မိမိထံသို့ စိတ်ကြွဆေးများ သောက်သုံးထားသည့်အလား ရူးသွပ်စွာ ပြေးဝင်လာကြသော သန်မာထွားကျိုင်းသည့် လူအုပ်ကြီးကို ကြည့်ပြီး ခါဇူကာဇဲ၏ စိတ်ထဲတွင် မထီမဲ့မြင်ပြုမိသော်လည်း သူ လုံးဝ ပေါ့ဆခြင်းမရှိချေ။ သူ၏ အရည်အချင်းဖြင့် ဤလူများကို သတ်ပတ်ရန် မခဲယဉ်းသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် အနည်းငယ်မျှ စိတ်လွတ်သွားပါက အသက်ပျောက်သွားနိုင်သည်ကို သူ ကောင်းစွာ သဘောပေါက်ထားသည်။
"မစ္စတာဒါနာဇ်... အနောက်ကို နည်းနည်းလောက် အရင်ဆုတ်နေပါ၊ ဒီလူတွေကို ကျွန်တော် တားဆီးထားလိုက်မယ်။"
ခါဇူကာဇဲသည် သူ၏ ဆောင်းဦးရေလှိုင်း (ရှူဆုအိ) ဓားမြတ်ကို ဆွဲထုတ်လိုက်ပြီး ပြေးဝင်လာသော လူအုပ်ကြီးကို စိုက်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"မင်းကိုပဲ အပ်ပါတယ်ကွာ။"
ဒါနာဇ်သည်လည်း မိမိအနေဖြင့် မည်သို့မျှ ကူညီနိုင်မည်မဟုတ်ကြောင်း သိရှိသဖြင့် ခါဇူကာဇဲက ဆုတ်ခွာခိုင်းသည့်အခါ အနည်းငယ်မျှ ဝေခွဲမနေဘဲ စကားတစ်ခွန်းသာ ပြောကာ အနောက်သို့ လှည့်မကြည့်တမ်း ပြေးထွက်သွားတော့သည်။
ထိုစဉ် အပြေးမြန်သော လူသန်ကြီးအချို့မှာ ခါဇူကာဇဲ၏ ရှေ့ ငါးမီတာအကွာအဝေးသို့ ရောက်ရှိလာပြီဖြစ်သည်။ ရှေ့ဆုံးမှ လူသန်ကြီးတစ်ဦးသည် ခါဇူကာဇဲကို အေးစက်စွာ စိုက်ကြည့်ကာ လှောင်ပြောင်သော အပြုံးဖြင့် "ဘာလဲ... မပြေးတော့ဘူးလား။ မင်း ပြေးလို့မလွတ်နိုင်မှန်းသိလို့ ဒီအတိုင်း အသေခံဖို့ ပြင်ထားတာလား။" ဟု ဆိုလိုက်သည်။
"မင်းတို့လို အမှိုက်ကောင်တွေကြောင့်တော့ ငါ ထွက်ပြေးစရာ မလိုပါဘူး။"
ခါဇူကာဇဲက ထိုလူများကို ကြည့်ကာ ခပ်အေးအေးပင် ပြန်လည်တုံ့ပြန်လိုက်သည်။ သူ၏ အကြည့်မှာ သတ်ရန်ပြင်ထားသော ကြက်ကလေး၊ ငှက်ကလေးများကို ကြည့်နေသည့်အလား တည်ငြိမ်လွန်းလှရာ အမြဲတမ်း ဥပဒေမဲ့ ဗိုလ်ကျစိုးမိုးလာခဲ့သည့် ထိုလူမိုက်များကို ဒေါသအလိပ်လိပ် ထွက်သွားစေခဲ့သည်။
"သေချင်နေတာပဲ။ မင်းကို ခဏလောက် ပိုအသက်ရှင်ခွင့်ပေးမလို့ပါပဲ၊ ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ... မင်းကို အခုချက်ချင်း ငရဲပို့ပေးရမှာပေါ့...!"
"ကောင်လေး... သေပေတော့...!"
လူမိုက်ကြီးများက တပြိုင်နက်တည်း ကြုံးဝါးကာ ပြေးဝင်လာကြပြီး လက်ထဲမှ ကာတာနာဓားများကို အမြင့်သို့ မြှောက်လျက် ခါဇူကာဇဲထံသို့ ပြင်းထန်စွာ ခုတ်ချလိုက်ကြသည်။
"ရှူး..."
နောက်တစ်စက္ကန့်တွင် လေခွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ခါဇူကာဇဲသည် ညာခြေကို အနည်းငယ် နောက်ဆုတ်ကာ ကိုယ်ကို နိမ့်လိုက်ပြီး လက်ထဲမှ ဓားရှည်ကို လျင်မြန်စွာ ဝှေ့ယမ်းကာ ဦးဦးဖျားဖျား တိုက်ကွက်ဖော်ဆောင်လိုက်သည်။
ရန်သူ၏ဓားသည် ခါဇူကာဇဲ၏ ဘေးမှ ကပ်၍ လွဲချော်သွားခဲ့သော်လည်း နောက်တစ်ခဏ၌ သွေးညှီနံ့များ လေထဲတွင် ပျံ့လွင့်သွားပြီး ထိုလူမိုက်ကြီး၏ လည်ပင်းမှ သွေးများ ပန်းထွက်ကာ အားအင်ချည်းနဲ့စွာ လဲကျသွားတော့သည်။
ရဲရဲနီသော သွေးစက်များကို မြင်တွေ့ရသည့် အခိုက်အတန့်တွင်မှ ထိုလူအုပ်ကြီးသည် မိမိတို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရသည်ကို သဘောပေါက်လာကြသည်။ သို့သော်လည်း ၎င်းတို့၏ အသိဉာဏ်မှာ နောက်သို့ လှည့်ပြေးရလောက်အောင်အထိ လင်းပွင့်မလာသေးချေ။ သို့မဟုတ်ပါက ၎င်းတို့သည် ချက်ချင်းပင် လှည့်ပြေးကြပေလိမ့်မည်။
"ခေါင်းဆောင် မာဆုဘာရာ သေသွားပြီ...! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...!"
"ဒီကောင်လေးက မလွယ်ဘူး၊ အားလုံး အတူတူ တက်ကြစမ်း...!"
"သတ်ဟေ့...!"
လူမိုက်အချို့က အော်ဟစ်ကာ ခါဇူကာဇဲထံသို့ တဟုန်ထိုး ပြေးဝင်သွားကြပြီး လက်ထဲမှ ကာတာနာဓားများကို ဝှေ့ယမ်းလျက် ခါဇူကာဇဲ၏ ခန္ဓာကိုယ်ရှိ အချက်အချာကျသော နေရာများကို ဆက်တိုက် ခုတ်ပိုင်းကြတော့သည်။
သို့သော်လည်း ထိုလူများ၏ လှုပ်ရှားမှုနှုန်းမှာ ခါဇူကာဇဲ၏ မျက်ဝန်းထဲတွင် နှေးကွေးလွန်းလှပေသည်။ သူ၏ 'ဟာကီ' ကျင့်စဉ် အာရုံခံနိုင်စွမ်းကြောင့် ရန်သူများ၏ ပြင်းထန်လှသော ဓားကွက်များမှာ အလွန်အမင်း နှေးကွေးနေသကဲ့သို့ ခံစားရစေသည်။ သူသည် ကိုယ်ကို ဘေးသို့စောင်းခြင်း၊ နောက်ဆုတ်ခြင်းတို့ဖြင့် ဓားချက်များကို ဆက်တိုက် ရှောင်တိမ်းကာ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်ပတ်လျက် လက်ထဲမှ ဆောင်းဦးရေလှိုင်း (ရှူဆုအိ) ဓားမြတ်ဖြင့် လူသုံးဦး၏ အသက်ကို တစ်ပြိုင်နက်တည်း ခြွေယူလိုက်သည်။
သူသည် ဓားကို နောက်တစ်ကြိမ် ထပ်မံဝှေ့ယမ်းကာ နောက်ထပ်လူတစ်ဦးကို သတ်ဖြတ်လိုက်ပြီး ကျန်ရှိနေသော နောက်ဆုံးလူထံသို့ ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှည့်လျက် ဆောင်းဦးရေလှိုင်းဓားကို နောက်ပြန်ထိုးသွင်းလိုက်ရာ ထိုလူ၏ ဝမ်းဗိုက်သို့ စူးစိုက်ဝင်ရောက်သွားခဲ့သည်။
မျက်တောင်တခတ်အတွင်းမှာပင် အသက်ငါးချောင်းမှာ ခါဇူကာဇဲ၏ ဓားအောက်တွင် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။ ခါဇူကာဇဲသည် ဓားကို ပြန်လည်ဆွဲထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းများကို တစ်ချက်မျှပင် ငဲ့မကြည့်ဘဲ လက်ကို ခါထုတ်လိုက်ရာ ဓားသွားထက်မှ သွေးစက်များမှာ မြက်ခင်းပြင်ပေါ်သို့ စီးကျသွားခဲ့သည်။
"ထပ်လာကြဦးလေ... အမှိုက်ကောင်တွေ...!"
ခါဇူကာဇဲသည် ထိုလူအုပ်ကြီးကို စိုက်ကြည့်ကာ အေးစက်တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ သို့သော် ထိုအလွန်အမင်း တည်ငြိမ်လွန်းသော မျက်ဝန်းများက လူအုပ်ကြီးကို မသိစိတ်မှ အနောက်သို့ ဆုတ်ခွာလိုစိတ်များ ဖြစ်ပေါ်စေခဲ့သည်။
ဤအခိုက်အတန့်တွင် ၎င်းတို့၏ မျက်နှာထက်မှ လှောင်ပြုံးများ အားလုံး ကွယ်ပျောက်သွားပြီး ယင်းအစား ကြောက်ရွံ့မှုများက နေရာယူလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော စက္ကန့်ပိုင်းကတင် မိမိတို့နှင့်အတူ ရယ်မောနေခဲ့သော လုပ်ဖော်ကိုင်ဖက်များမှာ ယခုအခါ သွေးအိုင်ထဲတွင် လဲလျောင်းနေကြပြီ ဖြစ်ရာ ထိုကဲ့သို့သော မြင်ကွင်းက ၎င်းတို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
"တက်ကြစမ်း... သူ့ကို သတ်ပစ်ကြ၊ သူက နင်ဂျာဖြစ်နေရင်တောင် အမွှေးမစုံသေးတဲ့ ကလေးပဲ ရှိသေးတာ... သူ ဒီလောက်အကြာကြီး မတောင့်ခံနိုင်ပါဘူး။" လူအုပ်ထဲမှ တုတ်ကောက်ကိုင်ထားသော အဖိုးအိုတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော် သူ၏အော်ဟစ်သံမှာ အရာမထင်ခဲ့ချေ။ ယင်းအစား ခါဇူကာဇဲ၏ အေးစက်တည်ငြိမ်သော အကြည့်အောက်တွင် လူအများစုမှာ အနောက်သို့ပင် တစ်လှမ်းချင်း ဆုတ်ခွာသွားကြသည်။
"တောက်... သူရဲဘောကြောင်တဲ့ကောင်တွေ၊ သွားကြစမ်း..."
ဤမြင်ကွင်းကို ကြည့်ပြီး ထိုစစ်ဗျူဟာမှူးမှာလည်း ပိုမိုဒေါသထွက်လာခဲ့သည်။ သို့သော် ဤကဲ့သို့သော လူစုလူဝေးတွင် သစ္စာရှိမှုနှင့် ရဲရင့်မှုဟူသည် ရှာဖွေ၍မရနိုင်ကြောင်း သူ ကောင်းစွာသိရှိသဖြင့် ချက်ချင်းပင် ဗျူဟာပြောင်းကာ အော်ဟစ်လိုက်သည်။ "သူ့ကို သတ်နိုင်တဲ့သူကို ဆုကြေး ယန်းငါးသိန်း ပေးမယ်...။ တက်ကြစမ်း... ဘယ်သူပဲဖြစ်ဖြစ် ထွက်ပြေးဖို့ ကြိုးစားရင် ဂိုဏ်းစည်းကမ်းအရ ကွပ်မျက်ပစ်မယ်။"
ယန်းငါးသိန်းဟူသော ပမာဏမှာ သေးငယ်သောပမာဏ မဟုတ်ပေ။ ဤခေတ်ကာလ၏ ငွေကြေးတန်ဖိုးအရ ဆိုပါက အလွန် ကြောက်မက်ဖွယ်ကောင်းသော ပမာဏ ဖြစ်သည်။
"ဆုကြေးကြီးလျှင် ရဲရင့်သူ ပေါ်ထွက်လာစမြဲ" ဟူသော စကားအတိုင်း ထိုအဖိုးအို၏ ကြီးမားလှသော အကျိုးအမြတ်ဖြင့် မက်လုံးပေး ခြိမ်းခြောက်မှုကြောင့် မည်သူမျှ နောက်မဆုတ်ရဲကြတော့ချေ။ နောက်မဆုတ်ရဲကြရုံသာမက ဥပဒေပပကံ လူမိုက်အချို့မှာမူ သွေးကြွလာကြပြန်သည်။
"အားလုံး အတူတူ တက်ကြစမ်း...! ဒီကောင်လေးကို သတ်ပစ်ကြ...!"
"သတ်ဟေ့...!"
လူအုပ်ကြီးသည် နောက်တစ်ကြိမ် ပြေးဝင်လာကြပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းတို့သည် ယခင်ကထက် ပိုမိုပါးနပ်လာကြပြီး စနစ်တကျမရှိဘဲ တိုးဝှေ့ဝင်ရောက်ခြင်းမျိုး မဟုတ်တော့ဘဲ အပြန်အလှန် ပူးပေါင်းကာ နေရာလုလျက် ခါဇူကာဇဲကို ဝိုင်းရံတိုက်ခိုက်ကြတော့သည်။
ထိုအခါ ခါဇူကာဇဲအတွက်လည်း ဖိအားများ ပိုမိုများပြားလာခဲ့သည်။ အနည်းဆုံးတော့ ယခုကဲ့သို့ အခြေအနေမျိုးတွင် ဤလူများကို အချိန်တိုအတွင်း အပြတ်ရှင်းပစ်ရန် မဖြစ်နိုင်တော့ချေ။ သူသည် ဆောင်းဦးရေလှိုင်းဓားကို ဝှေ့ယမ်းလျက် မိမိကို အဆက်မပြတ် ဝိုင်းရံလာသော ရန်သူများကို အနောက်သို့ ဆုတ်ခွာရင်း ခုခံတိုက်ခိုက်နေရသည်။
ဆောင်းဦးရေလှိုင်းဓားသည် လေထဲတွင် စဉ်ဆက်မပြတ် ဝှေ့ယမ်းနေပြီး ပုံရိပ်များမှာလည်း လျှပ်စီးပမာ လက်ပတ်နေကာ လက်နက်ချင်း ထိခတ်မိသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
ခါဇူကာဇဲ၏ ဓားအောက်တွင် လူအချို့ ဆက်တိုက်လဲကျနေဆဲ ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများမှာ ယခင်ကဲ့သို့ လွယ်ကူသက်သာခြင်း မရှိတော့ချေ။
ခါဇူကာဇဲသည် လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံထားရသလို၊ တံတားပေါ်တွင်လည်း ဆာစကေးနှင့် နာရူတိုတို့သည် ဟာကုနှင့် လုံးထွေးနေကြဆဲဖြစ်ပြီး ကာကာရှီသည်လည်း ဇာဘူဇာနှင့် ပြင်းထန်စွာ တိုက်ခိုက်နေရသည်။
............................................
တံတားအောက်ခြေ။
ရေပြင်ထက်တွင် ကာကာရှီသည် ကူနိုင်းကို ကိုင်ဆောင်လျက် တစ်ဖက်မှ ရန်သူကို သတိကြီးစွာ စိုက်ကြည့်နေသည်။ ကူနိုင်းထက်မှ ရေစက်များမှာ ရေပြင်ပေါ်သို့ တောက်တောက်ကျနေဆဲ ဖြစ်သည်။
"ကြည့်ရတာ... ငါ အလုပ်နည်းနည်း သွက်သွက်လုပ်ရတော့မယ့်ပုံပဲ၊ စိတ်မရှိပါနဲ့ကွာ...!"
"ဒီလိုအချိန်အထိ မင်းက လေကြီးနေတုန်းပဲလား။"
ဇာဘူဇာက အေးစက်စွာ ပြောဆိုလိုက်သည်။ စကားသံပင် မဆုံးသေးခင်မှာပင် သူ၏ ခြေလှမ်းများက ရုတ်တရက် လှုပ်ရှားသွားပြီး ရေပြင်ထက်တွင် လှိုင်းတွန့်များ ထွက်ပေါ်လာကာ ခေါင်းဖြတ်ဓားကြီးကို နောက်တစ်ကြိမ် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ပြန်သည်။
ကာကာရှီသည် ကိုယ်ကို ဝပ်ချလျက် ဓားချက်ကို ရှောင်တိမ်းလိုက်သော်လည်း ဇာဘူဇာက အခွင့်အရေးကို လက်မလွှတ်ဘဲ နောက်ထပ် ကန်ချက်တစ်ခု ထပ်မံဆွဲထည့်လိုက်ပြန်သည်။ ကာကာရှီက မိမိ၏လက်မောင်းဖြင့် ခုခံကာကွယ်ရင်း အခွင့်ကောင်းကို အသုံးချကာ ဇာဘူဇာ၏ အောက်ပိုင်းကို ခြေလှမ်းဖြင့် လှမ်းပိတ်လိုက်သည်။ ထိုအခါ ဇာဘူဇာသည် ရုတ်တရက် အပေါ်သို့ ခုန်ပျံလျက် အနောက်သို့ ဆုတ်ခွာကာ ခြေလှမ်းကို ရှောင်တိမ်းပြီးနောက် သူ၏နောက်ကွယ်မှ ရေပြင်ထက်သို့ ပြန်လည်ဆင်းသက်လိုက်သည်။
ထိုအခိုက်တွင် ကာကာရှီသည် မိမိ၏ အရည်အချင်းကို ထပ်မံဖုံးကွယ်မထားတော့ဘဲ မျက်လုံးတစ်ဖက်ကို ပိတ်ဆို့ထားသည့် နင်ဂျာနဖူးစီးကို ဖြည်းညှင်းစွာ ပင့်တင်လိုက်သည်။ နဖူးစီးအောက်မှ ရဲရဲနီသော ‘အနီရောင်သုံးပွင့် ရှာရင်ဂန် ’ သည် နောက်ဆုံးတွင် ၎င်း၏ စစ်မှန်သော ရုပ်သွင်ကို ထုတ်ဖော်ပြသလာခဲ့ပြီ ဖြစ်သည်။
"ရှာရင်ဂန်လား။ ဟဲဟဲ... ငါ ကာကာရှီရဲ့ နာမည်ကို ကြားဖူးတာ ကြာလှပြီ၊ ဘာလို့ ကြိုတင်ပြင်ဆင်မှု မရှိဘဲ လာပါ့မလဲ။ ကာကာရှီ... မင်းရဲ့ လှည့်ကွက်အသေးအဖွဲတွေကို ငါ အကုန်လုံး ကြိုသိပြီးသားပဲ။"
ဇာဘူဇာက သရော်သံဖြင့် ပြောဆိုရင်း လက်ဟန်များကို လျင်မြန်စွာ ပြောင်းလဲလိုက်ရာ ပတ်ပတ်လည်ရှိ ရေပြင်မှ မြူခိုးများမှာ နောက်တစ်ကြိမ် ပြင်းထန်စွာ ထွက်ပေါ်လာပြန်သည်။
"ရေအတတ်... မြူခိုးဖုံးလွှမ်းခြင်း အတတ် ...!"
မြူခိုးများက တစ်ဖက်တွင် ပြန်လည်ဖုံးလွှမ်းသွားခဲ့ရာ ရှာရင်ဂန်မျက်ဝန်း တစ်ခုတည်းဖြင့် ထိုထူထပ်လှသော မြူခိုးများကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိချေ။
အကယ်၍ ဤမြူခိုးများကို ဖောက်ထွင်းမမြင်နိုင်ပါက ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေတွင် ဇာဘူဇာ၏ 'အသံတိတ် သတ်ဖြတ်ခြင်း' အတတ်ပညာမှာ ၎င်း၏ စစ်မှန်သော စွမ်းပကားကို ပြသနိုင်တော့မည် ဖြစ်သည်။
မြူခိုးများ တဖြည်းဖြည်း မြင့်တက်လာပြီး ဇာဘူဇာ၏ ပုံရိပ်မှာ ကာကာရှီ၏ မြင်ကွင်းထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။ ရှာရင်ဂန်မျက်ဝန်း ရှိနေသော်လည်း အမြင်အာရုံ ဆုံးရှုံးသွားရသည့်အခါ ဇာဘူဇာသည် ဤလောကမြေကြီးထဲတွင် လုံးဝ ကွယ်ပျောက်သွားသည့်အလား ထင်မှတ်ရသည်။
ရုတ်တရက် ကာကာရှီသည် ခန္ဓာကိုယ်ကို အရှိန်ပြင်းစွာ အနောက်သို့ လွှဲလိုက်သော်လည်း ဓားကြီးတစ်စင်းက သူ၏ ရင်ဘတ်ကို ဖြတ်သန်းခုတ်ပိုင်းသွားခဲ့ပြီး ဖြစ်သည်။ ကာကာရှီ အရှိန်သတ်လိုက်သည့်အခါ သူ၏ ရင်ဘတ်မှ အဝတ်အစားများ ဆုတ်ပြဲသွားပြီး သွေးများ စိမ့်ထွက်လာခဲ့သည်။
နင်ဂျာများ၏ တိုက်ပွဲဟူသည် တစ်ခါတစ်ရံတွင် မျက်တောင်တခတ်အတွင်းမှာပင် အသက်နှင့်ခန္ဓာကို ခွဲခွာသွားစေနိုင်သည်။
ဇာဘူဇာ၏ အသံတိတ် သတ်ဖြတ်ခြင်း အတတ်ပညာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ရှာရင်ဂန်မျက်ဝန်းဖြင့်ပင် သဲသဲကွဲကွဲ မမြင်နိုင်ရုံမျှမက သူ၏ ခြေလှမ်း၊ လှုပ်ရှားမှုနှင့် နှလုံးခုန်သံတို့ကိုပါ ဇာဘူဇာက ပါးနပ်စွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် ယခုအခါတွင် ကာကာရှီသည် မျက်စိကန်း၊ နားပင်းနေသူတစ်ဦးကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ကာကာရှီသည် မည်မျှပင် သန်မာထွားကျိုင်းပြီး နင်ဂျုဆု အမြောက်အမြားကို တတ်မြောက်ထားပါစေ၊ ယခုကဲ့သို့ မျက်စိကန်း၊ နားပင်းနေသည့် အခြေအနေမျိုးတွင် ဖိအားပေးခြင်းကိုသာ ခံရပေလိမ့်မည်။
ထို့ပြင် အကယ်၍ သူသည် ဤအခြေအနေကို အမြန်ဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာမတွေ့ပါက ကာကာရှီအနေဖြင့် အသက်ပျောက်သွားနိုင်ခြေ ရှိပေသည်။
ဇာဘူဇာသည် မည်မျှပင် ဖြစ်ပါစေ သူသည် လုံးဝ အားနည်းသူ မဟုတ်ချေ။ သာမန် ဂျိုနင် (အထက်တန်းစားနင်ဂျာ) များမှာ သူ၏ ပြိုင်ဘက် မဟုတ်ကြချေ။ သူသည် ခါဇူကာဇဲနှင့် ရင်ဆိုင်ရစဉ်ကသာ ထိုမျှ အရှက်ရခဲ့ခြင်းဖြစ်ပြီး၊ အမှန်စင်စစ် ခါဇူကာဇဲ၏ စွမ်းရည်မှာ ပုံမှန်ထက် ထူးကဲလွန်းနေသောကြောင့်သာ ဖြစ်သည်။ အခြားသူများနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ ဇာဘူဇာသည် ၎င်း၏ စစ်မှန်သော ဘုရင်တစ်ပါးပမာ စွမ်းပကားကို ပြသနိုင်စမြဲ ဖြစ်ပေသည်။ သူကား အခြားသူမဟုတ်... ‘မိုမိုချီ ဇာဘူဇာ’ ပင် ဖြစ်တော့သတည်း။