အခန်း (၂၆) - လက်သီးတစ်ချက် နှစ်တန်... ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ
ကျားကျဲနေ့စဉ်သုံး ဓာတုဗေဒလုပ်ငန်းစုကြီး၏ စီမံခန့်ခွဲရေးဌာနအတွင်း...။
ရှောင်ပေ့သည် သူ၏ ရုံးလုပ်ငန်းခွင်တွင် ထိုင်နေရင်း၊ မိမိဝယ်ယူပေးခဲ့သော လိမ်းဆေးဘူးကို ရရှိပြီးနောက် ကျန်းရုန်ဖေး၏ ကြောင်အမ်းအမ်း ဖြစ်သွားသော မျက်နှာအမူအရာလေးကို ပြန်လည်တွေးတောမိကာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။ သူသည် ဖုန်းကို ထုတ်ယူလိုက်ပြီး ကျန်းရုန်ဖေး၏ ခြေထောက်ခေါက် သွားသည့် အခြေအနေကို စုံစမ်းရန် လင်းရော့ထံသို့ ဖုန်းခေါ်ဆိုလိုက်တော့သည်။
လင်းရော့သည် ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ ခေတ္တမျှ ဆွံ့အသွားပြီးနောက်၊ မနေ့ညက အခြေအနေကို ချက်ချင်း ရိပ်မိသွားကာ ရှောင်ပေ့ကို ပြန်လည်ဖြေကြားလိုက်သည် …
"မနေ့ညက ကျန်းရုန်ဖေးရဲ့ အခန်းဘက်ကနေ ရေချိုးတဲ့အသံတွေ ကြားရတယ်… ပြီးတော့ မကြာခင်မှာပဲ သူမက 'အား' လို့ ရုတ်တရက် အော်လိုက်တယ်လေ…ကျွန်မထင်တာတော့ သူမ ရေချိုးရင်းနဲ့ ချော်ပြီး ခြေထောက် ခေါက်သွားတာ ဖြစ်လိမ့်မယ်"
ရှောင်ပေ့သည် လင်းရော့၏ စကားကို ကျိုးကြောင်းဆီလျော်သည်ဟု ယူဆလိုက်ပြီး ဘာမျှ ထပ်မံ၍ သံသယမဝင်ခဲ့ချေ။
" မင်းရဲ့ တာဝန်ကိုပဲ ဆက်ပြီး သေချာလုပ်ထားပါ… ဒီလကုန်သွားရင်တော့ ငါ့ရဲ့ ကိုယ်ခံပညာစွမ်းရည်တွေကို နင့်ကို စတင်သင်ကြားပေးမယ် ငါ့ရဲ့ လက်သီးချက်တွေက ဘာဖြစ်လို့ ကီလိုဂရမ် တစ်ထောင် (၁,၀၀၀ ကီလိုဂရမ်) အထိ အားပြင်းရလဲဆိုတာ နင် မသိချင်ဘူးလား… မင်း ငါ့အလုပ်ကိုပဲ ကောင်းကောင်းလုပ်ပေးထားပါ၊ အဲဒီလျှို့ဝှက်ချက်ကို ငါ နင့်ကို ပြောပြမယ်"
လင်းရော့ကို အလုပ်ထဲတွင် ပိုမိုကြိုးစားလာစေရန်အတွက် ရှောင်ပေ့သည် မက်လုံးအလွတ်တစ်ခု ပေးလိုက်ခြင်း ဖြစ်သည် …
"ငါသင်ပေးတဲ့ နည်းလမ်းတွေအတိုင်း နင်သာ သေချာကြိုးစား အားထုတ်မယ်ဆိုရင်တော့၊ လက်သီးတစ်ချက်ကို ကီလိုဂရမ် တစ်ထောင်အထိ ရောက်ဖို့ မဖြစ်နိုင်ပေမယ့်၊ ၇၀၀ ဒါမှမဟုတ် ၈၀၀ ကီလိုဂရမ်လောက်အထိ ရောက်ဖို့ကတော့ အပြည့်အဝ ဖြစ်နိုင်ပါတယ်"
အကယ်၍ ယခင်ကသာဆိုလျှင် လင်းရော့သည် ဤကဲ့သို့သော မုန့်လုံးစက္ကူကပ် စကားများကို ကြားရပါက အလွန်တရာ စိတ်လှုပ်ရှားသွားပေလိမ့်မည်။
မည်မျှပင် ခက်ခဲပါစေ… အချိန်မည်မျှပင် ပေးရပါစေ သူမ သေချာပေါက် ကြိုးစားလေ့ကျင့်ပေလိမည်။
သို့သော်လည်း... စနစ် ၏ ကောင်းကျိုးချိုမြိန်မှုများကို မြည်းစမ်းဖူးသွားခဲ့ပြီဖြစ်သော ယခုအခါတွင်မူ…သူမအနေဖြင့် ထိုကဲ့သို့သော ပင်ပန်းဆင်းရဲမှုများကို လုံးဝ သည်းမခံချေ။
သူမ၏ ယခင် ကိုယ်ခံပညာစွမ်းရည်မှာ အလတ်တန်းစားအဆင့်သာ ရှိခဲ့သော်လည်း၊ မူဟန် ပေးအပ်သော တာဝန်တစ်ခုတည်းကို ပြီးမြောက်ရုံမျှဖြင့် အဆင့်မြင့်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည် မဟုတ်ပါလား။ ပြင်းထန်စွာ လေ့ကျင့်ခြင်းသည် စနစ်တာဝန်တစ်ခုကို ပြီးမြောက်ခြင်းလောက် မထိရောက်ချေ။
လင်းရော့ ဤသို့ တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် သူမ၏ စိတ်ထဲတွင် စနစ်၏ အကြောင်းကြားသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
တာဝန်အသစ်တစ်ခု ပေးအပ်လိုက်ပြီ ဖြစ်သည်။
"ကျွန်မ ကျန်းရုန်ဖေးရဲ့ အခြေအနေကို ဆက်ပြီး စောင့်ကြည့်ရဦးမယ်။ တခြားကိစ္စမရှိရင် ဖုန်းချလိုက်တော့မယ်နော်" လင်းရော့က ဆိုလိုက်သည်။
"ကောင်းပါပြီ... အလုပ်လုပ်ပါဦး"
ရှောင်ပေ့ကမူ လင်းရော့သည် မိမိ၏ ကတိစကားများကြောင့် စိတ်အားထက်သန်ကာ အလုပ်ကို အာရုံစိုက်နေခြင်း ဖြစ်မည်ဟု ယူဆလိုက်မိသဖြင့် စိတ်ထဲတွင် အလွန်ပင် ကျေနပ် အားရနေခဲ့တော့သည်။
လင်းရော့ ဖုန်းကို ချလိုက်ပြီးနောက် စနစ်မှတစ်ဆင့် ပေးအပ်လာသော တာဝန်အသစ်ကို စိတ်အားထက်သန်စွာဖြင့် ချက်ချင်း စစ်ဆေးလိုက်သည်။
【တာဝန် - လက်တစ်ဖက်တည်းဖြင့် ဒိုက်ထိုး ၁၀ ကြိမ် ပြုလုပ်ရန်】
【တာဝန်ဆုလာဘ် - ညာဘက်လက်မောင်း၏ ပုံမှန်လက်သီးချက် စွမ်းအားကို ၁,၀၀၀ ကီလိုဂရမ်သို့ တိုးမြှင့်ပေးမည်။】
【တာဝန်အချိန်ကန့်သတ်ချက် - ၁၀ မိနစ်အတွင်း။】
တာဝန်၏ ဖော်ပြချက်မှာ ရိုးရှင်းပြီး ရှင်းလင်းလှသည်…လက်တစ်ဖက်တည်းဖြင့် ဒိုက်ထိုး ၁၀ ကြိမ် ပြုလုပ်ရန်မှာ သာမန်လူတစ်ဦးအတွက် အလွန်ခက်ခဲသော်လည်း…လင်းရော့အတွက်မူ အလွန်တရာ လွယ်ကူလှပေသည်။
တာဝန်၏ ဆုလာဘ်မှာ... လက်သီးချက်စွမ်းအားကို တိုက်ရိုက် တိုးမြှင့်ပေးခြင်း ဖြစ်သည်။
လင်းရော့သည် လက်သီးတစ်ချက်ကို ကီလိုဂရမ် တစ်ထောင်အထိ ထိုးနိုင်သော ရှောင်ပေ့ကို အလွန်ပင် အထင်ကြီးအားကျခဲ့ရခြင်း ဖြစ်သည်။
ဤစနစ်က တကယ်ကို အံ့သြစရာကောင်းလှပေသည်…မိမိ အလိုရှိသောအရာမှန်သမျှကို ထုတ်လုပ်ပေးနိုင်ပုံရသည်။
လင်းရော့ အလွန်ဝမ်းမြောက်သွားခဲ့ပြီး တာဝန်ကို ချက်ချင်း လက်ခံလိုက်ကာ၊ ထိုနေရာမှာတင် လက်တစ်ဖက်တည်းဖြင့် ဒိုက်ထိုး ၁၀ ကြိမ်ကို ချက်ချင်း ပြုလုပ်လိုက်တော့သည်။
သူမ ဒိုက်ထိုး ၁၀ ကြိမ် ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် စနစ်က ဆုလာဘ်ကို စတင် တွက်ချက်ပေးခဲ့သည်။
အခြားတစ်ဖက်တွင်မူ...။
မူဟန်သည်လည်း စနစ်ထံမှ တုံ့ပြန်မှု ဆုလာဘ်ကို ရရှိခဲ့ချေပြီ။
【လင်းရော့၏ တာဝန် ပြီးမြောက်အောင်မြင်သွားခဲ့ပါပြီ။ သူမ၏ ညာဘက်လက်မောင်း ပုံမှန်လက်သီးချက်စွမ်းအားမှာ ၁,၀၀၀ ကီလိုဂရမ်သို့ တိုးတက်သွားခဲ့သည်။ ဂုဏ်ယူပါသည် အိမ်ရှင်... ကံထူးမှုအဆင့် နှစ်ဆ ဖြစ်ပေါ်သွားခဲ့သဖြင့် တုံ့ပြန်မှုဆုလာဘ်အဖြစ် - သင်၏ ညာဘက်လက်မောင်း ပုံမှန်လက်သီးချက်စွမ်းအားမှာ ၂,၀၀၀ ကီလိုဂရမ် တိုးတက်သွားခဲ့ပါပြီ။】
ဤဆုလာဘ် အကြောင်းကြားချက်ကို ရရှိလိုက်သည့်အချိန်တွင် မူဟန်တစ်ယောက် အလန့်တကြားဖြင့် စိတ်ထဲမှ ရေရွတ်မိလိုက်သည် - အမလေး... ဘုရားရေ
ကီလိုဂရမ် နှစ်ထောင် ဆိုသည်မှာ တန်ချိန်နှစ်တန် (၂ တန်) ဖြစ်သည်။
(မှားရင် အဲ့နေက ကျောင်းမတက်လို့မှတ် )
လက်သီးတစ်ချက်တည်းဖြင့် တန်ချိန်နှစ်တန်ခန့်ရှိသော စွမ်းအားကို သယ်ဆောင်နိုင်ခြင်း ဖြစ်ရာ... အကယ်၍ ထိုလက်သီးချက်သာ လူတစ်ယောက်ကို ထိမှန်သွားပါက ထိုလူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ပေါက်ထွက်သွားစေမည် မဟုတ်ပါလား။
မူဟန် ဆုလာဘ်ကို ရယူလိုက်သည့်အချိန်တွင် သူ၏ ညာဘက်လက်မောင်းအတွင်း၌ ပူနွေးသော ခံစားချက်တစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့သော်လည်း၊ အပေါ်ယံကြည့်မည်ဆိုပါက သူ၏ ဘယ်ဘက်လက်မောင်းနှင့် ယှဉ်လျှင် မည်သို့မျှ ကွဲပြားခြားနားခြင်း မရှိချေ။ သို့သော်လည်း သူ၏ ညာဘက်လက်မောင်းကို အားအပြည့် စိုက်ထုတ်လိုက်သည့် အခါတွင်မူ၊ ညာဘက်လက်မောင်းရှိ ကြွက်သားများမှာ ချက်ချင်းပင် ဖောင်းကြွ ထွက်ပေါ်လာခဲ့သည်။
မူဟန်သည် လေထဲသို့ လက်သီးတစ်ချက် ဝှေ့ယမ်းထိုးကြည့်လိုက်ရာ... လေထုကို ဖြတ်တောက်သွားသည့် 'ဝှစ်' ဆိုသောအသံ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။ အကယ်၍ ဤလက်သီးချက်သာ တစ်စုံတစ်ဦးအပေါ်သို့ ကျရောက်သွားပါက မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
မူဟန် သူ၏ ကိုယ်ပိုင်အချက်အလက် မျက်နှာပြင် ကို ထုတ်ယူကာ ကြည့်ရှုလိုက်သည်။
【အိမ်ရှင် - မူဟန်】
【ဆွဲဆောင်မှုအမှတ် - ၁၂၁ (အဆင့်သတ်မှတ်ချက် - အလွန်တရာ ဆွဲဆောင်မှုရှိခြင်း)】
【တိုက်ခိုက်ရေးစွမ်းရည်အမှတ် - ၁၀၅၉ (ကန့်သတ်ချက် မရှိပါ၊ သာမန်အရွယ်ရောက်ပြီး အမျိုးသားများ၏ ပျမ်းမျှအမှတ်မှာ ၆၀ ဖြစ်သည်)】
【ဗီလိန်အရှိန်အဝါအမှတ် - ၂၂၇】
【စွမ်းရည်များ - ထိပ်တန်းအဆင့် ကိုယ်ခံပညာစွမ်းရည် အခြေခံ 'စိတ္တဇညှို့မျက်ဝန်း' စွမ်းရည်၊ ညာဘက်လက်မောင်းဖြင့် ပုံမှန်အခြေအနေတွင် ၂,၀၀၀ ကီလိုဂရမ်အထိ အားပြင်းသော လက်သီးချက်ကို ထိုးနိုင်စွမ်းရှိခြင်း】
【ဝါသနာစရိုက် - အလှအပနှင့် မိန်းမလှလေးများကို နှစ်သက်ခြင်း】
【ကံကြမ္မာအဆင့်အတန်း - အဆင့်မြင့်ဗီလိန် 】
လွန်ခဲ့သော ရက်အနည်းငယ်နှင့် နှိုင်းယှဉ်ပါက မူဟန်၏ အချက်အလက်များမှာ များစွာ ပိုမိုကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ကံကြမ္မာအဆင့်အတန်းမှာလည်း အလတ်တန်းစားဗီလိန်အဆင့်မှ အဆင့်မြင့်ဗီလိန်အဆင့်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
မူဟန်သည် လင်းရော့၏ အမြင်အာရုံနှင့် အကြားအာရုံများကို မျှဝေခံစားနိုင်စွမ်းရှိသဖြင့်၊ သူသည် လောလောဆယ်တင် ရှောင်ပေ့နှင့် လင်းရော့တို့ ပြောဆိုခဲ့သော စကားများကိုလည်း ကြားသိခဲ့ရသည်။
ရှောင်ပေ့သည် လက်သီးတစ်ချက်ကို ၁,၀၀၀ ကီလိုဂရမ်သာ ထိုးနိုင်စွမ်းရှိသော်လည်း၊ ယခုအခါ မိမိကမူ ၂,၀၀၀ ကီလိုဂရမ်အထိ အလွယ်တကူ ထိုးနိုင်စွမ်းရှိသဖြင့် ရှောင်ပေ့ထက် နှစ်ဆမျှ ပိုမိုသန်မာနေခဲ့ပြီ ဖြစ်သည်။
ထိပ်တန်း စစ်သည်တော်တစ်ဦးအနေဖြင့် ရှောင်ပေ့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိ ထိပ်တန်းအဆင့်တွင် ရှိသော်လည်း၊ မူဟန်၏ အလုံးစုံသော တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ထိပ်တန်းအဆင့်တွင် ရှိနေခဲ့ပြီ ဖြစ်သည်။
တိုက်ခိုက်ရေးနည်းစနစ်များ၊ ဖျတ်လတ်မှုနှင့် တုံ့ပြန်မှု အရှိန်အဝါများတွင် သူသည် ရှောင်ပေ့ထက် စိုးစဉ်းမျှ လျော့နည်းခြင်း မရှိချေ။
ထို့အပြင် မူဟန်၌ အလွန်တရာ သန်မာလှသော ညာဘက်လက်မောင်း စွမ်းအား ရှိနေခဲ့ပြီ ဖြစ်ရာ၊ အကယ်၍ လက်ဗလာဖြင့် တစ်ယောက်ချင်းစီ ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်ကြမည်ဆိုပါက... သူသည် ရှောင်ပေ့ကို သေချာပေါက် အမှုန့်ခြေပစ်နိုင်စွမ်း ရှိပေသည်။
သဘာဝအတိုင်းပင်... ရှောင်ပေ့၌လည်း သူ၏ ကိုယ်ပိုင် အားသာချက်များ ရှိပေလိမည်။ ထိပ်တန်းစစ်သည်တော်တစ်ဦးအဖြစ် ရှောင်ပေ့သည် သေနတ်နှင့် လက်နက်ဆန်းမျိုးစုံကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပေလိမည်။
သို့သော်လည်း ယခုကဲ့သို့သော ပြည်တွင်းဥပဒေအောက်တွင်မူ ထိုကဲ့သို့သော လက်နက်များကို အလွယ်တကူ ရရှိရန်မှာ မဖြစ်နိုင်ချေ။
မူဟန်အနေဖြင့် အနည်းဆုံးတော့ လောလောဆယ်တွင် စိုးရိမ်စရာ မလိုသေးချေ။ ထို့အပြင် သူ့ထံတွင် လင်းရော့ဟူသော လျှို့ဝှက်သူလျှို တစ်ဦး ရှိနေသေးသည် မဟုတ်ပါလား။ အကယ်၍ ရှောင်ပေ့ဘက်က တစ်စုံတစ်ခုသော လှုပ်ရှားမှုကြီးများ ပြုလုပ်လာခဲ့ပါက မိမိအနေဖြင့် ကြိုတင်၍ သိရှိနိုင်လှသည်။
"ရှောင်ပေ့နဲ့ သွားရောက်တွေ့ဆုံဖို့ အချိန်ကျပြီပဲ" မူဟန် အနည်းငယ် စိတ်မရှည်တော့ဘဲ သူ၏ 'လက်သီး' စွမ်းအားပြင်းလက်မောင်း) အသစ်ကို စမ်းသပ်ကြည့်ချင်နေခဲ့သည်။
သူသည် လင်းရော့မှတစ်ဆင့် ကျန်းရုန်ဖေး၏ စကားများကို ကြားရခြင်းဖြင့် ရှောင်ပေ့သည် လောလောဆယ်တွင် ကျားကျဲနေ့စဉ်သုံးဓာတုဗေဒလုပ်ငန်းစု၌ အလုပ်လုပ်နေကြောင်း သွယ်ဝိုက်၍ သိရှိခဲ့ရသည်။ ထို့အပြင်... ရှောင်ပေ့သည် ကျန်းရုန်ဖေးတစ်ယောက် ခြေထောက် ခေါက်သွားသည်ဟု ထင်မှတ်ကာ ဆေးဆိုင်သို့ သွားရောက်၍ လိမ်းဆေးဘူး ဝယ်ယူပေးခဲ့သေးသည်။
မူဟန် ၎င်းကို ကြားလိုက်ရသည့်အချိန်တွင် အော်ဟစ်၍ပင် ရယ်မောမိလိုက်တော့သည်။
ရှောင်ပေ့သည် မိမိ၏ အိမ်တွင်းပုန်းလေး ခိုးယူခံလိုက်ရသည်ကို စိုးစဉ်းမျှ မသိရှိသေးဘဲ…မိမိ၏ ဆေးဝယ်ပေးခဲ့သော အပြုအမူကြောင့် ကျန်းရုန်ဖေး၏ စိတ်ကျေနပ်မှုကို ရရှိသွားပြီဟု ထင်မှတ်ကာ ကိုယ့်ကိုယ်ကိုယ် သာယာနေခဲ့ခြင်း ဖြစ်သည်။
မူဟန် ခန့်မှန်းရသလောက်ဆိုလျှင်... ရှောင်ပေ့သည် နောက်ထပ် လုပ်ဆောင်ချက်များကို သေချာပေါက် ဆက်လက်ပြုလုပ်ဦးမည် ဖြစ်သည်။
ကျန်းရုန်ဖေးသည် "ခြေထောက် ခေါက်နေသဖြင့်" ကားမောင်းရန် အဆင်မပြေချေ။ ယနေ့ အလုပ်ဆင်းချိန် ရောက်ရှိလာခဲ့ပါက ရှောင်ပေ့သည် မျက်နှာလိုမျက်နှာရ ဖားနိုင်မည့် ဤကဲ့သို့သော အခွင့်အရေးကောင်းကို သေချာပေါက် လက်လွတ်ခံမည် မဟုတ်ချေ။
ဒူ... ဒူ...ဒူ…
မူဟန် အတွေးနက်နေစဉ်မှာပင် သူ၏ ဖုန်းမှာ ရုတ်တရက် တုန်ခါသွားခဲ့သည်။ ၎င်းမှာ ရွှီပင်းနင်းထံမှ လာသော မက်ဆေ့ဂျ် ဖြစ်သည်။
"နင် ဘာတွေလုပ်နေလဲ..."
"ငါ ခုလေးတင်ပဲ ရေချိုးပြီးတာ" မူဟန်က ပြန်လည်ဖြေကြားလိုက်သည်။
"ဟင်... ဒီလိုအချိန်ကြီးမှာ ရေချိုးတယ် ဟုတ်လား" ရွှီပင်းနင်း သေချာပေါက် မယုံကြည်ချေ။
မူဟန် သူ၏ ကိုယ်ပိုင်ဆဲလ်ဖီ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးကာ ရွှီပင်းနင်းထံသို့ ပို့ဆောင်လိုက်သည်။ သူသည် ရေချိုးတာဝါတစ်ခုတည်းကိုသာ ပတ်ထားခြင်း ဖြစ်ပြီး၊ သူ၏ အပေါ်ပိုင်း ဗလာကျင်းနေကာ သူ၏ အရေပြားပေါ်တွင်လည်း လုံးဝခြောက်သွေ့မသွားသေးသော ရေစက်ကလေးများ ရှိနေခဲ့သည်။
"လူဆိုးကြီး..."
ရွှီပင်းနင်း ရှက်ရွံ့စွာဖြင့် ရေရွတ်လိုက်ပြီး ထိုကဲ့သို့သော အပြုအမူကို ရှုတ်ချသည့်အနေနှင့် စာတစ်စောင် ရေးသားလိုက်သည်။
သို့သော်လည်း သူမ၏ လက်ချောင်းလေးများမှာမူ မသိစိတ်အတိုင်း ထိုဓာတ်ပုံကို ထိပုတ်လိုက်မိကာ၊ ၎င်းကို အနီးကပ်ကြည့်ရှုပြီး တစိမ့်စိမ့် ခံစားအားပေးနေခဲ့မိတော့သည်။
ဘာပဲဖြစ်ဖြစ် လောလောဆယ်တွင် သူမ၏ ဘေးနား၌ မည်သူမျှမရှိသဖြင့် သူမ ဘာလုပ်နေသည်ကို မည်သူမှ သိရှိနိုင်မည် မဟုတ်ချေ။
စက္ကန့်ပေါင်းများစွာ ကြည့်ရှုပြီးနောက်မှ ရွှီပင်းနင်းသည် အနည်းငယ် နီမြန်းနေသော မျက်နှာလေးဖြင့် ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ကာ၊ စာတစ်စောင်ကို ပြန်လည်ရေးသား၍ မေးမြန်းလိုက်သည် - "ဘာဖြစ်လို့ ဒီလိုအချိန်ကြီးမှာ ရေချိုးနေရတာလဲ"
"မနေ့က ငါ ရေမချိုးရသေးဘူးလေ၊ တစ်ကိုယ်လုံး ချွေးတွေနဲ့ဆိုတော့ နေရတာ တစ်မျိုးကြီးဖြစ်လို့ပါ"
၎င်းမှာ အမှန်တရားပင် ဖြစ်သည်၊ မူဟန်သည် မနေ့ညက ပြင်းထန်လှသော တိုက်ပွဲကြောင့် အလုပ်အလွန်အမင်း များပြားခဲ့သဖြင့် ချွေးများစွာ ထွက်ခဲ့ရသည် မဟုတ်ပါလား။
ရွှီပင်းနင်း - "ကောင်းပါပြီ... ဒါဆိုရင် ဒီနေ့ညနေပိုင်းကျရင် နင် အားလားဟင် ငါတို့ တူတူ ညစာစားကြမလား"
"ငါ့မှာ အလုပ်ကိစ္စ ဆွေးနွေးဖို့ ချိန်းဆိုမှုတစ်ခု ရှိနေလို့ပါ" မူဟန်သည် ညနေပိုင်းတွင် ကျန်းရုန်ဖေးထံသို့ သွားရောက်ရန် ကြိုတင်စီစဉ်ထားပြီး ဖြစ်ရာ…အကယ်၍ ရွှီပင်းနင်း၏ တောင်းဆိုမှုကို လက်ခံလိုက်ပါက သူ၏ အစီအစဉ်များနှင့် တိုးမိသွားပေလိမည်။
"အော်... ဟုတ်လား..." ရွှီပင်းနင်း အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။
"ဒါဆိုရင် ငါ အလုပ်ကို ဖျက်လိုက်ပြီး... နင်နဲ့ တူတူ ညစာစားရမလား" မူဟန် ပေါ့ပေါ့ပါးပါးပင် စနောက်၍ ဆိုလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရွှီပင်းနင်းက ချက်ချင်း ငြင်းဆန်လိုက်သည် "မလုပ်ပါနဲ့... အလုပ်က ပိုပြီး အရေးကြီးပါတယ်"
"ငါ တကယ်ကို မင်းနဲ့ တွေ့ချင်နေတာပါ… ငါတို့ မတွေ့ရတာ နာရီပေါင်း နှစ်ဆယ်ကျော်သွားပြီဆိုတော့... ငါ နင့်ကို အရမ်းလွမ်းနေတာ" မူဟန် သူမကို ချော့မော့လိုက်သည်။
ဘာပဲဖြစ်ဖြစ် စာလုံးအနည်းငယ် ရိုက်ရုံမျှသာ ဖြစ်သဖြင့် စွမ်းအင်အများကြီး စိုက်ထုတ်ရန် မလိုချေ။
မိန်းကလေးများမှာ အမြဲတမ်းပင် ချိုသာသော စကားလုံးများကို ကြားချင်ကြသည် မဟုတ်ပါလား…အထူးသဖြင့် ချစ်သူဘဝကို စတင်ခါစ မိန်းကလေးများဆိုလျှင် ပို၍ပင် ဖြစ်သည်။
"ငါလည်း နင့်ကို လွမ်းနေတာပါ... ဒါပေမယ့် သေသေချာချာ ပြောရမယ်ဆိုရင်တော့ ငါတို့ နောက်ဆုံးတွေ့ခဲ့ကြတာ ၂၅ နာရီနဲ့ ၃၅ မိနစ် ရှိသွားပြီ" ရွှီပင်းနင်းက အချိန်ကို တိတိကျကျပင် ပြန်လည်ပြင်ဆင်ပေးလိုက်သည်။
မူဟန် တစ်ချက်မျှ အံ့အားသင့်သွားရသည်။ ရွှီပင်းနင်း၏ အချစ်အပေါ် အလွန်အမင်း ရူးသွပ်တတ်သော စရိုက် မှာ တကယ်ကိုပင် နာမည်ကြီးလှပေသည်၊ သူမ အရာအားလုံးကို ဤမျှအထိ တိတိကျကျ မှတ်မိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
"ငါ ဒီမှာ အလုပ်တွေ ရှုပ်နေလို့ပါ၊ နင် အားတဲ့အချိန်ကျမှ တူတူ စကားပြောကြရအောင်နော်" မူဟန် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားစဉ်အတွင်း ရွှီပင်းနင်းက နောက်ထပ် စာတစ်စောင်ကို ချက်ချင်း ထပ်မံပေးပို့လာခဲ့ပြန်သည်။
မူဟန် - "ကောင်းပါပြီ... ဒါဆိုရင်လည်း အလုပ်တွေကို အာရုံစိုက်လုပ်ဦးနော်"
ရွှီပင်းနင်း - "အင်း..."
မူဟန် - "သွားပြီနော်"
ရွှီပင်းနင်း - "ဟုတ်ကဲ့ပါ"
မူဟန်သည် စကားဝိုင်းကို ပိတ်လိုက်ကာ (Chat) ကို အဆုံးသတ်လိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သူသာ ဆက်လက်၍ စာရိုက်နေမည်ဆိုပါက ရွှီပင်းနင်းဘက်က အမြဲတမ်း တစ်စုံတစ်ခုကို ပြန်လည်ဖြေကြားနေမည်ဖြစ်ရာ ဤစကားဝိုင်းမှာ အဆုံးမရှိ ဆက်လက် ရှည်လျားနေမည် ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း တစ်ဖက်တွင် တွေးကြည့်မည်ဆိုပါက... ယခုကဲ့သို့ အချစ်အပေါ် အလွန်အမင်း ရူးသွပ်တတ်သော မိန်းကလေးတစ်ဦးနှင့် တွဲရသည်မှာလည်း အမှန်တကယ်ပင် ချိုမြိန်လှပေတော့သည်။