အခန်း (၂၉) - ယောက်ျားလေးတစ်ယောက်ရဲ့ ဖြူစင်မှုကလည်း ဖြူစင်မှုပဲလေ
【ရွှီရိုသည် သူမ၏ တာဝန်ကို ပြီးမြောက်အောင်မြင်သွားခဲ့ပါပြီ။ သူမ၏ ဆွဲဆောင်မှုအမှတ် ၃ မှတ် တိုးတက်သွားခဲ့သည်။ ဂုဏ်ယူပါသည် ပိုင်ရှင်... ကံထူးမှုအဆင့် ၅ ဆ ဖြစ်ပေါ်သွားခဲ့သဖြင့် တုံ့ပြန်မှုဆုလာဘ်အဖြစ် - သင်၏ ဆွဲဆောင်မှုအမှတ် ၁၅ မှတ် တိုးတက်သွားခဲ့ပါပြီ။】
ကျားကျဲနေ့စဉ်သုံး ဓာတုဗေဒလုပ်ငန်းစုကြီး၏ အပြင်ဘက် လမ်းဘေးတွင် စောင့်ဆိုင်းနေသော မူဟန်သည် စနစ်ထံမှ အကြောင်းကြားချက် မက်ဆေ့ဂျ်ကို ရုတ်တရက် ရရှိလိုက်သည်။ ဤအရာကြောင့် သူ၏ ဆွဲဆောင်မှုအမှတ်မှာ ၁၂၁ မှတ်မှ ၁၃၆ မှတ်သို့ ခုန်တက်သွားခဲ့လေသည်။
မူဟန်သည် ထိုအချိန်တွင် ကားထဲ၌ ထိုင်နေခြင်းဖြစ်ရာ၊ သူ၏ နောက်ကြည့်မှန် ကို မိမိ၏ မျက်နှာဆီသို့ မျက်နှာမူမိစေရန် လက်လှမ်း၍ ထောင့်ချိုးကို ချိန်ညှိလိုက်သည်။
သူ၏ မျက်နှာအလှတရားမှာ မှန်ထဲတွင် အထင်အရှား ပေါ်လွင်နေခဲ့သည်။ မူဟန်သည် မှန်ထဲရှိ မိမိ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ရာ... ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိဟု ထင်ရသော်လည်း၊ သူ၏ အကြည့်များမှာ ပိုမို၍ နက်ရှိုင်းကာ ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလာခဲ့သည်။
ခေတ္တမျှ ကြည့်ရှုပြီးနောက် မူဟန်သည် သူ၏ စိတ်ဝိညာဉ်မှာ ထိုမျက်ဝန်းများထဲသို့ စုပ်ယူခြင်း ခံလိုက်ရသကဲ့သို့ အနည်းငယ် ခံစားလိုက်ရသည်။ ၎င်းမှာ အလွန်တရာ ဆန်းကြယ်သော ခံစားချက်မျိုး ဖြစ်ပြီး... မိမိကိုယ်တိုင် မိမိမျက်ဝန်းဖြင့် ပြန်လည်ညှို့မှော်ပြုစားခြင်း ခံလိုက်ရသကဲ့သို့ပင်။
မူဟန်သည် သူ၏ ဆံပင်များကို လက်ဖြင့် အသာအယာ သပ်တင်လိုက်ပြီးနောက်၊ နောက်ကြည့်မှန်ကို ပုံမှန်အတိုင်း ပြန်လည်ပြင်ဆင်ကာ ကားတံခါးကို ဖွင့်လှစ်၍ ကျားကျဲအဆောက်အဦးဆီသို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားခဲ့တော့သည်။
လင်းရော့ဆီမှ ကြားနာမှုစွမ်းရည်မှတစ်ဆင့်... သူသည် ကျန်းရုန်ဖေးဘက်မှ အသံအချို့ကို ကြားသိနေရသည်။ ကျန်းရုန်ဖေးသည် ကုမ္ပဏီအလုပ်အချို့ကြောင့် ရုံးဆင်းရန် အနည်းငယ် ကြန့်ကြာနေခဲ့ခြင်း ဖြစ်ပြီး၊ ယခုအခါတွင်မူ အလုပ်များအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် သူမ၏ ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။
ဓာတ်လှေကားတစ်ခုသည် အထက်မှနေ၍ ပထမထပ် (မြေညီထပ်) သို့ ဖြည်းဖြည်းချင်း သက်ဆင်းလာခဲ့သည်။
တုံ... ဟူသောအသံနှင့်အတူ ဓာတ်လှေကားတံခါးမှာ အလိုအလျောက် ပွင့်ဟသွားခဲ့သည်။ ကျန်းရုန်ဖေး၏ သွယ်လျကျော့ရှင်းလှသော ခန္ဓာကိုယ် ကောက်ကြောင်းလေး ပေါ်ထွက်လာခဲ့ပြီး ဓာတ်လှေကားအတွင်းမှ ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့သည်။
ရှောင်ပေ့ ဝယ်ယူပေးခဲ့သော လိမ်းဆေးမှာ အမှန်တကယ်ပင် အာနိသင် ထိရောက်လှပေသည်။ ကျန်းရုန်ဖေးသည် ထိုလိမ်းဆေးကို မနက်ပိုင်းတွင် တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင် တစ်ကြိမ် လိမ်းဆီအဖြစ် အသုံးပြုခဲ့ရာ... သူမ၏ ဒဏ်ရာလက္ခဏာများမှာ များစွာ သက်သာသွားခဲ့ပြီး၊ ယခုအခါ လမ်းကို ပုံမှန်အတိုင်း လျှောက်လှမ်းနိုင်နေပြီ ဖြစ်သည်။ သို့သော်လည်း ခြေလှမ်းကျယ်ကျယ်တော့ မလှမ်းနိုင်သေးချေ။
သူမ လမ်းလျှောက်သည့် ပုံစံမှာ Slow motion ပြထားသကဲ့သို့ အနည်းငယ် ထူးဆန်းနေသေးသော်လည်း၊ ယခင်ကကဲ့သို့ ထော့နဲ့ထော့နဲ့ ဖြစ်နေသည့် အခြေအနေနှင့် ယှဉ်လျှင်မူ များစွာ ပိုမိုကောင်းမွန်လှပေသည်။
ကျန်းရုန်ဖေးသည် ယနေ့ ကုမ္ပဏီသို့ ကားမောင်း၍ မလာခဲ့သဖြင့် တက္ကစီ (Taxi) စီး၍ လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အလုပ်ဆင်းချိန်တွင်လည်း သဘာဝအတိုင်း တက္ကစီငှား၍သာ အိမ်ပြန်ရမည် ဖြစ်သည်။ သူမသည် ပထမထပ်ရှိ ဧည့်ခန်းမကြီးကို ဖြတ်ကျော်ကာ လမ်းမပေါ်တွင် ကားတစ်စီး တားရန်အတွက် အပြင်ဘက်သို့ လှမ်းထွက်ခဲ့သည်။
သို့သော်လည်း သူမ အဆောက်အဦးအပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက်... တံခါးဝတွင် စောင့်ဆိုင်းနေသော လူရိပ်တစ်ခုက မျက်နှာလိုမျက်နှာရဖြင့် ချက်ချင်း လှမ်း၍ ကြိုဆိုလိုက်တော့သည်။
"ဥက္ကဋ္ဌကျန်း... တက္ကစီငှားမလို့လားဟင်။ ကျွန်တော့်ကားနဲ့ပဲ လိုက်ခဲ့ပါလားဗျာ" ရှောင်ပေ့က ဖားပြားသော အမူအရာဖြင့် ဆိုလိုက်သည်။
"အလုပ်ရှုပ်ခံဖို့ မလိုပါဘူး" ကျန်းရုန်ဖေး အေးစက်စွာ တုံ့ပြန်လိုက်ပြီး သူ့ကို ကျော်ဖြတ်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။
ရှောင်ပေ့ကမူ နောက်မှ ကပ်လျက် လိုက်ပါလာခဲ့ပြီး ပြုံးရွှင်သော မျက်နှာဖြင့် ဆိုလိုက်သည် "မရှုပ်ပါဘူးဗျာ… ကျွန်တော် အပြန်လမ်းကလည်း တာ့လင်ဗီလာ နားကို သဘာဝအတိုင်း ဖြတ်သွားရမှာဆိုတော့... လမ်းကြုံတာပေါ့"
"ငါ မလိုဘူးလို့ ပြောနေတယ်လေ" ကျန်းရုန်ဖေး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရပြီး၊ ရှောင်ပေ့ကို မျက်ကွယ်ပြုရန်အတွက် ခြေလှမ်းများကို အရှိန်မြှင့်တင်လိုက်ချင်သော်လည်း ခန္ဓာကိုယ်က မသက်မသာ ဖြစ်နေဆဲမို့ အဆင်မပြေခဲ့ချေ။
"ကျွန်တော်ကို ဒီလောက်တောင် အားနာမနေပါနဲ့" ရှောင်ပေ့ကမူ အလျှော့မပေးဘဲ ကျန်းရုန်ဖေး၏ နောက်ကွယ်တွင် အရိပ်တစ်ခုအလား ထပ်ကြပ်မကွာ လိုက်ပါနေခဲ့သည်။
မိန်းကလေးတစ်ဦးကို လိုက်လံပိုးပန်းသည့်နေရာတွင် မရှိမဖြစ် လိုအပ်သော အချက်သုံးချက်ရှိသည် - ရဲတင်းမှု၊ သေသပ်ဂရုစိုက်မှုနှင့် မျက်နှာပြောင်တိုက်မှု တို့ပင် ဖြစ်သည်။ ရှောင်ပေ့သည် ထိုသီအိုရီကို သဘာဝအတိုင်း အပြည့်အဝ နားလည်ထားသူ ဖြစ်သည်။
(စော်လိုက်နည်းတဲ့ မှတ်သားကြလော့ )
မျှော်လင့်ထားသည့်အတိုင်းပင် အတန်ကြာ လိုက်ပါပြီးနောက် ကျန်းရုန်ဖေးသည် သူမ၏ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်တော့သည်။
"စိတ်ပြောင်းသွားပြီလား" ရှောင်ပေ့ ဖြဲဖြဲကြီး ပြုံးလိုက်မိသည်။
သို့သော် ကျန်းရုန်ဖေးသည် သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး၊ သူမ၏ မျက်ဝန်းများမှာမူ ရှေ့တည့်တည့်သို့ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့သည်။
ရှောင်ပေ့ တစ်ချက်မျှ ကြောင်သွားရပြီး ကျန်းရုန်ဖေး၏ အကြည့်နောက်သို့ လိုက်လံကြည့်ရှုလိုက်ရာ... သူတို့ထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာနေသော အလွန်တရာ ခန့်ညားထည်ဝါလွန်းသည့် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရတော့သည်။
၎င်းမှာ မူဟန် ဖြစ်သည်။
မူဟန်သည် ကျန်းရုန်ဖေးနှင့် ခပ်လှမ်းလှမ်း မီတာဝက်ခန့်အကွာတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမကိုသာ စိုက်ကြည့်နေခဲ့သည်။ ကျန်းရုန်ဖေး၏ မျက်ဝန်းများသည် သူနှင့် ခဏမျှ ဆုံစည်းသွားခဲ့ပြီးနောက်၊ သူမ၏ ပါးပြင်နှစ်ဖက်လုံးမှာ ချက်ချင်းပင် နီမြန်းသွားခဲ့ရတော့သည်။ ထို့နောက်တွင်မူ သူမသည် ရှက်ရွံ့စွာဖြင့် ခေါင်းကို အောက်သို့ ငုံ့ချလိုက်မိပြီး မူဟန့်ကို ထပ်မံ၍ မကြည့်ရဲတော့ချေ။
"သူက ဘယ်သူလဲ" ရှောင်ပေ့သည် ကျန်းရုန်ဖေးကို သံသယစိတ်ဖြင့် လှမ်း၍ မေးမြန်းလိုက်သည်။
"ဒါဆို မင်းကကော ဘယ်သူလဲ" မူဟန်က စကားဝိုင်းကို ချက်ချင်း ဝင်ရောက်စီးနင်းလိုက်ပြီး ရှောင်ပေ့ကို ပြန်လည်၍ မေးခွန်းထုတ်လိုက်သည်။
"သူက... ကျွန်မကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ပါ" ကျန်းရုန်ဖေး ကပျာကယာပင် မူဟန်၏ မေးခွန်းကို ကြားဖြတ်၍ ဖြေကြားလိုက်တော့သည်။
ဤအပြုအမူမှာ မူဟန်တစ်ယောက် အထင်အမြင်လွဲမှားသွားမည်ကို စိုးရိမ်သဖြင့်... မိမိနှင့် ရှောင်ပေ့အကြား ဆက်ဆံရေးကို အဝေးဆုံးသို့ ဆွဲထုတ်ကာ စည်းခြားလိုက်ခြင်းပင် ဖြစ်သည်။
ရှောင်ပေ့သည် လူအ မဟုတ်ရာ... ၎င်းကို သဘာဝအတိုင်း ချက်ချင်း ရိပ်မိသွားခဲ့သဖြင့် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အလွန်တရာ အကျည်းတန် ဆိုးဝါးသွားခဲ့ရတော့သည်။
ကျန်းရုန်ဖေးသည် မိမိ၏ အပြုအမူမှာ အနည်းငယ် အလျင်စလို ဖြစ်သွားခဲ့ကြောင်း သတိပြုမိလိုက်သော်လည်း၊ ရှောင်ပေ့ ဘာတွေးတွေး သူမ ဂရုမစိုက်ချေ။ သူမအနေဖြင့် ရှောင်ပေ့နှင့် စည်းခြားလိုက်ချင်သလို… တစ်ဖက်တွင်လည်း မူဟန့်အပေါ်၌ မသိစိတ်မှ ပေါ်ပေါက်လာသော ရှက်ရွံ့မှုများကြောင့် စိတ်လှုပ်ရှားနေခဲ့ရသည်။
"ရှင် ကားမောင်းလာခဲ့တာလား" ခေတ္တမျှ ပျာယာခတ်သွားပြီးနောက် ကျန်းရုန်ဖေး သူမ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိလာခဲ့ပြီး မူဟန့်ကို မေးမြန်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမသည် ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်ရာ မိမိ၏ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။
သူမ မနက်ပိုင်းက ထွက်ပြေးရန် ရွေးချယ်ခဲ့သော်လည်း…ဤကိစ္စကို ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေ၍ မရနိုင်ကြောင်းနှင့် စောစောစီးစီး သင့်လျော်သော ဖြေရှင်းချက်တစ်ခုကို ရှာဖွေရမည် ဖြစ်ကြောင်း သူမ သေချာပေါက် သိရှိထားသည်။
"ကားက ဟိုမှာ ရှိတယ်" မူဟန်က ပြန်လည်ဖြေကြားလိုက်သည်။
"ဒါဆိုရင်... ကျွန်မတို့ ညစာစားရင်းနဲ့ စကားပြောကြတာပေါ့" ကျန်းရုန်ဖေးက ဆိုလိုက်သည်။
"ကောင်းပါပြီ" မူဟန် လမ်းဘေးတစ်နေရာသို့ ညွှန်ပြလိုက်သည် "ကျွန်တော့်ကားက ဟိုဘက်မှာပါ"
ကျန်းရုန်ဖေး ခေါင်းငြိမ့်ပြလိုက်ပြီး…မူဟန်၏ ဘေးနားသို့ တိုးကပ်ကာ လမ်းဘေးတွင် ရပ်တန့်ထားသော ကားဆီသို့ သူနှင့်အတူ ယှဉ်တွဲလျက် လှမ်းလျှောက်သွားခဲ့တော့သည်။
ရှောင်ပေ့၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားခဲ့ရသည်။
သူသည် အဝေးမှနေ၍ မကျေမချမ်းဖြင့် လိုက်လံကြည့်ရှုနေခဲ့ရာ... ထိုသူနှစ်ဦး (McLaren p1) ပြိုင်ကားကြီးပေါ်သို့ အတူတကွ တက်ရောက်သွားကြပြီး၊ ၎င်းကားကြီးမှာ လမ်းမပေါ်သို့ မောင်းနှင်ထွက်ခွာကာ ယာဉ်ကြောအတွင်းသို့ ပျောက်ကွယ်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့သည်။
【ပိုင်ရှင်သည် ဇာတ်လိုက် ရှောင်ပေ့၏ စိတ်ဓာတ်ကို အောင်မြင်စွာ တိုက်ခိုက်ချိုးနှိမ်နိုင်ခဲ့သည်။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် -၁၀၊ ပိုင်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် +၁၀】
ကားမောင်းနှင်နေသော မူဟန်သည် စနစ်၏ အကြောင်းကြားချက်ကို ရရှိလိုက်သည့်အခါ စိတ်ထဲမှ တိတ်တဆိတ် ပြုံးလိုက်မိပြီး၊ လင်းရော့၏ အမြင်နှင့် အကြားအာရုံကို ဆက်လက်မျှဝေ ခံစားလိုက်သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင်... ရှောင်ပေ့သည် လင်းရော့ထံသို့ ချက်ချင်း ဖုန်းခေါ်ဆို၍ စုံစမ်းမေးမြန်းလိုက်တော့သည် -
"နင် သူ့ကို ဘယ်လိုမျိုး စောင့်ကြည့်နေတာလဲ။ ငါ့မိန်းမဘေးနားမှာ ဘယ်ကမှန်းမသိတဲ့ ယောက်ျားတစ်ယောက် ရုတ်တရက် ပေါ်လာတာကို... နင် ဘာဖြစ်လို့ ငါ့ကို လာမစီရင်တာလဲ"
"ကျွန်မ အရင်ကတည်းက စီရင်ထားပြီးသားပဲလေ… ပြီးတော့ ရှင် ပြောတဲ့အတိုင်းပဲ... တစ်ဖက်လူကို သတိပေးမှုတွေလည်း ပြုလုပ်ခဲ့ပြီးသားပါ" လင်းရော့က တည်ငြိမ်အေးဆေးစွာ ရှင်းပြလိုက်သည်။
ရှောင်ပေ့ တစ်ချက်မျှ ဆွံ့အသွားခဲ့ရပြီး၊ လင်းရော့သည် ယခင်က ကျန်းရုန်ဖေးအနားတွင် အလွန်တရာ ခန့်ညားလှပလွန်းသော (အမျိုးသားအနုပညာရှင်များထက်ပင် သာလွန်သော) လူငယ်တစ်ဦး ရှိနေကြောင်း တင်ပြခဲ့ဖူးသည်ကို ပြန်လည်သတိရသွားခဲ့သည်။
ထိုကောင်က တကယ်ကို လှပခန့်ညားလွန်းသဖြင့် ရှောင်ပေ့ကိုယ်တိုင်ပင် မနာလိုဖြစ်မိခဲ့သည် မဟုတ်ပါလား။ ကြည့်ရသည်မှာ... ယခုလူနှင့် ထိုလူမှာ တစ်ဦးတည်း ဖြစ်ပုံရသည်။
"အဲလိုဆိုရင်... သူက ဘာဖြစ်လို့ ငါ့မိန်းမဆီကို ရဲရဲတင်းတင်း လာရှာရဲသေးတာလဲ" ရှောင်ပေ့ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"ကျွန်မလည်း မသိဘူးလေ… ကျွန်မ သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး သွားသတိပေးရမလား" လင်းရော့က မေးမြန်းလိုက်သည်။
"လောလောဆယ် မလိုသေးဘူး" ရှောင်ပေ့က ထိုအကြံဉာဏ်ကို ငြင်းပယ်လိုက်သည်။
သူသည် ယခင်က မူဟန့်ကို တစ်ခါမျှ မတွေ့ဖူးခဲ့သဖြင့်… လင်းရော့ကို လွှတ်၍ သတိပေးခိုင်းခြင်းမှာ မည်သည့် သံသယကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ချေ။
သို့သော်လည်း ယခုလေးတင် သူကိုယ်တိုင် မူဟန်နှင့် ကျန်းရုန်ဖေးတို့ ကားပေါ်သို့ အတူတူတက်သွားသည်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ ဤအချိန်တွင် မူဟန်သာ တစ်စုံတစ်ခုသော ပြဿနာနှင့် ကြုံတွေ့ရပါက... ကျန်းရုန်ဖေးသည် မိမိကို သေချာပေါက် သံသယဝင်ပေလိမ့်မည်။
ယောက်ျားတစ်ယောက်အနေဖြင့် မိမိနှစ်သက်သော မိန်းကလေးအရှေ့တွင် ဤကဲ့သို့ အောက်တန်းကျသော အပြုအမူမျိုးကြောင့် ပုံရိပ်ပျက်စီး၍ မဖြစ်ချေ။
"သူတို့ ညစာစားဖို့ သွားကြတာ ဖြစ်လိမ့်မယ်။ နောင်ကျရင် သူတို့ရှိနေတဲ့ တည်နေရာ ကို ငါ့ဆီ ပို့ပေးပါ" ရှောင်ပေ့သည် ထိုသူနှစ်ဦးအကြား မည်သို့သော ဆက်ဆံရေးရှိသည်ကို စုံစမ်းစစ်ဆေးရန် ကိုယ်တိုင် သွားရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
"ရပါတယ်..."
လင်းရော့ နှုတ်ကနေ ဟန်ဆောင်၍ သဘောတူလိုက်သည်။
ရှောင်ပေ့နှင့် ဖုန်းချပြီးနောက် လင်းရော့သည် မူဟန်ထံသို့ ချက်ချင်း ဆက်သွယ်လိုက်ကာ ရှောင်ပေ့နှင့် ပြောဆိုခဲ့သော စကားများကို တင်ပြလိုက်ပြီးနောက်…မည်သို့ဆက်လက် လုပ်ဆောင်ရမည်ကို မူဟန်ထံမှ ညွှန်ကြားချက် တောင်းခံလိုက်တော့သည်။
"သူ့ကို ငါတို့ ညစာစားမယ့် နေရာကိုပဲ လှမ်းပြောပြလိုက်ပါ" မူဟန်သည် ရှောင်ပေ့တစ်ယောက် ဆီမီးတိုင်ကြီး အဖြစ် ရောက်ရှိလာမည့်အရေးကို အလွန်ပင် ဝမ်းမြောက်နေခဲ့ရသည်။
ထိုသို့မှ မဟုတ်လျှင် သူသည် ရှောင်ပေ့၏ စိတ်ခံစားချက်ကို မည်သို့ ကစားရပါမည်နည်း။ ဖုန်းချပြီးနောက် သူသည် လင်းရော့ထံသို့ စာတစ်စောင် ချက်ချင်း ပေးပို့လိုက်တော့သည်။
"ရှင်... ရှင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ" ကားအတွင်း၌ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊ ကျန်းရုန်ဖေးသည် မကြားတကြား လေသံလေးဖြင့် ရုတ်တရက် မေးမြန်းလိုက်သည်။
"မင်းက ဘာစကားတစ်ခွန်းမှ မပြောဘဲ ဒီအတိုင်း ထွက်ပြေးသွားတာလေ… မင်း ငါ့ကို ဘာမှတ်နေလဲ" မူဟန်က တည်ငြိမ်စွာဖြင့် ပြန်လည်၍ မေးခွန်းထုတ်လိုက်သည်။
မူဟန် ဤသို့ မေးမြန်းလိုက်သည့်အခါ ကျန်းရုန်ဖေး၏ စိတ်ထဲတွင် မိမိသည် "တစ်စုံတစ်ဦး၏ သံယောဇဉ် ခံစားချက်များကို လှည့်စားဖြုန်းတီးပြီးနောက်... ထိုသူ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသူတစ်ဦးအလား" ခံစားလိုက်ရတော့သည်။
"ကျွန်မ..." ကျန်းရုန်ဖေး ရှင်းပြချင်သော်လည်း… အချိန်အတော်ကြာ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေခဲ့ပြီး သင့်လျော်သော စကားလုံးကို ရှာမတွေ့ခဲ့ချေ… နောက်ဆုံးတွင်မူ သူမ မတတ်သာဘဲ တိုးတိုးလေး ဆိုလိုက်ရသည်… "တောင်းပန်ပါတယ်"
"တောင်းပန်ရုံနဲ့တင် ပြီးသွားရောလား… မင်းက မိန်းကလေးမို့လို့ပဲ မင်းပဲ နစ်နာရတယ်လို့ ထင်နေတာလား…ယောက်ျားလေးတစ်ယောက်ရဲ့ ဖြူစင်မှုကကော အရာမဝင်ဘူးလား။ မင်းက ပျော်ပါးပြီးတာနဲ့ ဘာစကားမှမပြောဘဲ ထွက်သွားတယ်... မင်း ငါ့ကို ကစားစရာတစ်ခုလို သဘောထားနေတာလား" မူဟန်က မတရားမှုကို ခံစားရသည့်အလား ဖြောင့်မတ်တည်ကြည်သော လေသံကြီးဖြင့် ဆိုလိုက်တော့သည်။