“ဒင်... စနစ်တော်၏ တာဝန်တစ်ခု ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။”
တာဝန်အမည် - လင်းလက်သော လမင်းနှင့် သန့်စင်သောလေညင်း
တာဝန်အဆင့် - အဆင့် (A)
တာဝန်အကြောင်းအရာ - သင်၏ ပထမဆုံးသော အဖွဲ့ဝင်ကို လက်ခံပါ။
တာဝန်ဆုလာဘ် - နတ်ဆိုးသီး (ကောက်ရိတ်ဓားသီး)
(မှတ်ချက်။ ။ ဤအသီးကို စားသုံးပြီးပါက ပိုင်ရှင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဘက်ပေါင်းစုံမှ သန်မာလာစေရန် ပြောင်းလဲပေးမည့်အပြင်၊ ပြင်းထန်သော လေဓာတ်သတ္တိ ထိန်းချုပ်မှုကိုပါ ပေးစွမ်းနိုင်မည် ဖြစ်သည်။ ထို့ပြင် တိုက်ခိုက်ရေးနှင့် ခံစစ်ပိုင်းတို့တွင် အားကောင်းလှသော လေလှိုင်းစွမ်းပကားကို ထည့်သွင်းပေးနိုင်မည် ဖြစ်သည်။)
ဦးနှောက်ထဲမှ ထွက်ပေါ်လာသော စနစ်တော်၏ အသံကို ကြားရသောအခါ ခါဇူကာဇဲသည် မိမိရှေ့မှ မိန်းကလေးကို စိုက်ကြည့်လိုက်မိသည်။ ဤတာဝန်မှာ စနစ်တော်က ဤမိန်းကလေးအတွက် သီးသန့် ထုတ်ပြန်ပေးလိုက်ခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သို့သော်လည်း မသေချာပါ၊ အရာအားလုံးက ခါဇူကာဇဲ၏ ကိုယ်ပိုင်ရွေးချယ်မှုအပေါ်၌သာ မူတည်ပေလိမ့်မည်။
သူမ၏ ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီးနောက်တွင်မူ၊ မိမိအနေဖြင့် ကိုနိုဟာရွာ၏ ပြင်ပလောက၌ ပထမဆုံးသော အဖွဲ့ဝင်တစ်ဦးကို ရရှိတော့မည်ဖြစ်ကြောင်း ခါဇူကာဇဲ သဘောပေါက်လိုက်သည်။ ထို့ပြင် ယခုကြည့်ရသည်အထိ ထိုအဖွဲ့ဝင်လောင်းမှာ မဆိုးလှပေ။ အနည်းဆုံးတော့ သူမသည် အလွန်ပင် ထက်မြက်ပြီး တည်ငြိမ်မှု ရှိလှသည်။ စကားလုံးက ရက်စက်ရာကျကောင်း ကျနိုင်သော်လည်း၊ သူမ၏ လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သူမအား အဖွဲ့ဝင်အဖြစ် အမှန်တကယ် သိမ်းသွင်းလိုက်ပါက သစ္စာဖောက်မည့်အရေးကို စိုးရိမ်ရန် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမ၌ ဘာတစ်ခုမျှ မကျန်တော့သောကြောင့်တည်း။
ကျန်ရှိသည့် အပိုင်းတွင်မူ၊ နတ်ဆိုးသီးတစ်လုံး ရှိနေသရွေ့ သူမအား ထိပ်တန်းနင်ဂျာတစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ရန် မခက်ခဲလှပေ။ အဆုံးတွင်တော့ နတ်ဆိုးသီးဟူသည်မှာ စွမ်းအားကြီးမားလွန်းလှပြီး သာမန်လူတစ်ယောက်ကိုပင် ပါရမီရှင်တစ်ဦးအဖြစ် လုံးဝ ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။
“ဟူး...!”
ခါဇူကာဇဲသည် အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ရင်း မတ်တတ်ရပ်ကာ အပြင်ဘက်သို့ ဦးတည်လျှောက်လှမ်းရင်း ပြောလိုက်သည်။
“ဒီနေ့ကစပြီး... မင်းက ငါ့လူ ဖြစ်သွားပြီ။ ငါ့နာမည်က ချီကီ ခါဇူကာဇဲ၊ မင်း ငါ့ကို ခါဇူကာဇဲလို့ပဲ ခေါ်နိုင်တယ်။ ငါ့နောက်ကို လိုက်ခဲ့... မင်းကို စွမ်းအားတွေ ငါ ပေးမယ်။ ကျန်တဲ့အရာတွေကိုတော့ ငါ ထပ်ပြောဖို့ မလိုတော့ဘူး ထင်တယ်။”
“ နားလည်ပါပြီ... သခင်ကြီး ။” မြောင်ယုက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
“ငါနဲ့ လိုက်ခဲ့! ဒီည တို့တွေ လုပ်စရာ တစ်ခု ကျန်သေးတယ်။”
ခါဇူကာဇဲက သာယာညင်သာစွာ ပြောလိုက်သည်။ သူ၏ နောက်ဆုံးစကားလုံး ဆုံးသည်နှင့်တစ်ပြိုင်နက် တာဝန်အောင်မြင်ခြင်း ဆုလာဘ်ကလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤတာဝန်က ဤမျှနှင့်တင် အလွန်လွယ်ကူစွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း၊ နတ်ဆိုးသီးကဲ့သို့သော အရာကိုမူ နောက်မှသာ သူမအား ပေးအပ်ခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။ ယခုအချိန်က မသင့်တော်သေးချေ။
ထို့နောက်တွင်မူ...
ခါဇူကာဇဲသည် အခန်းထဲမှ ထွက်ခွာလာပြီး လမ်းကြောင်းကို အတည်ပြုကာ ဤမြို့အတွင်းရှိ သိပ်ပြီး လူမသိထင်ရှားသော အဆောက်အအုံတစ်ခုဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။ သူသည် ယခုတစ်ခေါက် လာရခြင်း၏ ရည်ရွယ်ချက်ကို မေ့လျော့မသွားပေ။ ကာဒိုကို သတ်ဖြတ်ရန်အပြင် မိုမိုချီ ဇာဘူဇာနှင့် ဟာကုတို့ကိုပါ မိမိ၏ လက်အောက်သို့ သိမ်းသွင်းရန် ဖြစ်သည်။ အကယ်၍ ထိုရည်ရွယ်ချက်ကို အမှန်တကယ် အကောင်အထည် ဖော်နိုင်ခဲ့ပါက၊ မိမိ၏ စွမ်းအားကို အဆမတန် မြှင့်တင်နိုင်မည်မှာ အသေအချာပင်။
နောင်တစ်ချိန်တွင် ကိုနိုဟာရွာမှ အမှန်တကယ် ထွက်ခွာရမည့် အချိန်ရောက်လာပါက၊ ပြင်ပလောကတွင် သူတစ်ဦးတည်း အထီးကျန်ဖြစ်နေမည် မဟုတ်တော့ချေ။ မိမိ၏ စွမ်းအားက လူတိုင်းကို ဖိနှိပ်ရန် မလုံလောက်သေးသည့် အချိန်တွင်၊ အားကိုးလောက်သော အဖွဲ့ဝင်အချို့ ရှိနေခြင်းက တကယ့်ကို ကောင်းမွန်လှပေသည်။ ထို့ပြင် ဇာဘူဇာကို သိမ်းသွင်း၍ မရနိုင်ခဲ့လျှင်တောင်၊ ဟာကုကဲ့သို့သော လူမျိုးကိုမူ အသက်ရှင်ခွင့် ပေးနိုင်ပါက အကောင်းဆုံးပင် ဖြစ်လိမ့်မည်။
လူနှစ်ဦးသည် တရွေ့ရွေ့ ချဉ်းကပ်လာခဲ့ကြသည်။ သူတို့သည် မိမိတို့၏ ခြေသံနှင့် လှုပ်ရှားမှုများကို တမင်တကာ ဖုံးကွယ်ထားခြင်း မရှိချေ။ ဤနေရာတွင် တခြားလူတစ်ဦးတစ်ယောက်မျှ မရှိဘဲ ဆိတ်ငြိမ်လှသည်။ ၎င်းက ကွင်းပြင်ကျယ်တစ်ခု ဖြစ်ပြီး နောက်ကျောဘက်တွင် တောအုပ်၊ ရှေ့မျက်နှာစာတွင်မူ ရေကန်ကြီး ရှိနေကာ မျက်ခင်းပြင်ထက်၌ သေးငယ်သော အိမ်ကလေးတစ်လုံး တည်ရှိနေသည်။ ၎င်းက သားနားကြီးကျယ်ခြင်း မရှိဘဲ နိမ့်ချလှသော်လည်း၊ နင်ဂျာများအဖို့မူ ယခုကဲ့သို့သော နေရာမျိုး ရှိနေခြင်းကပင် လုံလောက်လှပြီ ဖြစ်သည်။
အခန်းတွင်း၌ ဇာဘူဇာသည် မျက်လုံးများကို မှိတ်လျက် ထိုင်နေပြီး၊ ဟာကုကမူ ဘေးနားတွင် ဒူးထောက်ကာ ဆေးဖော်စပ်နေသည့်အလား ရှိနေသည်။ ရုတ်တရက် ဇာဘူဇာသည် မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်ပြီး တံခါးဝဆီသို့ စိုက်ကြည့်လိုက်မိသည်။
တံခါးမကြီးသည် ‘ကျွိ’ ခနဲ အသံနှင့်အတူ ပွင့်ဟသွားပြီး ပြင်ပမှ လူနှစ်ဦး ဝင်ရောက်လာခဲ့ကြသည်။ ဇာဘူဇာသည် အိပ်ရာမှ ထရပ်ခြင်း မရှိသော်လည်း၊ သူ၏ လက်ကမူ ဘေးနားရှိ ‘လည်ဖြတ်ဓားကြီး’ ဆီသို့ လှမ်းကိုင်လိုက်ပြီ ဖြစ်သည်။
ဟာကုသည် ထရပ်လိုက်သည်။ သူသည် လက်နက်ကို ထုတ်ယူခြင်း မရှိသေးသော်လည်း မျက်ဝန်းများထဲတွင်မူ လေးနက်တည်ကြည်သော အရိပ်အယောင်များ ပြည့်နှက်နေ၏။ သူသည် ခါဇူကာဇဲ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ကောင်းစွာ သိရှိထားပြီး ဖြစ်သလို၊ ရန်သူဖြစ်ကြောင်းကိုလည်း နားလည်ထားသည်။ ခါဇူကာဇဲနှင့် ရန်သူမဖြစ်လိုသော်လည်း...။
ခါဇူကာဇဲကို စိုက်ကြည့်နေသော ဇာဘူဇာ၏ မျက်ဝန်းများက မည်မျှပင် အေးစက်နေပါစေ၊ မှောင်မိုက်သော ညအမှောင်ထုထဲတွင် ဧည့်ခန်းတွင်းရှိ မီးအလင်းရောင်က အနည်းငယ် မှုန်ဝါးနေဆဲ ဖြစ်သည်။ သို့သော် နင်ဂျာတစ်ဦး၏ အမြင်အာရုံနှင့် လရောင်တို့ ပေါင်းစပ်လိုက်သောအခါ မှုန်ဝါးနေသည့်တိုင် တစ်ဦးကိုတစ်ဦး အထင်အရှား မြင်တွေ့နိုင်ရန် လုံလောက်လှပေသည်။
“ကာကာရှီက ဘယ်မှာလဲ။”
ဇာဘူဇာသည် လူငယ်လေးကို အေးစက်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။ သူ၏ လက်ထဲမှ ဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထား၏။
“မစိုးရိမ်ပါနဲ့၊ ငါ ဒီကိုလာတာ ခင်ဗျားတို့ကို ပြဿနာရှာဖို့ မဟုတ်ပါဘူး။”
ခါဇူကာဇဲက ဇာဘူဇာကို ကြည့်ကာ ပြောလိုက်သည်။ သူက ဤသို့ ပြောလိုက်သော်လည်း လက်ကမူ ဓားကို ဆုပ်ကိုင်ထားဆဲပင်။ အဆုံးတွင်တော့ ယခုကဲ့သို့သော ဇာဘူဇာနှင့် ထိပ်တိုက်တိုးရသည့် အခြေအနေတွင် အနည်းငယ်မျှ သတိလွတ်သွားပါက မိမိ၏ အသက် ပျောက်သွားနိုင်ပေသည်။ သူ ဒီကိုလာတာက ဤလူနှစ်ယောက်ကို သိမ်းသွင်းဖို့ ဖြစ်ပြီး အသက်အသေခံဖို့ မဟုတ်ချေ။
ဇာဘူဇာသည် ခါဇူကာဇဲကို အေးစက်စွာ ကြည့်လိုက်သည်။ သူသည် ဤကောင်လေး၏ စကားကို လုံးဝ မယုံကြည်ကြောင်း ထင်ရှားလှပေသည်။
“မင်းရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်၊ ဒီကို ခြေချမိပြီဆိုမှတော့... မင်းရဲ့ အသက်ကို ဒီမှာပဲ ချန်ထားခဲ့လိုက်တော့!”
ဇာဘူဇာသည် နေရာမှ ထရပ်ခြင်း မရှိဘဲ ဆက်ပြောလိုက်သည်။
“မင်းကို သတ်ပြီးရင်... ကာကာရှီနဲ့ မင်းရဲ့ အဖွဲ့ဝင် နှစ်ယောက်ကိုပါ မင်းဆီကို အရောက် ပို့ပေးပါ့မယ်။”
“ဟာကု...!”
ခါဇူကာဇဲသည် ဟာကုကို လှမ်းကြည့်လိုက်သည်။ ယောကျာ်းတစ်ယောက် အနေဖြင့် ဟာကုသည် တကယ့်ကိုပင် ချောမောလွန်းလှပြီး မိန်းကလေးတစ်ဦးနှင့် သဏ္ဌာန်တူလှသည်ဟု ပြောရပေလိမ့်မည်။ သို့သော် ခါဇူကာဇဲသည် ဤသူကို ယုံကြည်၍ ရနိုင်ကြောင်း ကောင်းစွာ သိရှိထားသည်။
“သခင်ဇာဘူဇာ... ကျွန်တော်တို့ သူ့စကားကို အရင် နားထောင်ကြည့်ရင် မကောင်းဘူးလားခင်ဗျာ။”
ဟာကုက ဝင်ပြောလိုက်ရင်း ခါဇူကာဇဲကို စိုက်ကြည့်လိုက်သည်။ ခါဇူကာဇဲ၏ လေသံထဲမှ မည်သည့် မကောင်းသော ရည်ရွယ်ချက်ကိုမျှ သူ မခံစားမိချေ။ ခါဇူကာဇဲက ဤသို့ ပြောလာသည်မှတော့၊ ခါဇူကာဇဲ ဘာပြောချင်သည်ကို နားထောင်ကြည့်ရန် သူ စိတ်မရှိပါချေ။
ဇာဘူဇာသည် ခဏမျှ စဉ်းစားလိုက်သော်လည်း မျက်ဝန်းများထဲတွင်မူ သတိကြီးစွာ ထားနေဆဲပင်။ သို့သော် သူ ချက်ချင်း လှုပ်ရှားခြင်း မပြုတော့ဘဲ... “မင်းမှာ အချိန် သုံးမိနစ်ပဲ ရှိတယ်” ဟု အေးစက်စွာ ပြောလိုက်သည်။
ခါဇူကာဇဲသည် သက်ပြင်းကို အသာအယာ ချလိုက်ရင်း မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းကာ သာယာညင်သာစွာ ပြောလိုက်သည်။
“ဘယ်လို ပြောရမလဲ။ အခုလို အချိန်မျိုးမှာ ပြောရတာ တကယ့်ကို ရုတ်ချည်းဆန်လွန်းပါတယ်... ဒါပေမဲ့... ဇာဘူဇာ... ငါ့ရဲ့ အဖွဲ့ဝင် ဖြစ်လာခဲ့ပါ!”
ဇာဘူဇာသည် ခဏမျှ ဆွံ့အသွားခဲ့သည်။ ဟာကုထက်ပင် ငယ်ရွယ်လှသော ဤကလေးငယ်က ယခုကဲ့သို့သော စကားမျိုးကို ပြောလာလိမ့်မည်ဟု သူ ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ချေ။ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာပြီးနောက် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်တော့သည်။
“မင်းရဲ့ အဖွဲ့ဝင် ဖြစ်ရမယ် ဟုတ်လား။ မင်းလို ကောင်လေးတစ်ယောက်က ငါ့ကို သိမ်းသွင်းနိုင်တဲ့ အရည်အချင်း ရှိလို့လား။ ဒါတင်မကသေးဘူး... ငါက သစ္စာဖောက် နင်ဂျာတစ်ယောက်ဆိုတာ မင်း သိရဲ့လား။ သစ္စာဖောက်နဲ့ ပူးပေါင်းမိရင် ဘာဖြစ်မလဲဆိုတာ မင်း သိလား။ မင်း အခုပြောလိုက်တဲ့ စကားသာ အပြင်ကို ပေါက်ကြားသွားရင်... မင်းတို့ရဲ့ ဟိုကာဂဲက မင်းကို လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား။”
“အပြင်ကို ပေါက်ကြားသွားမှာ မဟုတ်ပါဘူး။”
ခါဇူကာဇဲက ခပ်ဖွဖွ ရယ်မောလိုက်သော်လည်း ထိုအပြုံးက အနည်းငယ် တောင့်တင်းနေခဲ့သည်။ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားကာ စိတ်ပျက်လက်ပျက် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“တကယ်ပဲ... ငါက စကားပြောပြီး ဖျောင်းဖျတဲ့နေရာမှာ အသုံးမကျသေးပါလား။”
“မင်းမှာ ပြောစရာ စကားမရှိတော့ဘူးဆိုရင်တော့... သေပေတော့!”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဇာဘူဇာ၏ ခန္ဓာကိုယ်သည် ရပ်နေသည့် နေရာမှတင် ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။ ‘လည်ဖြတ်ဓားကြီး’ သည် လေထုကို ဖြတ်သန်းသွားပြီး ဓားသွားသည် လမင်းအလား ခါဇူကာဇဲ၏ ဦးခေါင်းဆီသို့ ဦးတည်ကာ လျှောဆင်းလာခဲ့ပြီ ဖြစ်သည်။
“ဒင်...!”
ခါဇူကာဇဲသည် ဓားကို ပင့်မြှောက်ကာ ခုခံလိုက်ရာ၊ ဓားသွားသည် ထိုဓားကြီး၏ ထက်မြက်လှသော အသွားကို ဆီးကြို ပိတ်ဆို့လိုက်နိုင်သည်။
“အဆုံးမှာတော့... တိုက်ပွဲနဲ့ပဲ ဆုံးဖြတ်ရမှာပဲပေါ့။ ဒါဆိုရင်လည်း လာခဲ့စမ်းပါ! အကယ်၍ ငါ နိုင်ခဲ့ရင်တော့... ဇာဘူဇာ... ခင်ဗျား...”
“မင်း အသက်ရှင်အောင် အရင် ကြိုးစားဦးမှပေါ့! ကောင်စုတ်လေး... မင်း ငါ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ!”
ဇာဘူဇာက အော်ဟစ်လိုက်ရင်း ခါဇူကာဇဲ၏ စကားကို ဖြတ်တောက်ကာ ဓားကြီးကို အောက်သို့ ပြင်းထန်စွာ ဖိချလိုက်တော့သည်။
ကြီးမားလှသော အားမာန်များ တိုးဝင်လာသဖြင့် ခါဇူကာဇဲအဖို့ စကားပြောရန် အခွင့်အရေး မရှိတော့ချေ။ ဓားရှည်ကြီးကို ဘေးသို့ ရွှေ့ဆွဲကာ၊ ဝှေ့ယမ်းလျက်၊ ခုတ်ပိုင်းလိုက်ပြီး၊ လက်နှစ်ဖက်စလုံးဖြင့် ဓားကို ဆုပ်ကိုင်ထားရင်း ခန္ဓာကိုယ်ကို ရွှေ့လျက် ပြင်းထန်လှသော အရှိန်အဝါကို လွှဲဖယ်ကာ ဤဓားချက်ကို သီသီလေး ရှောင်တိမ်းလိုက်နိုင်သည်။
“ရွှေရောင်ခြေလှမ်း...!”
စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်ရင်း ခါဇူကာဇဲ၏ ခြေလှမ်းများက ရုတ်ချည်း လှုပ်ရှားသွားပြီး၊ သူ၏ ခန္ဓာကိုယ်သည် ရပ်နေသည့် နေရာမှတင် ဗလာကျင်း ပျောက်ကွယ်သွားတော့သည်။ သူ ပြန်လည် ပေါ်ထွက်လာချိန်တွင်မူ ဇာဘူဇာ၏ နောက်ကျောဘက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ၊ ဓားရှည်ကြီးသည်လည်း ဇာဘူဇာ၏ နောက်ကျော ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်ရန် ဦးတည်သွားခဲ့ပြီ ဖြစ်သည်။
“ဒင်...!”
သို့သော် ဇာဘူဇာသည် ယခုကဲ့သို့သော အခြေအနေကို ကြိုတင် ခန့်မှန်းထားသည့်အလား၊ ဓားကြီးသည် သူ၏ နောက်ကျောဘက်တွင် အလွန်ပင် ဖျတ်လတ်စွာ ပေါ်ထွက်လာပြီး ဤဓားချက်ကို အမိအရ ကာကွယ်လိုက်နိုင်သည်။
ဇာဘူဇာသည် လက်နှစ်ဖက်ဖြင့် ဓားကြီးကို ဖိချလိုက်ရာ၊ ဓားကြီးမှတစ်ဆင့် စီးဆင်းလာသော ပြင်းထန်လှသော စွမ်းအားကြောင့် ခါဇူကာဇဲသည် နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။ ထိုအချိန်တွင် ဇာဘူဇာ၏ လက်ချောင်းများက အဆက်မပြတ် လှုပ်ရှားသွားပြီး လက်အမှတ်အသား များကို ဖော်ဆောင်လိုက်ရာ၊ ရေမြူခိုးများ အလိပ်လိုက် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း၌ ဤဝင်းတစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။
“ရေအတတ်... မြူခိုးကိုယ်ပျောက်အတတ်ပညာ!”