လက်ထဲမှ ဖုန်းကို ချလိုက်ရင်း သူ၏ မျက်ဝန်းအစုံတွင် လှောင်ပြောင်သရော်သည့် အပြုံးတစ်ခု ဖြစ်ထွန်းသွားသည်။
“စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်...”
“ဟာကု... ပြင်ဆင်ထားလိုက်တော့၊ ငါတို့ ကာကာရှီတို့အဖွဲ့နဲ့ နောက်တစ်ခေါက် ပြန်ချရမယ်”
“ဟုတ်ကဲ့ပါ၊ ဇာဘူဇာသခင်”
ကျင့်စဉ် လေ့ကျင့်နေသည့် ဟာကုသည် ဇာဘူဇာ၏ စကားကို ကြားသော်လည်း တစ်ခွန်းမျှ ပြန်လည်မေးမြန်းခြင်း မရှိဘဲ ခေါင်းငြိမ့်နာခံလိုက်သည်။
ခြံဝင်းအတွင်း၌ ကူနိုင်းပစ်ခတ်ခြင်းကို လေ့ကျင့်နေသည့် မြောင်ယု၏ မျက်ဝန်းတွင်မူ ဇဝေဇဝါဖြစ်သွားရပြီး မလှမ်းမကမ်းရှိ ဟာကုကို လှမ်းကြည့်လိုက်သည်။ ဟာကုကမူ သူမကို ကြင်နာစွာ ပြုံးပြရင်း—
“ဘာမှမဖြစ်ပါဘူး” ဟု ဟု ဆိုလိုက်သည်။
မြောင်ယုက အသာအယာ ခေါင်းငြိမ့်ပြပြီး ဆက်၍မမေးတော့ပေ။ သို့သော်လည်း ဟားကုသည် မြောင်ယု၏ စိုးရိမ်ပူပန်မှုကို ရိပ်မိသဖြင့် ဇာဘူဇာကို လှမ်း၍ မေးမြန်းလိုက်သည်။
“ဇာဘူဇာသခင်... ကာဒိုလည်း သေသွားပြီပဲဟာ၊ ငါတို့က ဘာဖြစ်လို့ ကာကာရှီတို့နဲ့ ထိပ်တိုက်တွေ့အောင် ပြန်လုပ်နေရဦးမှာလဲခင်ဗျာ”
“ဟာကု... မင်း မေးခွန်းတွေ သိပ်များနေပြီ!” ဇာဘူဇာက အေးစက်စက် လေသံဖြင့် ဖြတ်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ...” ဟာကုသည် ခေါင်းငုံ့သွားပြီး ဆက်မမေးရဲတော့ပေ။
သို့သော်လည်း ဇာဘူဇာက သူ၏ သံသယကို ဖြေဖျောက်ပေးလိုသည့်နှယ် အေးအေးလူလူပင် ဆက်ပြောပြလာသည်။
“အီနိုအာ လို့ခေါ်တဲ့ ကောင်တစ်ကောင်က ကာဒိုရဲ့ နေရာကို ဆက်ခံလိုက်တယ်လေ။ အဲဒီကောင်ကလည်း အနှစ်သာရမရှိတဲ့ တံတားပျက်ကြီးကို ဖျက်ဆီးပစ်ချင်နေတာပဲ။ တကယ်ကို ရယ်ချင်စရာကောင်းတဲ့ ကောင်တွေ... သူတို့က ‘မျှော်လင့်ချက်’ လို့ခေါ်တဲ့ အရာကို အသည်းအသန်ကို မုန်းတီးနေကြတာပဲ”
ဇာဘူဇာ၏ စကားကို ကြားရသောအခါ ဟားကု၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဇာဘူဇာသည် အမြဲတမ်း အေးစက်ခက်ထန်နေတတ်သော်လည်း သူကမူ ယခုကဲ့သို့ ဆက်ဆံရေးပုံစံကို ကျင့်သားရနေပြီ ဖြစ်သည်။
“မြောင်ယု... ငါတို့နဲ့ တူတူလိုက်ခဲ့မလား” ဟာကုက မြောင်ယုကို ပြုံးလျက် လှမ်းခေါ်လိုက်သည်။
မြောင်ယု ခေါင်းငြိမ့်ပြလိုက်သည်။ သူမအနေဖြင့် မျှော်လင့်ချက်တို့၊ တာဝန်တို့ ဆိုသည်ကို စိတ်မဝင်စားသော်လည်း ခါဇူကာဇဲနှင့် မတွေ့ရသည်မှာ ရက်အတော်ကြာပြီဖြစ်သဖြင့် တကယ်ပင် သတိရနေမိသည်။
ယခုတလော ဟာကုနှင့် အတူရှိနေစဉ်အတွင်း မြောင်ယုသည် ခါဇူကာဇဲနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို သိရှိခဲ့ရသည်။ သူသည် ကိုနိုဟာရွာမှ အလွန်အစွမ်းထက်သည့် ကလေးငယ်တစ်ဦး ဖြစ်သည်ဟူ၍သာ သိရပြီး ထိုထက်ပို၍ အသေးစိတ်ကိုမူ ဇာဘူဇာကိုယ်တိုင်ပင် သဲသဲကွဲကွဲ မသိချေ။ အဆုံးတွင်မူ ဇာဘူဇာသည် သစ္စာဖောက်နင်ဂျာတစ်ဦးမျှသာ ဖြစ်သဖြင့် ပြည့်စုံသော သတင်းအချက်အလက် အရင်းအမြစ် မရှိပေ။ သတင်းလမ်းကြောင်း ရှိလျှင်ပင် အခြေခံမရှိသည့် ကလေးတစ်ယောက်၏ အကြောင်းကို အသေးစိတ် စုံစမ်းရန် မလွယ်ကူလှချေ။
ဆည်းဆာနေရောင် ဖြာကျနေသည့် တံတားကြီးပေါ်တွင် ဒါနာဇ်သည် ညာလက်ဖြင့် တူကို ကိုင်ထားပြီး ဘယ်လက်ဖြင့် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ထို့နောက် အခြားသူများကို လှမ်းကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဒီနေ့အတွက်တော့ ဒီလောက်ပဲဗျာ။ အားလုံး အိမ်ပြန်နားလို့ရပြီ။ ဒါပေမဲ့ မနက်ဖြန် တံတားကြီး အပြီးသတ်မှာကိုတော့ မမေ့ကြနဲ့ဦးနော်၊ နောက်မကျစေနဲ့ဦး”
“ဟုတ်ကဲ့ပါဗျာ...”
လူတိုင်းက တညီတညွတ်တည်း ပြန်လည် ထူးကြသည်။ ၎င်းတို့၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲရွှဲစိုနေပြီး မျက်နှာများတွင်လည်း ပင်ပန်းနွမ်းနယ်မှုများ အထင်အရှား ပေါ်လွင်နေသော်လည်း မကြာမီ ပြီးစီးတော့မည့် တံတားကြီးကို ကြည့်ရင်း မျှော်လင့်ချက်အပြည့် ရှိနေကြသည်။ အဆုံးတွင်မူ သူတို့သည် အောင်မြင်မှုနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ မဟုတ်ပါလော။
လူစုခွဲကာ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်စုဖြင့် ရယ်မောပျော်ရွှင်စွာ မိမိတို့အိမ်သို့ ပြန်သွားကြသည်။ သို့သော်လည်း လောကကြီးတွင် အရာရာသည် အမြဲတမ်း စိတ်တိုင်းကျ ဖြစ်မလာတတ်ကြောင်းကိုမူ သူတို့ လုံးဝ ရိပ်မိခြင်း မရှိကြပေ။
ဒါနာဇ်သည် အိမ်သို့ ပြန်ရောက်သောအခါ တံတားကြီး မကြာမီ ပြီးစီးတော့မည့် သတင်းကို ပြောပြလိုက်သည်။ အရက်သမားကြီး ဖြစ်သည့် သူသည် ယနေ့တွင်မူ ထူးထူးခြားခြား အရက်မသောက်ဘဲ ကာကာရှီတို့ အဖွဲ့လေးယောက်ကို စိတ်အားထက်သန်စွာဖြင့် ပုံပြင်များ ပြောပြနေပြီး ထိုလေးယောက်ကလည်း စိတ်ဝင်တစား နားထောင်နေကြသည်။
နောက်ဆုံးတွင် ဒါနာဇ်သည် မျက်နှာတွင် အပြုံးတစ်ခုဖြင့် လေးယောက်လုံးကို ကြည့်ကာ ထရပ်လိုက်ပြီး လေးလေးနက်နက် အရိုအသေပြုကာ ဦးညွှတ်လိုက်သည်။
“မင်းတို့ လေးယောက်လုံးကို တကယ် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒီတံတားကြီးက ဘယ်လိုမှ ပြီးစီးနိုင်မှာ မဟုတ်ဘူး။ မင်းတို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ မနက်ဖြန်မနက်မှာ ဒီ ‘မျှော်လင့်ချက်’ တံတားကြီးရဲ့ ဖွင့်ပွဲအခမ်းအနားကို သက်သေအဖြစ် တက်ရောက်ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒါက သိပ်ကို အရေးကြီးလို့ လေးယောက်လုံး မပျက်မကွက် တက်ရောက်ပေးကြပါဗျာ”
“ဟာသ... အဘိုးကြီးက ရုတ်တရက်ကြီး တည်ငြိမ်သွားတော့ ကျွန်တော်ဖြင့် အသားမကျချင်ဘူး” နာရူတိုသည် ခေါင်းနောက်ဘက်ကို ကုတ်ရင်း တဟားဟား ရယ်မောလိုက်သည်။ “ဒါဆိုရင်တော့ ကျွန်တော်တို့ သဘောတူတယ်ဗျာ”
“မင်းကသာ သဘောတူတာ၊ ငါတို့က သဘောမတူရသေးဘူး” ဆာစကေးက အေးစက်စက် ပြောလိုက်သည်။
“ဒီကောင် ဆာစကေး... မင်းက ငါ့ကို ခွန်းတုံ့ပြန်ပြန်ပြီလား။ ပြီးတော့ မင်းတစ်ယောက်တည်း သဘောမတူရုံနဲ့ ရမလား။ ဟုတ်တယ်မလား ခါဇူကာဇဲ!” နာရူတိုသည် ဆာစကေးကို ဒေါသတကြီး စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်ပြီးနောက် ခါဇူကာဇဲဘက်သို့ လှည့်ကာ ‘မင်း ငါ့ဘက်ကနေ ကူပြောရမယ်’ ဟူသော အကြည့်မျိုးဖြင့် ကြည့်လာရာ ခါဇူကာဇဲခမျာ အောင့်သက်သက်နှင့် ရယ်ချင်စိတ်ကို အောင့်ထားရသည်။
တစ်ချိန်တည်းမှာပင် ဆာစကေးသည်လည်း ခါဇူကာဇဲကို ဘာမှမပြောဘဲ ကြည့်လိုက်သော်လည်း ၎င်း၏အဓိပ္ပာယ်မှာ အထင်အရှားပင် ဖြစ်သည်။
ဤကဲ့သို့ ကြားညပ်နေသည့် ခံစားချက်ကို ခါဇူကာဇဲသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အတော်လေး ခံစားခဲ့ရဖူးသည်။ အစပိုင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးခဲ့သော်လည်း အတွေ့အကြုံများလာသောအခါ အဖြေကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူက ကာကာရှီကို ပြုံးလျက် ကြည့်ကာ—
“ကာကာရှီဆရာပဲ ဆုံးဖြတ်ပါတော့!” ဟု ဆိုလိုက်သည်။
“ငါ့ကို ဆုံးဖြတ်ခိုင်းတာလား...” ကာကာရှီက တိုးတိုးရေရွတ်ရင်း လက်ကိုဆန့်ကာ ဆံပင်ကို သပ်လိုက်သည်။ ထို့နောက် ဒါနာဇ်၏ တည်ကြည်သော မျက်နှာကို ကြည့်ကာ အလေးအနက် တွေးတောလျက် ခေါင်းငြိမ့်ပြလိုက်သည်။ “ဒါဆိုရင်တော့ ကျွန်တော်တို့ နှောင့်ယှက်ရတာပေါ့”
“မနှောင့်ယှက်ပါဘူး... ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါဗျာ” ဒါနာဇ်က အလွန်တရာ တောက်ပစွာ ပြုံးလျက် ရယ်မောလိုက်သည်။
မနက်ဖြန်တွင် တံတားကြီး ပြီးစီးတော့မည်ဖြစ်ရာ လေးယောက်လုံးကို ကျေးဇူးတင်ခြင်းမှာ တစ်ဖက်၊ အကယ်၍ မနက်ဖြန်တွင် တစ်ခုခု တကယ်ဖြစ်လာခဲ့လျှင် ဤလူများ ရှိနေခြင်းက ပို၍ ဘေးကင်းလိမ့်မည်ဟု သူက မျှော်လင့်ထားခြင်း ဖြစ်သည်။ အဆုံးတွင်မူ ရက်အတော်ကြာ အခင်းအကျင်းမရှိ ငြိမ်သက်နေခြင်းသည် မနက်ဖြန်တွင် အန္တရာယ်မရှိနိုင်ဟု မဆိုလိုပေ။ ဤလေးယောက် ရှိနေခြင်းက သူ့ကို ပို၍ စိတ်အေးစေသည်။
ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် လူအနည်းငယ်သည် အခန်းသို့ ပြန်ကာ လှဲလျောင်း အနားယူကြသည်။ လေ့ကျင့်ခန်းများကြောင့် အလွန်ပင်ပန်းနေသဖြင့် နာရူတိုဟူသော ကောင်သည် ဇောက်ထိုးမိုးမျှော် အိပ်ပျော်သွားခဲ့ပြီး ခါဇူကာဇဲနှင့် ဆာစကေးတို့လည်း ထပ်တူပင် ချက်ချင်း အိပ်ပျော်သွားကြသည်။ ကာကာရှီ ရှိနေသဖြင့် ခါဇူကာဇဲအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်စရာမလိုပေ။
အကယ်၍ ကာကာရှီပင် မရိပ်မိဘဲ သူတို့ကို သတ်နိုင်သည့် ရန်သူ တကယ်ရှိလာလျှင် ခါဇူကာဇဲအနေဖြင့် ဘာမျှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းသည်လည်း “လူငယ်” ဖြစ်ရခြင်း၏ အခွင့်ထူးတစ်ခုပင် မဟုတ်ပါလော။ အဆုံးတွင်မူ အပြင်လောကကို အမြဲတမ်း သတိထားနေရမည်ဆိုပါက ကောင်းမွန်စွာ အိပ်ပျော်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ညတာက တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့ မနက်စောစောတွင် နေမင်းသည် တောင်တန်းများ နောက်ကွယ်မှ အရှေ့ဘက်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာကာ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ အလင်းရောင်များ ဖြာကျလာသည်။
အလင်းရောင်သည် လူအချို့အပေါ်သို့ ကျရောက်ကာ အိပ်ပျော်နေသော သုံးယောက်ကို နှိုးလိုက်သည်။ အတိအကျပြောရလျှင် နှစ်ယောက်ဟု ဆိုရမည်၊ အကြောင်းမူကား နာရူတိုသည် အလွန်ပင် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ဖြစ်သောကြောင့်ပင်။
ခါဇူကာဇဲသည် ထိုကောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆာစကေးကို ကြည့်ကာ မျက်ရိပ်ပြလိုက်သည်။
ဆာစကေးသည် တိတ်တဆိတ် နာရူတို၏ နံဘေးသို့ တိုးကပ်သွားပြီး—
ဖုန်း...
ကန်ချက်တစ်ချက်နှင့်အတူ နာရူတိုသည် မြောက်ဘက်ဆီသို့ နှစ်မီတာခန့် တိုက်ရိုက် လွင့်ထွက်သွားသည်။ ဆာစကေးသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော နှုန်းဖြင့် သူ၏ အိပ်ရာသို့ ပြန်သွားကာ မျက်လုံးကို မှိတ်လျက် အိပ်ချင်ယောင်ဆောင်လိုက်သည်။ ထိုအရှိန်အဝါနှင့် ထိုသရုပ်ဆောင်ချက်မှာ အုချီဟာ မျိုးနွယ်စုဝင်ပီသသည်ဟု ဆိုရပေမည်။
“ဘယ်ကောင် ငါ့ကို ကန်လိုက်တာလဲ!”
ထိုကန်ချက်ကြောင့် နာရူတို၏ အိပ်ချင်စိတ်များ ချက်ချင်း လွင့်ပျယ်သွားပြီး မသိစိတ်အရ အော်ဟစ်ကာ ထထိုင်လိုက်သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ခါဇူကာဇဲကို သံသယစိတ်ဖြင့် ကြည့်လိုက်ပြီးနောက် ဆာစကေးကို ပြန်ကြည့်သည်။
အိပ်ပျော်နေသည့် နှစ်ယောက်ကို ကြည့်ရင်း နာရူတိုသည် သူ၏ခေါင်းကို ကြောင်တောင်တောင်ဖြင့် ကုတ်ကာ တိုးတိုးရေရွတ်လိုက်သည်။
“အိပ်မက်ဆိုး မက်တာများလား... မဖြစ်နိုင်တာ!”
ထို့နောက် ဆာစကေးက မျက်လုံးကို အသာအယာ ဖွင့်လိုက်ပြီး ခါဇူကာဇဲသည်လည်း အိပ်ရာမှ လန့်နိုးလာသည့် ပုံစံမျိုးဖြင့် ပျင်းရိပျင်းတွဲ ထိုင်လိုက်သည်။
“မနက်စောစောစီးစီး နာရူတို... မင်း ဘာတွေ အော်နေတာလဲ!”
“ငါ့ကို တစ်ယောက်ယောက် ကန်လိုက်သလို ခံစားရလို့... ထားလိုက်ပါတော့၊ အိပ်မက် ထင်ပါတယ်” နာရူတိုက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်က အဘယ်ကြောင့် နာကျင်နေရသနည်းဟု တွေးတောနေမိသည်။
ဘေးနားတွင် ဆာစကေးသည် သူ၏ အပြုံးကို အတတ်နိုင်ဆုံး အောင့်ထားသော်လည်း နာရူတိုက သူ့ကို စောင်းငဲ့ကြည့်လိုက်သောအခါ မအောင့်နိုင်တော့ဘဲ ပါးစပ်ထောင့်များ တွန့်ကွေးသွားကာ ပြုံးမိသွားသည်။
“ကောင်းပြီလေ! တကယ်ပဲ မင်းကိုး၊ ဒီကောင် ဆာစကေး!” နာရူတိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ခါဇူကာဇဲ ပေးတဲ့ အကြံဉာဏ်ပဲ” ဆာစကေးက တုံ့ဆိုင်းခြင်းမရှိဘဲ ခါဇူကာဇဲကို ချက်ချင်းပင် ရောင်းစားလိုက်သည်။
နာရူတိုသည် ခါဇူကာဇဲကို လှည့်ကြည့်ရာ ခါဇူကာဇဲက ခေါင်းကို အမြန်ခါယမ်းရင်း—
“ငါ မလုပ်ဘူး၊ ငါ မဟုတ်ဘူး၊ ငါ့ကို မကြည့်နဲ့” ဟု ငြင်းဆိုလိုက်သည်။
“ကောင်းပြီ! မင်းတို့ နှစ်ကောင်... ပေါင်းပြီး ငါ့ကို အနိုင်ကျင့်တယ်ပေါ့။ ငါ့ကို အသနားခံစေရမယ်၊ ကြည့်ထားလိုက်” နာရူတိုက ကြမ်းကြမ်းတမ်းတမ်း ခြိမ်းခြောက်ရင်း ခေါင်းအုံးကို ကောက်ကိုင်ကာ စတင် တိုက်ခိုက်တော့သည်။
သုံးယောက်သား အခန်းထဲတွင် လိုက်တမ်းပြေးတမ်း ကစားရင်း ဆူညံသံများက အဝေးသို့ ပျံ့လွင့်သွားသည်။
အတွင်းမှ လှုပ်ရှားမှုများကို ကြားရသောအခါ ကာကာရှီသည် တံခါးကို တွန်းဖွင့်လိုက်ပြီး သုံးယောက်လုံးကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“မနက်ခင်း အလှလေးပါ... ပြင်ဆင်ပြီးရင် သွားကြစို့!”
“ဟုတ်ကဲ့ပါ ကာကာရှီဆရာကြီးခင်ဗျာ!” × ၃
“ကောင်းပြီ! ဒါဆိုရင်... သွားကြစို့!”