အခန်း ၇၈ - ငါ့ကို စွပ်စွဲရဲတယ်ပေါ့လေ?
"ဒီတစ်ခါကော ဘာပြဿနာတွေ ရှာလာပြန်ပြီလဲ"
ပိုင်ရွှယ်ချင်းက မေးလိုက်သည်။
သူမ တစ်ယောက်တည်း ရှိနေသည်မဟုတ်ဘဲ ချူဇီရန်ပါ ပြစ်ဒဏ်စီရင်ရေးခန်းမထဲတွင် ရှိနေသည်။
(ရှန်လျန်က ငါ့ကို ငါ့အစ်မရှေ့မှာ အရှက်ခွဲချင်နေတာပေါ့။ ငါ သူ့ကို လုပ်ခဲ့သလိုမျိုးပဲ။ နောက်ပြီး ချူဇီရန်ကော? သူကတော့ ငါ့ရဲ့စေ့စပ်ပွဲကို ဖျက်ဆီးဖို့ ကြိုးစားနေတာ သိသာနေတာပဲ။)
ပိုင်ဇီဟန်က ရှန်လျန်ကို သနားသလိုလိုဖြင့် ခေါင်းခါလိုက်သည်။
ရှန်လျန်က သူနှစ်သက်နေရတဲ့ မိန်းကလေး ဖြစ်သူ ငါ့အစ်မရှေ့မှာ နောက်တစ်ကြိမ် အရှက်ကွဲဖို့ ပြင်ဆင်ထားပုံရသည်။ ထို့အပြင် သူက လူအုပ်ကြီးကိုပါ သက်သေအဖြစ် ခေါ်လာခဲ့သေးသည်။
"ပြဿနာ ဟုတ်လား? အစ်မ... ကျွန်တော်က နောက်တစ်ကြိမ် မဟုတ်မတရား စွပ်စွဲခံနေရတာကို မမြင်ဘူးလား။ ဒီအကွက်ကို ဆင်တဲ့သူကလည်း အရင်လူပဲဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲတယ်"ပိုင်ဇီဟန်က ရှန်လျန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ပိုင်-ပိုင်ဇီဟန်! လျှောက်မပြောနဲ့! ငါက ဘာလို့ မင်းကို အဲဒီလို လုပ်ရမှာလဲ"
ရှန်လျန်က ပြန်ပက်လိုက်သည်။
"ရှူး! မင်း ဘာလုပ်ခဲ့လဲဆိုတာ မင်းအသိဆုံးပါ။ မင်း ဘယ်တော့မှ ဝန်ခံမှာ မဟုတ်တာလည်း ငါသိတယ်"
ပိုင်ဇီဟန်က ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
" ဟွန်း! မင်းလို အရှက်မရှိတဲ့လူမျိုးကို ငါ စကားပြောပြီး အချိန်မဖြုန်းချင်ဘူး"
ထိုသို့ပြောပြီး ရှန်လျန်က လှည့်ထွက်သွားသည်။
(လူအ! မင်းက အကွက်ဆင်ဖို့ ဉာဏ်မမီရင် မကြိုးစားသင့်ဘူး။ မင်းက လူအ တစ်ယောက်ဆိုတာ ဘယ်သူမှ မပြောပြထားတာ ဝမ်းနည်းစရာပဲ။)
"မင်းလည်း ဒီမှာ ရှိနေတာလား"
ပိုင်ဇီဟန်က ချူဇီရန်ကို ရည်ရွယ်၍ ပြောလိုက်သည်။
"အင်းလေ... ငါ့ရဲ့ စေ့စပ်ထားတဲ့သူက တခြားမိန်းကလေးတွေရဲ့ အတွင်းခံတွေကို ခိုးနေတယ်လို့ ကြားလို့လေ။ အဲဒါကြောင့် ငါလည်း ဒီမှာ ရှိနေသင့်တယ် မဟုတ်ဘူးလား"
ချူဇီရန်က စိတ်ဆိုးနေပုံမရဘဲ သဘောကျနေဟန်ဖြင့် ပြောလိုက်သည်။
ပိုင်ဇီဟန်အနေဖြင့် သူမထံမှ ထိုထက်ပိုသော တုံ့ပြန်မှုကို မမျှော်လင့်ထားပေ။
အမှန်စင်စစ် သူ တခြားမိန်းကလေးတွေနှင့် ပတ်သက်နိုင်ကြောင်း သူမကပင် ပြောခဲ့ဖူးသည် မဟုတ်ပါလား။ သူတို့၏ စေ့စပ်ထားမှုမှာ အကျိုးစီးပွားအတွက်သာ ဖြစ်သည်။
ထို့ကြောင့် သူ အတွင်းခံခိုးသည်ဟု တစ်စုံတစ်ယောက်က စွပ်စွဲရုံမျှဖြင့် သူမက ရုတ်တရက် အရေးတယူ လုပ်လာလိမ့်မည်မဟုတ်သည်မှာ သေချာသည်။
"ဒါဆို မင်းက ဒီအတိုင်း ပွဲကြည့်ဖို့ ရောက်နေတာပေါ့"
ပိုင်ဇီဟန်က မေးလိုက်သည်။
"အို... ဘယ်လိုတွေ ပြောလိုက်တာလဲ။ ငါက ငါ့ရဲ့ ချစ်လှစွာသော စေ့စပ်ထားသူကို ထောက်ခံပေးဖို့နဲ့ သူ အပြစ်မရှိကြောင်း သက်သေပြဖို့ ရောက်နေတာပါ"
ချူဇီရန်က သူမ၏ရင်ဘတ်ကို လက်ဖြင့်ဖိကာ လင်ဖြစ်သူအတွက် အသေခံမည့် ဇနီးသည်တစ်ဦးကဲ့သို့ ဟန်ဆောင်လိုက်သည်။
"ဒါဆိုလည်း လုပ်လေ"
ပိုင်ဇီဟန်က ပြောလိုက်သည်။
"အဟမ်း! ဒါကတော့ ဂိုဏ်းရဲ့ စည်းကမ်းအတိုင်း သွားရမှာပေါ့။ သူတို့ ဘာသက်သေတွေ ယူလာမလဲဆိုတာ ကြည့်ရအောင်"
ချူဇီရန်က ပုခုံးတွန့်ရင်း ပြန်ဖြေသည်။
ချူဇီရန်က သူ့ကို တကယ် အပြစ်မရှိဘူးဟု ယုံကြည်နေသလား သို့မဟုတ် သူ့အစ်မကဲ့သို့ပင် သူ ပြဿနာရှာနေသည်ဟု ထင်နေသလားဆိုသည်ကို ပိုင်ဇီဟန် ခွဲခြားမရပေ။
သို့သော် ၎င်းက အရေးမကြီးလှပါ။ သူ စိတ်ဝင်စားသည်မှာ သူမက သူ့ကို အပြစ်ရှိသည်ဟု ထင်နေလောက်သည်ဟူသော အချက်ပင်။
ပြစ်ဒဏ်စီရင်ရေးခန်းမ၏ အမြင့်ဆုံးနေရာတွင် ထိုင်နေသော အကြီးအကဲရှန်က နောက်ဆုံးတွင် လက်ကို မြှောက်လိုက်သည်။
"တိတ်စမ်း!"
သူ့အသံက မကျယ်သော်လည်း ငြင်းဆန်၍မရသော အရှိန်အဝါ အပြည့်ပါဝင်နေသည်။
စကားသံများ ရုတ်တရက် ရပ်တန့်သွားပြီး တပည့်များအားလုံး အသက်ရှူပင် မဝကြတော့ပေ။
အကြီးအကဲရှန်၏ အေးစက်တည်ငြိမ်သော မျက်လုံးများက ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် ပိုင်ဇီဟန်ပေါ်တွင် ရပ်တန့်သွားသည်။
"ငါတို့ ဒီကို ရောက်နေတာ ကလေးတွေလို ရန်ဖြစ်ဖို့ မဟုတ်ဘူး" ဟု သူက ပြတ်သားစွာ ပြောလိုက်သည်။
"ဒါက ပြစ်ဒဏ်စီရင်ရေးခန်းမပဲ။ ကောင်ကင်ဓားဂိုဏ်းရဲ့ စည်းကမ်းတွေက အကြွင်းမဲ့ပဲ။ ဘယ်သူမဆို စည်းကမ်းကို လိုက်နာရမယ်။ ဂုဏ်ဒြပ်က အရေးမကြီးဘူး"
သူက စကားကို ခေတ္တရပ်ကာ ပိုင်ဇီဟန်ကို ဖမ်းခေါ်လာသည့် အကြီးအကဲ ရှန်းဘက်သို့ လှည့်လိုက်သည်။
"အကြီးအကဲရှန်... စွဲချက်တွေကို တင်ပြပါ"
အကြီးအကဲရှန်က ရှေ့သို့ လှမ်းလာခဲ့သည်။
"လေးစားအပ်ပါသော ခန်းမအရှင်!"
သူက ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် ခန်းမအတွင်းရှိ လူအားလုံးကို လှည့်၍ ပြောလိုက်သည်။
"တပည့် ပိုင်ဇီဟန်ကို ဂိုဏ်းစည်းကမ်း အမှတ် ၂၇ ဖြစ်တဲ့ 'သတ်မှတ်ထားတဲ့ နယ်မြေကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ခြင်း' နဲ့ စည်းကမ်းအမှတ် ၃၄ ဖြစ်တဲ့ 'ပိုင်ဆိုင်မှု ခိုးယူခြင်း အပါအဝင် ဂိုဏ်းသားတစ်ယောက်နဲ့ မလျော်ကန်တဲ့ အပြုအမူများ ပြုလုပ်ခြင်း' တို့နဲ့ စွဲချက်တင်ပါတယ်"
သူက ဆက်လက်၍ -
"ပိုင်ဇီဟန်ကို အမျိုးသမီး ရေချိုးဆောင်အနီးမှာ တွေ့ခဲ့ရတယ်ဆိုတဲ့ မျက်မြင်သက်သေ အများအပြား ရှိပါတယ်။ ဒါ့အပြင် အတွင်းစည်းတပည့် မေရုလန်ကလည်း သူမရဲ့ အဝတ်အစားတွေ အခိုးခံရတယ်လို့ ထွက်ဆိုထားပြီး ပိုင်ဇီဟန် ထွက်ပြေးသွားတာကို မြင်လိုက်ရတယ်လို့ ပြောပါတယ်"
ချူဇီရန်က မျက်ခုံးပင့်လိုက်ပြီး ပိုင်ရွှယ်ချင်း၏ မျက်နှာက ပျက်သွားသည်။ ရှန်လျန်ကတော့ ကျေနပ်နေသော အပြုံးကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားသည်။
လူအုပ်ထဲတွင် တီးတိုးစကားသံများ ပြန်လည် ထွက်ပေါ်လာသော်လည်း အကြီးအကဲရှန်က လက်မြှောက်လိုက်သည်နှင့် ပြန်လည် တိတ်ဆိတ်သွားသည်။
"စွပ်စွဲသူက..." အကြီးအကဲရှန်က မျက်မှောင်ကြုတ်လိုက်သည်။ "သူမ ဒီမှာ ရှိနေလား"
"ရှိပါတယ်" ဟု အကြီးအကဲရှန်းက ဖြေကြားသည်။ "သူမကို ခေါ်ယူခွင့်ပြုဖို့ တောင်းဆိုပါတယ်"
အကြီးအကဲရှန်က ခေါင်းညိတ်ပြလိုက်သည်။
"မေရုလန်ကို ခေါ်လာခဲ့"
ဘေးတံခါးများ ပွင့်သွားပြီး အတွင်းစည်းတပည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး ဝင်လာသည်။ သူမ၏ မျက်နှာတွင် အရှက်ရခြင်းနှင့် နာကျည်းခြင်းများ ရောထွေးနေသည်။
သူမ၏ မျက်လုံးများမှာ ငိုထားသဖြင့် နီရဲနေပြီး အကြီးအကဲများရှေ့တွင် ဦးညွှတ်လိုက်စဉ် လက်များက တုန်ရင်နေသည်။
သူမကို ကြည့်ရသည်မှာ သနားစရာကောင်းပြီး အနိုင်ကျင့်ခံထားရသည့် လူတစ်ယောက်နှင့် အပြည့်အဝ တူနေသည်။
"ကျွန်မ... ကျွန်မ အစကတော့ ထုတ်မပြောချင်ပါဘူး" ဟု မေရုလန်က တုန်ရီသောအသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ဒါက အရမ်း အရှက်ရစရာ ကောင်းလွန်းလို့ပါ။ ပိုင်ဇီဟန်ကို ရေပူစမ်းအနီးမှာ သံသယဖြစ်ဖွယ် တွေ့ခဲ့ရပါတယ်။ ကျွန်မ ပြန်လာတဲ့အချိန်မှာတော့ ကျွန်မရဲ့... ကျွန်မရဲ့ အဝတ်အစားတွေ ပျောက်နေပါပြီ။ သူပဲဆိုတာ ကျွန်မ သေချာပေါက် ပြောရဲပါတယ်။ သူ့မျက်နှာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာပါ!"
လူအုပ်ကြီးထဲတွင် နောက်ထပ် တီးတိုးသံများ ထွက်ပေါ်လာပြန်သည်။
အချို့တပည့်များက ရွံရှာစွာ ခေါင်းခါကြပြီး အချို့ကမူ သံသယဝင်နေကြသည်။ သို့သော် သူမက သေချာသည်ဟု ပြောလိုက်သဖြင့် ထိခိုက်မှုက ဖြစ်သွားလေပြီ။
ပိုင်ဇီဟန်က ချက်ချင်း စကားမပြောသေးပေ။
သူက မေရုလန်၏ သရုပ်ဆောင်မှုကို မယုံနိုင်သလိုမျိုး ပါးစပ်အနည်းငယ် ဟကာ စိုက်ကြည့်နေသည်။
"ဟားဟားဟား..."
သူက ရူးသွပ်သလို အကျယ်ကြီး ရယ်မောလိုက်သည်။
ထိုရယ်သံကြောင့် ခန်းမအတွင်းရှိ လူအများစုက မျက်မှောင်ကြုတ်သွားကြသည်။ အချို့က ပိုင်ဇီဟန်သည် အခြေအနေကို နားမလည်ဘဲ မောက်မာနေဆဲဟု ထင်ကာ နှာခေါင်းရှုံ့ကြသည်။
သို့သော် အချို့လူများကမူ ကျောထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။
ထိုရယ်သံထဲတွင် ကြောက်ရွံ့မှု အစအနမျှ မပါဝင်ပေ။ ပြစ်ဒဏ်စီရင်ရေးခန်းမနှင့် ပြင်းထန်သော စွပ်စွဲချက်များကို ရင်ဆိုင်နေရသော်လည်း သူက အေးဆေးပင်။
"ဘာက ရယ်စရာကောင်းနေတာလဲ"
အကြီးအကဲရှန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ပိုင်ဇီဟန်က အကြီးအကဲကို ဂရုမစိုက်ဘဲ ရှေ့သို့ လှမ်းလိုက်သည်။
သူ့လက်တစ်ဖက်ကို အသာအယာ ချထားပြီး ကျန်လက်တစ်ဖက်က မေရုလန်ကို တိုက်ရိုက် ညွှန်ပြလိုက်သည်။
"ငါပဲဆိုတာ မင်းသေချာလား"
မေရုလန်က တုန်သွားသော်လည်း အမြန် ခေါင်းညိတ်လိုက်သည်။
"မငြင်းနဲ့! မင်းရဲ့မျက်နှာကို ငါ ဘယ်နေရာမှာမဆို မှတ်မိတယ်။ မင်း... မင်း အခု ဝတ်ထားတဲ့ ဝတ်စုံလို အဖြူရောင် ဝတ်ထားတာ။ ပြီးတော့ မင်းရဲ့ လက်စွပ်ကိုလည်း ငါ မြင်လိုက်တယ်!"ပိုင်ဇီဟန်၏ အမူအရာက မှောင်ကျသွားသည်။ သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်ရိပ်များက ချက်ချင်း ပျောက်ကွယ်သွားသည်။
"မေရုလန်... မင်း နာမည်က မေရုလန်လား"
သူက အေးစက်တိတ်ဆိတ်သော အသံဖြင့် မေးလိုက်သည်။
"မင်း ငါ့ကို ဒီလိုမျိုး စွပ်စွဲဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား"
"ကျွန်မ... ဟုတ်တယ်! ကျွန်မ—"
"ကောင်းပြီ!"
သူ့အသံက ပို၍ နိမ့်ဆင်းသွားပြီး စကားလုံးတိုင်းတွင် အဆိပ်အတောက်များ ပါဝင်နေသည်။
"ဘာလို့လဲဆိုတော့ ဒီအချိန်ကို မင်း သေချာ မှတ်ထားစေချင်လို့ပဲ။ ငါ မင်းကို အခွင့်အရေး တစ်ကြိမ် ပေးခဲ့တယ်ဆိုတာကို မင်း မှတ်ထားပါ။ တစ်ကြိမ်တည်းသော အခွင့်အရေးပဲ"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
"မင်း ငါ့ကို မဟုတ်မတရား စွပ်စွဲချင်တာလား"
ပိုင်ဇီဟန်၏ မျက်လုံးများက အေးစက်လာပြီး အပြုံးများ ပျောက်ကွယ်သွားသည်။
"ကောင်းပြီ။ ဒါဆိုလည်း လိမ်စမ်း။ ဒါပေမဲ့ မင်း အဆုံးအထိ လိမ်ရလိမ့်မယ်။ ဂိုဏ်းက ငါ့ကို ဒီနေ့ သတ်ပစ်ဖို့ မင်း ဆုတောင်းထားတာ ပိုကောင်းမယ်။ ဘာလို့လဲဆိုတော့ ငါသာ မသေခဲ့ရင်..."
သူ့မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များဖြင့် တောက်ပလာသည်။
"...ငါ မင်းဆီကို လာခဲ့မယ်။ ငါ မင်းရဲ့ဘဝကို ဖျက်ဆီးရုံတင် မကဘူး၊ မင်းရဲ့ နာမည်ကိုပါ ကမ္ဘာပေါ်ကနေ ဖျောက်ဖျက်ပစ်မယ်။ မင်းရဲ့ အိမ်ကို ပြာဖြစ်အောင် ရှို့ပစ်မယ်။ မင်းရဲ့ ဆွေမျိုးသားချင်းတွေ တစ်ယောက်မကျန် ငါ့ဆီမှာ အသနားခံစေရမယ်။ ဒါပေမဲ့ ဘယ်တော့မှ မရစေရဘူး"
မေရုလန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်သွားသည်။
"မင်း... မင်း ငါ့ကို ခြိမ်းခြောက်နေတာလား?! ပြစ်ဒဏ်စီရင်ရေးခန်းမ ရှေ့မှာတင်နော်?!"
ပိုင်ဇီဟန်က မျက်တောင်တစ်ချက်မျှ မခတ်ပေ။
"ခြိမ်းခြောက်တာလား? မဟုတ်ဘူး။ ငါ ကတိပေးနေတာ"
ပြစ်ဒဏ်စီရင်ရေးခန်းမတစ်ခုလုံး သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်သွားသည်။
ဂိုဏ်းတစ်ခုလုံးနှင့် ပြစ်ဒဏ်စီရင်ရေးခန်းမ အကြီးအကဲများရှေ့တွင် လူတစ်ယောက်ကို ဗြောင်ကျကျ ခြိမ်းခြောက်ဝံ့သည့် ပိုင်ဇီဟန်၏ ရဲတင်းမှုကို လူတိုင်း အံ့အားသင့်နေကြသည်။
ပိုင်ရွှယ်ချင်းနှင့် ချူဇီရန်တို့လည်း မှင်တက်သွားသည်။
ပိုင်ဇီဟန်က ပိုင်မျိုးနွယ်စုထဲမှာ ရှိနေတုန်းကအတိုင်း မောက်မာရဲတင်းပြီး သူနှစ်သက်ရာကို ခြိမ်းခြောက်နေဆဲပင် ဖြစ်သည်။