အခန်း (၁၉) - ရွှီပင်းနင်း၏ ဝန်ခံစကား
မီးရှူးမီးပန်းများ တဖွဲဖွဲပွင့်အာလာသည်နှင့်အမျှ မူလက မှောင်မည်းနေသော ကောင်းကင်ယံကြီးမှာ ဆေးရောင်ခြယ် ပတ္တူစတစ်ချပ်အလား လင်းထိန်သွားတော့သည်။
မြေပြင်ထက်မှ အလင်းတန်းများ စဉ်ဆက်မပြတ် ထိုးတက်သွားပြီး ထိုပတ္တူစပေါ်တွင် ခမ်းနားထည်ဝါလှသော ပုံရိပ်များကို ပုံဖော်ကာ အမြင်အာရုံဆိုင်ရာ ပွဲတော်ကြီးတစ်ခုကို ဖန်တီးပေးနေခဲ့သည်။
ယွီကျီကျိုးကျွန်း အစွန်းနားရှိ ရေတွက်၍မရနိုင်သော လူအုပ်ကြီးမှာ ဤခမ်းနားလှသော မြင်ကွင်းကို ငေးမောအံ့သြစွာ ကြည့်ရှုနေကြသည်။
ရွှီပင်းနင်းသည် ကောင်းကင်ယံဆီသို့ မော့ကြည့်နေခဲ့သည်။ ဝေဟင်ထက်တွင် ပေါက်ကွဲနေသော မီးရှူးမီးပန်းများက သူမ၏ လှပသော မျက်နှာထက်သို့ ရောင်စုံအလင်းတန်းများ ဖြာကျစေသဖြင့် ထိုမြင်ကွင်းက ကြည့်ရသူကို မိန်းမောသွားစေနိုင်လောက်သည်။
သို့သော်လည်း မီးရှူးမီးပန်းတစ်ခု ပေါက်ကွဲတိုင်း ရွှီပင်းနင်း၏ မျက်နှာတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်တစ်ခု အမြဲတမ်း ပေါ်လာတတ်ပြီး သူမသည် အသိစိတ်မဲ့စွာဖြင့် နားနှစ်ဖက်ကို အုပ်ထားလေ့ရှိသည်။
"မိုးခြိမ်းတာ ကြောက်တာက တစ်ပိုင်းပေါ့မင်းက မီးရှူးမီးပန်းတွေကိုပါ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်"
မူဟန်သည် ရွှီပင်းနင်း၏ နားနားသို့ ကပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ မီးရှူးမီးပန်းသံများက ကျယ်လောင်လွန်းသဖြင့် ဤကဲ့သို့ ကပ်မပြောပါက ရှင်းရှင်းလင်းလင်း ကြားရရန် မဖြစ်နိုင်ချေ။
မူဟန် စကားပြောလိုက်သည့်အခါ ထွက်ပေါ်လာသော နွေးထွေးသည့် လေငွေ့ကို နားရွက်တွင် ခံစားလိုက်ရသဖြင့် ရွှီပင်းနင်း နားရွက်လေးများ အနည်းငယ် ယားယံသွားပြီး သူမ၏ နှလုံးခုန်သံမှာလည်း အလိုလို မြန်ဆန်လာခဲ့ရသည်။
"မဟုတ်ပါဘူး ကျွန်မ က သိပ်ပြီး ကျယ်လောင်တဲ့ အသံတွေကို မခံနိုင်လို့ပါ ခဏနေရင် အဆင်ပြေသွားမှာပါ"
ရွှီပင်းနင်းသည်လည်း သူမ၏ ခေါင်းကို မူဟန့်ထံသို့ နီးကပ်အောင် တိုးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။
"ဘာပြောလိုက်တာလဲ" မူဟန် သေချာ မကြားလိုက်ရချေ။
ရွှီပင်းနင်းသည် မတတ်သာဘဲ မူဟန် လုပ်သလိုမျိုး လိုက်လုပ်ကာ၊ သူ၏ နားနားသို့ ကပ်၍ စကားကို ထပ်မံ၍ ပြောပြလိုက်ရသည်။
မူဟန် ဤတစ်ကြိမ်တွင်တော့ ရှင်းလင်းစွာ ကြားလိုက်ရသော်လည်း သူ၏ စိတ်ထဲတွင် အနည်းငယ် မိန်းမောသွားခဲ့ရသည်။
အချစ်ဝတ္ထုများထဲတွင် ဇာတ်လိုက်မလေးများ စကားပြောသည့် ပုံစံကို "ဂန္ဓမာပန်းရနံ့များ လွင့်ပျံလာသကဲ့သို့" ဟု တင်စားလေ့ရှိကြသည်။
မူဟန်သည် ယခင်က ၎င်းကို ချဲ့ကားပြောဆိုခြင်းဟု အမြဲတွေးခဲ့ဖူးသော်လည်း ယခုအခါတွင်မူ သူကိုယ်တိုင် လက်တွေ့ ခံစားလိုက်ရချေပြီ။ ရွှီပင်းနင်း စကားပြောလိုက်သည့်အခါ တကယ်ကိုပင် မွှေးပျံ့သော ရနံ့လေးတစ်ခု ပါရှိနေခဲ့သည်။
"မကြောက်ဘူးဆိုရင်လည်း တော်သေးတာပေါ့ ကိုယ်ကတော့ မင်းမှီတွယ်နိုင်ဖို့ ကိုယ့်ရဲ့ ရင်ခွင်ကို တစ်ခါပြန်ပြီး ငှားပေးရဦးမလားလို့ တွေးနေတာ။ ပြီးခဲ့တဲ့အကြိမ်တုန်းက မင်း ကိုယ့်ကို တစ်ညလုံး အတင်းဖက်ထားလို့ အခုထိ ကိုယ့်ရဲ့ ရင်ညွန့်ရိုးက နာနေတုန်းပဲ"
မူဟန်က ရွှီပင်းနင်း၏ နားနားသို့ ကပ်ကာ စနောက်လိုက်သော်လည်း… ဤတစ်ကြိမ်တွင်မူ သူသည် မတော်တဆဖြစ်ဟန် ဆောင်ကာ သူ၏ နှုတ်ခမ်းများဖြင့် သူမ၏ နားရွက်ခြေကို အသာအယာ ထိတွေ့မိသွားစေခဲ့သည်။
ရွှီပင်းနင်း တစ်ကိုယ်လုံး သိသိသာသာ တုန်ရင်သွားခဲ့ရပြီး၊ သူမ၏ မျက်နှာမှတစ်ဆင့် နားရွက်လေးများအထိ ချက်ချင်းပင် ရဲကနဲ နီမြန်းသွားခဲ့တော့သည်။ ရှက်ရွံ့မှု၊ အံ့အားသင့်မှု၊ အံ့သြတုန်လှုပ်မှု စသည့် စိတ်ခံစားချက်များစွာ ရောပြွမ်းသွားခဲ့ပြီး နောက်ဆုံးတွင် ရှက်စိတ်ဖြင့် စိတ်ဆိုးမာန်ဆိုး ဖြစ်သွားကာ နှာမှုတ်သံလေး ပြုလုပ်၍ မူဟန့်ကို သူမ၏ လှပသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်တော့သည်။
သို့သော် ခဏမျှ ကြာပြီးနောက် မူဟန် ဘာမှ ထပ်မပြောတော့သည်ကို တွေ့ရသောအခါ၊ သူမသည် မူဟန့်ထံသို့ ပြန်လည်၍ အသာအယာ တိုးကပ်သွားပြီး စိုးရိမ်တကြီးဖြင့် လှမ်းမေးမိပြန်သည် "ရှင့်ရဲ့ ရင်ညွန့်ရိုးက တကယ်ပဲ အဲဒီလောက်တောင် နာနေတာလား….ဆေးရုံ သွားပြပြီးပြီလား။ အခြေအနေက ပြင်းထန်လို့လား"
"ကောင်မလေး ... မင်းက တကယ်ကြီး ယုံနေတာလား" မူဟန်က ရွှီပင်းနင်း၏ နားနားသို့ ကပ်၍ ဆိုလိုက်သည်။
ရွှီပင်းနင်း စိတ်တိုသွားကာ ကလဲ့စားချေသည့်အနေဖြင့် မူဟန်၏ ပခုံးကို လက်ဖြင့် လှမ်း၍ တစ်ချက် ရိုက်လိုက်တော့သည်။
မီးရှူးမီးပန်းသံများက စဉ်ဆက်မပြတ် ထွက်ပေါ်နေပြီး ကမ်းခြေရှိ လူအုပ်ကြီး၏ ရယ်မောသံ၊ အော်ဟစ်အားပေးသံများနှင့် ရောယှက်နေခဲ့သည်။ ထိုအချိန်တွင် ကမ်းခြေဘက်မှ ရုတ်တရက် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ တစ်စုံတစ်ဦးက "ဘယ်သူဘယ်ဝါရေ... ငါ နင့်ကို သဘောကျတယ်" ဟု အော်ဟစ်ပြောဆိုလိုက်သည့် အသံမျိုး ဖြစ်သည်။
နာမည်အတိအကျကို သေချာမကြားရသော်လည်း တစ်စုံတစ်ယောက်က သူ၏ အချစ်ကို ဝန်ခံကာ ရင်ဖွင့်နေခြင်း ဖြစ်ကြောင်း သိသာလှသည်။ တစ်စုံတစ်ဦးက အစပြုလိုက်သဖြင့် မကြာမီမှာပင် ထိုကဲ့သို့သော စကားလုံးများ နေရာအနှံ့မှ ထပ်မံ၍ ထွက်ပေါ်လာတော့သည်။
အချို့မှာ ချစ်သူစုံတွဲများ အချင်းချင်း ရင်ဖွင့်ကြရင်း အချစ်ကို ပြသနေကြခြင်း ဖြစ်သည်။ အချို့မှာမူ တစ်ဖက်သတ် ဝန်ခံချက်များဖြစ်ပြီး ဖွင့်ပြောနေသော လူမှာ ဤနေရာတွင် ရှိမနေခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ထိုအရာက အရေးမကြီးပါ။ အဘယ်ကြောင့်ဆိုသော် အချစ်တိုင်း၊ သဘောကျမှုတိုင်းက တုံ့ပြန်မှုကို ရရှိနိုင်သည် မဟုတ်သောကြောင့် ဖြစ်သည်။
ဤလူများသည် ရလဒ်တစ်ခုကို လိုချင်လွန်း၍ အော်ဟစ်နေကြခြင်း မဟုတ်ဘဲ၊ ယခုကဲ့သို့သော ပတ်ဝန်းကျင် အခြေအနေမျိုးတွင် မိမိတို့၏ စိတ်ခံစားချက်များကို ရိုးရိုးရှင်းရှင်း ထုတ်ဖော်ရင်ဖွင့်ချင်ရုံ သက်သက်သာ ဖြစ်သည်။
ဝန်ခံသူရော၊ ဝန်ခံခြင်းခံရသူပါ ဤနေရာတွင် ရှိနေကြသည့် အခြေအနေမျိုးလည်း ရှိသည်။ သို့သော် ဝန်ခံသူက သူ၏ စိတ်ရင်းကို ဖွင့်ပြောပြီးနောက်တွင် သူတို့နှစ်ဦး ရည်းစားဖြစ်သွားကြမလား ဆိုသည်ကတော့ မသေချာချေ။
သို့သော်လည်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြသော ထိုလူများ၏ အကြောင်းရင်းနှင့် ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်….သူတို့၏ သတ္တိကိုတော့ ချီးကျူးရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် ဤကဲ့သို့သော သတ္တိမျိုး မရှိကြသောကြောင့် ဖြစ်သည်။
"ငယ်ရွယ်ရတာ တကယ်ကို ကောင်းတာပဲ" မူဟန်က သက်ပြင်းချလိုက်သည့်အလား ရွှီပင်းနင်း၏ နားနားသို့ ကပ်ကာ သူ၏ ခံစားချက်ကို ပြောပြလိုက်သည်။ လူတစ်ယောက်က မည်မျှပင် အပျော်အပါးမက်သူ ဖြစ်ပါစေ၊ သူတို့၏ ဘဝတစ်ချိန်ချိန်တွင်တော့ အပြစ်ကင်းစင်သော အချစ်စစ်ကို ယုံကြည်ပြီး တောင့်တခဲ့ဖူးကြသည်သာ ဖြစ်သည်။ မူဟန်သည်လည်း ခြွင်းချက်မဟုတ်ချေ။ ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အကြောင်းအရာများ ဖြစ်သွားခဲ့ပြီ ဖြစ်သော်လည်းပေါ့။
"ငယ်ရွယ်ရတာ ကောင်းတာပဲလို့ ပြောရအောင်... ရှင်က အရမ်းကြီး အသက်ကြီးသွားတဲ့အတိုင်းပဲ" ရွှီပင်းနင်းက ပြုံးလိုက်ပြီး မူဟန်၏ နားနားသို့ ကပ်ကာ ဆိုလိုက်သည်။
"အသက်ကြီးတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်လည်း မငယ်တော့ဘူးလေ ကိုယ် ဒီနှစ်မှာ ၂၅ နှစ် ရှိပြီ" မူဟန်၏ လေသံမှာ အနည်းငယ် လွမ်းမောဖွယ် ဖြစ်နေခဲ့သည်။
ရွှီပင်းနင်း ခေတ္တမျှ ကြောင်အသွားရပြီး၊ မူဟန် ပြောလိုသည့် အဓိပ္ပာယ်ကို အနည်းငယ် သဘောပေါက်သွားခဲ့သည်။ မူဟန်၏ အသက်မှာ အသက်ကြီးသည်ဟု မဆိုနိုင်သော်လည်း၊ အသက် ၁၈ နှစ်အရွယ်နှင့် နှိုင်းယှဉ်ပါကမူ "ကြီး" နေခဲ့ပြီ ဖြစ်သည်။
ဟုတ်ပါသည်... မူဟန် သက်ပြင်းချနေရခြင်းမှာ သူ၏ အသက်အရွယ်ကြောင့် မဟုတ်ဘဲ၊ လူတစ်ယောက် အသက်ကြီးလာသည်နှင့်အမျှ မဆင်မခြင် ရဲရဲဝံ့ဝံ့ လုပ်ဆောင်တတ်သော "သတ္တိ" များက တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အသက် ၁၈ နှစ်တုန်းက ရဲရဲဝံ့ဝံ့ လုပ်ရဲခဲ့သောအရာများကို အသက် ၂၀ ကျော်လာသည့်အခါတွင်မူ လုပ်ရန် မဝံ့မရဲ ဖြစ်သွားတတ်ကြသည်။
ရွှီပင်းနင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးမြန်းလိုက်သည် "ဟေး... မူဟန်… ရှင့် ကို ကိစ္စတစ်ခုလောက် မေးလို့ရမလား"
"မေးလေ"
"အကယ်၍... ငါက ဥပမာအနေနဲ့ ပြောတာနော် ရှင်က မိန်းကလေးတစ်ယောက်ကို သဘောကျမိရင် ရှင့်ဘက်ကနေ အစပြုပြီး သူမကို လိုက်တာမျိုး…ဒါမှမဟုတ် အချစ်ကို ဖွင့်ပြောတာမျိုး လုပ်မှာလား"
"အရင်တုန်းကဆိုရင်တော့ လုပ်မှာပေါ့၊ ဒါပေမယ့် အခုတော့ မလုပ်တော့ဘူး"
"ဘာဖြစ်လို့လဲ"
"အကြောင်းပြချက်တွေ အများကြီး ရှိတာပေါ့…. ငါ ဘယ်ကနေ စပြောရမှန်းတောင် မသိတော့ဘူး" မူဟန် အမှန်တကယ်တော့ လျှောက်ပြောနေခြင်း ဖြစ်သည်။
အခြေအနေမှာ မိမိဘက်သို့ လှည့်လာနေပြီး ရွှီပင်းနင်းက ထပ်မံ၍ အတင်းအကျပ် မေးမြန်းလာမည်ကို စိုးရိမ်သဖြင့်… သူက အကြောင်းအရာကို အမြန်ပြောင်းကာ ညည်းတွားလိုက်သည် "ဒီအကြောင်းတွေကို မပြောရအောင်… ဒါကို ပြောမိတိုင်း ငါ စိတ်ဓာတ်ကျရလွန်းလို့"
"ဘာဖြစ်လို့ စိတ်ဓာတ်ကျရတာလဲ" ရွှီပင်းနင်းက မေးလိုက်သည်။
"ဒီရက်ပိုင်း ငါ့မေမေက ငါ့ကို အိမ်ထောင်ပြုဖို့ အတင်းအကျပ် တိုက်တွန်းနေတာ…ငါ့ကို ဘလိုင်းဒိတ် တွေ အတင်းအကြပ် လိုက်ပေးနေလို့လေ" မူဟန်က ဆိုလိုက်သည်။
ရွှီပင်းနင်း၏ နှလုံးသားလေး တုန်ခနဲ ဖြစ်သွားရပြီး…သူမ အမြန်မေးမိတော့သည် "ဒါဆို အဲဒီထဲက ရှင် သဘောကျတဲ့သူ ရှိလား"
"ကိုယ် သုံးယောက်နဲ့ တွေ့ခဲ့ပြီးပြီ။ သူတို့အားလုံးက သူဌေးသမီးတွေချည်းပဲ၊ လည်း လှကြပါတယ်….ဒါပေမယ့် ကိုယ် တစ်ယောက်ကိုမှ စိတ်မဝင်စားသေးဘူး။ ငါ့မေမေ ပြောတာတော့ တွေ့ဖို့ ခုနစ်ယောက်တောင် ကျန်သေးတယ်တဲ့… ကိုယ် ဒီလကုန်အထိတော့ အဲဒီကိစ္စနဲ့တင် အလုပ်ရှုပ်နေဦးမှာပဲ" မူဟန်က ဆိုလိုက်သည်။
ကိုယ် ဆိုတဲ့ နာမ်စားကို ညှပ် ညှပ် သုံးကာ ပြောလိုက်သည်။
ဤစကားကို ကြားရသောအခါ ရွှီပင်းနင်း ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရသည်။
ကောင်းကင်ယံထက်တွင်မူ ခမ်းနားလှသော မီးရှူးမီးပန်းများက တဖွဲဖွဲ ပွင့်အာနေဆဲဖြစ်ကာ အလွန်တရာ လှပနေခဲ့သည်။ သို့သော်လည်း နှမြောစရာကောင်းသည်မှာ ရွှီပင်းနင်းအနေဖြင့် ရှုခင်းကို ကြည့်ရှုလိုသော စိတ်ဆန္ဒ အနည်းငယ် လျော့ပါးသွားခဲ့ချေပြီ။
"ဒါဆိုရင် ရှင်က ဘလိုင်းဒိတ် တစ်ခု အောင်မြင်တဲ့အထိ မိသားစုရဲ့ စီစဉ်မှုကိုပဲ လက်ခံသွားမှာလား" ရွှီပင်းနင်းက မူဟန့်ကို မေးမြန်းလိုက်သည်။
"အမှန်အတိုင်းပြောရရင် ကိုယ် ဘလိုင်းဒိတ် တွေကို အရမ်းမုန်းတာပဲ…မချစ်တဲ့လူတစ်ယောက်နဲ့ တစ်သက်လုံး အတူတူ ဖြတ်သန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး… ဒါပေမယ့် ကိုယ် အရမ်းသဘောကျတဲ့လူ ပြီးတော့ ကိုယ့် ကိုလည်း အရမ်းသဘောကျတဲ့လူမျိုးကို ရှာတွေ့ဖို့က... အဲဒီလောက် မလွယ်ကူဘူးလေ"
မူဟန်က သက်ပြင်းချလိုက်ပြီး၊ ရွှီပင်းနင်းကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်ကာ ဘာမှမဖြစ်ခဲ့သည့်အလား ကောင်းကင်ယံဆီသို့ ပြန်လည်၍ မော့ကြည့်လိုက်တော့သည်။
"ရှင့်ရဲ့ စကားအရ... ရှင့်မှာ အခုတည်းက အရမ်းသဘောကျရတဲ့လူ ရှိနေပြီပေါ့ ဟုတ်လား" ရွှီပင်းနင်းသည် စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားပြီး စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
မူဟန် စကားမပြောဘဲ ရွှီပင်းနင်းကို ကြည့်ကာ ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။
"အဲဒါ ဘယ်သူလဲဟင်" ရွှီပင်းနင်းက အတင်းအကျပ် မေးမြန်းလိုက်သည်။
"မပြောပြဘူး"
"ကပ်စေးနှဲလေး"
ရွှီပင်းနင်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီးနောက်၊ မီးရှူးမီးပန်းများကို ကြည့်ရှုလိုသော စိတ်ခံစားချက်များ ပြန်လည် ထွက်ပေါ်လာပုံ ရသည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ မီးရှူးမီးပန်း ပွဲတော်သည်လည်း ပြီးဆုံးလုနီးပါး ဖြစ်လာခဲ့ချေပြီ။ ကမ်းခြေဘက်မှ "အချစ်ကို ဝန်ခံကြသည့်" အော်ဟစ်သံများမှာလည်း ယခင်ကထက် ပိုမို၍ စိပ်လာခဲ့သည်။
ရွှီပင်းနင်းသည် သူမ၏ မိခင်ဖြစ်သူ ရွှီရို၏ တိုက်တွန်းအားပေးမှုများကို ပြန်လည်တွေးတောမိပြီး၊ စောစောက မူဟန်နှင့် ပြောခဲ့သော စကားများကို သတိရလိုက်ကာ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချမှတ်လိုက်တော့သည်။ သူမ အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် သူမ၏ အဝတ်အနားစကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
မီးရှူးမီးပန်းများ၏ ပေါက်ကွဲသံများနှင့် ကမ်းခြေမှ အော်ဟစ်သံများကို အကာအကွယ်ယူကာ…သူမသည် လက်နှစ်ဖက်ကို ပါးစပ်နားတွင် ကပ်၍ အသံကုန် အော်ဟစ်လိုက်တော့သည် -
"မူဟန်... ကျွန်မ ရှင့်ကို သဘောကျတယ်"
အချစ်ရေးနှင့် ပတ်သက်လျှင် စာရွက်ဖြူတစ်ချပ်ကဲ့သို့ အပြစ်ကင်းစင်လှသော မိန်းကလေးတစ်ဦးသည် တကယ်ကိုပင် သတ္တိရှိလှပြီး၊ သူမတွင် ပွင့်လင်းပြတ်သားမှုနှင့် ရိုးအမှုတို့ ရောပြွမ်းနေခဲ့သည်။ စိတ်လိုက်မာန်ပါဖြင့် သူမသည် မိမိ၏ နှလုံးသားထဲတွင် မြှုပ်နှံထားသော စကားများကို တိုက်ရိုက် ဖွင့်ဟဝန်ခံလိုက်ချေပြီ။
မိမိ၏ နှလုံးသားထဲရှိ စကားများကို ဖွင့်ပြောပြီးနောက်တွင်မူ ရွှီပင်းနင်းသည် အလွန်တရာ ရင်ခုန်ထိတ်လန့်သွားခဲ့ရပြီး၊ တစ်ခဏမျှ မူဟန့်ကို လှည့်၍ပင် မကြည့်ရဲတော့ချေ။