အခန်း (၂၂) - ဇာတ်လိုက် စစ်ဘုရင်(ရှောင်ပေ့)အား ကြားဖြတ်နှောင့်ယှက်ပြီး သူ၏ဇနီးကို ကယ်တင်ခြင်း
ဗီလာတစ်ခုအတွင်း...
ရှောင်ပေ့ သည် အချိန်ကို စစ်ဆေးလိုက်ရာ ည ၉ နာရီ ၁၀ မိနစ် ရှိနေပြီဖြစ်ကြောင်း သတိပြုမိသဖြင့် ကျန်းရုန်ဖေး ထံသို့ ဖုန်းခေါ်ဆိုချင်နေခဲ့သည်။
သို့သော်လည်း သူ၏ ဖုန်းအဆက်အသွယ်များထဲမှ ကျန်းရုန်ဖေး၏ ဖုန်းနံပါတ်ကို ရှာတွေ့ပြီးနောက်တွင်မူ သူကိုယ်တိုင် ဖုန်းမခေါ်ရဲခဲ့ချေ။
"အဖေ... အဖေပဲ ခေါ်ပေးပါလား" ရှောင်ပေ့က ဧည့်ခန်းထဲတွင် ထိုင်နေသော အသက် ၅၀ ကျော်အရွယ် အလတ်တန်းစား အမျိုးသားတစ်ဦးကို လှမ်း၍ ဆိုလိုက်သည်။
ထိုအမျိုးသား၏ အမည်မှာ ကျန်းမင် ဖြစ်ပြီး ကျန်းရုန်ဖေး၏ ဖခင် ဖြစ်သည်။ ဤနေရာမှာ ကျန်းရုန်ဖေး၏ မိဘများ နေထိုင်ရာ အိမ်ဖြစ်သည်။ ရှောင်ပေ့သည် ယနေ့တွင် ဤအိမ်သို့ လာရောက်ကာ ညစာစားခဲ့ခြင်းဖြစ်ပြီး၊ သူ၏ ယောက္ခမများမှတစ်ဆင့် ကျန်းရုန်ဖေးကို လှမ်းခေါ်စေကာ သူမနှင့် သေချာ စကားပြောဆိုရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျန်းရုန်ဖေးတွင် ညနေပိုင်း စီးပွားရေး လူမှုရေးချိန်းဆိုမှုတစ်ခု ရှိနေသဖြင့် ညစာစားရန် ပြန်မလာနိုင်ခဲ့ချေ။
ရှောင်ပေ့အနေဖြင့် ဒုတိယအကောင်းဆုံး အစီအစဉ်အဖြစ် သူမ၏ ချိန်းဆိုမှုပြီးလျှင် ဤနေရာသို့ လာလိမ့်မည်ဟုသာ စောင့်ဆိုင်းနေခဲ့ရသည်။ သို့သော် ယခုအခါ ည ၉ နာရီကျော်သွားခဲ့ပြီဖြစ်သော်လည်း ကျန်းရုန်ဖေး၏ အရိပ်အယောင်မျှပင် မတွေ့ရသေးချေ။ ရှောင်ပေ့ စတင်၍ ပျာယာခတ်လာခဲ့ပြီ ဖြစ်ရာ၊ ထို့ကြောင့်ပင် သူမထံ ဖုန်းခေါ်ချင်သော်လည်း မိမိက လှမ်းခေါ်ပါက ကျန်းရုန်ဖေးက လာရန် ငြင်းဆန်မည်ကို စိုးရိမ်သဖြင့် ကျန်းမင်ထံမှ အကူအညီ တောင်းခံလိုက်ခြင်း ဖြစ်သည်။
"မင်းပဲ ဖုန်းခေါ်လိုက်ပါ…ငါ သူမနဲ့ စကားပြောလိုက်မယ်… ဘာပဲဖြစ်ဖြစ် သူမ ဒီညတော့ အိမ်ပြန်လာရမယ်" ကျန်းမင်က ရှောင်ပေ့ကို ဆိုလိုက်သည်။
ရှောင်ပေ့ ဤစကားကို ကြားရမှသာ စိတ်အေးသွားခဲ့ရပြီး ကျန်းရုန်ဖေး၏ နံပါတ်သို့ ခေါ်ဆိုလိုက်တော့သည်။ သို့သော် ဖုန်းမှာ အဆုံးထိ မြည်သွားခဲ့သော်လည်း ကျန်းရုန်ဖေးက ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။
"ဘယ်သူမှ မကိုင်ဘူးဗျ အဖေ... အဖေ့ဖုန်းနဲ့ တစ်ချက်လောက် စမ်းခေါ်ကြည့်ပေးပါလား" ကျန်းရုန်ဖေးက တမင်သက်သက် ဖုန်းမကိုင်ခြင်း ဖြစ်မည်ဟု ရှောင်ပေ့ ယူဆလိုက်သည်။
ကျန်းမင်လည်း မတတ်သာဘဲ သူ၏ ဖုန်းကို ထုတ်ကာ ကျန်းရုန်ဖေးထံ ခေါ်ဆိုလိုက်သော်လည်း ရလဒ်မှာ ရှောင်ပေ့နည်းတူပင် ဖြစ်ကာ ဖုန်းကို ကိုင်မည့်သူ မရှိခဲ့ချေ။
"သူမ စီးပွားရေးစကားဝိုင်းထဲ ရောက်နေလို့ ဖုန်းကိုင်ဖို့ အဆင်မပြေတာ ဖြစ်လိမ့်မယ်။ ငါတို့ ခဏလောက် ထပ်စောင့်ကြည့်ကြရအောင်" ကျန်းမင်က ဆိုလိုက်သည်။
ရှောင်ပေ့၏ စိတ်ထဲတွင် ထူးဆန်းသော မသက်မသာဖြစ်မှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် အပေါ်ယံတွင်တော့ ကျန်းမင်ကို ခေါင်းငြိမ့်ပြလိုက်သော်လည်း၊ အပြင်ထွက်၍ ဆေးလိပ်သောက်မည်ဟူသော အကြောင်းပြချက်ဖြင့် ထွက်လာခဲ့ပြီးနောက် လင်းရော့ ၏ ဖုန်းနံပါတ်သို့ လှမ်း၍ ခေါ်ဆိုလိုက်တော့သည်။
လင်းရော့သည် ရှောင်ပေ့ထံမှ ဖုန်းလာသည်ကို မြင်သောအခါ ချက်ချင်း မကိုင်ဘဲ၊ အရင်ဆုံး မူဟန့်ထံသို့ ဆက်သွယ်ကာ မိမိ မည်သို့ပြုလုပ်ရမည်ကို မေးမြန်းလိုက်သည်။
မူဟန်က စကားလုံးလေးလုံးတည်းဖြင့် ပြန်လည်ညွှန်ကြားခဲ့သည် "ရှောင်ပေ့ကို အတည်ငြိမ်ဆုံး ထိန်းထားပါ" ညွှန်ကြားချက်ကို ရရှိပြီးနောက်မှသာ လင်းရော့သည် ရှောင်ပေ့ထံသို့ ဖုန်းပြန်လည်ခေါ်ဆိုခဲ့သည်။
"ငါ့မိန်းမရဲ့ အခြေအနေက ဘယ်လိုလဲ…သူမ ဘာဖြစ်လို့ ဖုန်းမကိုင်တာလဲ…တစ်ခုခု ဖြစ်လို့လား" ရှောင်ပေ့က ချက်ချင်းပင် မေးမြန်းလိုက်သည်။
"သူမက အနှောင့်အယှက်မဖြစ်ချင်လို့ ဖုန်းကို တုန်ခါမှု ပဲ လုပ်ထားတာ ထင်တယ် ဒါကြောင့် ဖုန်းမြည်တာကို မကြားတာ ဖြစ်လိမ့်မယ်။ ဒါ့အပြင် သူမက လောလောဆယ် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ စာချုပ်ကိစ္စ ဆွေးနွေးနေတာဆိုတော့ ဖုန်းမြည်တာကို ကြားရင်တောင် ပြန်ကိုင်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး" လင်းရော့က ရှင်းပြလိုက်သည်။
"ငါ့မိန်းမနဲ့ စီးပွားရေးအကြောင်း ပြောနေတဲ့လူက... ယောကျ်ားလား မိန်းမလား" ရှောင်ပေ့က မေးလိုက်သည်။
"ယောကျ်ားပါ… ဒါပေမယ့် သူက သူ့ရဲ့ ဇနီးကိုပါ တစ်ပါတည်း ခေါ်လာတာပါ"
"အော်... ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဆက်ပြီးတော့ပဲ စောင့်ကြည့်ပေးထားပါ"
ရှောင်ပေ့၏ စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းပင် အရည်ပျော် ပျောက်ကွယ်သွားခဲ့တော့သည်။
အကယ်၍ တစ်ဖက်လူက သူ၏ ဇနီးကိုပါ ခေါ်ဆောင်လာပြီး စီးပွားရေးအကြောင်း ပြောဆိုနေခြင်း ဖြစ်ပါက…ထိုလူသည် ကျန်းရုန်ဖေး၏ အလှအပကို မရိုးမသား မက်မောနေခြင်းမျိုး သေချာပေါက် ဖြစ်နိုင်မည်မဟုတ်သဖြင့် စိုးရိမ်စရာ မရှိတော့ချေ။
ကျန်းရုန်ဖေးကိုယ်တိုင်လည်း ဤသို့ပင် တွေးတောခဲ့ခြင်း ဖြစ်သည်။ သူမသည် စီးပွားရေးဆွေးနွေးရန်အတွက် ညနေပိုင်း ညစာစားပွဲများသို့ တက်ရောက်လေ့ မရှိသော်လည်း၊ ယခုတစ်ကြိမ် ပူးပေါင်းဆောင်ရွက်မှုက အလွန်အရေးကြီးလှသည့်အပြင် တစ်ဖက်လူက သူ၏ ဇနီးကိုပါ ခေါ်ဆောင်လာသဖြင့် သူမအနေဖြင့် သတိလက်လွတ် ဖြစ်သွားခဲ့ရသည်။
သို့သော်လည်း ကျန်းရုန်ဖေး ရောက်ရှိလာပြီးနောက်တွင်မူ အချို့သော ပြဿနာများကို ရိပ်မိသွားခဲ့သည်။ သူမနှင့် စီးပွားရေးအကြောင်း ပြောဆိုနေသော လင်မယားနှစ်ဦးမှာ အမည်ခံမျှသာ တူညီကြပုံရပြီး…တကယ့် လင်မယားအစစ်အမှန်များ မဖြစ်နိုင်ချေ။
ကျန်းရုန်ဖေး ၎င်းကို ရိပ်မိသွားပြီးနောက်တွင် ရန်သူကို ရိပ်မိမသွားစေရန်အတွက် သူမအနေဖြင့် ချက်ချင်း ဖော်ကောင်လုပ်ရန် မဝံ့မရဲ ဖြစ်နေခဲ့သည်… ဘာပဲဖြစ်ဖြစ် သူမ ယခုခရီးစဉ်တွင် အမျိုးသမီး လက်ထောက်တစ်ဦးတည်းကိုသာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
သူမသည် တိတ်တဆိတ် ဖုန်းကို ထုတ်ယူကာ သူမ၏ ဖခင်ထံသို့ ဖုန်းခေါ်ဆိုရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သီးသန့်စားသောက်ခန်း အတွင်း၌ ဖုန်းလိုင်းလုံးဝ မရှိတော့ဘဲ ဖုန်းခေါ်ဆို၍မရကြောင်း တွေ့ရှိလိုက်ရသည်။ ဤသည်မှာ သေချာပေါက် အကွက်ဆင် ထောင်ချောက်ဆင်ထားခြင်း ဖြစ်ချေပြီ။
သို့သော် လင်းရော့က ကျန်းရုန်ဖေး၏ ဖုန်းထဲတွင် တိတ်တဆိတ် တပ်ဆင်ထားသော စောင့်ကြည့်ထောက်လှမ်းရေး ကိရိယာမှာမူ ဖုန်းလိုင်းပျောက်ဆုံးမှုကြောင့် ထိခိုက်ခြင်းမရှိဘဲ ပြဿနာကို သဘာဝအတိုင်း သိရှိသွားခဲ့ကာ မူဟန့်ထံသို့ ချက်ချင်း အကြောင်းကြားလိုက်တော့သည်။
ရှောင်ပေ့ကမူ ဤအကြောင်းအရာများကို စိုးစဉ်းမျှ မသိရှိသေးချေ။ သူသည် ဆေးလိပ်သောက်ပြီးနောက် အိမ်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ စိတ်အေးလက်အေးဖြင့် ကျန်းရုန်ဖေး ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့တော့သည်။
ကျန်းရုန်ဖေးသည် ယခင်က သူမ၏ မိဘများနှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦး လင်မယားလက်မှတ် ရေးထိုးပြီးနောက်တွင်မူ သူမသည် သူတို့၏ အိမ်အသစ်သို့ ပြောင်းရွှေ့နေထိုင်ရမည် ဖြစ်သည်။
သို့သော်လည်း ကျန်းရုန်ဖေးသည် ဤအိမ်ထောင်ရေးကို အလွန် တွန်းလှန်ငြင်းဆန်နေခဲ့သဖြင့် သီးခြားနေရာတစ်ခုတွင်သာ သွားရောက်နေထိုင်ခဲ့သည်။
သူတို့၏ အိမ်အသစ်တွင်မူ ရှောင်ပေ့တစ်ဦးတည်းသာ ရှိနေခဲ့သည်။
ရှောင်ပေ့အနေဖြင့် ကျန်းရုန်ဖေးကို တွေ့မြင်ရန်မှာ ပုံမှန်အားဖြင့် အလွန်ခက်ခဲလှသည်။ သူသည် ယောက္ခမဖြစ်သူ၏ အိမ်သို့ လာရောက်ကာ ညစာစားသည့် အခွင့်အရေးကို အသုံးပြု၍သာ သူမကို တွေ့မြင်ရန် မျှော်လင့်နိုင်ခြင်း ဖြစ်ချေသည်။
အခြားတစ်ဖက်တွင်မူ... လင်းရော့ ပေးပို့ထားသော တည်နေရာပြ မြေပုံအတိုင်း မူဟန်သည် လမ်းတစ်လျှောက်လုံး ကားကို အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ပြီးနောက် "ထျန်းရှန့်" ဟု အမည်ရသော ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
လင်းရော့သည် ကျန်းရုန်ဖေး၏ ဘေးခန်းတွင် စားသောက်သူတစ်ဦးအဖြစ် အသွင်ယူကာ သူမကို တိတ်တဆိတ် အကာအကွယ်ပေးနေခဲ့သည်။ ကျန်းရုန်ဖေး အန္တရာယ်ရှိလာသည်နှင့်တစ်ပြိုင်နက် သူမအနေဖြင့် အချိန်မီ သွားရောက်ကာ ကူညီပေးနိုင်ရန် ဖြစ်သည်။
မူဟန်သည် ဟိုတယ်ဝင်ပေါက်အရှေ့သို့ ကားကို မောင်းနှင်ရပ်တန့်လိုက်ပြီး၊ ကားသော့ကို ဝန်ထမ်းထံသို့ လွှဲအပ်ကာ ထျန်းရှန့်ဟိုတယ်အတွင်းသို့ တိုက်ရိုက် လျှောက်လှမ်းဝင်ရောက်သွားခဲ့ပြီး စားသောက်ခန်းဆီသို့ ဦးတည်လိုက်တော့သည်။
စားသောက်ရာဇုန်ရှိ ဇိမ်ခံသီးသန့်အခန်းတစ်ခုအတွင်း၌... ကျန်းရုန်ဖေး၏ အမျိုးသမီး လက်ထောက်မှာ တစ်စုံတစ်ခု သွားရောက်ဝယ်ယူရန်အတွက် အဝေးသို့ နှင်လွှတ်ခြင်း ခံထားရပြီးပြီ ဖြစ်သည်။ သူမ ပစ္စည်းဝယ်ယူပြီးနောက် အပြန်လမ်းတွင်မူ သက်ကြီးရွယ်အိုတစ်ဦးနှင့် "တိုက်မိ" ခဲ့သဖြင့် လမ်းတွင် အချိန်ကြန့်ကြာနေခဲ့ရသည်။
ကျန်းရုန်ဖေးသည် အထီးကျန်ဖြစ်ကာ အကူအညီမဲ့နေခဲ့ရချေပြီ။ သူမ၏ မျက်နှာတစ်ခုလုံးမှာ ပုံမှန်မဟုတ်ဘဲ ရဲရဲနီနေခဲ့ပြီး၊ သူမအနေဖြင့် မတတ်သာဘဲ ထိုအမျိုးသားသူဌေး၏ ဇနီးအဖြစ် ဟန်ဆောင်ထားသော အမျိုးသမီးနှင့် ဟန်မပျက် စကားစမြည် ပြောဆိုနေရသည်။
စကားအနည်းငယ် ပြောဆိုပြီးနောက် ကျန်းရုန်ဖေးသည် သန့်စင်ခန်းသို့ သွားချင်ပါသည်ဟု ဆိုကာ အခန်းထဲမှ ထွက်ခွာရန် အကြောင်းပြချက် ရှာဖွေလိုက်သည်။ သို့သော်လည်း ထိုသူဌေးကတော်ဆိုသူက သူမကို အကြိမ်ကြိမ် အတင်းအကျပ် ပိတ်ဆို့ထားခဲ့သည်။
ကျန်းရုန်ဖေးသည် မိမိ၏ အမျိုးသမီး လက်ထောက် ပြန်လည်ရောက်ရှိမလာသေးသည်ကို မြင်ရပြီးနောက် အန္တရာယ် အကျပ်အတည်းကို ရိပ်မိသွားခဲ့သည်။
သူမသည် အခန်းထဲမှ အတင်းရုန်းထွက်ကာ အပြင်သို့ ထွက်၍ အကူအညီတောင်းရန် ကြိုးစားလိုက်တော့သည်။
သို့သော်လည်း ဤအချိန်တွင် သူမ၏ ဦးခေါင်းထဲ၌ ရုတ်တရက် မူးဝေမှုလှိုင်းတစ်ခု ဖြစ်သွားခဲ့ပြီး တစ်ကိုယ်လုံး အကြောင်းရင်းမရှိဘဲ ဖျားချင်သလိုမျိုး ပူရှိန်းရှိန်း ခံစားလိုက်ရသည်။
ကျန်းရုန်ဖေး၏ အရက်သောက်နိုင်စွမ်းမှာ အလွန်မကောင်းသော်လည်း၊ ညံ့ဖျင်းလှသည်တော့ မဟုတ်ချေ။
သူမ သောက်ခဲ့သော ပမာဏမှာ သူမ၏ သသိဉာဏ်ကို ထိန်းသိမ်းထားနိုင်သော သတ်မှတ်ချက်အတွင်း၌သာ အတိအကျ ရှိနေခဲ့သည်။ သူမ၏ လက်ရှိ ခန္ဓာကိုယ်အခြေအနေမှာ သေချာပေါက် ပုံမှန်မဟုတ်ချေ။ ထင်ရှားလှသည်မှာ... သူမ သောက်ခဲ့သော အရက်ထဲတွင် ဆေးတစ်မျိုးမျိုး ခတ်ထားခြင်း ဖြစ်ချေပြီ။
၎င်းကို ရိပ်မိသွားသည့်အချိန်တွင် ကျန်းရုန်ဖေး အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။
ထိုအမျိုးသားသူဌေးသည် ဆေးအာနိသင်က ကျန်းရုန်ဖေး၏ ခန္ဓာကိုယ်ပေါ်တွင် စတင်ပြသလာသည်ကို မြင်ရသောအခါ၊ သူ၏ ဟန်ဆောင်မှုမျက်နှာဖုံးကို လုံးဝ ခွာချလိုက်ပြီး သူ၏ ဇနီးအဖြစ် ဟန်ဆောင်ထားသော အမျိုးသမီးအား ကျန်းရုန်ဖေးကို ခေါ်ဆောင်ရန် ညွှန်ကြားလိုက်တော့သည်။
ကျန်းရုန်ဖေးသည် သဘာဝအတိုင်းပင် ငြင်းဆန်ခဲ့ပြီး ထိုအမျိုးသမီး၏ လက်မောင်းထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမသည် ဆေးခတ်ခံထားရသဖြင့် တစ်ကိုယ်လုံး ပျော့ခွေပြီး အားအင်ကုန်ခမ်းနေခဲ့ရာ၊ ထိုအမျိုးသမီး၏ လက်ထဲမှ စိုးစဉ်းမျှ ရုန်းမထွက်နိုင်ခဲ့ဘဲ အော်ဟစ်ကာ အကူအညီတောင်းရန်သာ ပြုလုပ်နိုင်တော့သည်။ သို့သော် အခန်း၏ အသံလုံစနစ်က အလွန်ကောင်းမွန်လွန်းသဖြင့် ပြင်ပရှိ လူများအနေဖြင့် မည်သည့်ဆူညံသံကိုမျှ မကြားနိုင်ကြချေ။
ဤမြင်ကွင်းကို ကြုံတွေ့လိုက်ရသောအခါ ကျန်းရုန်ဖေး၏ စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုလှိုင်းတစ်ခု အလိုလို ထွက်ပေါ်လာခဲ့ရတော့သည်။
ထိုအမျိုးသားသူဌေးသည် ပြဿနာများ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်သဖြင့် ဆေးအာနိသင်က ကျန်းရုန်ဖေး၏ ခန္ဓာကိုယ်ပေါ်တွင် လုံးဝ သက်ရောက်မှုရှိလာမည့် အချိန်ကို စောင့်ဆိုင်းကာ ထို့နောက်မှ သူ၏ အမျိုးသမီးအဖော်အား သူမကို ကြိုတင်မှာယူထားသော ဟိုတယ်ခန်းဆီသို့ ခေါ်ဆောင်သွားရန် စီစဉ်လိုက်သည်။
သို့သော် ကွက်တိပင်... ထိုသီးသန့်အခန်း၏ တံခါးမှာ ရုတ်တရက်ကြီး ဝုန်းခနဲ ပွင့်ထွက်သွားခဲ့တော့သည်။
၎င်းမှာ ရောက်ရှိလာခဲ့ပြီဖြစ်သော မူဟန်ပင် ဖြစ်ချေသည်။
ထိုအမျိုးသားသူဌေးမှာ လန့်ဖျတ်သွားခဲ့ရပြီး ချက်ချင်းပင် အော်ဟစ်ဆဲဆိုကာ မူဟန့်ကို ဤနေရာမှ ချက်ချင်း ထွက်သွားရန် ပြောဆိုတော့သည်။
"မစ္စကျန်း... တကယ်ပဲ မင်းဖြစ်နေတာပဲ ငါ အပြင်ကနေ ဖြတ်လျှောက်လာရင်း မင်းရဲ့ အကူအညီတောင်းသံကို ကြားလိုက်ရလို့။ မင်း တစ်စုံတစ်ခု အဆင်မပြေဖြစ်နေလို့လား" မူဟန်က ကျန်းရုန်ဖေးကို ကြည့်ကာ အမှတ်မထင် လမ်းမှာ ဆုံမိသည့်အလား ဟန်ဆောင်၍ ဆိုလိုက်သည်။
"ကျွန်မကို ကယ်ပါဦး... ကျွန်မ ဆေးခတ်ခံထားရလို့" ကျန်းရုန်ဖေးသည် စိတ်ပျက်အားငယ်နေစဉ်အတွင်း ကယ်တင်ရှင်တစ်ဦးကို တွေ့ရှိလိုက်ရသည့်အလား ဖြစ်သွားခဲ့ရပြီး အခြေအနေကို အကျဉ်းချုံး၍ အမြန် ရှင်းပြလိုက်တော့သည်။
မူဟန်က သဘောပေါက်ကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီးနောက်၊ ကျန်းရုန်ဖေး၏ လက်မောင်းကို ကိုင်ထားသော အမျိုးသမီးကို တွန်းထုတ်လိုက်ကာ ကျန်းရုန်ဖေး၏ ခန္ဓာကိုယ်ကို တွဲဖက်၍ ထိန်းမတ်ပေးလိုက်သည်။
ကျန်းရုန်ဖေး၏ အရေပြားအပူချိန်မှာ မူဟန်ထက် အနည်းဆုံး ၅ ဒီဂရီခန့် ပိုမိုမြင့်မားနေခဲ့သည်။ မွှေးပျံ့သော ရနံ့လှိုင်းတစ်ခု သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်နှင့်အမျှ မူဟန်သည် မိမိ၏ ရင်ခွင်ထဲတွင် နူးညံ့ပြီး နွေးထွေးလှသော မီးဖိုလေးတစ်ခုကို ပွေ့ဖက်ထားရသည့်အလား ခံစားလိုက်ရသည်။
ချက်ပြီးသား ဘဲကြီးက ပျံထွက်သွားတော့မည့် အခြေအနေကို မြင်လိုက်ရသောအခါ၊ ထိုအမျိုးသားသူဌေးသည် မူဟန့်ကို ဤအတိုင်း အလွယ်တကူ ထွက်ခွာသွားခွင့်မပြုနိုင်ချေ။
သူသည် သူ၏ အမျိုးသမီးအဖော်ကို တံခါးဝတွင် ပိတ်ဆို့ထားရန် အချက်ပြလိုက်ပြီး၊ သူကိုယ်တိုင်မူ အရက်ပုလင်းတစ်လုံးကို လှမ်း၍ ဆွဲကိုင်ကာ မူဟန်၏ ရှေ့တွင် ပိတ်ဆို့ရပ်တန့်လိုက်ပြီး သေမထူးနေမထူး ပုံစံမျိုးဖြင့် ရင်ဆိုင်ရန် ပြင်ဆင်လိုက်တော့သည်။
သူက အေးစက်စွာ ဆိုလိုက်သည် "လူငယ်လေး... သူတပါးကိစ္စထဲကို လျှောက်ပြီး နှာခေါင်းမရှုပ်စမ်းနဲ့" (၀င်မရှုပ်နဲ့လည်းမဟုတ်ဘူး)
ဤအမျိုးသားသူဌေးသည် ကောင်းစွာ သိရှိထားသည်မှာ... အကယ်၍ သူသာ ယနေ့ညတွင် အောင်မြင်သွားခဲ့မည်ဆိုပါက ဖြစ်ပျက်သမျှ လုပ်ငန်းစဉ်တစ်ခုလုံးကို ဗီဒီယိုမှတ်တမ်းတင်ပြီး ဓာတ်ပုံရိုက်ကူးထားရန်သာ လိုအပ်သည်။
ကျန်းရုန်ဖေးသည် သူမ၏ သိက္ခာနှင့် ဂုဏ်သတင်းကို အလွန်တန်ဖိုးထားသူဖြစ်ရာ၊ သူမအနေဖြင့် ပြင်ပသို့ ထုတ်ဖော်ပြောဆိုရဲမည်မဟုတ်ဟု သူ ယူဆထားခြင်း ဖြစ်သည်။
သို့သော် အကယ်၍ ကျန်းရုန်ဖေးသာ ယနေ့ညတွင် ဘေးကင်းစွာဖြင့် ထွက်ခွာသွားနိုင်ခဲ့မည်ဆိုပါက... နောင်တွင် ကြုံတွေ့ရမည့် ပြဿနာများမှာ အလွန်တရာ ကြီးမားလှပေလိမည်။
ထိုအသက်လတ်ပိုင်း အမျိုးသားက အရက်ပုလင်းကို ကိုင်ထားသည့် အပြုအမူကို မြင်လိုက်ရသောအခါ မူဟန် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် လွတ်နေသော လက်တစ်ဖက်ဖြင့် ထိုလူ့လက်ထဲမှ အရက်ပုလင်းကို ချက်ချင်းပင် လှမ်း၍ လုယူလိုက်ပြီး၊ ထိုအမျိုးသားသူဌေး၏ နဖူးတည့်တည့်ဆီသို့ တိုက်ရိုက် ရိုက်ခွဲပစ်လိုက်တော့သည်။
ခရန်း ဆိုသည့် အသံနှင့်အတူ... အရက်ပုလင်းမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့ချေပြီ။
ထိုသူဌေး၏ ပါးလျလှသော ဆံပင်များကြားထဲမှ နီရဲသော သွေးစက်များစွာသည် တဖြည်းဖြည်းနှင့် စီးကျလာခဲ့ပြီး သူ၏ မျက်နှာတစ်ခြမ်းလုံးကို ရဲရဲနီသွားစေတော့သည်။ ထိုအမျိုးသားသူဌေးသည် သူ၏ ဦးခေါင်းကို လက်ဖြင့် အုပ်ကာ နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရတော့သည်။
သူဌေးဖြစ်သူ၏ ဦးခေါင်း ရိုက်ခွဲခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ၊ တံခါးဝတွင် ပိတ်ဆို့ထားသော အမျိုးသမီးမှာ တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရပြီး တံခါးဝမှနေ၍ အလန့်တကြားဖြင့် ချက်ချင်းပင် ဘေးသို့ ရှောင်ဖယ်ပေးလိုက်ရတော့သည်။