အခန်း (၁၁) - မိန်းကလေးက ယောက်ျားလေးကို လိုက်ရတာ ပါးလွှာတဲ့ ပိတ်ပါးစလေးကို ဖောက်ရသလိုပဲ
ရွှီရိုသည် သမီးဖြစ်သူ၏ မျက်နှာအမူအရာကို ကြည့်ကာ ဘာတွေဖြစ်ပျက်နေသည်ကို အကြမ်းဖျင်း ရိပ်မိသွားပြီး၊ သံပူတုန်း နာနာထု ဆိုသကဲ့သို့ သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ပိုမိုနီးစပ်သွားစေရန် အခွင့်အရေးကို လက်လွတ်မခံဘဲ ဆက်လက် တွန်းအားပေးရန် ပြင်လိုက်သည်။
"အမေ့ရဲ့ လူအကဲခတ်တဲ့ မျက်စိက တကယ်မှန်တယ် မဟုတ်လား… အမေ ပြောသားပဲ... မူဟန်က အဲလိုလူစားမျိုး မဟုတ်ပါဘူးလို့…ကြည့်စမ်း... သမီးတို့နှစ်ယောက်တည်း တစ်ညလုံး အတူတူရှိနေခဲ့တာတောင် သူ သမီးအပေါ် ဘာမသမာမှုမှ မလုပ်ခဲ့ဘူး မဟုတ်လား"
ရွှီပင်းနင်း နှုတ်ခမ်းလေးစူထားပြီး ဘာမှ ပြန်မပြောခဲ့ချေ။
သူမ သတိရှိနေစဉ်တုန်းကတော့ မူဟန်သည် သူမအပေါ် လက်ပါးစေ လုပ်ခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့သည်မှာ အမှန်ပင်။ သို့သော်လည်း သူမ အိပ်ပျော်သွားပြီးနောက် ဘာတွေဖြစ်ခဲ့သည်ကိုမူ သူမ မသိနိုင်ချေ။ သို့သော်ငြားလည်း မူဟန်သည် ထိုကဲ့သို့သော လူမျိုးမဟုတ်ကြောင်း သူမ ယုံကြည်မိနေဆဲ ဖြစ်သည်။
"ဒီဘက်ခေတ်မှာ သူ့လို လူကောင်းမျိုးက ရှားပါတယ် ရှောင်ချီရယ်…သမီးအနေနဲ့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ သူနဲ့ ချစ်သူသက်တမ်းကို အမြန်ဆုံး စတင်နိုင်အောင် လုပ်ရမယ် မဟုတ်ရင် တခြားသူတွေ ကြားထဲက ဖြတ်လုသွားလိမ့်မယ်" ဟု ရွှီရိုက ချော့မော့၍ ပြောလိုက်သည်။
"သမီး မလုပ်ချင်ပါဘူး… အဲလိုကိစ္စမျိုးက ယောက်ျားလေးဘက်က စပြီး ဖွင့်ပြောရတာ မဟုတ်ဘူးလား" ရွှီပင်းနင်းသည် မွေးရာပါ လူအများကြား နေရခက်တတ်သော စရိုက်ရှိသဖြင့် မိခင်ဖြစ်သူ၏ အကြံပြုချက်ကို ကြားသောအခါ ခေါင်းကို ပန်ကာလည်သကဲ့သို့ အပြင်းအထန် ခါယမ်းကာ ငြင်းဆန်လိုက်တော့သည်။
ရွှီရို သမီးဖြစ်သူကို ထပ်မံ ဖျောင်းဖျရန် ပြင်လိုက်စဉ်မှာပင် ရေချိုးခန်းတံခါး ပွင့်သွားသည့် အသံ ထွက်ပေါ်လာခဲ့သဖြင့် သမီးဖြစ်သူ ရွှီပင်းနင်းနှင့် စကားပြောနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ရတော့သည်။
မကြာမီ ဧည့်ခန်းဘက်သို့ လျှောက်လှမ်းလာသော ခြေသံအချို့ ထွက်ပေါ်လာခဲ့သည်။ ရွှီရိုနှင့် ရွှီပင်းနင်းတို့လည်း မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြရာ အပေါ်ပိုင်း ဗလာကျင်းဖြင့် ရေချိုး သဘက် တစ်ထည်ကို သုံးကာ ဆံပင်သုတ်နေသော မူဟန့်၏ ပုံရိပ်က သူတို့၏ အမြင်အာရုံထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တော့သည်။
မူဟန့်၏ ခန္ဓာကိုယ်အပေါ်ပိုင်း ရှိ ကြွက်သားအဖုအထစ်များမှာ အနုပညာရှင်တစ်ဦးက သေသေချာချာ ထုဆစ်ပုံဖော်ထားသည့်အလား ထင်ရှားလှပေသည်။
ကြွက်သားအကွေးအကောက် တိုင်းကလည်း အနေတော်ဖြစ်နေပြီး အလှအပဆိုင်ရာ ဆွဲဆောင်မှုရော စွမ်းအားအရှိန်အဝါကိုပါ တစ်ပြိုင်တည်း ပေးစွမ်းနေခဲ့သည်။
အထူးသဖြင့် ဝမ်းဗိုက်ရှိ ရှစ်တုံးထွက် ကြွက်သားများမှာ တစ်တုံးချင်းစီအလိုက် အကွက်ကျကျနှင့် လှပစွာ ဖောင်းကြွနေခဲ့သည်။
၎င်းတို့က အထူးပင် မျက်စိကျစရာ ကောင်းလှပြီး မြင်ရသူကို လက်ဖြင့် လှမ်းကိုင်ကြည့်ချင်စိတ် ပေါက်သွားစေရန် လှုံ့ဆော်နေသကဲ့သို့ ရှိနေသည်။
ရွှီရိုနှင့် ရွှီပင်းနင်းတို့၏ အကြည့်များသည် ထိုရှစ်တုံးထွက် ကြွက်သားများပေါ်တွင် စက္ကန့်အနည်းငယ်မျှ စွဲငြိသွားခဲ့ပြီးနောက်မှသာ ဤသည်က မယဉ်ကျေးရာ ရောက်သည်ဟု သတိဝင်ကာ အကြည့်များကို အလျင်အမြန် ပြန်လည် ရုပ်သိမ်းလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် မူဟန့်ထံသို့ စနစ်၏ အကြောင်းကြားစာ နှစ်ခု ရောက်ရှိလာခဲ့သည်။
မင်းသမီး ရွှီပင်းနင်း၏ နှစ်သက်မှုအမှတ် ၅ မှတ် ထပ်မံ တိုးမြင့်လာပြီး စုစုပေါင်း ၆၅ အမှတ် (ရင်ခုန်တုန်လှုပ်ခြင်း) အဆင့်သို့ ရောက်ရှိသွားသည်။
မိခင် ရွှီရို၏ နှစ်သက်မှုအမှတ် ၁၀ မှတ် ထပ်မံ တိုးမြင့်လာပြီး စုစုပေါင်း ၆၀ အမှတ် (ရင်ခုန်တုန်လှုပ်ခြင်း) အဆင့်သို့ ရောက်ရှိသွားသည်။
မူဟန် စိတ်ထဲမှနေ၍ တိတ်တဆိတ် ဝမ်းသာသွားခဲ့သော်လည်း အပြင်ပန်းတွင်မူ အင်္ကျီဗလာကျင်းဖြင့် ထွက်လာခဲ့ရခြင်းအပေါ် ရှင်းပြလိုက်သည် "ကျွန်တော့်အင်္ကျီက မတော်တဆ ရေစိုသွားလို့ပါ အန်တီရွှီ ဒီမှာ ဆံပင်အခြောက်ခံစက် ရှိလားခင်ဗျာ"
"ရှိတာပေါ့ကွယ်" ရွှီရို သတိပြန်ဝင်လာပြီး ပါးပြင်လေးနှစ်ဖက် အနည်းငယ် ပူနွေးသွားသော်လည်း သူမ၏ အမူအရာ ထိန်းချုပ်မှုက ကောင်းမွန်သဖြင့် မည်သည့် ထူးဆန်းသော အရိပ်အယောင်မျှ အပြင်သို့ ထွက်မလာခဲ့ချေ။
သူမ ဤသို့ပြောပြီးနောက် ဆံပင်အခြောက်ခံစက် သွားယူရန် သူမ၏ ခါးလေးကို ယိမ်းနွဲ့ကာ ထွက်ခွာသွားခဲ့သည်။
ရွှီပင်းနင်းကမူ အရှက်သည်းတတ်သူဖြစ်ရာ ပါးပြင်လေးနှစ်ဖက် ရဲရဲနီသွားပြီး အင်္ကျီဗလာကျင်းနှင့် ရှိနေသော မူဟန့်ကို မကြည့်မိစေရန် ခေါင်းကို အခြားတစ်ဖက်သို့ လွှဲထားလိုက်တော့သည်။
သို့သော်လည်း သူမ၏ ဦးနှောက်ထဲတွင်မူ မူဟန့်၏ ကြွက်သားအဖုအထစ်များနှင့် ခန္ဓာကိုယ် ပုံရိပ်က ဖျောက်ဖျက်ပစ်၍မရအောင် ထင်ဟပ် လွင့်မျောနေခဲ့ချေပြီ။
ရွှီရို ဆံပင်အခြောက်ခံစက် ယူဆောင်လာပြီး မူဟန့်ထံသို့ ကမ်းပေးလိုက်ရင်း သူ၏ ဝမ်းဗိုက်ကြွက်သားများကို မသိမသာ ထပ်မံ ကြည့်ရှုမိကာ ချီးမွမ်းလိုက်သည် "အန်တီ တကယ်ကို မထင်ထားမိဘူးကွယ် မောင်ရင့်ရဲ့ ခန္ဓာကိုယ် အချိုးအစားက ဒီလောက်အထိ ကောင်းလိမ့်မယ်လို့"
"ကျွန်တော် ပုံမှန် လေ့ကျင့်ခန်း လုပ်လေ့ရှိလို့ပါ အန်တီ အနေတော်ပါပဲ" မူဟန် ပြန်လည် ဖြေကြားရင်း တန်ပြန် ချီးမွမ်းစကား ဆိုလိုက်သည် — "အန်တီရွှီရဲ့ ခန္ဓာကိုယ် အချိုးအစားကလည်း အတော်လေး လှတာပဲဗျ အန်တီလည်း ပုံမှန် လေ့ကျင့်ခန်း လုပ်လေ့ရှိတယ် မဟုတ်လား"
"အန်တီကတော့ အားတဲ့အချိန်တွေမှာ ယောဂ ဆော့လေ့ရှိပါတယ်ကွယ်" ရွှီရိုက ပြုံးလျက် ပြောသည်။
"ဒါကြောင့်မို့လို့ကိုး" မူဟန် ပြုံးလိုက်ပြီး သူ၏ အင်္ကျီကို အခြောက်ခံရန် ဆံပင်အခြောက်ခံစက်ကို ယူကာ ထွက်ခွာသွားခဲ့သည်။
ဧည့်ခန်းထဲတွင် ရွှီရိုနှင့် ရွှီပင်းနင်းတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။
"ဒီလောက်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားမျိုး ရအောင် လေ့ကျင့်နိုင်တယ်ဆိုကတည်းက သူက တကယ်ကို ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိတဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ရမယ်။ အမေ ပြောသားပဲ... အမေ လူမမှားပါဘူးလို့၊ မူဟန်က တကယ့်ကို ထူးချွန်တဲ့ ကောင်လေးပါ" ရွှီရို မူဟန် ထွက်ခွာသွားရာ လမ်းကြောင်းကို မျက်လုံးများ တောက်ပလျက် စိုက်ကြည့်ရင်း သမီးဖြစ်သူ ရွှီပင်းနင်းအား ပြောလိုက်သည် …
"ရှောင်ချီ... သမီး သူ့ကို အရယူဖို့အတွက် တကယ်ပဲ မစဉ်းစားတော့ဘူးလား"
ရွှီပင်းနင်း၏ မျက်နှာပေါ်မှ နီမြန်းမှုများ အနည်းငယ် လျော့ပါးသွားသော်လည်း အနည်းငယ်တော့ ကျန်ရှိနေသေးသည် …..
"ယောက်ျားလေးတစ်ယောက်ကို လိုက်ရမှာ... ဒါ... ဒါက အရမ်း ရှက်ဖို့ကောင်းတာပေါ့ မေမေရဲ့"
"ရှေးလူကြီးတွေ ပြောရိုးစကား ရှိတယ်လေသမီးရဲ့... ယောက်ျားလေးက မိန်းကလေးကို လိုက်ရင် တောင်တစ်လုံးခြားတယ် မိန်းကလေးက ယောက်ျားလေးကို လိုက်ရင်တော့ ပါးလွှာတဲ့ ပိတ်ပါးစလေးပဲ ခြားတာတဲ့… သမီးမှာ ဒီလောက် ကောင်းမွန်တဲ့ အရည်အချင်းတွေ ရှိနေတာ ဘာကို ကြောက်နေတာလဲ"
ရွှီရို သမီးဖြစ်သူကို အားပေးစကား ဆိုရင်းနှင့် စိတ်ထဲရှိရာကို လွှတ်ခနဲ ဆက်ပြောမိသွားသည် "နှမြောစရာကောင်းတာက အမေက အသက်ကြီးသွားပြီ… အကယ်၍ အမေသာ အသက် နှစ်ဆယ်လောက် ပိုနုဦးမယ်ဆိုရင် သေချာပေါက် သူ့ကို အရယူပစ်မှာ"
ရွှီပင်းနင်း ကြောင်အမ်းသွားရပြီး… မိခင်ဖြစ်သူ ဘာပြောလိုက်သည်ကို သတိပြုမိသွားသောအခါ အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် ဆိုလိုက်သည် ….
"မေမေ... မေမေ့ကို ကြည့်ရတာ အသက် နှစ်ဆယ်အရွယ် မိန်းကလေး ပျိုပျိုလေးနဲ့ ဘာမှ ကွာခြားတာ မဟုတ်ဘူးလေ"
"အမေက စနောက်ပြီး ပြောလိုက်တာပါသမီးရယ်" ရွှီရို စကားမှားသွားမှန်း သတိရသွားပြီး အခြေအနေကို ထိန်းရန် အတင်း ပြုံးလျက် ရှင်းပြလိုက်ရသည်။
"သူက သမီးကို စကားတောင် သိပ်မပြောချင်တာ..." ရွှီပင်းနင်း၏ စိတ်ပိုင်းဖြတ်မှုမှာ အနည်းငယ် ယိမ်းယိုင်သွားသော်လည်း စိုးရိမ်ပူပန်မှုအချို့ ရှိနေဆဲ ဖြစ်သည်။
"အမေ သမီးရဲ့ အတွေးကို နားလည်ပါပြီ… သမီးက သူ သမီးအပေါ် စိတ်မဝင်စားမှာကို ကြောက်နေတာ… အဲဒါကြောင့် ကိုယ့်ဘက်က စပြီး လှုပ်ရှားလိုက်ရင် အငြင်းခံရမှာကို စိုးရိမ်နေတာ ဟုတ်တယ်မလား" ရွှီရို သမီးဖြစ်သူ၏ စိတ်အခြေအနေကို ခန့်မှန်းလိုက်သည်။
ရွှီပင်းနင်း နှုတ်ခမ်းကို ကိုက်ထားပြီး ဘာမှ ပြန်မဖြေခဲ့ချေ။
ရွှီရိုသည် မိမိသမီး၏ စရိုက်ကို ကောင်းစွာ သိထားသဖြင့် သူမ ငြင်းဆိုခြင်းမရှိလျှင် အလိုအလျောက် သဘောတူလိုက်ခြင်းဖြစ်မှန်း ရိပ်မိသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူမ ဆိုလိုက်သည် …
"ယောက်ျားလေးတစ်ယောက် သမီးကို သဘောကျ… မကျ သိရဖို့က အမှန်တော့ မခက်ပါဘူး… အကယ်၍ သမီး တကယ်ပဲ သူ့အပေါ် စိတ်ရှိတယ်ဆိုရင် အမေ ခွဲခြားရမယ့် နည်းလမ်းကို သင်ပေးမယ်…သမီး မသိချင်ဘူးဆိုရင်တော့ အမေ ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပေါ့"
ရွှီပင်းနင်း၏ မျက်ဝန်းများ ခဏတာ လှုပ်ရှားသွားပြီးနောက် ဆိုလိုက်သည် …
"မေမေ... သမီးကို ပြောပြပါဦး"
သူမသည် လူအများကြား နေရခက်တတ်သော်လည်း အကယ်၍ ရလဒ်ကို ကြိုတင်သိရှိနိုင်မည်ဆိုပါက ဘာဖြစ်လို့ အနည်းငယ် ပိုပြီး မရဲရင့် ရဲရမည်နည်း။
မည်သို့ပင်ဆိုစေ ထိုသို့ နေရခက်တတ်သော စရိုက်၏ အရင်းခံမှာ ရိုးရိုးရှင်းရှင်း ပြောရလျှင် လူမှုဆက်ဆံရေးတွင် အသိအမှတ်မပြုခံရခြင်း… ငြင်းပယ်ခံရခြင်း သို့မဟုတ် အရှက်ခွဲခံရခြင်းတို့ကို ကြောက်ရွံ့ခြင်းကြောင့်သာ ဖြစ်သည်။
သမီးဖြစ်သူ စိတ်ပြောင်းသွားသည်ကို မြင်ရသောအခါ ရွှီရို အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ အနားသို့ တိုးကာ စကားအချို့ကို တိုးတိုးလေး ကပ်၍ ပြောပြလိုက်တော့သည်။
ရွှီပင်းနင်း ၎င်းစကားများကို သေသေချာချာ နားထောင်ပြီးနောက် အလွန်ပင် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသဖြင့် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်မိတော့သည်။
ရေချိုးခန်းထဲတွင်မူ မူဟန်သည် ဆံပင်အခြောက်ခံစက်ဖြင့် အင်္ကျီကို အခြောက်ခံရင်း ရွှီရိုနှင့် ရွှီပင်းနင်းတို့၏ စကားပြောဆိုသံများကို "ခိုးနားထောင်" နေခဲ့သည်။ သူသည် ရွှီရို၏ အမြင်အာရုံနှင့် အကြားအာရုံကို မျှဝေခံစားနိုင်သော စွမ်းရည်ရှိသဖြင့် ရွှီရို တိုးတိုးလေး ပြောနေခဲ့လျှင်ပင် မူဟန် အကုန်အစင် ကြားနေရခြင်း ဖြစ်သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် မူဟန်၊ ရွှီရိုနှင့် ရွှီပင်းနင်းတို့သည် အိမ်ထဲမှ ထွက်ခွာလာခဲ့ကြပြီး အောက်ထပ်သို့ ရောက်ရှိလာခဲ့ကြသည်။ ရွှီရိုနှင့် ရွှီပင်းနင်းတို့က အလုပ်သွားကြရမည်ဖြစ်ရာ မူဟန်လည်း သဘာဝအတိုင်း ပြန်ရတော့မည် ဖြစ်သည်။
"အန်တီ့ရဲ့ ကားက ဟိုဘက်မှာ…အန်တီ အရင်သွားနှင့်တော့မယ်နော်" ရွှီရို လက်ပြနှုတ်ဆက်ကာ အရင်ဆုံး ထွက်ခွာသွားခဲ့သည်။
မူဟန်နှင့် ရွှီပင်းနင်းတို့သည် လူနေအိမ်ရာဝန်းအတွင်းရှိ လမ်းအတိုင်း သူတို့ ကားရပ်ထားရာ နေရာဆီသို့ အတူတူ လျှောက်လှမ်းလာခဲ့ကြသည်။ မကြာမီ သူတို့နှစ်ဦး လမ်းခွဲတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
"ကျွန်မကားက ဟိုဘက်မှာ ရပ်ထားတာ" ရွှီပင်းနင်း ခြေလှမ်းရပ်လိုက်ပြီး ဘယ်ဘက် လမ်းခွဲဆီသို့ ညွှန်ပြလိုက်သည်။
"ကျွန်တော့်ကားကတော့ ဟိုဘက်မှာ" မူဟန်က ညာဘက်လမ်းကြောင်းဆီသို့ ကြည့်ရင်း ပြန်လည် ဖြေကြားလိုက်သည်။
"ဒါဆိုရင်... တာ့တာနော်" ရွှီပင်းနင်း လက်လှမ်းပြလိုက်သည်။
မူဟန် ခေါင်းညိတ်ပြလိုက်သည်။
အမျိုးသားနှင့် အမျိုးသမီးတို့သည် ဆန့်ကျင်ဘက် လမ်းကြောင်းအသီးသီးဆီသို့ လျှောက်လှမ်းကာ ခွဲခွာသွားခဲ့ကြသည်။ ရွှီပင်းနင်း၏ ခြေလှမ်းများမှာ နှေးကွေးနေသော်လည်း သူမ၏ နှလုံးခုန်သံမှာမူ အနည်းငယ် မြန်ဆန်နေခဲ့ပြီး နောက်သို့ ခဏခဏ လှည့်ကြည့်မိနေခဲ့သည်။
သူမ၏ ဦးနှောက်ထဲတွင် မိခင်ဖြစ်သူ လျှို့ဝှက်သင်ကြားပေးခဲ့သော စကားများက ပဲ့တင်ထပ်နေခဲ့သည်…
'ယောက်ျားလေးတစ်ယောက် သမီးကို သဘောကျ…မကျ သိချင်ရင် လမ်းခွဲသွားတဲ့အချိန်မှာ သူ နောက်ကို ပြန်လှည့်ကြည့်…မကြည့်ဆိုတာကိုပဲ စောင့်ကြည့်လိုက်'
ရွှီပင်းနင်း ထိုအချက်ကို အတည်ပြုရန်အတွက် တိတ်တဆိတ် နောက်သို့ မကြာခဏ လှည့်ကြည့်နေမိသည်။
သို့သော်လည်း ရွှီပင်းနင်း အနည်းငယ် စိတ်ပျက်သွားရသည်မှာ မူဟန် ဆယ်လှမ်းကျော်ခန့် လျှောက်လှမ်းသွားခဲ့ပြီးသည်အထိ နောက်သို့ လှည့်ကြည့်မည့် အပြုအမူမျိုး လုံးဝ မရှိခဲ့ခြင်း ဖြစ်သည်။
ရွှီပင်းနင်း သက်ပြင်းအသာချလိုက်မိသော်လည်း နောက်ဆုံး လက်ကျန် မျှော်လင့်ချက်လေးတစ်ခုဖြင့် နောက်ဆုံးအကြိမ်အဖြစ် နောက်သို့ ထပ်မံ လှည့်ကြည့်လိုက်မိသည်။
သူမ၏ အမြင်အာရုံထဲတွင် ရှေ့သို့ လျှောက်လှမ်းနေသော ထိုပုံရိပ်သည် နောက်ထပ် ခြေလှမ်းအနည်းငယ် ဆက်သွားပြီးနောက် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး ဖြည်းညှင်းစွာ နောက်သို့ လှည့်ကြည့်လာခဲ့သည်။
မီတာ တစ်ဆယ်ကျော်ခန့် ကွာဝေးနေသော အမျိုးသားနှင့် အမျိုးသမီးတို့၏ အကြည့်ချင်း ဆုံစည်းသွားခဲ့ကြသည်။ ရွှီပင်းနင်း၏ မျက်နှာပေါ်မှ စိတ်ပျက်ရိပ်များ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး ၎င်းအစား ဝမ်းသာပီတိဖြစ်မှုအချို့ ဝင်ရောက်လာခဲ့သည်။ သူမ အနည်းငယ် ဝေခွဲမရဖြစ်နေပြီးနောက်မှ သတ္တိကို မွေးကာ လှမ်း၍ မေးလိုက်သည်
"ဟို... ညနေဘက်ကျရင် ရှင် အားလားဟင်။"
"အားပါတယ်" မူဟန် အလွန်အမင်း လျင်မြန်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။
၎င်းက ရိုးရှင်းသော စကားလုံးတစ်လုံးမျှသာ ဖြစ်သော်လည်း ရွှီပင်းနင်း၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူမ၏ စိုးရိမ်ပူပန်မှု အားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီး သူမကို ပိုမို ရဲရင့်လာစေခဲ့သည်။
"ကျွန်မ ရှင့်ကို ညစာ ဖိတ်ကျွေးချင်လို့ပါ" ရွှီပင်းနင်း နောက်ဆုံးတွင်တော့ သူမ၏ စိတ်ဆန္ဒအတိုင်း ရဲရဲဝံ့ဝံ့ကြီး စိန်ခေါ်လိုက်တော့သည်။
စနစ်အခြေအနေ နောက်ဆက်တွဲ ပြင်ဆင်ချက် တိုက်ရိုက်ဖော်ပြချက် (ဗီလိန်စနစ် တိုးတက်မှု) :
မင်းသမီး ရွှီပင်းနင်း၏ နှစ်သက်မှု တိုးမြင့်လာခြင်းကြောင့် ဇာတ်လိုက် ချင်ဖုန်း ၏ ဇာတ်လိုက်ရောင်ဝါ အမှတ်များ ဆက်လက် လျော့ကျနေပြီး၊ ပိုင်ရှင် မူဟန့်၏ ဗလိန်ရောင်ဝါ အမှတ်များမှာ ၅၇ အထိ တိုးတက် မြင့်မားလာခဲ့ပြီ ဖြစ်သည်။