“သခင်... ကျွန်မတို့ အခု ဘယ်သွားကြမလဲဟင်။”
မြောင်ယုသည် ခါဇူကာဇဲနောက်မှ ထပ်ကြပ်မကွာလိုက်ရင်း လှမ်းကူတွဲရန် လက်ကမ်းလိုက်သော်လည်း ခါဇူကာဇဲက တားမြစ်လိုက်သည်။
“နေပါစေ... ငါဘာမှမဖြစ်ဘူး။” လေပြေလေညင်းတစ်ခုက သူမကို ဆီးတားလိုက်သကဲ့သို့ ခါဇူကာဇဲသည် ရှေ့သို့ ဆက်လှမ်းရင်း ဆိုလိုက်သည်။ “အရင်ဆုံး နားနားနေနေ နေလို့ရမယ့်နေရာတစ်ခု ရှာရမယ်။ ပြီးတော့ ငါ့ကို ‘သခင်’ လို့ မခေါ်ပါနဲ့၊ နာမည်အတိုင်းပဲ ခေါ်ပါ။”
“ဟုတ်ကဲ့... ခါဇူကာဇဲ... သခင်!” မြောင်ယုသည် တွေဝေသွားမိသော်လည်း နောက်ဆုံး၌ ‘သခင်’ ဟူသော စကားလုံးကို တွဲဖက်၍ ခေါ်မိရုံရှိသေးသည်။ ခါဇူကာဇဲလည်း သူမကို ဆက်၍ မပြင်ပေးတော့ဘဲ စနစ် သိုလှောင်ကန်ထဲမှ ဆေးလုံးနှစ်လုံးကို ထုတ်ယူကာ မျိုချလိုက်မှသာ ရင်ထဲ အနည်းငယ် သက်သာရာရသွားတော့သည်။
သူ အမှန်တကယ် အိမ်ပြန်ချင်သော်လည်း လက်ရှိအခြေအနေအရ ဒဏ်ရာများကို အရင်ဆုံး ကုသရန် နေရာတစ်ခု ရှာဖွေခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ နင်ဂျာတစ်ယောက်အတွက်မူ ယခုလို အခြေအနေမျိုး၌ပင် နားခိုရာနေရာရှာဖွေရန် မခက်ခဲလှပေ။
ဤနေရာသည် မြို့စွန်အရပ်ဖြစ်သဖြင့် မြို့ထဲသို့ ခဏမျှ လျှောက်လှမ်းရုံဖြင့် လူနေအိမ်ခြေများကို တွေ့ရှိနိုင်သည်။ ယခုအခါ ညဉ့်နက်သန်းခေါင်ယံ ဖြစ်သောကြောင့် သာမန်လူသားတို့သည် နှစ်ခြိုက်စွာ အိပ်မောကျနေကြပြီဖြစ်သည်။ ခါဇူကာဇဲသည် မြောင်ယုကို ခေါ်ဆောင်ကာ အိမ်ဝင်းတစ်ခုအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လိုက်ပြီး အိမ်ရှင်များကိုမူ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်သွားစေရန် ဂန်ဂျုဆု (လှည့်စားအတတ်) ကို သုံးစွဲလိုက်သည်။ ထို့နောက်တွင်မူ သူ၏ ဒဏ်ရာများကို စတင်ကုသတော့သည်။
မြောင်ယု၏ ကူညီစောင့်ရှောက်မှု၊ စနစ်မှ ပေးအပ်ထားသော မှော်ဆန်သည့် ဆေးရည်များနှင့် သူကိုယ်တိုင် ပြင်ဆင်လာခဲ့သော ဆေးလုံးများကြောင့် ဒဏ်ရာများကို ကုသရသည်မှာ သိပ်တော့ မခက်ခဲလှပေ။ အနည်းငယ် နာကျင်မှုကို ခံစားရသော်လည်း သူ ကြံ့ကြံ့ခံနိုင်၏။
တစ်ချိန်တည်းမှာပင်... ပျက်စီးယိုယွင်းနေသော အဆောက်အအုံပျက်များကြား၌ ဟာကုသည် မိုမိုချီ ဇာဘူဇာ၏ ဒဏ်ရာများကို အသည်းအသန် ကုသပေးနေရသည်။
ဇာဘူဇာ ယခင်က ရရှိထားသော ဒဏ်ရာဟောင်းများမှာ မကျက်သေးသည့်အပြင် ယခုတစ်ကြိမ် ထပ်မံရရှိသော ဒဏ်ရာများမှာ ခါဇူကာဇဲထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။ အမှန်တကယ်တော့ ဤတိုက်ပွဲတွင် ခါဇူကာဇဲက အသာစီးရခဲ့ခြင်းဖြစ်သည်။ ဇာဘူဇာသည် ဒဏ်ရာရရှိထားသဖြင့် တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းနေသည့်အပြင် သူ၏ အဓိကအတတ်ဖြစ်သော မြူခိုးအတတ်ကိုလည်း ခါဇူကာဇဲက လေဓာတ်ဖြင့် အနိုင်ယူ နှိမ်နင်းနိုင်ခဲ့သည်။ သို့မဟုတ်ပါက ခါဇူကာဇဲအနေဖြင့် ဇာဘူဇာကို အနိုင်ရရန် မလွယ်ကူဘဲ အလွန်ဆုံးရှိမှ သရေသာ ကျနိုင်ပေလိမ့်မည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အချိန်အတော်ကြာ လွန်မြောက်ပြီးနောက် ဟာကုက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဆေးထည့်ပေးပြီးသွားသောအခါမှ ဇာဘူဇာသည် နှုတ်ခမ်းကို ခက်ခဲစွာဟဟလျက် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“မင်း... သူ့နောက်ကို လိုက်သွားလို့ရတယ်နော်။”
ဟာကုသည် ဆေးဝါးကိရိယာများကို သိမ်းဆည်းရင်း အေးချမ်းစွာ ပြန်လည်ပြောကြားခဲ့သည်။
“ကျွန်တော်က သခင်ဇာဘူဇာရဲ့ လက်နက်တစ်ခုပဲ။ သခင်ဇာဘူဇာရဲ့ အနားကနေ ဘယ်တော့မှ ထွက်မသွားပါဘူး။ ဒါကြောင့် စိတ်အေးအေးထားပါ သခင်။”
ဇာဘူဇာသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။
“မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။ မင်းက လက်နက်တစ်ခုသက်သက်ပဲ၊ မင်းထက်သာတဲ့ လက်နက်ကို ငါ အချိန်မရွေး လဲလှယ်ပစ်လို့ရတယ်။”
“ဟုတ်ကဲ့ပါ သခင်ဇာဘူဇာ။” ဟာကုက ပြုံးလျက် ခေါင်းညိတ်ရှာသည်။
ဇာဘူဇာသည် နှုတ်ဆိတ်နေသော်လည်း တွေးတောမှုများစွာ ဝင်ရောက်လာကာ နှလုံးသားထဲတွင် အတွေးတစ်ခု ရုတ်ခြည်း ဖြတ်သန်းသွားခဲ့သည်။
‘တကယ်ပဲ... ဖြစ်နိုင်မလား...!’
ထိုအတွေးသည် လျှပ်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားသော်လည်း သူ့ကို အကြိမ်ကြိမ် ဆင်ခြင်တွေးတောမိစေရန် လုံလောက်ခဲ့ပေသည်။
အခြားအခန်းတစ်ခုအတွင်း၌ ခါဇူကာဇဲသည် တင်ပျဉ်ခွေထိုင်လျက် အသက်ရှူသံကို မှန်မှန် ထိန်းထားသည်။ ခန္ဓာကိုယ်အထက်ပိုင်းတွင် အဝတ်အစားမရှိဘဲ အရေးကြီးသော နေရာအချို့ကိုသာ ဖုံးအုပ်ထားပြီး တစ်ကိုယ်လုံးကိုလည်း အထူးဆေးဝါးများ သုတ်လိမ်းထားသည်။ သူ၏ သန်မာသော ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဒဏ်ရာများသည် လျင်မြန်စွာ ကျက်သွားကာ မနက်ဖြန်မနက်လင်းအားတွင်မူ အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်ချေ ရှိသည်။
မြောင်ယုသည် သူ၏ ဘေးနားတွင် ဒူးထောက်ထိုင်ရင်း ခါဇူကာဇဲကို ငေးကြည့်နေမိသည်။ သူမ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ အထင်အရှား ပေါ်လွင်နေသော်လည်း အိပ်ပျော်မသွားစေရန် အားတင်းကာ ခါဇူကာဇဲကိုသာ စောင့်ကြည့်နေရှာသည်။
“မင်း ခဏလောက် သွားနားပါလား။” ခါဇူကာဇဲက ပြောလိုက်သည်။
“အင်း...” မြောင်ယု ခေါင်းညိတ်လိုက်သော်လည်း ရွှေ့လျားရန် အစီအစဉ် မရှိသေးပေ။
ခါဇူကာဇဲလည်း သူမကို ထပ်မံအတင်းအကျပ်မဆိုတော့ဘဲ မျက်လုံးများကို မှိတ်ကာ အနားယူလိုက်တော့သည်။ သူ လှဲမအိပ်ချင်၍ မဟုတ်ဘဲ အချို့သော ဒဏ်ရာများမှာ မကျက်သေးသောကြောင့် ဖြစ်သည်။
မီးရောင်မှိန်မှိန်အောက်တွင် အခန်းငယ်လေးမှာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ မြောင်ယုသည် ခါဇူကာဇဲ၏ မျက်နှာကို ငေးမောရင်း သူ၏ အသက်ရှူသံမှန်မှန်ကို နားထောင်နေမိရာ မျက်နှာထက်တွင် မတွေ့ရသည်ကြာပြီဖြစ်သော အပြုံးပန်းလေးတစ်ခု လင်းပွင့်လာခဲ့တော့သည်။
...............
ကျယ်ဝန်းလှသော အခန်းတစ်ခန်းအတွင်း၌ နာရူတိုသည် ပျင်းရိစွာဖြင့် မျက်လုံးများကို ပွတ်သပ်နေသည်။ ပြင်ပမှ ဖြာကျလာသော နေရောင်ခြည်သည် သူ၏ စိတ်ဝိညာဉ်ကို နိုးကြားလာစေပြီး အသိစိတ်ကို လျင်မြန်စွာ ပြန်လည်ရရှိစေခဲ့သည်။
လှည့်ကြည့်လိုက်သောအခါ ဆာစကေးသည် အိပ်ရာမှ ထနှင့်နေပြီဖြစ်ပြီး မိမိ၏ ကူနိုင်းနှင့် နင်ဂျာလက်နက်များကို စစ်ဆေးကာ အိတ်အတွင်းသို့ ထည့်သွင်းနေသည်။ ဆာစကေးက ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်သော နာရူတိုကို တစ်ချက်စောင်းငဲ့ကြည့်ကာ ခပ်ရွဲ့ရွဲ့ ဆိုလိုက်သည်။
“နောက်ဆုံးတော့ နိုးလာပြီပေါ့... မင်း တော်တော်နဲ့ မဝသေးရင် ထပ်အိပ်နေလိုက်ပါဦးလား။”
“ဒီကောင်စုတ် ဆာစကေး...!”
နာရူတိုသည် ကျိန်ဆဲရင်း ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ခါဇူကာဇဲ အိပ်စက်လေ့ရှိသော နေရာမှာ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့ရသည်။ အိပ်ရာလိပ်မှာလည်း အသုံးမပြုရသေးသည့်အတိုင်း စနစ်တကျ ရှိနေဆဲဖြစ်ရာ ခါဇူကာဇဲ တစ်ညလုံး ပြန်မလာခဲ့ကြောင်း ထင်ရှားလှသည်။
“ခါဇူကာဇဲ အခုထိ ပြန်မလာသေးဘူးလား။ ဒါနဲ့ ကာကာရှီဆရာရော...?” နာရူတို မေးလိုက်သည်။
ထိုစဉ် တံခါးဝမှ ဂျိန်းခနဲ အသံနှင့်အတူ ကာကာရှီ ဝင်ရောက်လာပြီး သူတို့နှစ်ဦးကို ကြည့်ကာ ပျင်းရိငြီးငွေ့ဖွယ် အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။
“မောနင်း...! မနေ့ညက ကောင်းကောင်းအိပ်ပျော်ကြရဲ့လား။”
“ကာကာရှီဆရာ...!” နာရူတိုသည် မျက်လုံးများကို ပွတ်သပ်ရင်း စောင်ထဲမှ အလျင်အမြန် ထကာ “ကာကာရှီဆရာ... ခါဇူကာဇဲ ပြန်မလာသေးဘူးလားဟင်။”
ဆာစကေးသည် နှုတ်ဆိတ်နေသော်လည်း နာရူတိုကဲ့သို့ပင် ကာကာရှီကို စူးစိုက်ကြည့်နေမိရာ ခါဇူကာဇဲ၏ သတင်းကို သိချင်နေသည်မှာ အသိသာကြီး ဖြစ်သည်။
“မလာသေးဘူး။” ကာကာရှီက ခေါင်းခါပြရင်း ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။ “ဒါပေမဲ့ စိတ်မပူပါနဲ့၊ အဲဒီကောင်လေးက ဘာမှမဖြစ်ပါဘူး။”
နာရူတို တစ်ခုခု ထပ်မံမေးမြန်းရန် ပြင်လိုက်သော်လည်း ကာကာရှီက စကားလမ်းကြောင်းကို ဖြတ်ပစ်လိုက်သည်။
“လူငယ်တို့... နားနားနေနေ နေပြီးပြီဆိုရင်တော့ အမြန်ဆုံး သွားပြီး လေ့ကျင့်ကြတော့။ ပျင်းရိနေတာက ဇိမ်ရှိပေမယ့် မင်းတို့ကို သန်မာလာစေမှာ မဟုတ်ဘူး။”
ကာကာရှီက အေးအေးဆေးဆေး ပြောဆိုပြီးနောက် ဆာစကေးက စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းညိတ်ကာ အပြင်သို့ တိတ်တဆိတ် ထွက်ခွာသွားသည်။
“ဒီကောင်စုတ် ဆာစကေး... ငါ့ကို စောင့်ဦး။” နာမမရူတိုသည် ဒေါသတကြီး အော်ဟစ်ကာ ကသုတ်ကရ ပြင်ဆင်ပြီး ဆာစကေးနောက်သို့ အပြေးလိုက်သွားတော့သည်။
သို့သော် ၎င်းတို့နှစ်ဦး တံခါးအပြင်ဘက်သို့ ရောက်သောအခါ ဆာစကေးက ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကာကာရှီဘက်သို့ ပြန်လှည့်ကြည့်သည်။
“ဘာမှမဖြစ်ဘူး၊ စိတ်မပူနဲ့။” ကာကာရှီက လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။ အမှန်စင်စစ် သူကိုယ်တိုင်လည်း ရင်တထိတ်ထိတ် ဖြစ်နေရခြင်း ဖြစ်သည်။ မနေ့ညက ဖြစ်ပျက်ခဲ့သော အခြေအနေများသည် သူကဲ့သို့ ဂျိုနင်တစ်ယောက်အတွက်ပင် အလွန်တရာ တုန်လှုပ်ဖွယ်ရာ ဖြစ်ခဲ့ပြီး၊ ထိုအရာအားလုံးကို အသက် (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦးက လုပ်ဆောင်ခဲ့သည်ဟူသောအချက်ကို ယခုထက်တိုင် မယုံကြည်နိုင်သေးပေ။ သို့သော်လည်း...
“ဟူး... တကယ့်ကို ခေါင်းခဲစရာပဲ။ ဒီကလေးတွေဟာလေ... နည်းနည်းလောက် ငြိမ်ငြိမ် မနေနိုင်ကြဘူးလား။” ကာကာရှီသည် နားထင်ကို ပွတ်သပ်ရင်း စိတ်ညစ်သွားမိသည်။
ဤအတောအတွင်း အခြားအခန်းတစ်ခု၌ ခါဇူကာဇဲသည် ဆန်းကြယ်သော ပုံသဏ္ဌာန်ရှိသည့် သစ်သီးတစ်လုံး၊ လိပ်ခွေအချို့နှင့် ဆေးပုလင်းအချို့ကို ထုတ်ယူကာ ဘေးနားရှိ မြောင်ယုထံသို့ ကမ်းပေးလိုက်သည်။
“ညာဘက်က ဆေးနှစ်ပုလင်းကို ဟာကုဆီ ပေးလိုက်ပါ။ ပြီးတော့ ဘယ်ဘက်က လိပ်ခွေတွေထဲမှာ ချာကရာ ထုတ်ယူတဲ့ နည်းလမ်းတွေ၊ နင်ဂျုဆု (နင်ဂျာအတတ်ပညာ) အချို့နဲ့ ငါ့ရဲ့ ကိုယ်ပိုင်လေ့ကျင့်မှု အတွေ့အကြုံတွေ ရှိတယ်။ နောက်ပြီး... ဒီသစ်သီးကိုတော့ မင်း အခုပဲ စားလိုက်ပါ။” ခါဇူကာဇဲက ပစ္စည်းများကို စားပွဲပေါ်တင်ရင်း တိုးတိုးခိုင်ခန့်စွာ မှာကြားလိုက်သည်။
“ဟုတ်ကဲ့ပါ!” မြောင်ယု ခေါင်းညိတ်ကာ ထိုဆန်းကြယ်သော နတ်ဆိုးသီးကို တုံ့ဆိုင်းမှုမရှိဘဲ ကောက်ယူ၍ တစ်ကိုက် ကိုက်လိုက်ရာ... တစ်ခဏအတွင်း သူမ၏ မျက်နှာအမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ “အု... ဒါ... ဒါကြီးက တော်တော် အရသာဆိုးတာပဲ။”
မြောင်ယု၏ ရိုးသားလှသော ညည်းတွားသံကို ကြားရသောအခါ ခါဇူကာဇဲ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး “ရပြီ... တစ်ကိုက်ပဲ စားရင်ရပြီ၊ အကုန်စားစရာမလိုဘူး။” ဟု ဆိုလိုက်သည်။
“အင်း... ဟုတ်။”
“နောက်ရက်တွေမှာ မင်း ဟာကုကို ရှာပြီး သူ့နောက်ကို လိုက်သွားပါ။ မင်း သင်ယူသင့်တာမှန်သမျှကို သူက သင်ပေးလိမ့်မယ်။”
“ဒါဆို... သခင်က ကျွန်မဆီ ဘယ်တော့ ပြန်လာမှာလဲဟင်။” မြောင်ယုက ပစ္စည်းများကို သိမ်းဆည်းရင်း လေသံတိုးတိုးဖြင့် မေးမြန်းရှာသည်။
“သိပ်မကြာပါဘူး...” ခါဇူကာဇဲက ဖြေးညင်းစွာ ဆိုရင်း ဝတ်စုံကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီး မြောင်ယုကို ကြည့်ကာ “ငါ သွားတော့မယ်၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။” ဟု နှုတ်ဆက်လိုက်သည်။
“ဟုတ်ကဲ့။” မြောင်ယု ခေါင်းညိတ်ရင်း ခါဇူကာဇဲ၏ ကျောပြင် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည်။ ထို့နောက် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်ပြီး မျက်နှာထက်တွင် အပြုံးပန်းဆင်ကာ မိမိကိုယ်ကိုယ် အားပေးလိုက်သည်။ “မြောင်ယု... မင်းကြိုးစားရမယ်နော်။”
စကားအဆုံးတွင် မြောင်ယုသည် စားပွဲပေါ်ရှိ ပစ္စည်းများကို သေသပ်စွာ ကောက်ယူသိမ်းဆည်းပြီး အိမ်ဝင်းအတွင်းမှ ထွက်ခွာကာ ဇာဘူဇာနှင့် ဟာကုတို့ ရှိရာ အရပ်ဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့တော့သည်။