အခန်း ၁ ပြန်အမ်းစနစ်
“ငါတို့ ကွာရှင်းကြရအောင်”
ရေဗက်ကာ၏ အသံက အေးစက်လွန်းနေသည်။
သူမဟာ ရှောင်၏ ငယ်စဉ်ကတည်းက ချစ်ခဲ့ရသူဖြစ်သလို လက်ရှိမှာလည်း သူ့ဇနီးဖြစ်သည်။ သူတို့နှစ်ဦးဟာပြီးခဲ့သည့်နှစ် ဇန်နဝါရီလကမှ လက်ထပ်ခဲ့ကြတာဖြစ်သည်။
ရုတ်တရက် ထွက်ပေါ်လာသည့် စကားကြောင့် ရှောင်တစ်ယောက် အံ့အားသင့်လွန်းသဖြင့် အိပ်ခန်းတံခါးဝမှာပင်ကြောင်တောင်တောင် ရပ်နေမိသည်။
သူ့ရှေ့တွင် ရေဗက်ကာက ကွာရှင်းစာချုပ်ကို လက်ထဲကိုင်ထားပြီး သူ့ဆီသို့ ကမ်းပေးနေသည်။ ထိုစာရွက်ဟာသူ့နှလုံးသားကို တိုက်ရိုက်ထိုးနှက်လိုက်သည့် လက်နက်တစ်ခုနှင့်ပင် တူနေသည်။
သူ့ဘက်က ဘာအမှားမှ လုပ်ခဲ့ခြင်းမရှိပေ။ အချစ်ဆုံးလူတစ်ယောက်က ဘာကြောင့် ရုတ်တရက် ကွာရှင်းဖို့တောင်းဆိုလာရတာလဲ။
“မင်း ဘာပြောချင်တာလဲ။ ငါတို့က ဘာလို့ ကွာရှင်းရမှာလဲ။ ငါ မင်းအပေါ် ဘယ်တုန်းကမှ မကောင်းခဲ့ဖူးလို့လား။မင်းလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်။ ငါမှတ်မိသလောက် အချိန်တိုင်း မင်းဘေးမှာပဲ ရှိနေခဲ့တာပါ…”
ရှောင်က အလျင်အမြန် ရှင်းပြဖို့ ကြိုးစားလိုက်ပေမဲ့ ရေဗက်ကာက သူ့စကားကို ဖြတ်ချလိုက်သည်။
“တော်တော့။ အဲဒီလိုတွေ ရှင်းပြနေလည်း ငါ့စိတ်ပြောင်းမှာ မဟုတ်ဘူး။ ရှောင် မင်းရဲ့ ပြဿနာက အဲဒါပဲ။ မင်းကအမြဲတမ်း သူတော်ကောင်းကြီး လုပ်နေတာ။ အဲဒါကြောင့်ပဲ ငါ စိတ်ကုန်နေတာ။ ငါ့အတွက် အရာရာအကောင်းဆုံးလုပ်ပေးနေတဲ့ လူတစ်ယောက်ကို မလိုချင်ဘူး။ မင်းက ပျင်းစရာကောင်းတယ်။ ကလေးဆန်တယ်။ငါ့ရဲ့ ငယ်ဘဝတစ်ခုလုံး မင်းနဲ့အတူ အချိန်ဖြုန်းခဲ့မိတာတကယ်နောင်တရတယ်။ အခု ဒီကွာရှင်းစာမှာလက်မှတ်ထိုးလိုက်တော့”
ရှောင်၏ ရင်ထဲမှာ တစ်စုံတစ်ခု ကျိုးကြေသွားသလိုခံစားလိုက်ရသည်။
ထိုစကားတွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေထက်ပင် ပိုမိုနာကျင်စေခဲ့သည်။
သူ မယုံနိုင်တော့ပေ။
ဒါဟာ သူ့နှလုံးသားတစ်ခုလုံး ပုံအပ်ပြီး ချစ်ခဲ့ရတဲ့ ရေဗက်ကာ အစစ်ပဲလား။
ပန်းစည်းလေးတွေ ယူလာပေးတိုင်း ပြုံးပျော်နေခဲ့တဲ့ ရေဗက်ကာ။
သူတို့ မင်္ဂလာဆောင်တဲ့နေ့မှာ ပျော်ရွှင်လွန်းလို့မျက်ရည်ကျခဲ့တဲ့ ရေဗက်ကာ။
အခုတော့ သူမဟာ အရင်ကနဲ့ လုံးဝမတူတော့ပေ။
“အခုချက်ချင်း လက်မှတ်ထိုးလိုက်”
ရေဗက်ကာက ကွာရှင်းစာချုပ်ကို သူ့မျက်နှာရှေ့အထိထိုးပေးလိုက်သည်။ ထို့နောက် သူ့လက်ထဲသို့ ဘောပင်တစ်ချောင်း အတင်းထည့်ပေးပြီး လက်မှတ်ထိုးရမည့်နေရာကိုပင် သူမကိုယ်တိုင် ညွှန်ပြနေသည်။
“ရေဗက်ကာ… ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို မထားခဲ့ပါနဲ့။”
ရှောင်၏ အသံက တုန်ယင်နေပြီး နောက်ဆုံးစကားလုံးကိုပြောသည့်အခါ အသံပင် ကွဲအက်သွားခဲ့သည်။
“ဒီသောက်စာရွက်မှာ လက်မှတ်ထိုးဖို့ပဲ ပြောနေတယ်လေ.. ရှောင်။ ငါ့အချိန်တွေကို ထပ်မဖြုန်းနဲ့တော့”
ရေဗက်ကာ၏ မျက်နှာပေါ်မှာ စိတ်မရှည်မှုတွေအထင်းသား ပေါ်လွင်နေသည်။
သူမ၏ မျက်ဝန်းတွေက အေးစက်နေပြီး ဘာခံစားချက်မှမရှိတော့သလိုပင်။ ခင်ပွန်းဖြစ်သူကို ကြည့်နေတာမဟုတ်ဘဲ သူစိမ်းတစ်ယောက်ကို ကြည့်နေသည့်အလား ဖြစ်နေသည်။
ထိုအကြည့်ကို မြင်လိုက်ရသည့်အခါ ရှောင်တစ်ယောက်သူမကို ဆက်ပြီး တောင်းပန်နေခြင်းဟာ အချည်းနှီးဖြစ်ကြောင်း နားလည်သွားခဲ့သည်။
သူမ ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်သည်။
ကွာရှင်းဖို့ သူမ ဆုံးဖြတ်ထားပြီးသား။
ရှောင်၏ လက်ချောင်းတွေ တုန်ယင်နေသော်လည်း ဘောပင်ကို ကောက်ကိုင်လိုက်သည်။
နောက်ဆုံးမှာတော့ မျက်ရည်တွေ ပါးပြင်ပေါ် တလိမ့်လိမ့်စီးကျနေစဉ် ကွာရှင်းစာချုပ်ပေါ်မှာ သူ့လက်မှတ်ကိုရေးထိုးလိုက်တော့သည်။
သို့သော် နောက်တစ်ခဏမှာ ရေဗက်ကာ လုပ်လိုက်သည့်အရာက သူ့ကို အဆုံးစွန်ထိ ရိုက်ချိုးလိုက်သလို ဖြစ်သွားခဲ့သည်။
“ကျေးဇူးပဲ။ ဒါလေးလည်း ယူထားလိုက်ဦး။ နောက်လမှာ ငါနဲ့ အန်တိုနီ မင်္ဂလာဆောင်တော့မှာ။ မင်းကိုလည်းဖိတ်ထားပါတယ်။”
ရေဗက်ကာက ပြုံးပြုံးရွှင်ရွှင် ပြောရင်း သူမ၏လက်ကိုင်အိတ်ထဲမှ စာအိတ်ဖြူလေးတစ်အိတ်ကိုထုတ်ပေးလိုက်သည်။
“ဘာ… ဘာပြောလိုက်တာ”
ရှောင်၏ မျက်လုံးတွေ ပြူးကျယ်သွားပြီး အံ့အားသင့်စွာအော်ဟစ်မိသည်။
သူ အဲဒီလောက် ထိတ်လန့်သွားရသည့် အကြောင်းရင်းကအန်တိုနီဆိုသူဟာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်နေလို့ပင်။
သူတို့နှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝကတည်းက သိကျွမ်းခဲ့ကြသည်။ အတူတူဘတ်စကတ်ဘော ကစားခဲ့ကြသလို လျှို့ဝှက်ချက်တွေကိုလည်း အပြန်အလှန် ဖလှယ်ခဲ့ကြသည်။ တစ်ယောက်ကိုတစ်ယောက် အပြည့်အဝ ယုံကြည်ခဲ့ကြသူတွေဖြစ်သည်။
ဒါပေမဲ့ အခုတော့…
သူ အယုံကြည်ရဆုံး သူငယ်ချင်းက သူ့နောက်ကွယ်မှာသူ့ဇနီးနဲ့ ဖောက်ပြန်နေခဲ့တာလား။
ရှောင်က အမှန်တရားကို လက်မခံချင်သေးပေ။
သို့သော် ရေဗက်ကာ ကမ်းပေးလာသည့် မင်္ဂလာဖိတ်စာကို လက်ခံပြီး ဖွင့်ကြည့်လိုက်သည့်အခါ သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်လေးပါ ပျက်စီးသွားခဲ့ရသည်။
ဖိတ်စာပေါ်မှာ ရွှေရောင်စာလုံးတွေနဲ့ ရေးထားသည့်နာမည်နှစ်ခု။
ရေဗက်ကာ။
အန်တိုနီ။
ထိုရွှေရောင်စာလုံးတွေကပင် သူ့ကို လှောင်ပြောင်နေသလို ခံစားလိုက်ရသည်။
ရှောင်၏ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ပြီ။
သို့သော် အဆိုးဆုံးက အဲဒီမှာတင် မပြီးသေးပေ။
“အိုး… ငါ မေ့နေလို့။ မင်းရဲ့ ပစ္စည်းတွေကိုလည်း ဒီအိမ်ကနေ အကုန်ရွှေ့ပေးရမယ်နော်။ ဒီအိမ်က မင်းပိုင်တာမဟုတ်တော့ဘူး။ မင်းဖောက်ပြန်ခဲ့တဲ့အတွက်ပဲ။”
ရေဗက်ကာက ရာသီဥတုအကြောင်း ပြောနေသလိုအေးအေးဆေးဆေး ပြောရင်း လက်သည်းတွေကိုပင်စစ်ဆေးနေသည်။
“ဘာ… ဖောက်ပြန်တယ် ဟုတ်လား။ မင်း ဘာတွေပြောနေတာလဲ”
ရှောင်က နားမလည်နိုင်စွာ အော်မေးလိုက်သည်။
သူ့စိတ်ထဲမှာ မေးခွန်းပေါင်းများစွာ တစ်ပြိုင်နက် ပေါ်လာခဲ့သည်။
ဖောက်ပြန်တယ်တဲ့လား။
သူ့ဘဝမှာ တခြားမိန်းကလေးတစ်ယောက်ကိုတောင်စိတ်ဝင်စားခဲ့ဖူးတာ မရှိပေ။
“AI နည်းပညာလေးနဲ့ ပုံတွေ.. ဗီဒီယိုတွေ နည်းနည်းပြင်လိုက်ရုံပဲလေ။ မင်း မိန်းမအမျိုးမျိုးနဲ့ ဟော်တယ်တွေကိုသွားနေတဲ့ပုံတွေ.. ဗီဒီယိုတွေလည်း ငါ့မှာ အပြည့်ရှိတယ်။ အခုခေတ် AI နည်းပညာက တကယ်တိုးတက်လာတာနော်။ ဟားဟား… ကုမ္ပဏီကလူတွေလည်း အားလုံးသက်သေထွက်ပေးကြမှာ။ ဒါကြောင့် မင်္ဂလာဆောင်တုန်းက တရားရုံးမှာ ငါတို့ သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်အရ မင်းပိုင်ဆိုင်သမျှ အကုန်ဆုံးရှုံးရတော့မှာပဲ။”
ရေဗက်ကာက ပြုံးရင်း ဆက်ပြောသည်။
“ဒါ့အပြင် မင်း ကုမ္ပဏီကိုလည်း ပြန်လာလို့ မရတော့ဘူး။ မင်းဖောက်ပြန်တဲ့ သတင်းက တစ်ကုမ္ပဏီလုံး ပျံ့နှံ့သွားပြီ။ မင်းကို အလုပ်ကနေ ထုတ်ပယ်လိုက်ပြီ။တရားရုံးမှာ လက်မှတ်ထိုးထားတဲ့ ဖောက်ပြန်မှုဆိုင်ရာစည်းကမ်းချက်အရ မင်းရဲ့ ရှယ်ယာတွေလည်း ဆုံးရှုံးသွားပြီ။ အခုဆိုရင် ငါ့ရဲ့ ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်း..မင်းရဲ့ ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းနဲ့ အန်တိုနီရဲ့ ရှယ်ယာသုံးဆယ်ရာခိုင်နှုန်း ပေါင်းလိုက်တော့ ငါတို့က ကုမ္ပဏီပိုင်ရှင်တွေ ဖြစ်သွားပြီလေ။ မင်းကို ကြိုပြောထားသင့်တယ်ထင်လို့ပါ။”
ထိုသို့ပြောပြီး ရေဗက်ကာက ရက်စက်စွာ ရယ်မောလိုက်သည်။
ဟား… ဟား… ဟား…
ထိုရယ်သံက ရှောင်၏ နားထဲသို့ ဓားတစ်ချောင်းလို စူးဝင်သွားခဲ့သည်။
တစ်ခဏအတွင်း အရာအားလုံးကို ဆုံးရှုံးလိုက်ရခြင်းကသူ့ကို လုံးဝချေမွသွားစေခဲ့သည်။
သူ ယုံကြည်ခဲ့သည့် လူတွေရဲ့ သစ္စာဖောက်မှုဟာ သူ့ရင်ထဲမှာ တစ်စုံတစ်ခုကို အပြီးတိုင် ချိုးဖျက်လိုက်သလိုပင်။
အန်တိုနီနဲ့အတူ ပင်ပန်းဆင်းရဲခံပြီး တည်ဆောက်ခဲ့ရသည့် ကုမ္ပဏီဟာ ယခုအခါ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိသည့် လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
သို့သော် သူ့ဘဝတစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးကို တစ်ခဏတည်းနဲ့ ဆုံးရှုံးလိုက်ရပြီ။
ရှောင်ဟာ ဘာစကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲခြေထောက်တွေကို အားယူပြီး အိမ်ခန်းထဲကနေဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားနေသလိုပင်။သူ့နားထဲမှာ ကြားနေရတာကတော့ ရေဗက်ကာရဲ့ရယ်မောသံနဲ့ သူ့ကို နာမည်အမျိုးမျိုးခေါ်ပြီးလှောင်ပြောင်နေသည့် အသံတွေသာ ဖြစ်သည်။
ဒုန်း
အိမ်တံခါး ပိတ်သွားခဲ့သည်။
ထိုတံခါးပိတ်သံ၏ ပဲ့တင်သံက စင်္ကြံတစ်လျှောက် သူ့နောက်ကို လိုက်ပါလာခဲ့သည်။
ရှောင်မှာ သွားရမည့်နေရာတစ်ခု ရှိနေသည်။
သူ ရထားသံလမ်းပေါ် ခုန်ချပြီး ကိုယ့်အသက်ကိုယ်အဆုံးစီရင်ဖို့ ဆုံးဖြတ်ထားခဲ့သည်။
အခုဆို သူ့မှာ ဘာမှ မကျန်တော့ပေ။ အရာအားလုံးကိုတစ်ခဏအတွင်း ဆုံးရှုံးလိုက်ရသည်။ ဒီလောက်နာကျင်မှုကြီးကို ဆက်လက်ခံစားပြီး အသက်ရှင်နေရဖို့ သူမတတ်နိုင်တော့ဘူးဟု ထင်နေမိသည်။
သူလိုချင်တာ တစ်ခုပဲ ရှိတော့သည်။
အရာအားလုံးကို အဆုံးသတ်ပစ်ဖို့။
တကယ်တော့ ရှောင်ဟာ ရေဗက်ကာကို အလွန်အမင်းချစ်မြတ်နိုးခဲ့သူဖြစ်သည်။ သူမအပေါ်ထားရှိသည့်အချစ်ကြောင့် မျက်စိကန်းနေခဲ့ပြီး သူမကို ချစ်ကြောင်းသက်သေပြဖို့ဆိုသည့် အကြောင်းပြချက်နဲ့ ဘာစာချုပ်ပဲဖြစ်ဖြစ် လက်မှတ်ထိုးပေးခဲ့မိသည်။
အခုမှ သူ နားလည်သွားခဲ့ပြီ။
သူဟာ အချစ်ကြောင့် ဦးနှောက်ပျောက်နေသည့် အရူးတစ်ယောက်သာ ဖြစ်ခဲ့သည်။
သုံးနှစ်တာအတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားကြည့်လိုက်သည့်အခါ သူ သင်ခန်းစာတစ်ခု ရရှိခဲ့သည်။
သူများအပေါ် အလွန်အကျွံ အနစ်နာခံပေးနေသူဟာနောက်ဆုံးမှာ ဘာတစ်ခုမှ မကျန်တတ်ဘူး။
သူဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ကြောင့် မျက်စိကန်းနေသူတစ်ယောက်ဖြစ်ကြောင်း လက်ခံလိုက်ပြီ။
ထိုအချိန်မှာပင် သူ့စိတ်ထဲ၌ တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။
နောက်ဘဝတစ်ခု ရှိခဲ့မယ်ဆိုရင်တော့ ဘယ်သူ့ကိုမှအလကား ကူညီပေးတော့မှာ မဟုတ်ဘူး။ ထိုက်တန်တဲ့အကျိုးအမြတ်တစ်ခုခု မရနိုင်သရွေ့ ဘယ်သူ့အတွက်မှအနစ်နာခံပေးတော့မှာ မဟုတ်ဘူး။
တကယ်လို့ နောက်ဘဝသာ ရှိခဲ့မယ်ဆိုရင်ပေါ့။
ရထားဘူတာရုံဆီသို့ ဦးတည်လျှောက်လာရင်း လမ်းဘေးအုတ်နံရံတစ်ခုကို မှီထိုင်နေသည့် အဘွားအိုတစ်ယောက်ကို ရှောင် တွေ့လိုက်ရသည်။
အဘွားအို၏ အဝတ်အစားတွေဟာ ဟောင်းနွမ်းစုတ်ပြတ်နေပြီး နေရာအနှံ့မှာလည်း အပေါက်တွေ ဖြစ်နေသည်။ ညနေခင်းအရိပ်အောက်မှာ ထိုင်နေသဖြင့် လူတွေ သတိမထားမိလောက်အောင်ပင် ဖြစ်နေသည်။
“သားလေး… အဘွားကို ပိုက်ဆံနည်းနည်းလောက် ကူညီပေးလို့ရမလား။ အဘွားရဲ့ မြေးလေးတွေ စားစရာမရှိလို့ပါ။ သူတို့ ဗိုက်ဆာနေကြပြီ။ ကျေးဇူးပြုပြီး ကူညီပေးပါနော်…”
အဘွားအို၏ အသံက အားနည်းဖျော့တော့နေသော်လည်း ကြင်နာမှုအပြည့် ပါဝင်နေသည်။
ရှောင်က အဘွားအိုကို ခဏကြည့်လိုက်ပြီးနောက် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။
ထို့နောက် အထဲမှ ဒေါ်လာတစ်ထောင်ကို ထုတ်ကာအဘွားအို၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
သူ ဒီလောက်များတဲ့ ပိုက်ဆံကို ပေးလိုက်ရသည့်အကြောင်းရင်းက ရိုးရှင်းသည်။
သူ့အတွက် ဒီပိုက်ဆံတွေဟာ အသုံးမဝင်တော့ပေ။ မကြာခင်မှာ သူ့ဘဝကို အဆုံးသတ်တော့မှာ မဟုတ်လား။
ပိုက်ဆံပေးပြီးနောက် ရှောင်က နောက်ပြန်လှည့်မကြည့်တော့ဘဲ ရထားဘူတာရုံဘက်သို့ ဆက်လျှောက်သွားခဲ့သည်။
အဝေးမှာ ဘူတာရုံ၏ မီးရောင်တွေက လင်းလက်နေသည်။
“ကျေးဇူးတင်ပါတယ် သားလေးရယ်။ ဒီဘဝမှာ သားလေး ကောင်းကျိုးမင်္ဂလာတွေနဲ့ ပြည့်စုံပါစေလို့ အဘွားဆုတောင်းပေးပါတယ်။ ပြီးတော့ ယုံကြည်ရတဲ့လူတွေရဲ့သစ္စာဖောက်မှုကြောင့် ကိုယ့်အသက်ကိုယ် အဆုံးမသတ်ပါနဲ့။ သားလေးက အစကနေ ပြန်ကြိုးစားရင်လည်းအောင်မြင်မှုတွေ ပြန်ရနိုင်ပါသေးတယ်။”
အဘွားအို၏ စကားသံက ရှောင်၏ နားထဲသို့ ရုတ်တရက်ဝင်ရောက်လာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှောင် ခြေလှမ်းတွေရပ်တန့်သွားခဲ့သည်။
သူ ဘယ်လိုသိနေတာလဲ။
သူ့စိတ်ထဲမှာ မေးခွန်းတွေ အလျင်အမြန် ပေါ်လာခဲ့သည်။
သူ့ရဲ့ ရည်ရွယ်ချက်ကို အဘွားအိုက ဘယ်လိုလုပ် သိနေရတာလဲ။
ရှောင်က အလျင်အမြန် နောက်ပြန်လှည့်ပြီး အဘွားအိုရှိရာသို့ ပြန်ကြည့်လိုက်သည်။
သို့သော်…
အဘွားအို မရှိတော့ပေ။
အုတ်နံရံဘေးမှာ ဘယ်သူမှ မရှိတော့ဘဲ အရင်အတိုင်းဗလာကျင်းနေသည်။
အဘွားအိုဆိုတာ တကယ်ပဲ ရှိခဲ့တာလားဟုပင် သံသယဝင်စရာ ဖြစ်နေခဲ့သည်။
ထိုအချိန်မှာပင်
“တင်း”
သူ့နားထဲတွင် ထူးဆန်းသည့် အသံတစ်ခု မြည်လာခဲ့သည်။
သူ့မျက်စိရှေ့မှာ အပြာရောင်မျက်နှာပြင်တစ်ခုရုတ်တရက် ပေါ်လာသည်။ လေထဲမှာ အလိုအလျောက်လွင့်မျောနေသည့် ထိုမျက်နှာပြင်ဟာ ဗီဒီယိုဂိမ်းတစ်ခုထဲက မြင်ကွင်းတစ်ခုနှင့် တူနေသည်။
တင်း
အမြင့်မြတ်ဆုံး ပြန်အမ်းစနစ် စတင်အသက်ဝင်ပါပြီ။စနစ်ဖွင့်လှစ်နေသည်… ၁၀%… ၄၀%… ၇၀%… ၁၀၀%။
အမြင့်မြတ်ဆုံး ပြန်အမ်းစနစ် အောင်မြင်စွာ အသက်ဝင်သွားပါပြီ။
ဤစနစ်၏ အဓိကလုပ်ဆောင်ချက်မှာ နှစ်ဆပြန်အမ်းပေးခြင်း ဖြစ်သည်။