အခန်း ၅၉ - အမိန့်ပေးစေခိုင်းသည့် နာကျင်မှု
ဖန်ကျင်းယန် သတိဝင်လာချိန်တွင် ပါးစပ်ထောင့်၌ သွေးစများ စေးကပ်နေပြီး ညည်းတွားသံတစ်ခု တိုးတိုးလေး ထွက်ပေါ်လာသည်။
အမြင်အာရုံများ ဝေဝါးနေသော်လည်း တစ်ကိုယ်လုံးရှိ အရိုးအဆစ်တိုင်းမှ စူးရှသော နာကျင်မှုက သူ အသက်ရှင်နေသေးကြောင်း သတိပေးနေသည်။
(ဒါ... အိပ်မက်တစ်ခုလား...)
ထိုအတွေးက ဝေဝါးနေသော သူ၏စိတ်ထဲတွင် ဝင့်ခနဲ ဖြစ်သွားသည်။
သို့သော် သူ ခေါင်းကို အသာအယာ လှည့်ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်မှ ပျက်စီးယိုယွင်းမှုများကို မြင်လိုက်ရသည်။ တစ်ချိန်က သန့်ရှင်းစင်ကြယ်ခဲ့သော တိမ်လွှာဆောင်မှ ကျောက်စိမ်းကြွေပြားများပေါ်တွင် အက်ကြောင်းများ ထင်နေပြီး ကြွေကွဲစများသည် လှေကားထစ်များပေါ်တွင် ဖန်ကွဲစများအလား ပြန့်ကျဲနေသည်။ လေထဲတွင် ဖုန်မှုန့်များ ဝဲပျံနေဆဲပင်။
ဝတ်ရုံများ စုတ်ပြတ်နေပြီး ချီ အင်အားများ ပရမ်းပတာ ဖြစ်နေကာ အသက်ရှူလိုက်တိုင်း ရင်ဘတ်ထဲမှ နာကျင်မှုများ လှိုက်တက်လာသည်။
(မဟုတ်ဘူး... အိပ်မက်မဟုတ်ဘူး!)
လက်တွေ့ဘဝ၏ အေးစက်သော ကြောက်ရွံ့မှုက စတင်စိမ့်ဝင်လာသည်။ ထို့နောက် သူ... ထိုသူ့ကို မြင်လိုက်ရသည်။
ပိုင်ဇီဟန်!
သူသည် ဥယျာဉ်ထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသည့်အလား လက်နှစ်ဖက်ကို နောက်ပစ်ကာ အဆောင်၏ လှေကားထစ်များအတိုင်း ဆင်းလာသည်။ လေပြည်အဝှေ့တွင် သူ၏ဝတ်ရုံစများက အသာအယာ လွင့်ခါနေသည်။
"နောက်ဆုံးတော့ နိုးလာပြီပေါ့!"
ဖန်ကျင်းယန်၏ မျက်လုံးများ ထိတ်လန့်တကြား ပြူးကျယ်သွားသည်။
"ဟင့်အင်း... မဟုတ်ဘူး... မလုပ်ပါနဲ့!"
သူ အသက်ကို လုရှူရင်း နောက်သို့ ဆုတ်ရန် ကြိုးစားသည်။ လှုပ်ရှားလိုက်တိုင်း ခြေလက်များဆီမှ နာကျင်မှုများ စူးခနဲ တိုးဝင်လာသော်လည်း သူ ဂရုမစိုက်နိုင်တော့ပေ။
သူ လွတ်အောင် ပြေးရမည်။ ပိုင်ဇီဟန်၏ တည်ရှိမှုက ယခုအခါ သူ့ဝိညာဉ်ကို တောင်ကြီးတစ်လုံးဖြင့် ဖိထားသကဲ့သို့ အသက်ရှူကျပ်စရာ ကောင်းလှသည်။
"မင်း... အနားမလာနဲ့!"
ဖန်ကျင်းယန်က အသံသြသြဖြင့် ဟစ်အော်လိုက်သည်။ ထို့နောက် မလှမ်းမကမ်းတွင်ရှိနေသော ခုံကျန့်ဟုန်ကို သူ မြင်လိုက်သည်။ မျှော်လင့်ချက်အရိပ်အယောင်တစ်ခု စိတ်ထဲတွင် လက်ခနဲ ပေါ်လာသည်။
သူသည် တုန်ရင်နေသော လက်ကို ဆန့်တန်းလိုက်ကာ "ကျန့်ဟုန်... ငါ့ကို ကူညီပါဦး! ငါတို့ နှစ်ယောက်ပေါင်းရင် သူ့ကို နှိမ်နင်းနိုင်မှာပါ!"
ခုံကျန့်ဟုန်က ဖန်ကျင်းယန်ကို လူပြက်တစ်ယောက်အား ကြည့်သကဲ့သို့ စိုက်ကြည့်နေသည်။
(ဒီလူအ! သူ ဘယ်လို အရိုက်ခံခဲ့ရလဲဆိုတာကို မေ့သွားတာလား?)
ဖန်ကျင်းယန်က မျှော်လင့်ချက်မဲ့စွာဖြင့် အသံကိုမြှင့်ကာ "သူက တစ်ယောက်တည်းပါ! ငါတို့နှစ်ယောက်ကို သူ မယှဉ်နိုင်ပါဘူး! မင်းကို ရွှေအနှစ်သာရဆေးလုံး ၅ လုံးတောင် ပေးပါ့မယ်"
ခုံကျန့်ဟုန်က စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။
"အဟားဟား... တပည့်ကြီးဖန်၊ ခင်ဗျား ခေါင်းကို တော်တော်ပြင်းပြင်းထန်ထန် ထိသွားပုံရတယ်"
ဖန်းကျင်းယန်၏ မျက်အိမ်များ ကျဉ်းမြောင်းသွားသည်။
"ဘာ... ဘာပြောတာလဲ?"
ခုံကျန့်ဟုန်က နဖူးမှ ချွေးစများကို သုတ်ရင်း နောက်သို့ ဂရုတစိုက် ဆုတ်လိုက်သည်။
"ဒီမှာကြည့်လေ" သူက သတိထားပြီး ပြောလိုက်သည်။ "သခင်လေးပိုင်နဲ့ ကျွန်တော်က အခုလေးတင် ပြောနေကြတာ... ခင်ဗျားရဲ့ဓား 'နှင်းမြူတိုးသံ' က ရှန်လျန်ရဲ့ ပိုင်ဆိုင်မှုထဲက မဟုတ်လား?"
ဖန်းကျင်းယန်၏ နှလုံးသား တစ်ဒိန်းဒိန်း ခုန်သွားသည်။
"မင်း..."
"မင်း ငါ့ကို ရောင်းစားလိုက်တာလား?!"
သူသည် မယုံကြည်နိုင်မှုနှင့် ဒေါသများဖြင့် တွန့်လိမ်နေသော မျက်နှာဖြင့် ဟိန်းဟောက်လိုက်သည်။
"ဟက်! သခင်လေးပိုင်ကို ဘယ်သူက ဆန့်ကျင်ခိုင်းလို့လဲ? သခင်လေးက ခင်ဗျားကို အသက်ချမ်းသာပေးဖို့ ဆုံးဖြတ်လိုက်တာ ကံကောင်းတယ်လို့ မှတ်ပါ"
ခုံကျန့်ဟုန်က ဖြီးဖြန်းပြောဆိုရင်း ပိုင်ဇီဟန်၏ နောက်သို့ အမြန်ဆုတ်သွားသည်။ ခုံကျန့်ဟုန်သည် ဘက်ပြောင်းသွားပြီဖြစ်ကြောင်းနှင့် ပိုင်ဇီဟန်၏ မျက်နှာသာရရန် အရှက်မရှိ ဖော်လံဖားလုပ်နေပြီဖြစ်ကြောင်း ဖန်ကျင်းယန် နားလည်လိုက်သည်။
ပိုင်ဇီဟန် ရပ်လိုက်ပြီး ဖန်ကျင်းယန်ကို အာရုံစိုက်ကြည့်လိုက်သည်။ သူက မျက်ခုံးတစ်ဖက်ကို ပင့်ကာ "အိုး? မင်းက ငါ့ကို ပြန်တိုက်ချင်သေးတာလား?"
ဖန်ကျင်းယန်၏ မျက်နှာက သေလူကဲ့သို့ ဖြူလျော့သွားသည်။ နှုတ်ခမ်းများ လှုပ်ရှားနေသော်လည်း စကားလုံးများ ထွက်မလာခဲ့။ သူ သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ဖူးသော်လည်း ယခုလောက် နီးကပ်မှုကိုမူ တစ်ခါမျှ မခံစားခဲ့ဖူးချေ။
ပိုင်ဇီဟန်က သူ့ထံသို့ ဖြည်းညင်းစွာ လျှောက်လာသည်။ ခြေလှမ်းတိုင်းက ပျက်စီးနေသော အဆောင်တော်ထဲတွင် သေမင်းခေါင်းလောင်းသံကဲ့သို့ မြည်ဟီးနေသည်။ ဖန်ကျင်းယန် အသက်ရှူမြန်လာသည်။ လွတ်လမ်းတစ်ခုကို သူ အမြန်ရှာရန် လိုအပ်သည်။
သို့သော် ယခုအခြေအနေတွင် ကိုယ်တိုင်ပြေးရန်မှာ မဖြစ်နိုင်သလောက်ပင်။ ခုံကျန့်ဟုန်ကလည်း သူ့ကို သစ္စာဖောက်သွားပြီဖြစ်သဖြင့် သူ တစ်ယောက်တည်းသာ ကျန်တော့သည်။
အကူအညီတောင်းရန်လား? အဆောင်တော်ကြီးမှာ လူသူကင်းမဲ့နေပြီဖြစ်၍ မည်သူမျှ ကြားနိုင်မည်မဟုတ်။ တစ်ယောက်ယောက် ကြားခဲ့လျှင်ပင်... သူတို့ ရောက်လာသည့်အချိန်တွင် သူ အသက်ရှင်နေပါဦးမည်လော။
ပိုင်ဇီဟန်သည် မြေပြင်တွင် လဲကျနေသော ဖန်ကျင်းယန်အနားသို့ ရောက်လာသောအခါ သူ၏မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူသည် ဖန်ကျင်းယန်၏ အနီးတွင် ရပ်လိုက်ပြီး ဝတ်ရုံလက်ထဲမှ အနက်ရောင် ဆေးလုံးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။
ဆေးလုံး၏ မျက်နှာပြင်က စူးရှသောအလင်းဖြင့် ဝင်းလက်နေပြီး အဝေးမှကြည့်လျှင်ပင် ယုတ်မာညစ်ထေးသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ဖန်ကျင်းယန်၏ ဗီဇက နောက်သို့ဆုတ်ရန် သတိပေးနေသော်လည်း သူ မလှုပ်ရှားနိုင်မီမှာပင် ပိုင်ဇီဟန်က ရှေ့သို့တိုးကာ ဒူးထောက်လိုက်ပြီး ဆေးလုံးကို ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။
"နေ... အင့်!"
ဖန်ကျင်းယန်က ဆေးလုံးကို ပြန်ထွေးထုတ်ရန် ကြိုးစားသော်လည်း ပိုင်ဇီဟန်က လက်တစ်ချောင်းဖြင့် တို့လိုက်ကာ သူ၏ချီစွမ်းအင် ကို ပိတ်ဆို့လိုက်သည်။ ဆေးလုံးက ခဏချင်းအတွင်း လည်ချောင်းထဲသို့ အရည်ပျော်ကျသွားသည်။
ထို့နောက် နာကျင်မှု ရောက်လာသည်။ အရိုးခြင်ဆီအထိ ထိုးဖောက်ပြီး ဝိညာဉ်ကို ဆွဲနှုတ်မည့်အလား ပြင်းထန်သော နာကျင်မှုမျိုးပင်။
"အားးးးးးးး!"
ဖန်ကျင်းယန် အော်ဟစ်လိုက်သည်။ လျှပ်စီးရိုက်ခံရသည့်အလား သူ၏ခန္ဓာကိုယ်က မြေပြင်မှ ကြွတက်လာသည်။ အရေပြားပေါ်တွင် သွေးကြောများ ဖောင်းကြွလာသည်။ သူ၏ ချီစွမ်းအင် များက ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး လှောင်အိမ်ထဲရှိ သားရဲတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ထဲတွင် ရုန်းကန်နေသည်။
"အားးးးးးး!"
သူသည် နာကျင်လွန်းလှသဖြင့် ရင်ဘတ်၊ လည်ပင်းနှင့် မြေပြင်တို့ကို ကုတ်ဖဲ့ရင်း တွန့်လိမ်နေသည်။
ခုံကျန့်ဟုန်က တုန်လှုပ်ချောက်ချားစွာဖြင့် နောက်သို့ ပို၍ဆုတ်လိုက်သည်။ သူပင်လျှင် ဤမျှအထိ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့။ လူတစ်ယောက်ကို အတွင်းပိုင်းမှနေ၍ ဖြည်းဖြည်းချင်း ဆွဲဖြဲနေသည်ကို မြင်နေရသကဲ့သို့ပင်။ ပိုင်ဇီဟန်ကို ကြည့်ရင်း သူ စောစောက အညံ့ခံခဲ့သည်မှာ မည်မျှ မှန်ကန်ကြောင်း ထပ်မံ သတိပြုမိသွားသည်။
ဆေးလုံးတစ်လုံးတည်းဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း ဒူးထောက်စေနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ အနည်းဆုံး အဆင့် ၃ ရှိသော အဆိပ်ဆေးလုံး ဖြစ်ရမည်ဟု ခုံကျန့်ဟုန် သိလိုက်သည်။
ပိုင်ဇီဟန်ကမူ ဖန်ကျင်းယန်၏ အော်ဟစ်သံများကို လုံးဝ ဂရုမစိုက်ဘဲ ရပ်နေသည်။ သူ့ကို ရန်ပြုဝံ့သူကို သနားညှာတာနေရန် မလိုပေ။
"တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး..." ဖန်ကျင်းယန်က တုန်တုန်ရီရီဖြင့် ပြောသည်။ "ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။ ခင်ဗျားခိုင်းတာ အကုန်လုပ်ပါ့မယ်!"
သို့သော် ပိုင်ဇီဟန်က စိတ်မဝင်စားဘဲ အကူအညီတောင်းနေသော ဖန်ကျင်းယန်ကိုသာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူသည် ရွှေရောင်ဖျော့ဖျော့ ဝင်းလက်နေသော ဒုတိယမြောက် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဖန်ကျင်းယန်ထံသို့ ပစ်ပေးလိုက်သည်။
"မျိုချလိုက်!"
ဖန်ကျင်းယန် တုံ့ဆိုင်းသွားသည်။ အရှေ့က ဆေးလုံးက သူ့ကို မတွေးဝံ့စရာ နာကျင်မှုများ ပေးခဲ့သည် မဟုတ်လား။ ယခုဆေးလုံးက သူ့ကို အပါယ်ဘုံသို့ တိုက်ရိုက် ပို့လိုက်မည်လော။
"ဒီနာကျင်မှုတွေ ရပ်တန့်သွားစေချင်တာ မဟုတ်ဘူးလား?" ပိုင်ဇီဟန်က ထပ်ပြောလိုက်သည်။
ဖန်ကျင်းယန် ဆက်ပြီး မတုံ့ဆိုင်းတော့ပေ။ ခန္ဓာကိုယ်ထဲမှ နာကျင်မှုက ပြင်းထန်လွန်းလှသဖြင့် မျှော်လင့်ချက် အလင်းတန်းလေး ရှိရုံဖြင့် သူ နာခံရန် အဆင်သင့်ပင်။ သူသည် တုန်ရင်နေသော လက်များဖြင့် ဆေးလုံးကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ မျက်လုံးများ နီမြန်းကာ မျက်ရည်များ ဝဲလျက် ချောင်းဆိုးကာ သီးနေတော့သည်။
နာကျင်မှုက ဖြည်းဖြည်းချင်း လျော့ပါးသွားသည်။ သူ၏ အသက်ရှူသံများ ပုံမှန်ပြန်ဖြစ်လာသော်လည်း ဝမ်းဗိုက်ထဲတွင် မီးခဲတစ်ခဲ မြှုပ်ထားသကဲ့သို့ နာကျင်မှုက ကျန်ရှိနေဆဲဖြစ်သည်။
"ကျွန်တော့်ကို... ဘာလုပ်လိုက်တာလဲ?" သူ အားယူပြီး မေးလိုက်သည်။
ပိုင်ဇီဟန်က သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အေးစက်သောလေသံဖြင့် "ဒါကို 'တစ်ထောင်သောသွေးကြောမျှင် ကပ်ပါးဆေးလုံး' လို့ ခေါ်တယ်" ဟု ပြောလိုက်သည်။ "မင်းရဲ့ သွေးကြောတွေ၊ အရိုးတွေနဲ့ ကြွက်သားတွေထဲမှာ စွဲကပ်နေမယ့် အဆိပ်အမျိုးအစားပေါ့"
ဖန်ကျင်းယန် တုန်လှုပ်သွားသည်။
"ငါ မင်းကိုပေးလိုက်တာက အဆိပ်ကို သုံးရက်ကြာ ထိန်းချုပ်ပေးမယ့် ဆေးပဲ။ သုံးရက်ပြည့်ရင် အဆိပ်က ပြန်ကြွလာလိမ့်မယ်"
"ဘာ... ဘာပြောတယ်?"
အဆိပ်ဖြေဆေးကို သူ မရသေးဘဲ အဆိပ်က ခန္ဓာကိုယ်ထဲတွင် အိပ်ပျော်နေသော သားရဲတစ်ကောင်အလား ရှိနေဆဲဖြစ်ကြောင်း ဖန်ကျင်းယန် နားလည်လိုက်သည်။ ထိုနာကျင်မှုကို နောက်တစ်ကြိမ် ခံစားရမည်ဆိုလျှင် သူ ရူးသွပ်သွားနိုင်ပေသည်။
"ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ?" ဖန်ကျင်းယန်က ကြောက်ရွံ့စွာ မေးလိုက်သည်။
ပိုင်ဇီဟန်က မတ်တတ်ရပ်ကာ ဝတ်ရုံပေါ်မှ ဖုန်များကို အေးအေးလူလူ ခါလိုက်သည်။ "မင်းကို ငါ့ရဲ့ မျက်စိနဲ့ နား ဖြစ်စေချင်တယ်" ဟု သူက ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။
"ရှန်လျန်ရဲ့ အနားမှာနေတဲ့ သစ္စာရှိတဲ့ သူလျှိုတစ်ယောက်ပေါ့။ မင်း သူ့ကို ပြုံးပြမယ်၊ ဖော်လံဖားလုပ်မယ်၊ နာခံမယ်... ပြီးတော့ အကုန်လုံးကို ငါ့ဆီ ပြန်သတင်းပို့ရမယ်။ လုပ်နိုင်တယ် မဟုတ်လား?"
ပိုင်ဇီဟန်၏ အကြည့်က တည်ငြိမ်သော်လည်း အေးစက်လွန်းလှသည်။
ဖန်ကျင်းယန် တုံ့ဆိုင်းနေသည်။ ရှန်လျန်ကို ဆန့်ကျင်ရန်မှာ မလွယ်ကူသလို ဖော်ထုတ်ခံရပါက အသက်အန္တရာယ် ရှိသည်။ သို့သော် သူသည် ခံစားခဲ့ရသော နာကျင်မှုကို ပြန်သတိရလိုက်သည်။ ထိုနာကျင်မှုနှင့် နှိုင်းယှဉ်လျှင် ရှန်လျန်ကို သစ္စာဖောက်ရသည်မှာ မကြောက်စရာတော့ပေ။
"ဟုတ်ကဲ့! ခင်ဗျားခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်!" ဖန်ကျင်းယန်က တုန်ရီသောအသံဖြင့် သဘောတူလိုက်သည်။
"အော်... ပြီးတော့ ဖန်ကျင်းယန်..." ပိုင်ဇီဟန်က လှည့်ကြည့်ကာ အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။
ဖန်ကျင်းယန်က အားနည်းစွာဖြင့် မော့ကြည့်လိုက်သည်။
"ရှန်လျန်နဲ့ မင်းရဲ့ သဘောတူညီချက်အကြောင်းကို ငါ့ကို အကျဉ်းချုပ်လေး ပြောပြပါဦးလား?"