အခန်း ၇၃ - အထွေထွေလုပ်သားဘဝမှ ရေပန်းအစားဆုံးသူဖြစ်လာခြင်း
ကမ်းလှမ်းမှုများက အရှိန်အဟုန်ပြင်းလာသည်နှင့်အမျှ ဂိုဏ်းတစ်ခုသို့ လူသစ်စုဆောင်းခြင်းထက် လေလံပွဲတစ်ခုနှင့် ပိုတူလာတော့သည်။
"တစ်လကို ဝိညာဉ်စုစည်းမှုဆေးလုံး သုံးလုံး!"
"ငါးလုံး! ပြီးတော့ မြေကမ္ဘာအဆင့် ကျင့်စဉ်တစ်ခု!"
"နက်နဲအဆင့် ဓားတစ်လက်နဲ့ အဆင့် (၃) ဝိညာဉ်သားရဲ စီးတော်ယာဉ်တစ်ကောင်!"
...
လင်းရွှမ်မှာ ကမ်းလှမ်းချက်များကို လိုက်မှတ်နေရင်းပင် ခေါင်းမူးလာတော့သည်။ တောင်သခင်များ၏ မျက်ဝန်းထဲမှ အသည်းအသန်ဖြစ်နေမှုကို သူ အထင်အရှား မြင်နေရသည်။
လူအုပ်ထဲရှိ တပည့်အချို့မှာမူ မနာလိုဖြစ်လွန်းသဖြင့် ပါးစပ်မှ အမြှုပ်ထွက်မတတ် ဖြစ်နေကြသည်။
"တောက်... ငါကရော ဘာလို့ ကောင်းကင်အဆင့် တယအိုပဲ့တင်ထပ်သံနဲ့ မမွေးလာတာလဲ"
"ဒီကောင်က မနေ့ကအထိ အိမ်သာဆေးနေတဲ့ကောင်လေကွာ!"
"ဟေ့လူ... ပြီးခဲ့တဲ့လက ငါတို့ သူ့ကို ဝိုင်းအနိုင်ကျင့်ထားတာ။ သူ မှတ်မိနေမလား မသိဘူး"
...
စမ်းသပ်ပွဲကို အပျော်သဘောလာကြည့်ကြသည့် အပြင်စည်းတပည့်အများစုမှာ ဖြစ်ပျက်နေသည်များကို ကြည့်ပြီး မှင်တက်နေကြသည်။
ပထမအချက်မှာ ၎င်းတို့ အထင်သေးခဲ့ကြသည့်၊ အချို့ကလည်း ရုပ်ရည်ချောမောသည်ကို မနာလို၍ အနိုင်ကျင့်ခဲ့ကြသည့် လင်းရွှမ်မှာ သူတို့ မှန်းဆ၍မရနိုင်လောက်အောင် မြင့်မားသည့်အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
ဒုတိယအချက်မှာ ၎င်းတို့အနေဖြင့် အတွင်းစည်းတပည့် ဖြစ်ခွင့်ရရန် အသည်းအသန် ဖားနေရသည့် တောင်သခင်များမှာ ယခုအခါ ၎င်းတို့ လှောင်ပြောင်ခဲ့သည့် အလုပ်ကြမ်းသမားလေးကို ရရှိရန် လုယက်နေကြခြင်းပင်။
တောင်သခင်များ၏ တစ်ခုထက်တစ်ခု ပို၍ခမ်းနားသော ကမ်းလှမ်းချက်များအကြား လင်းရွှမ် ဗျာများနေစဉ်မှာပင် ကွင်းပြင်တစ်ခုလုံး၌ တည်ငြိမ်လှသော လက်ခုပ်သံတစ်ခု ဟိန်းထွက်လာသည်။
ဖျတ်! ဖျတ်! ဖျတ်!
လက်ခုပ်သံမှာ မကျယ်သော်လည်း လူတိုင်း၏နားထဲသို့ စိမ့်ဝင်သွားသည်။
အကြီးအကဲများအုပ်စု နောက်ကွယ်မှ လူရိပ်တစ်ခု ထွက်ပေါ်လာချိန်တွင် ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။
သူသည် အနီရောင်ပန်းပွင့်ပုံ ဖော်ထားသည့် နက်မှောင်သော ဝတ်ရုံကို ဆင်မြန်းထားသည်။ ရိုးရှင်းသည့် ဒီဇိုင်းဖြစ်သော်လည်း သူ ထုတ်လွှတ်နေသည့် အရှိန်အဝါကြောင့် လေထုမှာပင် ပို၍ အေးစက်သွားသလို ခံစားရသည်။
သူကား အကြီးအကဲ စန်း
ပြစ်ဒဏ်ခတ်ရေးဆောင်၏ အကြီးအကဲ။
ထို့ပြင် ဂိုဏ်းချုပ်ကို ဆန့်ကျင်သည့် အုပ်စု၏ အဓိက ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
သူ၏ မျက်လုံးများမှာ တစ်ဝက်ခန့် မှေးစင်းနေပြီး တည်ငြိမ်သည့် အမူအရာရှိသော်လည်း စင်ပေါ်သို့ လျှောက်လှမ်းလာစဉ် နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု အရိပ်အယောင် ပေါ်လွင်နေသည်။
"အထင်ကြီးစရာပဲ" အကြီးအကဲစန်းက ပိုးသားကို ဓားဖြင့် မွမ်းမံသကဲ့သို့ စူးရှအေးစက်သော အသံဖြင့် ပြောလိုက်သည်။
"ကောင်းကင်အဆင့် တာအိုပဲ့တင်ထပ်သံ... တကယ်ကိုပဲ ဂိုဏ်းအတွက် ကောင်းချီးပေးတာခံရတာပဲ"
သူ၏ အကြည့်များက ဂိုဏ်းချုပ် ထျန်းယွိဟန်ထံသို့ ခဏမျှ ရောက်သွားပြီးနောက် လင်းရွှမ်ထံ ပြန်လည်ရောက်ရှိလာသည်။
"လင်းရွှမ်... ငါက ပြစ်ဒဏ်ခတ်ရေးဆောင်ရဲ့ အကြီးအကဲ စန်းပါ။" သူက ခေါင်းကို အနည်းငယ် ညိတ်ပြရင်း ပြောသည်။
"ငါက တခြားသူတွေလို ပစ္စည်းဥစ္စာတွေနဲ့ မကမ်းလှမ်းဘူး။ ငါကမ်းလှမ်းတာက လုံခြုံမှုနဲ့... အာဏာပဲ"
အခြားအကြီးအကဲများ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကြသည်။ သူ၏ ပြောဆိုပုံမှာ တစ်မျိုးကြီး ဖြစ်နေသည်။ အဓိပ္ပာယ် တစ်ခုခုကို အရိပ်အယောင် ပြနေသကဲ့သို့ပင်။
သို့သော် အကြီးအကဲစန်းက ဆက်ပြောသည်။
"ပြစ်ဒဏ်ခတ်ရေးဆောင်မှာဆိုရင် မင်းက ဘယ်တောင်ထက်မဆို ပိုပြီး လွတ်လပ်ခွင့်ရမယ်။ သေးနုပ်တဲ့ ရန်ပွဲတွေလည်း မရှိဘူး။ တခြားတပည့်တွေကို ဖားနေဖို့လည်း မလိုသလို ဂိုဏ်းတွင်း နိုင်ငံရေးတွေကိုလည်း စိတ်ပူနေစရာ မလိုဘူး"
သူသည် လိမ်ညာ၍ ပြောနေခြင်းသာဖြစ်သည်။
ပြစ်ဒဏ်ခတ်ရေးဆောင်သည် ဂိုဏ်းတွင်းကိစ္စများတွင် ဘက်မလိုက်ဘဲ ကြားနေရမည်ဖြစ်သော်လည်း အကြီးအကဲစန်းမှာမူ ဂိုဏ်းချုပ်ဆန့်ကျင်ရေးအုပ်စုဘက်တွင် ရပ်တည်နေကာ နိုင်ငံရေးကစားပွဲများ၌ နစ်မွန်းနေသူဖြစ်သည်။
ထို့နောက် သူက လင်းရွှမ်အနားသို့ အနည်းငယ်တိုးကာ လင်းရွှမ်တစ်ဦးတည်းသာ ကြားနိုင်မည့်အသံဖြင့် တိုးတိုးလေး ထပ်ပြောလိုက်သည်။
"ပိုင်ဇီဟန်က မင်းအပေါ် မတရားလုပ်ခဲ့တယ်လို့ ငါကြားတယ်။ မင်း သူ့ကို လက်စားချေနိုင်ဖို့ ငါ ကူညီပေးနိုင်တယ်။ ငါက ဒီဂိုဏ်းရဲ့ စည်းကမ်းပိုင်းကို တာဝန်ယူထားတာဆိုတော့ စစ်ဆေးဖို့နဲ့ အပြစ်ပေးဖို့ အာဏာရှိတယ်။ မင်းမှာ ငါ့ရဲ့ ကျောထောက်နောက်ခံ ရှိနေလိမ့်မယ်"
ထိုကမ်းလှမ်းချက်မှာ အဓိပ္ပာယ်များစွာ ပါဝင်နေသဖြင့် လေထုထဲတွင် လေးလံသွားသည်။
လင်းရွှမ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ပိုင်ဇီဟန်ကို လက်စားချေရမည်ဆိုသည့် အချက်?
စိတ်ဝင်စားစရာပဲ!
တကယ်လို့သာ သတင်းတွေက မှန်ခဲ့မယ်ဆိုရင်ပေါ့။
သို့သော် အခြေအနေမှာ အကြီးအကဲစန်း ထင်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
လင်းရွှမ်သည် ပိုင်ဇီဟန်၏ နှိပ်စက်မှုကို ခံခဲ့ရသည်ဆိုသည့် ကောလာဟလမှာ အကြီးအကဲစန်း၏ တူဖြစ်သူ ရှန်လျန်က ပိုင်ဇီဟန်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်ကို အကြီးအကဲစန်း မသိရှိပေ။
အကြီးအကဲစန်းက ထိုကောလာဟလများကို အစစ်အမှန်ဟု ယုံကြည်နေပြီး လင်းရွှမ်သည် လက်စားချေလိုစိတ် ရှိလိမ့်မည်ဟု ထင်ကာ မြှူဆွယ်နေခြင်းဖြစ်သည်။
"အကြီးအကဲစန်းရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်"
လင်းရွှမ်က ယဉ်ကျေးစွာ ပြောလိုက်သော်လည်း သူ အမှန်တကယ် မကျေမနပ်ဖြစ်နေသည်ကို အကဲခတ်တတ်သူများ သိနိုင်ကြသည်။
"ဒါပေမဲ့ တစ်ခုခုတော့ နားလည်မှုလွဲနေပုံရတယ်"
ကွင်းပြင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားသည်။
အကြီးအကဲစန်း ဘာပြောလိုက်သည်ကို သူတို့မသိသော်လည်း လင်းရွှမ်၏ လေသံမှာ သူ စိတ်မဝင်စားသည့်အပြင် အနည်းငယ် ဒေါသထွက်နေသည်မှာ သိသာလှသည်။
"ကျွန်တော် အဲဒီအရာတွေကို မလိုအပ်ဘူး။ ပြစ်ဒဏ်ခတ်ရေးဆောင်ကိုလည်း မဝင်ချင်ဘူး"
အကြီးအကဲစန်း၏ အမူအရာမှာ သိပ်မပြောင်းလဲသော်လည်း နှုတ်ခမ်းထောင့်မှ အနည်းငယ် တွန့်သွားမှုက သူ အလွယ်တကူ လက်လျှော့မည်မဟုတ်ကြောင်း ပြသနေသည်။
သူ ထပ်မံစကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် တည်ကြည်ပြတ်သားသော အသံတစ်ခု ကြားဖြတ်ထွက်ပေါ်လာသည်။
"တော်တော့ အကြီးအကဲစန်း။ ခင်ဗျားကို ဒီလောက်အထိ ပြောခွင့်ပေးထားတာတောင် မျက်နှာသာပေးလွန်းလှပြီ"
မုတ်ဆိတ်ဖြူရှည်လျားပြီး စူးရှသော မျက်လုံးများရှိသည့် အကြီးအကဲတစ်ဦး ရှေ့သို့ လှမ်းလာသည်။ သူကား
'သံမဏိနှလုံးသားတောင်' မှ အကြီးအကဲ ဝူ ဖြစ်သည်။
"ခင်ဗျား ကမ်းလှမ်းပြီးပြီ။ လင်းရွှမ်က ငြင်းလိုက်ပြီ။ ဒီမှာ ခင်ဗျားတစ်ယောက်တည်း ရှိနေတာမဟုတ်ဘူး။ ခင်ဗျားပဲ ရှိနေသလိုမျိုး လာမလုပ်နဲ့။ ဖယ်ဦး... အခု ငါတို့အလှည့်"
အခြားအကြီးအကဲများကလည်း မကျေမနပ်ဖြစ်နေကြသဖြင့် ခေါင်းညိတ် ထောက်ခံကြသည်။
အချို့အကြီးအကဲများမှာ စကားတစ်ခွန်းပင် မပြောရသေးမီမှာပင် အကြီးအကဲစန်းက သူ၏ အကျင့်ဟောင်းအတိုင်း ကောက်ကျစ်သော နည်းလမ်းများဖြင့် ကြိုးစားနေခြင်းကြောင့် ဖြစ်သည်။
အကြီးအကဲစန်းက မကျေမနပ်ဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း ဘာမှ ပြန်မပြောတော့ပေ။
သူသည် လင်းရွှမ်ကို ဒေါသထွက်နေသည်လား၊ သို့မဟုတ် အကြံတစ်ခုခု ရှိနေသည်လား မသိနိုင်သော အကြည့်ဖြင့် နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် ဝတ်ရုံကို ခါကာ လှည့်ထွက်သွားတော့သည်။
တင်းမာမှုများ မြင့်တက်နေစဉ် တောင်သခင်များ နောက်ထပ် ကမ်းလှမ်းမှုများ မပြုလုပ်မီ လင်းရွှမ်က အသက်ကို ဝဝရှူကာ ရှေ့သို့ လှမ်းလိုက်သည်။
"ဘာမှ ထပ်ပြောနေစရာ မလိုတော့ပါဘူး" သူက အားလုံးကြားနိုင်လောက်သည့် တည်ငြိမ်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်တော့်စိတ်ထဲမှာ ရွေးချယ်ထားတဲ့ တောင် ရှိပြီးသားပါ"
ကွင်းပြင်ထဲတွင် နောက်တစ်ကြိမ် တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားပြန်သည်။
ဂိုဏ်းချုပ်ပင် စိတ်ဝင်စားသွားပုံရသည်။ သူက မျက်ခုံးတစ်ချက် ပင့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ... လင်းရွှမ်က ဆုံးဖြတ်ပြီးပြီဆိုမှတော့ နောက်ထပ် ကမ်းလှမ်းမှုတွေနဲ့ အချိန်ဖြုန်းနေစရာ မလိုတော့ဘူး"
ထိုစကားကြောင့် အကြီးအကဲများကြားတွင် မကျေမနပ်သံများ ထွက်ပေါ်လာသည်။
"ဘာ! ငါ စကားတောင် မပြောရသေးဘူးလေ!"
"အခွင့်အရေး တစ်ခါလောက်ပဲ ပေးပါ! ငါတို့ ဘာပေးမလဲဆိုတာ သူ သိအောင်လို့..."
"တောက်... ဘယ်သူက သူ့ကို အရင် စည်းရုံးလိုက်တာလဲ"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် အကြီးအကဲ ချင်းလန် ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူမသည် လက်ပိုက်ကာ မည်သည့်အမူအရာမျှ မပြသော်လည်း မျက်ဝန်းထဲတွင်မူ စိတ်ပျက်မှု အရိပ်အယောင်လေး ရှိနေသည်။
ပိုင်ရှင်းယွီကို မိုးပြာတိမ်တိုက်တောင် ထံ ဆုံးရှုံးလိုက်ရသည်မှာပင် တော်တော်ဆိုးနေပြီဖြစ်သည်။ ယခုလည်း နောက်ထပ် ကောင်းကင်အဆင့် ပါရမီရှင်တစ်ဦးကို လက်လွှတ်လိုက်ရတော့မည်လား?
သို့သော် ထိုစဉ်မှာပင်—
"ကျွန်တော် 'နက်နဲသောလမင်းတောင်ထွတ်ကို ဝင်ချင်ပါတယ်"
ထိုစကားသံက ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။
အကြီးအကဲ ချင်းလန် မျက်တောင်တခတ်ခတ် ဖြစ်သွားသည်။
"...ဟင်?"
သူမသည် တစ်စက္ကန့်မျှ ကြောင်ကြည့်နေပြီးမှ အခြေအနေကို သဘောပေါက်သွားသည်။
အမြဲတမ်း အေးစက်တည်ငြိမ်နေသော သူမ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ သူမသည် ရှေ့သို့ တစ်လှမ်းတိုးကာ ထင်ရှားသော ဝမ်းသာမှုများဖြင့် ပြောလိုက်သည်။
"မင်း ရွေးချယ်မှု မှန်တယ်!"
သူမ၏ မျက်လုံးများမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် တောက်ပနေသည်။
"နက်နဲသောလမင်းတောင်ထွတ်က မင်းကို နွေးထွေးစွာ ကြိုဆိုပါတယ် လင်းရွှမ်။ မင်း အကောင်းဆုံး ရွေးချယ်မှုကို လုပ်ခဲ့တာပဲ!"
အခြားအကြီးအကဲများမှာမူ မနာလိုလွန်းသဖြင့် အံကြိတ်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
တောက်! နက်နဲ့သောလမင်းတောင်မှာ ကောင်းကင်အဆင့် ပါရမီရှင် မရှိခဲ့သော်လည်း ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ။
ပိုင်ရှင်းယွီ နက်နဲသောလမင်းတောင်ကို မရွေးချယ်ခဲ့စဉ်က သူတို့ စိတ်သက်သာရာ ရခဲ့ကြသည်။ အကယ်၍ ရွေးချယ်ခဲ့ပါက လနက်နဲသေယလမင်းတောင်မှာ အင်အားကြီးလွန်းသွားမည်ဖြစ်သောကြောင့်တည်း။
ဒါပေမဲ့ အခု ဒုတိယမြောက် ကောင်းကင်အဆင့် ပါရမီရှင် လင်းရွှမ်က အဲဒီကို သွားရမယ်လို့လား?
ဒါက လုံးဝ မတရားဘူး!
အကြီးအကဲ ချင်းလန်က လင်းရွှမ်ကို သူမအနားသို့ ကိုယ်တိုင်လာရောက် ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း သူတို့မှာ စိတ်ထဲမှသာ ကြိတ်၍ ကျိန်ဆဲနေကြတော့သည်။