အခန်း (၂၀) - အချစ်ရေးကို အတည်ပြုခြင်း
ရွှီပင်းနင်းသည် အလွန်တရာ ရင်ခုန်ထိတ်လန့်နေပြီး မူဟန့်ထံမှ ပြန်လည်ဖြေကြားမည့် စကားကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် အကြာကြီး စောင့်ဆိုင်းပြီးသည့်တိုင်အောင် မူဟန့်ထံမှ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ချေ။
သူမ ခေါင်းကို လှည့်၍ ကြည့်လိုက်ရာ မူဟန်သည် ဖုန်းကို ကိုင်ထားရင်း ဝေဟင်ထက်မှ လှပသော မြင်ကွင်းကို ဗီဒီယိုရိုက်ကူးနေသည့်အလား ကောင်းကင်ကြီးကိုသာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ကျွန်မ အခုလေးတင် ပြောလိုက်တာကို ရှင် ကြားလိုက်ရဲ့လား" ရွှီပင်းနင်းက မူဟန်၏ နားနားသို့ ကပ်ကာ လှမ်းမေးလိုက်သည်။
"မင်း အခုလေးတင် ဘာပြောလိုက်လို့လဲ" မူဟန်က ပြန်လည်မေးမြန်းလိုက်သည်။
ရွှီပင်းနင်း၏ ချောမောလှပသော မျက်နှာလေးမှာ အေးခဲသွားခဲ့ရပြီး၊ သူမ၏ နှလုံးသားလေးသည်လည်း ပြုတ်ကျသွားသည့်အလား ခံစားလိုက်ရသည်။
သူမသည် သူမ၌ရှိသမျှသော သတ္တိအားလုံးကို စုစည်းပြီးမှ ထိုစကားကို ဖွင့်ပြောခဲ့ခြင်း ဖြစ်သည်၊ ယခုအခါတွင်မူ ၎င်းကို ထပ်မံပြောဆိုရန် သူမတွင် သတ္တိမရှိတော့ချေ။
"ဘာမှမဟုတ်တော့ပါဘူး..." ရွှီပင်းနင်းသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်တောင်လေးများ ချလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်တော့သည်။
မီးရှူးမီးပန်းသံများနှင့် ကမ်းခြေမှ လူအုပ်ကြီး၏ ဆူညံသံများက အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သဖြင့်၊ မူဟန်အနေဖြင့် မိမိပြောလိုက်သည်ကို မကြားလိုက်ရခြင်းဖြစ်မည်ဟု သူမ ထင်မှတ်သွားခဲ့သည်။
"ဟေး... ရွှီပင်းနင်း ငါတို့ အတူတူ ဓာတ်ပုံတစ်ပုံလောက် ရိုက်ရအောင်" မူဟန်က သူ၏ ဖုန်းကို ဝှေ့ယမ်းပြရင်း ဆိုလိုက်သည်။
"အင်း... ရတာပေါ့" ရွှီပင်းနင်းက ငေးငေးငေါင်ငေါင်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
မူဟန်သည် ရွှီပင်းနင်း၏ ပခုံးလေးဆီသို့ အသာအယာ တိုးကပ်လိုက်ပြီးနောက်၊ ဖုန်း၏ ရှေ့ကင်မရာ ကို ဖွင့်ကာ မိမိနှင့် ရွှီပင်းနင်းတို့ဆီသို့ ချိန်လိုက်သည်။ ရွှီပင်းနင်းသည် မိမိ၏ စိတ်ပျက်အားငယ်နေသော ခံစားချက်ကို ဖုံးကွယ်ရန်အတွက် အတတ်နိုင်ဆုံး အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
"အဆင်သင့်ဖြစ်ပြီလား" မူဟန်က မိမိရော ရွှီပင်းနင်းပါ ကင်မရာဘောင်ထဲသို့ အချိုးကျဝင်ဆန့်စေရန် အကွာအဝေးကို ညှိယူလိုက်သည်။
"အဆင်သင့်ဖြစ်ပြီ" ရွှီပင်းနင်းက ဝေဝေဝါးဝါးဖြင့် ပြန်ဖြေလိုက်ရာ သူမ၏ အပြုံးမှာ အနည်းငယ် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသော်လည်း…သူမ အမြန်ပင် ပြန်လည်ပြုံးပြလိုက်သည်။
သူမ၏ ပြန်လည်ဖြေကြားမှုကို ရရှိပြီးနောက်တွင်မူ မူဟန်သည် လက်ချောင်းကို မြှောက်လိုက်ကာ ဖုန်းမျက်နှာပြင်ပေါ်ရှိ ရှပ်တာ ခလုတ်ကို နှိပ်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ခလုတ်ကို မနှိပ်မိခင် နောက်ဆုံးစက္ကန့်တွင် မူဟန်သည် ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး ရွှီပင်းနင်း၏ ပါးပြင်နုနုလေးပေါ်သို့ အနမ်းတစ်ချက် ချက်ချင်း ခြွေချလိုက်တော့သည်။
ကလစ် ဆိုသည့် အသံနှင့်အတူ... ထိုပုံရိပ်က ဖုန်းမျက်နှာပြင်ထက်တွင် ငြိမ်သက်သွားခဲ့ချေပြီ။
ဓာတ်ပုံထဲတွင်မူ... ရွှီပင်းနင်းသည် ကင်မရာကို မျက်နှာမူထားပြီး၊ သူမ၏ လှပသော မျက်ဝန်းကြီးများမှာ အံ့သြလွန်းသဖြင့် ဝိုင်းစက်နေကာ ပန်းရောင်နှုတ်ခမ်းသားလေးမှာလည်း အနည်းငယ် ဟဟလေး ဖြစ်နေခဲ့သည်။
သူမ၏ မျက်နှာတစ်ခုလုံးတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ မူဟန်ကမူ ကင်မရာကို ဘေးစောင်းအနေအထားဖြင့် ရှိနေပြီး သူ၏ ပြစ်မျိုးမှဲ့မထင် ဘေးတစောင်းရုပ်ရည်ကို ပေါ်လွင်နေစေခဲ့သည်။
ရွှီပင်းနင်း၏ ပါးပြင်ကို ဖိကပ်ထားသော သူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် ကွေးညွတ်ကာ ပြုံးယောင်သန်းနေခဲ့သည်။ ဓာတ်ပုံ၏ နောက်ခံတွင်မူ ကမ်းခြေဘက်မှ အရောင်အသွေး စုံလင်လှသော ညရှုခင်းကြီး ရှိနေခဲ့သည်။
ထိုဓာတ်ပုံမှာ အလွန်တရာ အနုပညာဆန်လှသဖြင့် မည်သည့် ပြုပြင်မွမ်းမံမှု မျှ ပြုလုပ်ရန် မလိုဘဲ ဖုန်းနောက်ခံ အဖြစ် တိုက်ရိုက် အသုံးပြုနိုင်လောက်သည်။
"ဘယ်လိုလဲ... ငါ့ရဲ့ ဓာတ်ပုံရိုက်ကူးမှု အရည်အချင်းက မဆိုးဘူးမလား" မူဟန်သည် ထိုဓာတ်ပုံကို အတော်လေး သဘောကျသွားသဖြင့် ဖုန်းမျက်နှာပြင်ကို မြှောက်၍ ရွှီပင်းနင်းကို ပြသလိုက်သည်။
သူ၏ ပြည့်စုံချောမောလှသော မျက်နှာထက်တွင် လန်းဆန်းပြီး နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ရှိနေခဲ့သည်။
ရွှီပင်းနင်းသည် ရှက်ကိုးရှက်ကန်းနှင့် စိတ်တိုသွားရသော်လည်း၊ သူမအနေဖြင့် သူ့ကို တကယ်ကြီး စိတ်မဆိုးနိုင်ခဲ့ချေ။ သို့သော်လည်း မိမိ၏ အိန္ဒြေကို ထိန်းသိမ်းရန်အတွက် စိတ်ဆိုးဟန်ဆောင်ကာ နှုတ်ခမ်းလေး စူရင်း မူဟန်၏ နားနားသို့ ကပ်၍ အော်ဟစ်လိုက်တော့သည် -
"ရှင် တကယ်ကို ဆိုးတာပဲ... ကျွန်မကို တမင်သက်သက် စနောက်နေတာပေါ့လေ"
ယခုကဲ့သို့သော အခြေအနေတွင် သူမ ဘယ်လိုလုပ် သဘောမပေါက်ဘဲ နေမည်နည်း။ မူဟန်သည် စောစောက သူမ၏ ဝန်ခံစကားကို သေချာပေါက် ကြားခဲ့ရခြင်း ဖြစ်သည်၊ သူက သူမကို စနောက်ချင်သဖြင့် မကြားချင်ယောင်ဆောင်ကာ အကွက်ဆင်လိုက်ခြင်း သက်သက်သာ ဖြစ်ချေသည်။
"ငါ့နားရွက်တော့ ကန်းသွားပြီ ထင်တယ်" မူဟန်က သူ၏ ခေါင်းကို အနည်းငယ် နောက်သို့ ဆုတ်လိုက်ပြီး နားရွက်ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
"ကန်းသွားတာကမှ ပိုကောင်းဦးမယ်၊ ဘယ်သူက နင့်ကို အဲဒီလောက် မုန်းစရာကောင်းအောင် လုပ်ခိုင်းလို့လဲ" ရွှီပင်းနင်းက နှာမှုတ်လိုက်ပြီး မူဟန့်ကို ထပ်ပြီး ဂရုမစိုက်တော့မည့်အလား မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်တော့သည်။
"နင် ငါ့ကို ပြန်မဖြေရသေးဘူးလေ…ဓာတ်ပုံက ဘယ်လိုလဲလို့" မူဟန်က ထပ်မံ မေးမြန်းလိုက်သည်။
"မလှပါဘူး…လုံးဝ မလှဘူး" ရွှီပင်းနင်းက မျက်နှာလွှဲထားဆဲဖြစ်ကာ သူ့ကို ကြည့်ရန် ငြင်းဆန်နေခဲ့သည်။
"အော်... ဒါဆိုရင်လည်း ငါ ဖျက်ပစ်လိုက်တော့မယ်" မူဟန်က ဖုန်းမျက်နှာပြင်ပေါ်တွင် လက်ချောင်းဖြင့် တောက် တောက် တောက် ဟု အသံမြည်အောင် နှိပ်လိုက်သည်။
"မဖျက်နဲ့"
ရွှီပင်းနင်း ချက်ချင်းပင် ထိတ်လန့်သွားကာ ၎င်းကို တားဆီးရန်အတွက် မူဟန့်ထံသို့ အပြေးအလွှား တိုးကပ်သွားခဲ့သည်။ သို့သော် သူမ လှမ်း၍ ကြည့်လိုက်သည့်အခါတွင်မူ ထိုဓာတ်ပုံမှာ ဖုန်းမျက်နှာပြင်ထက်တွင် ငြိမ်သက်စွာ ရှိနေဆဲ ဖြစ်သည်။
ဒီလူက... သူမကို ထပ်ပြီး လိမ်ညာလိုက်ပြန်ပြီ။ သို့သော် အံ့သြစရာကောင်းသည်မှာ ရွှီပင်းနင်းအနေဖြင့် စိုးစဉ်းမျှ စိတ်ဆိုးခြင်း မရှိခဲ့ချေ။
မီးရှူးမီးပန်း ပွဲတော်က ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ၊ ကမ်းခြေရှိ လူအုပ်ကြီးသည်လည်း တဖြည်းဖြည်းချင်း လူစုကွဲသွားခဲ့ကြသဖြင့် ပတ်ဝန်းကျင်မှာ ယခင်ကကဲ့သို့ မဆူညံတော့ချေ။
"ရှင်ကတော့ တကယ်ကို တော်တဲ့လူပဲ"
ရွှီပင်းနင်းက ရုတ်တရက် သက်ပြင်းချရင်း ရေရွတ်လိုက်သည် သူမ၏ အသံက မကျယ်သော်လည်း ရှင်းလင်းစွာ ကြားနိုင်လှသည်။
အကယ်၍ မူဟန်က သူမ၏ ဝန်ခံစကားကို ကြားကြားချင်း ချက်ချင်း သဘောတူခဲ့မည်ဆိုလျှင်လည်း သူမအနေဖြင့် သေချာပေါက် ပျော်ရွှင်ရမည် ဖြစ်သည်။
သို့သော် နောင်တစ်ချိန် အနာဂတ်တွင် ပြန်လည်တွေးတောမိသည့်အခါ ထိုမှတ်ဉာဏ်မှာ အချိန်ကာလ၏ တိုက်စားမှုကြောင့် တဖြည်းဖြည်းနှင့် ဝေဝါးသွားနိုင်ချေ ရှိသည်။
သို့သော် ယခုမူ မူဟန်၏ အကြိမ်ကြိမ် "စနောက်ခြင်း" ကို ခံလိုက်ရသဖြင့် ရွှီပင်းနင်း၏ စိတ်ခံစားချက်မှာ ရိုလာကိုစတာ စီးနေရသည့်အလား အတက်အကျ ပြင်းထန်ခဲ့ရသည်။ ရွှီပင်းနင်းအနေဖြင့် နောင်နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ယနေ့ရက်စွဲကို ဘယ်တော့မှ မေ့လျော့နိုင်မည်မဟုတ်ကြောင်း အသေအချာ ယုံကြည်သွားခဲ့သည်။
"ကျွန်မ ဒီဓာတ်ပုံကို တကယ် သဘောကျတယ် ကျွန်မဆီကို ပို့ပေးဦး" မူဟန် အမှားအယွင်းတစ်ခုခုကြောင့် တကယ်ကြီး ဖျက်မိသွားမည်ကို စိုးရိမ်သဖြင့်၊ ရွှီပင်းနင်းက ၎င်းကို ကောင်းစွာ သိမ်းဆည်းထားချင်နေသည်။
မူဟန်က သူမ၏ ဆန္ဒအတိုင်း ထိုဓာတ်ပုံကို ရွှီပင်းနင်း၏ ဝီချက် ထံသို့ ပေးပို့လိုက်သည်။ ရွှီပင်းနင်း ဓာတ်ပုံကို လက်ခံရရှိပြီးနောက် ဖုန်းထဲတွင် သိမ်းဆည်းလိုက်သည်…သို့သော် ထိုမျှနှင့် စိတ်မချသေးသဖြင့် ကလောက်ဒ် ပေါ်သို့ပါ ထပ်မံ၍ အရန်သင့် သိမ်းဆည်းလိုက်သေးသည်… ဤသို့ဖြင့် တစ်နေ့နေ့တွင် သူမ ဖုန်းပျောက်ဆုံးသွားခဲ့လျှင်ပင် ထိုဓာတ်ပုံက ပျောက်ပျက်သွားမည် မဟုတ်တော့ချေ။ သူမ ဤဓာတ်ပုံကို မည်မျှအထိ တန်ဖိုးထားကြောင်း ထင်ရှားလှသည်။
အာမခံချက် နှစ်ထပ် ပြုလုပ်ပြီးနောက်တွင်မူ ရွှီပင်းနင်း နောက်ဆုံးတွင် စိတ်အေးသွားခဲ့ရသော်လည်း…တစ်စုံတစ်ခု လိုအပ်နေသေးသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
"မူဟန်... ဒါဆိုရင် အခုကစပြီး ငါက နင့်ရဲ့ ရည်းစား ဖြစ်သွားပြီပေါ့ ဟုတ်လား" ရွှီပင်းနင်း၏ အသံလေးမှာ အလွန်တရာ နူးညံ့နေခဲ့သည်။
"သေချာတာပေါ့… မင်းက ကတိဖျက်ပြီး နောင်တရချင်လို့လား" မူဟန်က ဆိုလိုက်သည်။
ဤစကားကို ကြားလိုက်ရမှသာ ရွှီပင်းနင်း လုံးဝဥဿုံ စိတ်အေးသွားခဲ့ရတော့သည်။ သူမ ချိုသာစွာ ပြုံးလိုက်ပြီး မူဟန့်ထံသို့ လက်ကလေး ကမ်းပေးလိုက်သည် "အကိုဟန်... နောက်နောင်ကိုလည်း ကျွန်မကို ကောင်းကောင်း စောင့်ရှောက်ပေးပါဦးနော်"
"အမရွှီ... နောက်နောင်ကိုလည်း ကိုယ့်ရဲ့ ဆိုးနွဲ့မှုတွေကို သည်းခံပေးပါဦး" မူဟန်က သူမ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ လေသံအတိုင်း လိုက်လံတုပ၍ ပြန်လည်ဖြေကြားလိုက်သည်။
သူတို့နှစ်ဦးသည် လက်ချင်းချိတ်ထားရင်း အချင်းချင်း အကြာကြီး စိုက်ကြည့်နေခဲ့ကြရာ၊ နောက်ဆုံးတွင် ရွှီပင်းနင်းတစ်ယောက် ဆက်၍ မအောင့်နိုင်တော့ဘဲ ရှက်ရွံ့စွာဖြင့် မျက်နှာလွှဲလိုက်ရတော့သည်။
"နင်က ငါ့လက်ကို ဒီအတိုင်း တစ်သက်လုံး လွှတ်မပေးဘဲ ကိုင်ထားတော့မှာလား" ရွှီပင်းနင်းက ရှက်ရွံ့စွာဖြင့် မျက်တောင်လေးများ ချကာ ဆိုလိုက်သည်။
မူဟန် ချက်ချင်း ပြန်မဖြေဘဲ ရွှီပင်းနင်း၏ လက်ကို အသာအယာ ဆွဲယူကာ သူမအား မိမိ၏ ရင်ခွင်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက်၊ သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ဆိုလိုက်သည် -
"ဟုတ်တယ်... ငါ နင့်လက်ကို တစ်သက်လုံး တင်းတင်းဆုပ်ကိုင်ထားပြီး ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး"
သူတို့နှစ်ဦး အချစ်ရေးကို မတည်ဆောက်ရသေးမီ အချိန်တုန်းက မူဟန်အနေဖြင့် မျှော်လင့်ချက်ပေးရုံသာ ပြုလုပ်နိုင်သော်လည်း…ယခုအခါတွင်မူ သူတို့သည် တရားဝင် ချစ်သူများ ဖြစ်သွားကြပြီ ဖြစ်ရာ… ယောက်ျားတစ်ယောက်အနေဖြင့် အမျိုးသမီးဘက်က အမြဲတမ်း အစပြုလာသည်ကို စောင့်ဆိုင်းနေ၍ မရနိုင်ချေ။
အကယ်၍ သူကသာ အမြဲတမ်း ငြိမ်နေပြီး ရွှီပင်းနင်းကိုသာ အစပြုခိုင်းနေမည်ဆိုပါက... သူတို့ လက်ထပ်သည့် ညကျမှသာ သူမကို အပိုင်ရယူနိုင်မည့် အခြေအနေမျိုး ဖြစ်သွားနိုင်သည်။
မူဟန်၏ တိုးတိုးလေး ပြောလိုက်သော စကားကို ကြားရသောအခါ ရွှီပင်းနင်း ကြောင်အသွားရသည်။ သူမ၏ နူးညံ့သော နှလုံးသားလေးမှာ နွေဦးရေစင်အလား အရည်ပျော်ကျသွားခဲ့ရပြီး၊ သူမသည် ကျန်ရှိသော လက်တစ်ဖက်ဖြင့် မူဟန်၏ သန်မာလှသော ခါးအစုံကို တင်းကျပ်စွာ ပြန်လည်ဖက်တွယ်ထားမိတော့သည်။
သူမ အမြဲတမ်း မျှော်လင့်တောင့်တခဲ့ရသော အချစ်စစ်က နောက်ဆုံးတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ၊ ရွှီပင်းနင်းအနေဖြင့် မူးယစ်မိန်းမောသလို ခံစားရသလို တစ်ဖက်တွင်လည်း အိမ်မက်တစ်ခုအလား မရေမရာ ဖြစ်နေခဲ့သည်။
အတော်လေး ကြာမြင့်ပြီးနောက် ရွှီပင်းနင်းက တိုးတိုးလေး ရေရွတ်လိုက်သည် "နင် ငါ့ကို တကယ်ပဲ တစ်သက်လုံး ချစ်သွားမှာလား"
"ချစ်မှာပေါ့... တစ်သက်လုံးပဲ" မူဟန် လိမ်ညာပြောဆိုခြင်း မဟုတ်ချေ။
ဇာတ်လိုက်မလေးအပေါ် ထားရှိသော ပြင်းထန်လှသည့် စွဲလမ်းမှုအရ... သူသည် ရွှီပင်းနင်းအပေါ် ထားရှိသော အချစ်ကို အမြဲတမ်း ထိန်းသိမ်းထားနိုင်မည်မှာ သေချာလှသည်။
ထို့ကြောင့် "ငါ ရွှီပင်းနင်းကို တစ်သက်လုံး ချစ်သွားမယ်" ဆိုသည့် စကားမှာ အမှားအယွင်းမရှိချေ။
အဓိကမှာ သူက ရွှီပင်းနင်း တစ်ယောက်တည်းကိုသာ ချစ်ပါမည်ဟု ကန့်သတ်ချက် ထည့်မပြောခဲ့ခြင်း ဖြစ်သည်။
"နင်က အဖြေပေးတာလည်း အရမ်းမြန်တယ်…ပြီးတော့ ငါ့ကို လိမ်ညာစနောက်ရတာလည်း အရမ်းဝါသနာပါတော့... ငါ ဘာဖြစ်လို့ ယုံရခက်နေတာလဲ မသိဘူး" ရွှီပင်းနင်းက စိတ်ဆိုးဟန်ဖြင့် စနောက်လိုက်သည်။
"ငါ ကျိန်ဆိုရဲပါတယ်..." မူဟန်သည် ချက်ချင်းပင် ထိုနေရာ၌ပင် လေးနက်စွာ ကျိန်ဆိုလိုက်တော့သည်၊ အကြမ်းဖျင်းအားဖြင့် အကယ်၍ နောင်တစ်ချိန်တွင် သူက ရွှီပင်းနင်းကို ပစ်ပယ်ခဲ့မည်ဆိုပါက မိုးကြိုးပစ်ခံရပါစေဟူ၍ ဖြစ်သည်။
သူ၏ လေးနက်တည်ကြည်သော မျက်နှာအမူအရာကို မြင်လိုက်ရမှသာ ရွှီပင်းနင်း သံသယများ လုံးဝ ကင်းစင်သွားခဲ့ရတော့သည်။
"ငါ နောက်ဆုံးတော့ အပျိုကြီးဘဝကနေ ကျွတ်သွားပြီပေါ့" ရွှီပင်းနင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက်… သူမ၏ ဖုန်းကို ထုတ်ယူကာ ကင်မရာအက်ပ်ကို ဖွင့်လိုက်ပြီး မူဟန်နှင့် မိမိတို့ လက်ချင်းချိတ်ထားသည့် ပုံစံကို ချိန်ရွယ်ကာ ဓာတ်ပုံတစ်ပုံ ရိုက်ကူးလိုက်သည်။
"ဒါက ဘာလုပ်မလို့လဲ..." မူဟန်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"ဝီချက်မိုမန့် ပေါ်မှာ တင်မလို့လေ….ဒီလို အရေးကြီးတဲ့ နေ့ရက်မျိုးမှာ ငါတို့အတွက် မှတ်တမ်းတင်ရမယ့် အခမ်းအနားတစ်ခုတော့ ရှိရမှာပေါ့" ရွှီပင်းနင်းက ဆိုလိုက်သည်။
မူဟန် ခေတ္တမျှ ကြောင်အသွားရပြီးနောက်... သူ၏ ကျောပြင်ထက်တွင် ချွေးစေးများ ချက်ချင်း စီးကျလာခဲ့တော့သည်။