန်ပင် နှေးကွေးစွာ လမ်းလျှောက်နေခဲ့သည်။
"မင်း... အဆင်ပြေရဲ့လား" မူဟန်သည် ကျန်းရုန်ဖေးနှင့် ပိုမိုနီးကပ်သွားစေရန်အတွက်... အနည်းငယ် ရှက်စရာကောင်းသော အကြောင်းအရာကို စတင်၍ စနောက်လိုက်သည်။
ကျန်းရုန်ဖေး သဘာဝအတိုင်း ချက်ချင်း ရိပ်မိသွားခဲ့ပြီး မျက်နှာလေး နီမြန်းလျက် ခေါင်းကို ခါယမ်းကာ တိုးတိုးလေး ဆိုရှာသည် - "ဘာမှမဖြစ်ပါဘူး..."
"ငါ့ရဲ့ အရေပြားတွေတောင် ဖောင်းကြွနေသလိုပဲ…မင်းရော တကယ်ပဲ အဆင်ပြေရဲ့လား" မူဟန် ကျန်းရုန်ဖေး၏ နားစည်နားသို့ တိုးကပ်ကာ တိုးတိုးလေး မေးမြန်းလိုက်သည်။
အမှန်တကယ်တော့ သူသည် အနည်းငယ် ပူစပ်ပူလောင် ဖြစ်ရုံမျှသာရှိပြီး ဖောင်းကြွခြင်း လုံးဝမရှိချေ။ ဘာပဲဖြစ်ဖြစ် ကျန်းရုန်ဖေးအနေဖြင့် သူ့ကို လာရောက်စစ်ဆေးရန် မဖြစ်နိုင်သဖြင့် သူ ကြိုက်သလို ပြောဆိုနိုင်လှပေသည်။
ကျန်းရုန်ဖေး အလွန်အမင်း ရှက်ရွံ့သွားခဲ့ရသဖြင့် ထိုနေရာမှာတင် မြေကြီးထဲသို့ ငုပ်လျှိုးပျောက်ကွယ်သွားချင်မိတော့သည်။
လမ်းပေါ်တွင် မြေကွဲကြောင်းမရှိသည်မှာ နှမြောစရာပင်... မဟုတ်လျှင် သူမ သေချာပေါက် တိုးဝင်သွားပြီး ဘယ်တော့မှ ပြန်ထွက်လာတော့မည် မဟုတ်ချေ။
"ကျွန်မ ဒီမနက် အိပ်ရာနိုးတုန်းကတော့ တကယ်ကို နေရတာ အဆင်မပြေဘူးလေ... ဒါပေမယ့် ဆေးလိမ်းပြီးတဲ့နောက်ပိုင်းကျတော့ အများကြီး သက်သာသွားပါတယ်" ကျန်းရုန်ဖေး အလွန်အမင်း ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ရသော်လည်း၊ ဤအကြောင်းအရာကို မူဟန်နှင့် ပြောဆိုနေရခြင်းအပေါ် စိတ်ထဲတွင် ဆန်းကြယ်သော စိတ်လှုပ်ရှားမှုတစ်မျိုးကိုလည်း ခံစားနေရသည်။
ဤအရာက ကျန်းရုန်ဖေးကို မိမိကိုယ်ကိုယ် "ငါဟာ မိန်းမဆိုးတစ်ယောက်ရဲ့ စရိုက်မျိုး ရှိနေတာလား" ဟုပင် သံသယ ဝင်စေခဲ့သည်။
"ဒါဆိုရင်လည်း... ငါတို့ ဖြည်းဖြည်းချင်းပဲ လျှောက်ကြတာပေါ့၊ အလျင်လိုစရာ မရှိပါဘူး" မူဟန်က ဆိုလိုက်သည်။
ကျန်းရုန်ဖေး ခေါင်းငြိမ့်ပြလိုက်ပြီး မူဟန်နှင့်အတူ ခြေလှမ်းအနည်းငယ် ထပ်မံလှမ်းပြီးနောက်တွင်မူ... သူမ စုန်းပူးသကဲ့သို့ မသိစိတ်အတိုင်း ထပ်မံမေးမြန်းလိုက်ပြန်သည် - "ကျွန်မဆီမှာ ဆေးလိမ်းဘူး ရှိသေးတယ် ရှင်... ရှင် လိုအပ်လားဟင်"
ထိုလိမ်းဆေး၏ ညွှန်ကြားချက်တွင် တစ်ရက်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ လိမ်းပေးရန် ဖော်ပြထားသဖြင့် အပြင်သွားရာတွင် ယူဆောင်ရလွယ်ကူစေရန် ကျန်းရုန်ဖေးသည် ဆေးဘူးကို သူမ၏ လွယ်အိတ်အတွင်းသို့ တိတ်တဆိတ် ထည့်သွင်းလာခဲ့ခြင်း ဖြစ်သည်။
"အဲဒီဆေးက တကယ်ပဲ အာနိသင် ရှိရဲ့လား"
"ရှိပါတယ်... ကျွန်မ... ကျွန်မကိုယ်တိုင်လည်း လိမ်းထားတာပဲဟာကို"
သူတို့နှစ်ဦးမှာ လမ်းလျှောက်နေရင်းနှင့်... ချစ်သူစုံတွဲများအလား တိုးတိုးတိတ်တိတ် ကပ်၍ စကားပြောဆိုနေခဲ့ကြသည်။
"ဒါဆိုရင်လည်း... ကောင်းပါပြီ" မူဟန်က တိုးတိုးလေး သဘောတူလိုက်သည်။
ကျန်းရုန်ဖေး သူမ၏ လွယ်အိတ်အတွင်းမှ ဆေးဘူးကို တိတ်တဆိတ် ထုတ်ယူကာ မူဟန့်ထံသို့ လှမ်း၍ ပေးအပ်လိုက်သည်။ မူဟန် ၎င်းကို သူ၏ အိတ်ကပ်အတွင်းသို့ ထည့်သွင်းလိုက်ပြီးနောက်၊ စားသောက်ဆိုင်၏ သန့်စင်ခန်းသို့ တစ်ဦးတည်း သွားရောက်ဟန် ဆောင်လိုက်တော့သည်။
သူ ပြန်လည်ရောက်ရှိလာသည့် အခါတွင်မူ ထိုဆေးဘူးကို ကျန်းရုန်ဖေးထံသို့ ပြန်လည်ပေးအပ်လိုက်သည်။
"အေးမြပြီး နေလို့ကောင်းတာပဲ... တကယ်ကို မဆိုးဘူး" မူဟန် ကျန်းရုန်ဖေး၏ နားအနီးသို့ ကပ်ကာ တိုတိုတုတ်တုတ် မှတ်ချက်ပေးလိုက်သည်။
ကျန်းရုန်ဖေးသည် မူဟန်နှင့်အတူ "မျှဝေသုံးစွဲခဲ့သော" ထိုဆေးဘူးကို လက်ခံရရှိလိုက်သည့်အခါ မျက်နှာတစ်ခုလုံး ရဲရဲနီသွားခဲ့ရပြီး၊ ၎င်းကို လွယ်အိတ်အတွင်းသို့ လျှို့ဝှက်စွာ ပြန်လည်ထည့်သွင်းလိုက်ရင်း တိုးတိုးလေး ဆိုရှာသည် -
"ကျွန်မတို့ ညစာစားပြီးသွားရင်... ဆေးဆိုင်ကို သွားပြီး နောက်ထပ် ဆေးဘူးအသစ် တစ်ဘူး ထပ်ဝယ်ကြတာပေါ့"
"မင်း ငွေရှင်းမှာလား" မူဟန်က မေးမြန်းလိုက်သည်။
ကျန်းရုန်ဖေး မိမိ၏ တစ်ဘဝလုံးတွင် ယခုကဲ့သို့ အရှက်ကွဲရသည့် အခြေအနေမျိုး တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ချေ။ သူမ အလွန်တရာ ရှက်ကိုးရှက်ကန်းဖြင့် ပြန်လည်ဖြေကြားလိုက်တော့သည် - "ကျွန်မရှင်းပါ့မယ်... ကျွန်မပဲ ရှင်းပါ့မယ်ရှင်”