အခန်း (၅) နင်ဂျုဆု၏ ဆွဲဆောင်မှု
နောက်တစ်နှစ်တာအတွင်း ခါဇူကာဇဲသည် ဖခင်ဖြစ်သူ ချီကီဟွီထံမှ ကိုယ်ခံပညာနှင့် အခြေခံကျွမ်းကျင်မှု အမျိုးမျိုးကို သင်ယူလေ့ကျင့်ခဲ့သည်။ သို့သော် နင်ဂျုဆု နှင့် လှည့်စားအတတ် တို့ကိုမူ ချီကီဟွီက သင်ကြားပေးခြင်း မရှိသေးပေ။ သူ၏အဆိုအရ ခါဇူကာဇဲမှာ အခြေခံမခိုင်မာသေးဘဲ အုတ်မြစ်ကောင်းကောင်း ရရှိလာမှသာ ထိုအတတ်ပညာများကို သင်ကြားပေးမည်ဟု ဆိုသည်။ ဤအတောအတွင်း ခါဇူကာဇဲသည် သူ၏ ‘လက်ဆောင်အိတ်’ ထဲမှ ရရှိထားသော အခြေခံကိုယ်ခံပညာနှင့် ဓားသိုင်းများကိုလည်း အနည်းငယ်စီ ထုတ်ဖော်ပြသခဲ့သည်။ ချီကီဟွီမှာ အံ့အားသင့်ခဲ့ရသော်လည်း မိဘဟူသည်မှာ မိမိရင်သွေး ပါရမီထူးနေသည်ဆိုလျှင် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဂုဏ်ယူတတ်ကြသည်မဟုတ်ပါလား။ “ငါ့သားက ပါရမီရှင်ပဲ” ဆိုသည့် စကားတစ်ခွန်းဖြင့်ပင် ခါဇူကာဇဲ ပြသသမျှကို သံသယမရှိ ယုံကြည်သွားခဲ့လေသည်။
တစ်နှစ်တာ ကုန်ဆုံးသွားချိန်တွင် ခါဇူကာဇဲမှာ သိသိသာသာ ထွားကျိုင်းလာခဲ့သည်။ သူ၏ ကြီးထွားမှုမှာ အသက်နှင့် အရပ်အမောင်းသာမက ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် ချာကရာပမာဏတို့မှာလည်း အံ့မခန်း တိုးတက်လာခဲ့သည်။ အထူးသဖြင့် သူ၏ချာကရာမှာ ချီကီဟွီ၏ အကဲဖြတ်ချက်အရ ‘ချူးနင်’ အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ပြီး အရှိန်အဟုန်ဖြင့် ဆက်လက် တိုးပွားနေဆဲဖြစ်သည်။ ဤတစ်နှစ်အတွင်း ခါဇူကာဇဲအတွက် ဝမ်းသာစရာများ ရှိသကဲ့သို့ နောင်တရစရာ အချို့လည်း ရှိခဲ့သည်။ သူ၏ကိုယ်ထဲရှိ ‘နတ်ဆိုးသီး’ မှ ပြောင်းလဲလာသော အမြီးပါသားရဲမှာ နိုးထလာခြင်း မရှိသေးသလို၊ စနစ် ထဲမှလည်း ထူးထူးခြားခြား ပစ္စည်းကောင်းများ မရရှိခဲ့ပေ။ လေ့ကျင့်ခန်းလုပ်ပြီးနောက် နာကျင်ကိုက်ခဲမှုမရှိဘဲ အမြန်ပြန်လည်ကောင်းမွန်စေသည့် ဆေးလုံးအချို့သာ ရရှိခဲ့သည်။ သို့သော် ထိုဆေးလုံးများကြောင့်ပင် သူသည် နောက်တစ်နေ့ နံနက်တိုင်း လန်းဆန်းစွာဖြင့် ပြန်လည်လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။
တိတ်ဆိတ်နေသော လေ့ကျင့်ရေးကွင်းပြင်တွင် လူရိပ်နှစ်ခုမှာ ယှဉ်တွဲရပ်နေကြသည်။ တစ်နှစ်တာ လေ့ကျင့်မှုများကြောင့် ကွင်းပြင်မှာ အတော်လေး ပြောင်းလဲသွားပြီဖြစ်သည်။ မြက်ရိုင်းများမှာ ရှင်းလင်းသွားပြီး အပြေးလမ်းကြောင်းနှင့် လေ့ကျင့်ရေးပစ္စည်းများ အသစ်တဖန် ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာလည်း မျိုးရိုးအရှိန်အဝါ၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ သာမန်မိသားစုတစ်ခုအဖို့ ဤကဲ့သို့ ပြည့်စုံသော လေ့ကျင့်ရေးကွင်းနှင့် ကျွမ်းကျင်သော ဆရာသမားမျိုး ရရှိရန်မှာ စိတ်ကူးပင် မယဉ်နိုင်သော အရာပင်။
“မင်း အမြဲတမ်း သင်ချင်နေတဲ့ နင်ဂျုဆုကို အခု သင်ပေးတော့မယ်” ဟု ချီကီဟွီက ခါဇူကာဇဲကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ ပါရမီရှိပြီး ဇွဲနပဲကြီးစွာဖြင့် ပေးအပ်သမျှ တာဝန်များကို အကောင်းဆုံး ပြီးမြောက်အောင် ဆောင်ရွက်နိုင်သော သားဖြစ်သူအတွက် သူ အလွန်ပင် ဂုဏ်ယူမိသည်။
“ဖေဖေ တကယ် သင်ပေးတော့မှာလား” ခါဇူကာဇဲက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူသည် နင်ဂျုဆုကို သင်ယူရန် အကြိမ်ကြိမ် ပူဆာခဲ့သော်လည်း ယခုမှသာ ခွင့်ပြုချက် ရခဲ့ခြင်း ဖြစ်သည်။ နင်ဂျာလောကတွင် နင်ဂျုဆု မတတ်ဘဲ မည်သို့ နင်ဂျာအစစ် ဖြစ်နိုင်ပါမည်နည်း။
“ဟုတ်တယ်၊ မင်းမှာ အရည်အချင်း ပြည့်ဝနေပြီ။ ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ ချာကရာ ဓာတ်သဘာဝကို စမ်းသပ်ရမယ်” ဟု ဆိုကာ ချီကီဟွီက စက္ကူပါးလေးတစ်ရွက်ကို ထုတ်ပေးလိုက်သည်။
“ဒါက ချာကရာ စမ်းသပ်စက္ကူပဲ။ မင်းရဲ့ ချာကရာကို အထဲထဲ ထည့်ကြည့်လိုက်။ အကယ်၍ မီးဓာတ်ဆိုရင် စက္ကူက လောင်ကျွမ်းသွားမယ်၊ ရေဓာတ်ဆိုရင် စိုစွတ်သွားမယ်၊ မြေဓာတ်ဆိုရင် ကြေမွသွားမယ်၊ လေဓာတ်ဆိုရင် ပြတ်တောက်သွားပြီး လျှပ်စစ်ဓာတ်ဆိုရင်တော့ တွန့်လိပ်သွားလိမ့်မယ်။”
ခါဇူကာဇဲသည် စိတ်လှုပ်ရှားစွာဖြင့် စက္ကူလေးပေါ်သို့ ချာကရာများ စီးဝင်စေလိုက်သည်။ ထိုအခါ စက္ကူလေး၏ ထောင့်တစ်ဖက်မှာ ကြေမွသွားပြီး နောက်တစ်ဖက်မှာ စိုစွတ်လာကာ အလယ်မှ ပြတ်ထွက်သွားခဲ့သည်။ ထို့နောက် ကျန်ရှိသော အပိုင်းများမှာ လောင်ကျွမ်းကာ တွန့်လိပ်သွားလေတော့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ချီကီဟွီမှာ ဆွံ့အသွားခဲ့ရသည်။ ကိုနိုဟာရွာတွင် ဓာတ်ကြီးငါးပါးလုံး ပိုင်ဆိုင်သည့် နောက်ဆုံးပေါ်ပေါက်ခဲ့သော ပါရမီရှင်မှာ ကာကာရှီသာ ဖြစ်သည်။ ယခု သူ၏သားငယ်လေးမှာလည်း ထိုမျှ ပါရမီထူးနေသည်ကို သိလိုက်ရချိန်တွင် သူ၏ ရင်ခုန်သံများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့သည်။ “ကောင်းတယ်… မင်းမှာ ဓာတ်ငါးပါးလုံး ရှိနေတာပဲ။ ဒါဆို မင်း ဓာတ်ငါးပါးလုံးနဲ့ဆိုင်တဲ့ နင်ဂျုဆုတွေကို သင်ယူနိုင်ပြီပေါ့” ဟု ဆိုကာ သားဖြစ်သူ၏ ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။
ခါဇူကာဇဲမှာမူ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောနေမိသည်။ ရေနှင့် မြေဓာတ်မှာ သူ၏ မျိုးရိုးဗီဇအရ ပါလာခြင်းဖြစ်သော်လည်း လေ၊ မီး၊ လျှပ်စစ် ဓာတ်တို့မှာ သူ၏ ကိုယ်ထဲရှိ နတ်ဆိုးသီးကြောင့် ရရှိလာခြင်း ဖြစ်ပေလိမ့်မည်။ “ဟဲဟဲ… ဓာတ်ခြောက်ပါးတောင် ဖြစ်နေတာပဲ၊ ရှယ်ပဲဟေ့” ဟု သူ ကျိတ်၍ ဝမ်းသာနေမိသည်။
“ဒါပေမဲ့ မာန်မတက်နဲ့ဦး။ နင်ဂျုဆုတွေ ဘယ်လောက်ပဲ တတ်တတ်၊ ချာကရာ မလုံလောက်ရင် အသုံးမကျဘူး။ ပြီးတော့ နင်ဂျုဆု မသင်ခင်မှာ လက်ဟန်ခြေဟန် တွေကို အရင် ကျွမ်းကျင်အောင် လုပ်ရမယ်။”
ချီကီဟွီသည် နင်ဂျာတို့၏ လက်ဟန် တစ်ဆယ့်နှစ်မျိုးကို တစ်ခုချင်းစီ သေချာပြသရင်း ၎င်းတို့၏ အဓိပ္ပာယ်ကို ရှင်းပြတော့သည်။ ခါဇူကာဇဲမှာ မှတ်ဉာဏ်ကောင်းသူဖြစ်သည့်အပြင် ထိုလက်ဟန်များမှာ ဆယ်နှစ်ရာသီခွင်များနှင့် တူနေသောကြောင့် အလွယ်တကူပင် မှတ်သားနိုင်ခဲ့သည်။ တစ်နာရီခန့်အတွင်းမှာပင် သူသည် လက်ဟန်အားလုံးကို အစဉ်လိုက် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
“ကောင်းပြီ… လက်ဟန်တွေကိုတော့ ဖြည်းဖြည်းချင်း လေ့ကျင့်သွားလို့ ရတယ်။ အခု မင်းကို ပထမဆုံး နင်ဂျုဆု ဖြစ်တဲ့ ‘ကိုယ်ပွားအတတ်’ကို သင်ပေးမယ်။”
ချီကီဟွီ၏ လမ်းညွှန်မှုအောက်တွင် ခါဇူကာဇဲသည် ချာကရာများကို စုစည်းကာ လက်ဟန်များ ပြုလုပ်လိုက်ရာ ‘ဘုန်း’ ခနဲ အသံနှင့်အတူ သူ့ဘေးတွင် သူ့အသွင်အတိုင်း ကိုယ်ပွားတစ်ခု ပေါ်လာလေသည်။ ပထမဆုံးအကြိမ် နင်ဂျုဆုကို အောင်မြင်စွာ သုံးနိုင်ခဲ့ခြင်းကြောင့် သူ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ သို့သော် ချီကီဟွီက ထိုကိုယ်ပွား၏ ခေါင်းကို လက်ဖြင့် တို့လိုက်ရုံဖြင့် ကိုယ်ပွားမှာ ကွယ်ပျောက်သွားခဲ့သည်။
“မှတ်ထားပါ… ဒီကိုယ်ပွားက အသွင်အပြင် သက်သက်ပဲ၊ ထိလိုက်တာနဲ့ ပျက်ပြယ်သွားလိမ့်မယ်။ အခြေအနေကို ကြည့်ပြီးမှ သုံးရတယ်” ဟု ချီကီဟွီက သတိပေးကာ အခြားအခြေခံအတတ်များဖြစ်သော ‘ကိုယ်စားထိုးအတတ်’ နှင့် ‘အသွင်ပြောင်းအတတ်’ တို့ကိုပါ ဆက်လက် သင်ကြားပေးခဲ့သည်။ ဤ ‘သုံးမျိုးတစ်ဖုံ’ အတတ်ပညာများသည် နင်ဂျာတစ်ယောက်အတွက် အခြေခံအကျဆုံးဖြစ်သလို အရေးကြုံလျှင် အသက်ကယ်နိုင်သော အတတ်များလည်း ဖြစ်သည်။
နောက်ရက်များတွင် ချီကီဟွီသည် ဓာတ်သဘာဝအမျိုးမျိုးရှိသော နင်ဂျုဆုများကိုပါ သင်ကြားပေးခဲ့သည်။ ခါဇူကာဇဲသည် နင်ဂျုဆုတစ်ခုကို အောင်မြင်ရန်အတွက် လက်ဟန်ရုံသာမက ချာကရာ၏ ပုံသဏ္ဌာန်ပြောင်းလဲမှုနှင့် သိမ်မွေ့သော ထိန်းချုပ်မှုများ လိုအပ်ကြောင်း နားလည်လာခဲ့သည်။ ဤလောကတွင် အဆင့်မြင့် နင်ဂျုဆုများကို သင်ယူခွင့်ရရန်မှာလည်း မျိုးရိုးနှင့် အရှိန်အဝါပေါ်တွင် များစွာ မူတည်နေသည်ကို သူ သတိပြုမိခဲ့သည်။
နင်ဂျုဆုများအပြင် ချီကီဟွီက ခါဇူကာဇဲကို ‘မြေခွေးစိတ်အတတ်’ ဟု ခေါ်သော လူလှည့်စားအတတ် တစ်ခုကိုလည်း သင်ပေးခဲ့သည်။ ရန်သူကို လမ်းမှားစေသည့် ထိုအတတ်တွင် ခါဇူကာဇဲမှာ ထူးခြားသော ပါရမီရှိနေပြန်သည်။ ဖြစ်နိုင်သည်မှာ သူ၏ ဝိညာဉ်မှာ အခြားသူများထက် ပိုမိုခိုင်မာနေပြီး ‘ယင်’ ဓာတ်စွမ်းအားမှာ ပိုမိုအားကောင်းနေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။