အခန်း (၂၄) - ရှောင်ပေ့၏ ဦးခေါင်းထက်မှ စိမ်းလန်းသော အလင်းတန်း
လင်းရော့သည် သူမ၏ တာဝန်ကို အလွန်ပင် ကျေပွန်လှသည်…ကျန်းရုန်ဖေး၏ ဖုန်းဆီမှ ထွက်ပေါ်လာသမျှ အသံများကို အဆက်မပြတ် နားထောင်နေခဲ့သည်။
သို့သော်လည်း ကျန်းရုန်ဖေး၏ ဖုန်းမှာ တံခါးဝအနီးတွင် ရှိနေခဲ့သဖြင့် သူမ ဖမ်းယူရရှိသော အသံများမှာ အလွန်တရာ တိုးညှင်းလှသည်… သို့သော် ထိုမျှတိုးညှင်းသော အသံများကြားမှပင် လင်းရော့အနေဖြင့် အထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း အကြမ်းဖျင်းအားဖြင့် ခန့်မှန်းသိရှိနိုင်ခဲ့ချေပြီ။
ဤအချိန်တွင်... မိမိကိုယ်ကိုယ် အဖောက်ပြန်ခံနေရမှန်း လုံးဝမသိရှိသေးသော ဇာတ်လိုက် ရှောင်ပေ့ထံမှ ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာခဲ့သည်။ လင်းရော့ ခေတ္တမျှ တုန့်ဆိုင်းသွားပြီးမှ ဖုန်းကို လက်ခံဖြေကြားလိုက်တော့သည်။
"ငါ့မိန်းမရဲ့ လူမှုရေးပွဲ ပြီးသွားပြီလား" ရှောင်ပေ့က မေးမြန်းလိုက်သည်။
"သူမရဲ့ ပွဲက ပြီးသွားတာ ကြာပါပြီ… အခု သူမရဲ့ ကိုယ်ပိုင်တိုက်ခန်းကို ပြန်သွားပါပြီ" လင်းရော့သည် ကျန်းရုန်ဖေး၏ သွားလာလှုပ်ရှားမှုများကို အတည်ပြုပေးသကဲ့သို့ တည်ကြည်လေးနက်သော လေသံဖြင့် အစီရင်ခံလိုက်သည်။
ရှောင်ပေ့ စိုးစဉ်းမျှ သံသယမဝင်ခဲ့ချေ၊ ကျန်းရုန်ဖေးအနေဖြင့် ယနေ့တွင် မိမိတစ်ယောက် ကျန်းမင်၏ အိမ်သို့ ရောက်ရှိနေမည်ကို ကြိုတင်ခန့်မှန်းမိသဖြင့် လာရန် ငြင်းဆန်သည့်အနေနှင့် သူမ၏ ကိုယ်ပိုင်တိုက်ခန်းသို့ တန်းပြန်သွားခြင်းဖြစ်မည်ဟုသာ သူ တွေးတောလိုက်တော့သည်။
ဧည့်ခန်းအတွင်း၌မူ... ရှောင်ပေ့နှင့် ကျန်းမင်တို့သည် နောက်ထပ် တစ်နာရီခန့် ထပ်မံ၍ စကားစမြည် ပြောဆိုခဲ့ကြသည်။
ကျန်းမင်သည် သူ၏ သမီးဖြစ်သူထံသို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုသော်လည်း မည်သူမျှ မကိုင်သဖြင့် တစ်စုံတစ်ခု ဖြစ်ပွားနေမည်ကို စိုးရိမ်ကာ ပျာယာခတ်လာခဲ့ပြီ ဖြစ်သည်။
"အဖေ... ဖေးဖေးက ကျွန်တော် ဒီမှာရှိနေတာကို သိလို့ မလာချင်တာနေမှာပါ… သူမ ကျွန်တော့်ဆီကို စာတိုလေး ပို့ထားတယ်"
ရှောင်ပေ့သည် ကျန်းမင်ကို စိုးရိမ်မနေစေချင်သလို… တစ်ဖက်တွင်လည်း လင်းရော့က ကျန်းရုန်ဖေးကို စောင့်ကြည့်ထောက်လှမ်းနေသည့် အကြောင်းကို အသိမပေးချင်သဖြင့် လိမ်ညာလိုက်ခြင်း ဖြစ်သည်။
ကျန်းမင်က ဆိုလိုက်သည် "ဒါဆိုရင်တောင်မှ မင်းဆီကို ဖုန်းလေး ပြန်ဆက်သင့်တာပေါ့"
"သူမက ဖုန်းပြန်မဆက်တာ အံ့သြစရာ မဟုတ်ပါဘူး" ကျန်းရုန်ဖေး၏ မိခင်ဖြစ်သူ ယွီဟုန် က ဧည့်ခန်းဘေးမှ အမှတ်မထင် ဖြတ်လျှောက်သွားရင်း ပေါ့ပေါ့ပါးပါးပင် ဝင်ရောက်ပြောဆိုလိုက်သည်။
ကျန်းမင် တစ်ချက်မျှ ဆွံ့အသွားရတော့သည်။ သူတို့ဇနီးမောင်နှံနှစ်ဦးသည် အသည်းအသန် ရောဂါဖြစ်နေသည်ဟူသော အကြောင်းပြချက်ဖြင့် လိမ်ညာကာ သမီးဖြစ်သူကို အတင်းအကျပ် လက်ထပ်ခိုင်းခဲ့ခြင်း ဖြစ်သဖြင့်၊ သမီးနှင့် သူတို့ကြားရှိ ဆက်ဆံရေးမှာ အမှန်တကယ်ပင် တင်းမာနေခဲ့သည် မဟုတ်ပါလား။
"အဖေ… အမေ... ဒါဆိုရင် ကျွန်တော် ပြန်တော့မယ်နော်" ရှောင်ပေ့က မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်တော့သည်။
ကျန်းမင်က သူ့ကို တံခါးဝအထိ လိုက်လံပို့ဆောင်ပေးပြီး မှာကြားလိုက်သည် "မနက်ဖြန်ကျရင် အလုပ်ကို စောစောလာဖို့ ကြိုးစားဦးနော်"
"ဟုတ်ကဲ့... သိပါပြီဗျာ"
ရှောင်ပေ့သည် ကားကို မောင်းနှင်၍ ယွင်တင့်စံအိမ်တော် ဗီလာဇုန်အတွင်းမှ ထွက်ခွာလာခဲ့သည်။ လမ်းဘေးတွင် ဘား တစ်ခုကို တွေ့လိုက်ရသဖြင့် သူ အလိုလို ကားအရှိန်ကို လျှော့ချလိုက်မိသော်လည်း၊ နောက်ဆုံးတွင်မူ ရပ်တန့်ခြင်းမရှိဘဲ သူတို့၏ အိမ်အသစ်ဆီသို့သာ တန်းတန်းမတ်မတ် ပြန်လာခဲ့တော့သည်။
ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာကတည်းက... သူသည် ညတိုင်းလိုလို သောက်စားမူးယစ်ကာ ပျော်ပါးနေခဲ့ခြင်း ဖြစ်သည်။
ရှောင်ပေ့သည် ရုတ်တရက် ထိုအရာများကို ငြီးငွေ့သလို ခံစားလိုက်ရပြီး၊ တစ်ဖက်တွင်လည်း မိမိ၏ အမူအကျင့်များ ယောက္ခမ ကျန်းမင်၏ နားထဲသို့ ရောက်ရှိသွားမည်ကို စိုးရိမ်မိသည်။ လမ်းလျှောက်တာ များရင် ခြေထောက် ရေစိုတတ်သည်ဟူသော စကားပုံ ရှိသည် မဟုတ်ပါလား။
ကျန်းမင်က သူ့အပေါ် အထင်ကြီးလေးစားလှသည့်အပြင်၊ ကျန်းရုန်ဖေးနှင့် ပိုမိုနီးစပ်နိုင်စေရန်အတွက် ကုမ္ပဏီတွင် အလုပ်အကိုင်တစ်ခုပါ စီစဉ်ပေးထားခဲ့ပြီ ဖြစ်သည်။ ရှောင်ပေ့အနေဖြင့် ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရန် ဆုံးဖြတ်လိုက်တော့သည်။
နောက်တစ်နေ့ မနက်ခင်း...။
နေရောင်ခြည်တန်းများသည် ပြတင်းပေါက်ကို ဖြတ်ကျော်၍ အိပ်ခန်းတစ်ခုအတွင်းသို့ ဖြာကျနေခဲ့သည်။ မူဟန်သည် သူ၏ မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်ပြီး စိမ်းသက်လှသော ပတ်ဝန်းကျင်ကို ကြည့်ကာ စက္ကန့်အနည်းငယ်မျှ ကြောင်အသွားရပြီးနောက်မှ မနေ့ညက မှတ်ဉာဏ်များ စီးဆင်းဝင်ရောက်လာခဲ့တော့သည်။
သူ စောင်ကို လှန်လိုက်သည့်အခါ... လင်းလက်တောက်ပလှသော အိပ်ယာခင်းဖြူပေါ်တွင် ထင်ရှားလှသော သွေးနီရောင် ဆီးနှင်းဆီပွင့်ဖတ်လေးများ က အစီအရီ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
【ဇာတ်လိုက်မ ကျန်းရုန်ဖေး၏ ပိုင်ရှင် အပေါ် ထားရှိသော စိတ်ကျေနပ်မှုအမှတ် ၂၀ တိုးတက်လာသည်… လက်ရှိ စုစုပေါင်း စိတ်ကျေနပ်မှုအမှတ်မှာ ၄၀ (ခင်မင်ရင်းနှီးခြင်း) ဖြစ်သည်။】
【ဇာတ်လိုက်မ ကျန်းရုန်ဖေး၏ အိမ်ရှင်အပေါ် ထားရှိသော စိတ်ကျေနပ်မှုအမှတ် ၁၀ ထပ်မံတိုးတက်လာသည်… လက်ရှိ စုစုပေါင်း စိတ်ကျေနပ်မှုအမှတ်မှာ ၅၀ (နီးကပ်မှုရှိခြင်း) ဖြစ်သည်။】
【အိမ်ရှင်အနေဖြင့် ဇာတ်လိုက်မ ကျန်းရုန်ဖေး၏ ပထမအကြိမ်ကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါ အမှတ် -၈၀၊ အိမ်ရှင်၏ ဗီလိန်အရှိန်အဝါ အမှတ် +၈၀ (မှတ်ချက် - ဆုလာဘ်များကို ထပ်မံရရှိနိုင်သော်လည်း နောက်ဆက်တွဲ ဆုလာဘ်များမှာ ထက်ဝက် လျော့နည်းသွားမည်ဖြစ်ပြီး၊ ၂၄ နာရီအတွင်း တစ်ကြိမ်သာ ရရှိနိုင်မည် ဖြစ်သည်)】
【ဇာတ်လိုက်မ ကျန်းရုန်ဖေး၏ အိမ်ရှင်အပေါ် ထားရှိသော စိတ်ကျေနပ်မှုအမှတ် ၂၀ ထပ်မံတိုးတက်လာသည်၊ လက်ရှိ စုစုပေါင်း စိတ်ကျေနပ်မှုအမှတ်မှာ ၇၀ (ကြည်ညိုလေးစားခြင်း) ဖြစ်သည်။ ရှောင်ပေ့၏ ဇာတ်လိုက်အရှိန်အဝါအမှတ် ၄၀ လျော့နည်းသွားပြီး၊ အိမ်ရှင်၏ ဗီလိန်အရှိန်အဝါအမှတ် ၄၀ တိုးတက်လာသည်။】
မူဟန်သည် မနေ့ညက သူရရှိခဲ့သော များပြားလှသည့် ဆုလာဘ်များကို စစ်ဆေးလိုက်သည်။
ကျန်းရုန်ဖေးကမူ ဤနေရာမှ ထွက်ခွာသွားခဲ့ချေပြီ၊ ဤအခြေအနေကို မည်သို့ ရင်ဆိုင်ရမည်ကို မသိခြင်းကြောင့် ဖြစ်နိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် မူဟန်၏ မနေ့ညက အပြုအမူမှာ "တရားမျှတမှုနှင့် သတ္တိရှိရှိ" ကယ်တင်ခဲ့ခြင်းသာ ဖြစ်ပြီး သူ ဘာမျှ မှားယွင်းစွာ မပြုလုပ်ခဲ့ချေ။
ကျန်းရုန်ဖေးသည် ထိုအချိန်တုန်းက သတိလွတ်နေခဲ့သော်လည်း မိမိ ဘာလုပ်ခဲ့သည်ကိုတော့ ကောင်းစွာ သိရှိထားသည်။
အဖြစ်အပျက် မတိုင်မီက မူဟန်ဘက်က အတင်းအကျပ် ငြင်းဆန်တွန်းလှန်မှုများ ပြုလုပ်ခဲ့သေးသည်။
တဇွတ်ထိုး ပြုမူခဲ့သည်မှာ... ကျန်းရုန်ဖေးကိုယ်တိုင်သာ ဖြစ်ချေသည်။ ဤကိစ္စအတွက် မူဟန့်ကို လုံးဝ အပြစ်တင်၍မရနိုင်ပါ…အကယ်၍ သေသေချာချာ စုံစမ်းစစ်ဆေးမည်ဆိုပါက ကျန်းရုန်ဖေးကသာ အပြစ်ရှိသူ ဖြစ်ပေလိမ့်မည်။
သူမသည် သူ့ကို အသုံးချပြီးနောက် နှုတ်ပင်မဆက်ဘဲ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အနည်းငယ် လွန်လွန်းလှသည်။ အမျိုးသားတစ်ယောက်၏ လူပျိုစင်ဘဝ (အဝတ်မဲ့ခြင်း) ကလည်း တန်ဖိုးရှိသည် မဟုတ်ပါလား။ (လူပျို မဟုတ်တဲ့ လူပြိုလေး )
မူဟန် အိပ်ယာမှထကာ ရေချိုးခန်းသို့ သွားရောက်ပြီး သူ၏ ဖုန်းကို ကောက်ယူလိုက်သည်။ သူ၏ ဖုန်းမှာ မနေ့က ကျန်းရုန်ဖေး လုယူပစ်ချခဲ့သဖြင့် ဖုန်းမျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာ ရှိနေခဲ့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ဖုန်းမျက်နှာပြင် ကာကွယ်သည့် မှန်စတစ်ကာ (Tempered glass) သာ ပျက်စီးသွားခြင်းဖြစ်သဖြင့် ဖုန်းအသုံးပြုမှုအပေါ် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ချေ။
ဖုန်းထဲတွင် မက်ဆေ့ဂျ်များစွာ ဝင်ရောက်နေသော်လည်း အများစုမှာ အရေးမကြီးလှချေ။ မူဟန်သည် ရွှီပင်းနင်း ပေးပို့ထားသော စာတိုများကိုသာ လှမ်း၍ ကြည့်လိုက်တော့သည်။
"ဒီနေ့ည ကောင်းကင်က ကြယ်တွေက တကယ်ကို လင်းလက်နေတာပဲ" စာသားနှင့်အတူ လှပလှသော ညကောင်းကင်ယံ ကြယ်ပွင့်များ၏ ဓာတ်ပုံတစ်ပုံ ပါဝင်နေခဲ့သည်။
"နင် ရေချိုးနေတာလား..."
"နာရီဝက်တောင် ရှိသွားပြီ ငါ့စာကို အခုထိ ပြန်မဖြေသေးဘူးပဲ"
"နင် အိပ်ပျော်သွားပြီလား..."
"အရမ်းအိပ်ချင်နေပြီ… ဂွတ်နိုက်နော်~"
(နင်/ငါ ၊ရှင်နဲ့ကျွန်မ ၊ကိုယ်နဲ့မင်း ခေါ်ချင်ရာ ခေါ်နေသော နှစ်ယောက်)
ဤစာတိုများကို အချိန်အပိုင်းအခြားအလိုက် ပေးပို့ထားခြင်း ဖြစ်သည်။ ပထမဆုံးစာနှင့် နောက်ဆုံးစာကြား ကွာဟချက်မှာ နှစ်နာရီခန့် ရှိပြီး၊ မနေ့ညက ၁၀ နာရီမှ သန်းခေါင်ယံအချိန်အထိ ဖြစ်သည်။ ထင်ရှားလှသည်မှာ... ရွှီပင်းနင်းသည် မူဟန်နှင့် အလွန်တရာ စကားပြောဆိုချင်နေခဲ့ခြင်း ဖြစ်သည်။
"ငါ အခုမှ စာကို မြင်တယ်" မူဟန် စာတစ်စောင်ကို ရေးသားကာ ပြန်လည်ပေးပို့လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် ရွှီပင်းနင်းက ချက်ချင်း ပြန်စာပို့လာခဲ့သည် "မနေ့ညက ငါ အိပ်မပျော်ဘူး"
မူဟန်သည် အတွေ့အကြုံရင့်ကျက်လှသော လူတစ်ဦးဖြစ်ရာ ရွှီပင်းနင်း၏ စာတိုနောက်ကွယ်မှ တကယ့် အဓိပ္ပာယ်အစစ်အမှန်ကို သဘာဝအတိုင်းပင် ခန့်မှန်းနိုင်လှသည်။ ရွှီပင်းနင်း အိပ်မပျော်ရခြင်းမှာ... သူ့ကို အလွန်အမင်း လွမ်းဆွတ်နေခြင်းကြောင့် ဖြစ်သည်။
မူဟန် - "ငါလည်း အိပ်မပျော်ဘူး…တစ်ညလုံး နင့်အကြောင်းပဲ တွေးနေမိတာ"
ရွှီပင်းနင်း - "ငါလည်း အတူတူပါပဲ..." စာသားနှင့်အတူ ရှက်ရွံ့နေသော အီမိုဂျီ လေးတစ်ခု ပါရှိနေခဲ့သည်။
"နင်လည်း အိပ်မပျော်ဘူးဆိုရင်... ဘာဖြစ်လို့ ငါ့စာတွေကို ပြန်မဖြေတာလဲ" ရွှီပင်းနင်းက ပြဿနာတစ်ခုကို ချက်ချင်း ရိပ်မိသွားကာ ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
မူဟန် ခေတ္တမျှ ဆွံ့အသွားရပြီး စိတ်ထဲမှ တွေးလိုက်မိသည် - ငါက 'မနေ့ညက နင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ကျန်းရုန်ဖေးက ငါ့ကို အတင်းအဓမ္မ လာရောက်အပိုင်စီးသွားလို့…စာပြန်ဖို့ အချိန်မရှိခဲ့တာ' လို့ သွားပြောလို့ ရမလား...
"မနေ့က ငါ့ဖုန်း ပျောက်သွားတယ် ထင်နေတာ…အခုမှ ကားထဲမှာ ကျန်ခဲ့မှန်း သိရတယ်" မူဟန် လိမ်ညာလှည့်ဖြားလိုက်တော့သည်။
ရွှီပင်းနင်းသည် အမှန်တကယ်တော့ လောလောဆယ်တွင် လုပ်ဆောင်ရမည့် အလုပ်များ ရှိနေသော်လည်း၊ သူမ၏ ချစ်သူနှင့် စကားပြောဆိုနိုင်ရန်အတွက် အလုပ်များကို ခေတ္တမျှ ဘေးဖယ်ထားခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင်...။
ကျားကျဲ နေ့စဉ်သုံး ဓာတုဗေဒလုပ်ငန်းစုကြီး၏ ရုံးချုပ်အဆောက်အဦးအတွင်း...။
ဥက္ကဋ္ဌရုံးခန်းထဲ၌ ကုမ္ပဏီ၏ အကြီးအကဲဖြစ်ပြီး အလုပ်ကို ကြိုးစားလုပ်ဆောင်ရမည့် ကျန်းရုန်ဖေးသည်လည်း အလုပ်ထဲတွင် အာရုံမရှိဘဲ ငေးငေါင်နေခဲ့သည်။
ဤသည်မှာ သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကြမ်းတမ်းလှသော မုန်တိုင်းတစ်ခုကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပြီး၊ ၎င်းမှာလည်း သူမ သတိလွတ်နေစဉ်အတွင်း မိမိ၏ အားအင်ကို မိမိကိုယ်တိုင် မထိန်းချုပ်နိုင်သော အခြေအနေမျိုးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျန်းရုန်ဖေး၏ စိတ်ထဲတွင် ဘယ်လိုမှ နေရထိုင်ရ မသက်သာလှချေ။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူမ အလုပ်အပေါ်၌ပင် အာရုံစူးစိုက်မှု မပြုလုပ်နိုင်ခဲ့ချေ။
ကျန်းရုန်ဖေး ခေတ္တမျှ အတွေးနက်နေစဉ်အတွင်း သူမ၏ အမျိုးသမီး လက်ထောက်က တံခါးကို ခေါက်၍ ဝင်ရောက်လာခဲ့ပြီး၊ အစိုးရဌာနတစ်ခုမှ ဦးစီးကျင်းပသော စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ သို့ တက်ရောက်ရန် အချိန်ကျပြီဖြစ်ကြောင်း လာရောက်သတိပေးခဲ့သည်။
ဤဆွေးနွေးပွဲမှာ ကျန်းရုန်ဖေးအနေဖြင့် မဖြစ်မနေ တက်ရောက်ရမည့် ပွဲဖြစ်သဖြင့် သူမ သွားရောက်ရန် ပြင်ဆင်လိုက်ရတော့သည်။
"ကားအဆင်သင့် လုပ်ခိုင်းလိုက်ပါ" ကျန်းရုန်ဖေးက သူမ၏ လက်ထောက်ကို ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့... မမကျန်း" အမျိုးသမီး လက်ထောက်က ခေါင်းငြိမ့်ပြလိုက်ပြီး စီမံခန့်ခွဲရေးဌာနသို့ ဖုန်းဆက်ကာ ကြိုတင်အကြောင်းကြားလိုက်သည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ကျန်းရုန်ဖေးသည် သူမ၏ လက်ထောက်၏ တွဲကူမှုဖြင့် မြေအောက် ကားပါကင်ဆီသို့ ဓာတ်လှေကားဖြင့် ဆင်းလာခဲ့သည်။ ဓာတ်လှေကား စီးနင်းနေစဉ်အတွင်း ကျန်းရုန်ဖေးက သူမ၏ လက်ထောက်ကို မှာကြားလိုက်သည် …
"မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာ တခြားအစီအစဉ် ရှိတယ်… ဒါကြောင့် လောလောဆယ် ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦး" (သူ့ကို ဆေးခတ်တဲ့ သူကိုဆိုလို)
"ဟုတ်ကဲ့... စီအီးအို ကျန်း၊ စိတ်ချပါ" သူမ သိရှိထားသည်မှာ မနေ့ညက ညစာစားပွဲတွင် တစ်စုံတစ်ခု မှားယွင်းမှု ရှိခဲ့သည်ဟူ၍သာ ဖြစ်ပြီး အသေးစိတ်ကိုမူ မသိရှိချေ။ သို့သော်လည်း ဤသည်မှာ မိမိအနေဖြင့် ဝင်ရောက်စွက်ဖက် မမေးမြန်းသင့်သော ကိစ္စတစ်ခုဖြစ်ကြောင်း သူမ ကောင်းစွာ နားလည်ထားသည်။
ဓာတ်လှေကားမှာ မြေအောက်ပါကင်သို့ ရောက်ရှိသွားခဲ့ရာ၊ ဓာတ်လှေကား ဝင်ပေါက်အနီးတွင် မာစီးဒီး ဗန်ကားတစ်စီးက ကြိုတင်၍ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး လက်အိတ်အဖြူ စွပ်ထားသော အမျိုးသားတစ်ဦးက တံခါးကို ကြိုတင်၍ ဖွင့်ပေးလိုက်သည်။
"စီအီးအို ကျန်း... ကျေးဇူးပြုပြီး ကားပေါ် ကြွပါခင်ဗျာ" ဒရိုင်ဘာက ပြုံးရွှင်စွာဖြင့် ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်ရင်း ဆိုလိုက်သည်။
ခေါင်းငုံ့ထားသော ကျန်းရုန်ဖေးသည် ထိုအသံကို ကြားလိုက်ရသောအခါ အလွန်တရာ ရင်းနှီးနေသလို ခံစားလိုက်ရသဖြင့်…သူမ အလိုလို ခေါင်းကို မော့၍ ကြည့်လိုက်မိရာမှ အလန့်တကြားဖြင့် ရုတ်တရက် အော်ဟစ်လိုက်မိတော့သည် -
"နင်... နင်က ဘာဖြစ်လို့ ဒီမှာ ရှိနေတာလဲ”