အခန်း (၁၂) - ရွှီပင်းနင်း၏ လှပသော အချစ်ဆုံးသူငယ်ချင်း
ရွှီပင်းနင်း သည် ညစာဖိတ်ကြားချက်ကို လှမ်းပြောပြီးနောက် မူဟန် ၏ ပြန်လည်ဖြေကြားမှုကို ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေမိသည်။ မူဟန် သူမဘက်သို့ နောက်ပြန်လှည့်ကြည့်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမကိုယ်တိုင်လည်း ရာနှုန်းပြည့် မသေချာသေးချေ။
အကယ်၍ မူဟန် နောက်ပြန်လှည့်ကြည့်တာက မတော်တဆ တိုက်ဆိုင်မှုသက်သက်ပဲ ဖြစ်နေရင်ကော...
"ကောင်းပြီလေ" မူဟန်က ပြန်လည် ဖြေကြားလိုက်သည်။
ထိုအဖြေကို ကြားလိုက်ရမှသာ ရွှီပင်းနင်း ရင်ထဲမှ သက်ပြင်းအရှည်ကြီးတစ်ချက်ကို စိတ်အေးလက်အေး ချနိုင်တော့သည်။
"ဒါဆိုရင်... ညနေကျမှ တွေ့ကြတာပေါ့"
ချိန်းဆိုမှု ပြီးမြောက်သွားပြီးနောက် ရွှီပင်းနင်း ချက်ချင်းပင် နောက်သို့လှည့်ကာ အနည်းငယ် နီမြန်းနေသော သူမ၏ ပါးပြင်လေးနှစ်ဖက်ကို လက်ဖြင့်အုပ်လျက် ရှေ့သို့ အမြန်လျှောက်လှမ်းကာ မိမိ၏ ကားထဲသို့ အလျင်အမြန်ပင် တိုးဝင်ပုန်းအောင်းလိုက်တော့သည်။
တစ်နေ့တာ အလုပ်ကိစ္စများ ပြီးဆုံးသွားသောအခါ ရွှီပင်းနင်းသည် မအောင့်အီးနိုင်တော့ဘဲ သူမ၏ဖုန်းကို ထုတ်ကာ သူမ ပုံမှန်သွားနေကျ စားသောက်ဆိုင်တစ်ခုတွင် သီးသန့်ခန်း တစ်ခုကို ကြိုတင်မှာယူ လိုက်ပြီး ၎င်းတည်နေရာ ကို မူဟန့်ထံသို့ လှမ်းပို့လိုက်သည်။
ထို့အပြင် ရွှီရိုသည် သူမ၏ အမျိုးသမီးလက်ထောက်ထံမှ မိတ်ကပ်အိတ်ကို အထူးတလည် ခဏငှားရမ်းကာ ရိုးရှင်းသော မိတ်ကပ်အချို့ကို ကိုယ်တိုင် လိမ်းခြယ်ကြည့်ခဲ့သည်။
သို့သော်လည်း အချိန်အတော်ကြာအောင် ကလိနေခဲ့သော်လည်း သူမကိုယ်တိုင် လုံးဝ စိတ်တိုင်းမကျဖြစ်နေခဲ့ရသည်။ သူမသည် ပုံမှန်အားဖြင့် မိတ်ကပ်လိမ်းလေ့မရှိသဖြင့် ဤအလှပြင်သည့် ကိစ္စတွင် အတွေ့အကြုံ အလွန်အမင်း နည်းပါးလှပေသည်။
နောက်ဆုံးတွင်မူ သူမ၏ အမျိုးသမီးလက်ထောက်ကိုယ်တိုင် ကူညီပေးပြီးနောက်မှသာ ရွှီပင်းနင်းအတွက် သဘာဝကျကျနှင့် လှပသော မိတ်ကပ်ဖျော့ဖျော့လေး တစ်ခုကို ရရှိသွားခဲ့တော့သည်။ ရွှီပင်းနင်း မှန်ထဲရှိ မိမိကိုယ်ကိုယ် ပြန်ကြည့်ကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏လက်ထောက်ကိုပါ ချီးမွမ်းလိုက်မိသည်။
"ဥက္ကဋ္ဌရွှီ... ဒီနေ့ကျမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး မိတ်ကပ်လိမ်းချင်သွားရတာလဲဟင်" လက်ထောက်မလေးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ငါတို့ ကုမ္ပဏီအတွက် အရေးကြီးတဲ့ စီးပွားဖက်တစ်ယောက်နဲ့ တွေ့ဖို့ရှိလို့ပါ" ရွှီပင်းနင်း တည်ငြိမ်သော အမူအရာဖြင့် အကြောင်းပြချက် ပေးလိုက်သည်။
လက်ထောက်မလေး အနည်းငယ်တော့ အံ့သြသွားရသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က မည်မျှပင် အရေးကြီးသော စီးပွားဖက်များနှင့် တွေ့ဆုံခဲ့ပါစေ ရွှီပင်းနင်းသည် ဤကဲ့သို့ အလှပြင်ရန်အတွက် အထူးတလည် အချိန်ပေးလေ့မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ဟုတ်ပါသည်... စူးစမ်းလိုစိတ် ရှိနေသော်လည်း လက်ထောက်မလေးက ဆက်လက်၍ မမေးမြန်းတော့ချေ။
သူမသည် ရွှီပင်းနင်း၏ လက်ထောက်အဖြစ် လုပ်ကိုင်လာခဲ့သည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်ကာ အလုပ်တွင် အမြဲတမ်း တည်ငြိမ်ရင့်ကျက်သူဖြစ်ရာ ရိုးရှင်းသော အခြေခံသဘောတရားတစ်ခုကို ကောင်းစွာ နားလည်ထားသည်… ၎င်းမှာ မိမိ မမေးသင့်သော ကိစ္စရပ်များကို ဘယ်တော့မှ ဝင်ရောက်မစွက်ဖက်ခြင်းပင်။
ရွှီပင်းနင်း ကုမ္ပဏီ၏ ကားပါကင်သို့ ရောက်ရှိလာခဲ့သည်။ သူမ ကားတံခါးကို ဖွင့်လိုက်ခါနီးမှာပင် ရုတ်တရက် ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့သည်။
"အလုပ်ဆင်းပြီ မဟုတ်လား… ငါတို့ ပုံမှန်သွားနေကျနေရာမှာပဲ တွေ့ကြရအောင် ငါ ဆိုင်မှာ နေရာကြိုတင်မှာထားပြီးပြီ" ဖုန်းအိတ်ထဲမှ နူးညံ့ပျော့ပျောင်းသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဖေးဖေး... ဒီနေ့တော့ မရဘူးဟ…ငါ့မှာ တခြားကိစ္စတစ်ခု ရှိနေလို့။"
"ဘာကိစ္စမလို့လဲ…အဲဒါကို နောက်ရွှေ့လို့မရဘူးလားဟင်... ငါတို့မတွေ့ဖြစ်တာ တောင် တော်တော်ကြာပြီပဲကို… ပြီးတော့ ငါ နင့်ကို တကယ် ပြောပြချင်တဲ့ ကိစ္စအချို့ ရှိနေလို့ပါဟ"
"နောက်ရွှေ့လို့ မရဘူးဖြစ်နေလို့ပါ…ငါလည်း နင့်ကို တွေ့ချင်ပါတယ်... ဒါပေမယ့် ဒီနေ့တော့ တကယ်ကို အဆင်မပြေလို့ပါ"
"အင်းလေ... ဒါဆိုရင်လည်း နောက်တစ်ခေါက်မှပဲ တွေ့ကြတာပေါ့"
"ဖုန်းထဲမှာပဲ ပြောရင်လည်း ရတာပဲဥစ္စာ။ ပြောပါဦး... နင့်မှာ တစ်ခုခု စိတ်ရှုပ်စရာ ကိစ္စ ရှိနေလို့လား" ရွှီပင်းနင်းက စိုးရိမ်တကြီး မေးလိုက်သည်။
ဖုန်းတစ်ဖက်ကမ်းမှ ခေတ္တမျှ နှုတ်ဆိတ်သွားခဲ့သည်။
"ဒါ... လူကြီးတွေ စီစဉ်ပေးထားတဲ့ နင့်ရဲ့ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်း ကိစ္စနဲ့ ပတ်သက်နေတာလား" ရွှီပင်းနင်းသည် သူမ၏ အချစ်ဆုံးသူငယ်ချင်း၏ ခင်ပွန်းလောင်းကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသေးချေ။
ယခင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းခဲ့ဖူးသော်လည်း သူမ၏ သူငယ်ချင်းမှာ ထိုအကြောင်းကို အမြဲတမ်း ရှောင်လွှဲကာ စကားမပြောခဲ့ချေ။
သို့သော်လည်း ရွှီပင်းနင်း ကောင်းစွာ သိထားသည်မှာ သူမ၏ သူငယ်ချင်းသည် ဤအိမ်ထောင်ရေးအပေါ် အလွန်အမင်း ဆန့်ကျင်တွန်းလှန်နေခဲ့ခြင်း ဖြစ်သည်။
"နောက်တစ်ခေါက် ငါတို့တွေ့မှပဲ အသေးစိတ် ပြောပြတော့မယ်ဟာ…စကားလုံး အနည်းငယ်တည်းနဲ့ ရှင်းပြဖို့က ခက်နေလို့ပါ" ဟု ဖုန်းထဲမှ အမျိုးသမီးက ဆိုသည်။
"အင်းပါ..."
ရွှီပင်းနင်း သူမ၏ အချစ်ဆုံးသူငယ်ချင်းနှင့် ဖုန်းချလိုက်ပြီးနောက် စားသောက်ဆိုင်ဆီသို့ ကားမောင်းထွက်ခဲ့သည်။
ဆိုင်၏ ကားပါကင်နေရာသို့ ရောက်သောအခါ မူဟန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြသည်။
ဤသို့ဖြင့် သူတို့နှစ်ဦးသည် စားသောက်ဆိုင်အတွင်းရှိ သီးသန့်ခန်း တစ်ခုထဲသို့ အတူတူ လျှောက်လှမ်း ဝင်ရောက်လာခဲ့ကြတော့သည်။
သီးသန့်ခွဲထွက်နေသော ပတ်ဝန်းကျင်တစ်ခုအတွင်း ရောက်ရှိနေခြင်း၊ ထို့အပြင် စားသောက်ဆိုင်၏ မီးရောင်အလင်းအမှောင်ကြောင့် ဖြစ်ပေါ်လာသော လေထုစေ့ဆော်မှုများကြောင့် ရွှီပင်းနင်း စိတ်ထဲတွင် အနည်းငယ် ရင်ခုန်ထိတ်လန့်ခြင်း များ ဖြစ်ပေါ်လာရပြီး သူမ၏ လက်ဖဝါးများတွင်ပင် ချွေးများ စိုစွတ်လာခဲ့သည်။
ဤသည်က သူမ၏ ဘဝသက်တမ်းတစ်လျှောက်တွင် ဆန့်ကျင်ဘက်လိင် အမျိုးသားတစ်ဦးနှင့် ပထမဆုံးအကြိမ်အဖြစ် သီးသန့် ညစာအတူထွက်စားခြင်း ဖြစ်သည်။
ထို့အပြင် သူမ စိတ်ထဲကနေ ပြင်းထန်စွာ နှစ်သက်သဘောကျနေရသူ ဖြစ်သဖြင့် သဘာဝအတိုင်းပင် တည်ငြိမ်အောင် မထိန်းချုပ်နိုင်တော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် မူဟန်ကမူ အလွန်ပင် တည်ငြိမ်အေးဆေးလျက် ရှိနေသည်။ မိန်းကလေးတစ်ယောက်နှင့် သီးသန့် ညစာစားရုံမျှကို ထားလိုက်ပါတော့... သူသည် အမျိုးသမီးတစ်ဦးနှင့် လုပ်ဆောင်နိုင်သမျှသော ကိစ္စရပ်အားလုံးကို အကြိမ်ကြိမ်အဖန်ဖန် လုပ်ဆောင်ဖူးပြီးသား ဖြစ်သဖြင့် သူ့အတွက် စိတ်လှုပ်ရှားစရာ အကြောင်းရင်း လုံးဝ မရှိချေ။
ထိုအချိန်တွင် ဝိတ်တာမလေး တစ်ဦး သီးသန့်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုဝိတ်တာမလေးသည် မူဟန့်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ကြောင်အမ်းသွားရပြီး၊ သူမ၏ ခြေထောက်များပင် အနည်းငယ် ပျော့ခွေသွားမတတ် ခံစားလိုက်ရသည်။ မူဟန့်၏ ဆွဲဆောင်မှုအမှတ် မှာ ယခုအခါ အကန့်အသတ်မဲ့ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ သာမန်အမျိုးသမီးများအပေါ် သက်ရောက်နိုင်သော စွမ်းအားမှာ ပြင်းထန်လွန်းလှပေသည်။
ထိုဝိတ်တာမလေးက မူဟန့်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်ကို မြင်ရသောအခါ ရွှီပင်းနင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး ဟင်းမှာရန်အတွက် မီနူး ကို လှမ်းတောင်းကာ သတိပေးလိုက်ရသည်။ ဝိတ်တာမလေး ထိုမှသာ သတိပြန်ဝင်လာခဲ့ပြီး သူမ၏ အလုပ်တာဝန်ကို အနိုင်နိုင် ပြန်လည် အာရုံစိုက်လိုက်ရတော့သည်။
မူဟန်နှင့် ရွှီပင်းနင်းတို့သည် ဟင်းပွဲအချို့ကို မှာယူလိုက်ကြပြီး၊ ဝိုင်နီ တစ်ပုလင်းကိုပါ မှာလိုက်ကြသည်။
အတူတူ စားသောက်ခြင်း ဆိုသည်မှာ ဆက်ဆံရေးကို အလျင်အမြန်ဆုံးနှင့် အပြည့်အဝဆုံး နွေးထွေးသွားစေနိုင်သော လူမှုရေး လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
အထူးသဖြင့် အယ်လ်ကိုဟော (ဝိုင်) အနည်းငယ် သောက်သုံးပြီးနောက်ပိုင်းတွင် ပို၍ပင် ထိရောက်လှပေသည်။ ဤကိစ္စရပ်တွင်မူ မူဟန်သည် အတွေ့အကြုံ အလွန် ရင့်ကျက်လှသည်။
ဝိတ်တာမလေးသည် မှာယူမှုများကို မှတ်သားပြီးနောက် အခန်းထဲမှ ဖြည်းညှင်းစွာ ဆုတ်ခွာသွားခဲ့သည်။
ထိုသီးသန့်ခန်း၏ တံခါး ပွင့်သွားပြီး ပြန်ပိတ်ခါနီး အချိန်မှာပင် အလွန်အမင်း ဆွဲဆောင်မှုရှိပြီး လှပလွန်းလှသော အမျိုးသမီး ပုံရိပ်တစ်ခုက အခန်းရှေ့မှ ဖြတ်လျှောက်သွားခဲ့သည်။
ထိုအမျိုးသမီးသည် ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် ရုတ်တရက် နောက်သို့ ပြန်လှည့်လာခဲ့ပြီး… တံခါးကို အသာအယာ တွန်းဖွင့်ကာ တံခါးကြားမှနေ၍ အခန်းထဲသို့ ချောင်းကြည့်လိုက်သည်။
အခန်းထဲတွင် ရှိနေသူမှာ ရွှီပင်းနင်းဖြစ်ကြောင်း အတည်ပြုပြီးနောက် ထိုအမျိုးသမီးသည် တံခါးကို အပြည့်အဝ တွန်းဖွင့်လိုက်ပြီး အံ့သြဝမ်းသာစရာ အမူအရာဖြင့် အခန်းထဲသို့ လှမ်းဝင်လာခဲ့တော့သည်။
"ဖေးဖေး... နင်... နင်လည်း ဒီကို ရောက်နေတာလား" ရွှီပင်းနင်း အံ့သြစွာ ဆိုလိုက်သည်။
ဤအမျိုးသမီးသည် လွန်ခဲ့သော မိနစ်ပိုင်းကတင် ရွှီပင်းနင်းနှင့် ဖုန်းပြောခဲ့သော သူမ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပေသည်။
"ငါက ဆိုင်မှာ နေရာကြိုမှာထားပြီးသားမလို့ နှမြောတာနဲ့ပဲ တစ်ယောက်တည်း လာစားမလို့ လာခဲ့တာဟ… ဘာပဲဖြစ်ဖြစ် ထမင်းစားရမှာပဲလေ" ဟု ထိုအမျိုးသမီးက ရှင်းပြရင်း… သူမ၏ အကြည့်များကို ရွှီပင်းနင်းထံမှတစ်ဆင့် အခန်းထဲရှိ မူဟန့်ဆီသို့ ရွှေ့ပြောင်းလိုက်သည်။
ပြီးပြည့်စုံလွန်းလှသော အမျိုးသားတစ်ဦး၏ မျက်နှာအသွင်အပြင်က သူမ၏ မျက်ဝန်းအစုံထဲတွင် ထင်ဟပ်သွားခဲ့ရပြီး၊ သူမအား စက္ကန့်အနည်းငယ်မျှ အာရုံလွင့်မျောသွားစေခဲ့ရတော့သည်။
မူဟန်သည်လည်း မသိစိတ်၏ စေ့ဆော်မှုအရ ဤဆွဲဆောင်မှုရှိသော သူစိမ်းမလေးကို အကဲခတ်ကြည့်လိုက်မိရာ … ငါ ဒီမိန်းကလေးကို တကယ်ပဲ လက်ရဖမ်းဆွဲချင်လိုက်တာ … ဟူသော အတွေးမျိုး ချက်ချင်းပင် သူ၏ဦးနှောက်ထဲသို့ ဖျတ်ခနဲ ပေါ်ပေါက်လာခဲ့သည်။
ဤခံစားချက်က သူ့အတွက် အလွန်အမင်း ရင်းနှီးလွန်းလှသည်။ ၎င်းက သူ ရွှီပင်းနင်းနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်က ခံစားချက်နှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။
သူသည် စနစ်မျက်နှာပြင်ကို ချက်ချင်း ဖွင့်လှစ်ကာ စစ်ဆေးလိုက်သည်…
【 မင်းသမီး : ကျန်းရုန်ဖေး 】
【 ဆွဲဆောင်မှုအမှတ် : ၉၇ 】
【 တိုက်ခိုက်ရေးစွမ်းရည် : ၄၀ 】
【 မင်းသမီးရောင်ဝါ : ၁၈၅ 】
【 အရည်အချင်းများ : အဆင့်မြင့် စီးပွားရေးလုပ်ငန်း စွမ်းဆောင်ရည်၊ အဆင့်မြင့် ကော်ပိုရိတ် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်၊ ကကွက်ကျွမ်းကျင်မှု 】
【 စရိုက်လက္ခဏာများ : နူးညံ့သိမ်မွေ့သော စရိုက်ရှိသူ၊ မိန်းကလေးကောင်း (လျှို့ဝှက်ကံကြမ္မာ စရိုက်လက္ခဏာ ရှိနေဆဲဖြစ်ပြီး လက်ရှိတွင် နိုးထခြင်းမရှိသေးပါ၊ အသေးစိတ်ကို ကလစ်နှိပ်၍ ကြည့်ရှုပါ) 】
【 ကံကြမ္မာ : လင်ယောက်ျားအား ဘုန်းကံကြီးမားစေသူ 】
【 အိမ်ရှင်အပေါ် ထားရှိသော နှစ်သက်မှု : ၂၀ 】
【 လတ်တလော စိတ်ရှုပ်ထွေးမှုများ : လူကြီးမိဘများ စီစဉ်ပေးသော အိမ်ထောင်ရေးကို ပြင်းထန်စွာ ဆန့်ကျင်တွန်းလှန်နေပြီး၊ ထွက်ပြေးလိုသော်လည်း မတတ်နိုင်ဖြစ်နေခြင်း။ 】
【 လတ်တလော မျှော်လင့်ချက်ဆန္ဒ : ပြင်းထန်လှိုက်လှဲပြီး ဘယ်တော့မှ သေဆုံးမသွားမည့် စစ်မှန်သော အချစ်စစ်တစ်ခုကို ကြုံတွေ့ခံစားလိုခြင်း 】
မူဟန် ခန့်မှန်းခဲ့သည့်အတိုင်းပင် ဤအမျိုးသမီးသည် တကယ်ပဲ မင်းသမီး တစ်ဦး ဖြစ်နေခဲ့သည်။
သူမ၏ အရည်အချင်းပိုင်းကို ကြည့်လျှင် ရွှီပင်းနင်းနှင့် အတော်လေး ဆင်တူသော်လည်း ထူးခြားချက်အနေဖြင့် "ကကွက်ကျွမ်းကျင်မှု" ဆိုသည့် အရည်အချင်းတစ်ခု ပိုမို ပါဝင်နေခဲ့သည်။
လျှို့ဝှက်ကံကြမ္မာ စရိုက်လက္ခဏာ ဆိုတာက ဘာဖြစ်မလဲ...
မူဟန် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသဖြင့် ကလစ်နှိပ်၍ အသေးစိတ်ကို ဖတ်ရှုလိုက်သည်။
【 လူကြီးမိဘများ၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် ရေရှည် နေထိုင်ခဲ့ရသဖြင့်၊ ပြင်ပမှ မြင်တွေ့နေရသော မိန်းကလေးကောင်း ဆိုသည့် ပုံရိပ်၏ အောက်ခြေတွင် ပြင်းထန်ပူလောင်ကာ၊ ပုန်ကန်လိုစိတ်ရှိပြီး၊ ရိုင်းစိုင်းရဲရင့်လှသော နှလုံးသားတစ်ခု ပုန်းကွယ်နေခဲ့သည်။ ၎င်းကို အပြည့်အဝ နိုးထပေါက်ကွဲလာစေရန်အတွက် စနစ်တကျ လမ်းညွှန်ပြသပေးမည့်သူ လိုအပ်နေသည် 】
ထိုဖော်ပြချက်ကို ဖတ်ပြီးနောက် မူဟန်သည် ကျန်းရုန်ဖေးကို စိတ်ဝင်စားစွာဖြင့် အကဲခတ်ကြည့်ရန် အကြည့်အနည်းငယ် ပိုမို ပို့လွှတ်လိုက်မိသည်။
ကျန်းရုန်ဖေးတွင် ဥဒေါင်းဥသဏ္ဌာန် မျက်နှာဝိုင်းလေး ရှိပြီး နူးညံ့ပျော့ပျောင်းသော မျက်နှာအချိုးအစား ရှိသဖြင့် ကြည့်ရုံမျှနှင့်တင် အလွန်ပင် နူးညံ့သိမ်မွေ့ကာ ချိုသာလှသော အလှအပမျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်။
မူဟန် စဉ်းစားမိသည်မှာ…အကယ်၍ ကျန်းရုန်ဖေးတစ်ယောက် တကယ်ပဲ ပုန်ကန်ရဲရင့်ပြီး "ရိုင်းစိုင်းရဲတင်း " သွားခဲ့မည်ဆိုပါက သူမ၏ ပုံစံမှာ မည်မျှအထိ ဆွဲဆောင်မှုရှိသွားမည်နည်း ဟူ၍ ဖြစ်သည်။
ကျန်းရုန်ဖေးသည် မူဟန် ဘာတွေ တွေးနေသည်ကို မသိနိုင်သော်လည်း၊ သူ၏ အကြည့်များဖြင့် အကဲခတ်ခြင်းကို ခံရသောအခါ စိတ်ထဲတွင် အနည်းငယ် ရှက်ရွံ့သွားရပြီး၊ အကြည့်ကို ဘေးနားရှိ ရွှီပင်းနင်းထံသို့ လွှဲပြောင်းကာ စနောက်လိုက်သည် … "နင် ငါတို့ကို မိတ်ဆက်မပေးတော့ဘူးလားဟ"
"သူက... ငါတို့ကုမ္ပဏီရဲ့ စီးပွားဖက်တစ်ယောက်ပါ…သူ့နာမည်က မူဟန် တဲ့…ငါတို့ ဒီကို စီးပွားရေးအကြောင်း ဆွေးနွေးဖို့ လာခဲ့ကြတာ" ရွှီပင်းနင်းသည် အချစ်ဆုံးသူငယ်ချင်းဖြစ်သူထံမှ 'သူငယ်ချင်းထက် ရည်းစားကို ပိုဦးစားပေးသူ' ဟု အပြစ်တင်ခံရမည်ကို စိုးရိမ်သဖြင့် စီးပွားရေး အကြောင်းပြချက်တစ်ခုကို အလျင်အမြန်ပင် ရှာဖွေကာ ရှင်းပြလိုက်သည်။
ထို့နောက် မူဟန့်ဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည် … "သူကတော့ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ကျန်းရုန်ဖေး ပါ။ သူမက ကျားကျဲ နေ့စဉ်သုံး ဓာတုဗေဒပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌ ပါ။"
မူဟန့်၏ မျက်ဝန်းများ ဖျတ်ခနဲ လှုပ်ရှားသွားခဲ့သည်။
သူသည် ကျားကျဲ ကုမ္ပဏီအကြောင်းကို ကြားဖူးထားသည်…၎င်းက စျေးကွက်တန်ဖိုး ဘီလီယံ ဆယ်ဂဏန်းခန့် ရှိသော စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဝဘ်ဝတ္ထု တစ်ခုတည်းအတွင်း၌ ထပ်တူကျနေသော သို့မဟုတ် ဆင်တူလွန်းလှသော ဇာတ်ကောင်စရိုက် သတ်မှတ်ချက်များ ရှိနေလေ့မရှိချေ။
ရွှီပင်းနင်းနှင့် ကျန်းရုန်ဖေးတို့သည် မတူညီသော စရိုက်လက္ခဏာများ ရှိကြသော်လည်း သူတို့၏ လူမှုရေးအဆင့်အတန်းမှာ အတူတူပင် ဖြစ်သည်…နှစ်ဦးစလုံးက ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌများ ဖြစ်ကြသည်။ ကွာခြားချက်မှာ ကျန်းရုန်ဖေး၏ လုပ်ငန်းက မိသားစုအမွေဆက်ခံသော လုပ်ငန်းဖြစ်ပြီး၊ ရွှီပင်းနင်းကမူ မိမိကိုယ်ပိုင်အစွမ်းဖြင့် အစမှ စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ကျန်းရုန်ဖေး၏ လတ်တလော စိတ်ရှုပ်ထွေးမှုများတွင် ဖော်ပြထားသော အချက်အလက်များအရ…သူမတွင် စေ့စပ်ကြောင်းလမ်းမှုတစ်ခု ရှိနေပြီး ဖြစ်ရာ၊ ဤသည်က သူမသည် ရွှီပင်းနင်းနှင့် (ဟာရမ်အဖွဲ့)တစ်အိမ်ထောင်တည်း သို့မဟုတ် ဝတ္ထုတစ်ပုဒ်တည်းတွင် ပါဝင်သော မင်းသမီး လုံးဝ မဟုတ်နိုင်ကြောင်း သက်သေပြနေခဲ့သည်။ သူမနောက်ကွယ်တွင် အခြားသော ဇာတ်လိုက် တစ်ဦး သီးသန့် ရှိနေပေဦးမည်။