အခန်း (၃၂) - အတွေးသစ်၊ အမြင်သစ်
လေညင်းက သစ်ပင်အိုကြီးရဲ့ ပင်စည်ကို မှီတွယ်လို့ တိုက်ခတ်နေဆဲ။ မိုးချုပ်လုနီးပြီမို့ ကောင်းကင်ယံထက်မှာ နေဝင်ဖျိုးဖျိုး ညချမ်းအလှက ကြီးစိုးလို့နေပြီ။ ဘာကြောင့်ရယ်မှန်းမသိ၊ ခါဇူကာဇဲကတော့ နံနက်ခင်းက ထွက်ပြူစ နေဝန်းနီထက် အခုလို နေဝင်ချိန် ဆည်းဆာက ပိုပြီး ရဲရဲတောက်နေသယောင် ခံစားရတယ်။ သူခါးချိတ်ထားတဲ့ ဓားထက်မှာ ညာလက်ကို တင်ထားရင်း၊ ကျန်လက်တစ်ဖက်ကတော့ သိပ်မဝါသေးတဲ့ သစ်ရွက်ခြောက်လေးတစ်ရွက်ကို ဆုပ်ကိုင်ထားမိတာပေါ့။ ဟာကု ထွက်ခွာသွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ ခါဇူကာဇဲဟာ ခုနက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို အိပ်မက်တစ်ခုလို့ တောင် ထင်မှတ်မှားမိတယ်။ ဒါပေမဲ့ စိတ်ထဲက စွဲထင်နေတဲ့ အမှတ်သညာတွေရယ်၊ လက်ထဲက သစ်ရွက်ခြောက်လေးရယ်က ဒါဟာ အိပ်မက်မဟုတ်ဘဲ အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တာပါလားဆိုတာကို သက်သေပြနေခဲ့ပြီ။
တကယ်ကို ဆန်းကြယ်လှပါတယ်။ ဘယ်လိုလူကများ ဘာမှမသိတဲ့သူ၊ အစိမ်းသက်သက်ဖြစ်တဲ့သူတစ်ယောက်ကို အခုလို ရိုးတွင်းခြင်ဆီအထိ ထိုးဖောက်မယ့် မေးခွန်းမျိုးတွေ လာမေးပါ့မလဲ။ ပြီးတော့ အဲ့ဒီလို ရိုင်းပျလှတဲ့ မေးခွန်းတွေကိုရော ဘာလို့ ပြန်ဖြေနေမိတာလဲ။ တကယ်လို့ ဒါဟာ အရင်ကသာဆိုရင် ခါဇူကာဇဲတစ်ယောက် အဲ့ဒီလို မေးခွန်းမျိုးတွေ လာမေးပြီး ဆန်းကြယ်တာတွေ လာလုပ်တဲ့သူကို စိတ်ဝေဒနာရှင်၊ ခေါင်းသိပ်မမှန်တဲ့သူလို့ပဲ သတ်မှတ်မိမှာ အသေအချာပါပဲ။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင်လည်း အဲ့ဒီလို လူစားမျိုး ဖြစ်နေခဲ့ပြီ။ သို့သော် သူကတော့ ဒါကို စိတ်ဖောက်ပြန်မှုလို့ မခေါ်ချင်ပါဘူး၊ ‘ကံကြမ္မာ’ လို့ပဲ အမည်တပ်ချင်တယ်။ ကံကြမ္မာက သူတို့နှစ်ဦးကို ဆုံစည်းခွင့်ပေးခဲ့ပြီး၊ စိတ်အနည်းငယ် လေလွင့်နေတဲ့ လူနှစ်ယောက်ကို တစ်နေရာတည်းမှာ ဆုံဆည်းပေးခဲ့တာပဲ ဖြစ်တယ်။ သာမန်လူတွေရဲ့ မျက်စိထဲမှာတော့ ဒါဟာ တကယ့်ကို ထူးဆန်းအံ့ဩစရာ ကောင်းပြီး စိတ်ကူးယဉ်ဆန်လှတဲ့ အရာတစ်ခုပေါ့။ ဒါပေမဲ့ ဒါဟာ တကယ်ပဲ ဖြစ်ပျက်ခဲ့ပါပြီ။ အကယ်၍ ဒါတွေကို စာအုပ်တစ်အုပ်အဖြစ် ရေးသားလိုက်မယ်ဆိုရင်တော့ ဒါဟာ ဇာတ်လိုက်တစ်ယောက် သူ့ရဲ့ ပထမဆုံးသော အဖော်မွန်ကို ရှာဖွေတွေ့ရှိသွားတဲ့ သဘောမျိုး ဖြစ်နေပါလိမ့်မယ်။ အရာအားလုံးက မယုံနိုင်စရာ ကောင်းလွန်းပေမဲ့ တကယ်ကိုပဲ ဖြစ်ပျက်ခဲ့ပါပြီ။ ကောင်းကင်ဘုံက ဖန်ဆင်းပေးလိုက်တဲ့ နတ်ဖက်ကုသိုလ်တွဲလေးလိုပါပဲ။
“တကယ့် စိတ်ဝေဒနာရှင်ပဲ။ ဒါပေမဲ့... ဒီကမ္ဘာမှာ ဒီလိုလူတွေ နည်းနေလို့လား”
ခါဇူကာဇဲက ရေရွတ်ရင်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားမိတယ်။ အဲ့ဒီနောက် ဘေးနားက ‘ရှူဆုအိ’ ဓားကို ကောက်ကိုင်၊ ဆည်းဆာနေရောင်ကို တစ်ချက်ဝေ့ကြည့်ပြီး လာခဲ့တဲ့ လမ်းအတိုင်း ပြန်လျှောက်လာခဲ့တော့တယ်။ သူ တကယ်ပဲ ဗိုက်ဆာနေပြီလေ။
အခြားတစ်ဖက်မှာတော့ ခါဇူကာဇဲ ထွက်ခွာသွားတဲ့ ကျောပြင်ကို လှမ်းကြည့်နေတဲ့ ဟာကုရဲ့ စိတ်အခြေအနေကတော့ အဲ့ဒီလောက်ကြီး မရှုပ်ထွေးလှပါဘူး။ သူကတော့ ဗိုက်မဆာတာ သေချာပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်လို့ပဲ ခံစားလိုက်ရတယ်။ ဒီစိတ်ဝင်စားမှု အတိုင်းအတာက ဇာဘူဇာသခင်ကြီးကိုတောင် ကွယ်ဝှက်ထားချင်စိတ် ပေါက်သွားစေတဲ့အထိပဲ ဖြစ်တယ်။
သူဟာ ခါဇူကာဇဲရဲ့ ပုံရိပ် မျက်စိအောက်ကနေ လုံးဝ ပျောက်ကွယ်သွားတဲ့အထိ စောင့်ကြည့်နေပြီးမှ တိုးတိုးလေး ရေရွတ်လိုက်မိတယ် -
“သခင်ဇာဘူဇာ မသေမချင်း ကျနော်လည်း သေမှာမဟုတ်ဘူး။ တကယ်လို့ သခင်ကြီးသာ တကယ် သေဆုံးသွားခဲ့ရင် ကျနော်လည်း အတူ လိုက်သွားမှာ။ သခင့်ရဲ့ ယုံကြည်မှုကို သစ္စာဖောက်မိတဲ့အတွက် စိတ်မကောင်းပါဘူး... ကျနော့်ရဲ့... ပထမဆုံးသော သူငယ်ချင်း...!”
သူ့ရဲ့ တိုးညင်းတဲ့ ရေရွတ်သံအဆုံးမှာပဲ သစ်တောအုပ်ထဲမှာ ပုံရိပ်တစ်ခု ဖြတ်ကနဲ လှုပ်ရှားသွားပြီး၊ အခြားတစ်ဖက်ကို ဦးတည်ကာ တောအုပ်နက်ကြီးထဲ တိုးဝင် ပျောက်ကွယ်သွားတော့တယ်။
.......................................
အိမ်ကို ပြန်ရောက်တဲ့အချိန်မှာတော့ မိုးက တော်တော်လေး ချုပ်နေပြီ ဖြစ်တယ်။ ဆာစကေး၊ နာရူတိုနဲ့ ကာကာရှီတို့ အားလုံးလည်း ပြန်ရောက်နေကြပြီပေါ့။
“ဆောရီးပဲ၊ နည်းနည်း နောက်ကျသွားတယ်။ စားစရာ တစ်ခုခု ကျန်သေးလား၊ ဗိုက်ဆာလို့”
သူက လူအချို့ရှိရာကို လျှောက်သွားပြီး ဝင်ထိုင်လိုက်ရင်း ဝမ်းဗိုက်ကို ပွတ်သပ်လိုက်တယ်။ မွန်းတည့်ချိန်က ထမင်းဘူး စားထားခဲ့ပေမဲ့ တစ်နေ့တာလုံး ကျင့်စဉ်တွေ ကျင့်ကြံခဲ့ရတာမို့ အခုဆို သူ့ဗိုက်က တော်တော်လေး ဟာနေပြီ ဖြစ်တယ်။
ခါဇူကာဇဲ ပြန်ရောက်လာတာကို မြင်တော့ ဒါနာဇ်ရဲ့ သမီးဖြစ်သူ အမျိုးသမီးက မီးဖိုချောင်ထဲ ဝင်သွားပြီး အဆင်သင့် ပြင်ထားတဲ့ ဟင်းလျာတွေကို ချက်ချင်းပဲ သွားထုတ်ပေးရှာတယ်။
“ခါဇူကာဇဲ! မင်း ဘာလို့ အခုမှ ပြန်လာတာလဲ။ ခုနတင် ဦးလေးဒါနာဇ်က ငါတို့ကို ပုံပြင်တစ်ပုဒ် ပြောပြတယ်ဗျ၊ ငါ မင်းကို ပြန်ပြောပြမယ်”
ခါဇူကာဇဲ ပြန်ရောက်လာတာကို မြင်တော့ နာရူတိုက တော်တော်လေး စိတ်လှုပ်ရှားသွားပြီး ခုနက ကြားခဲ့ရသမျှကို မအောင့်နိုင်မရဲနိုင်ဘဲ အကုန်ပြန်ပြောပြဖို့ ပြင်တော့တယ်။
“ကျေးဇူးပြုပြီး အေးအေးဆေးဆေး သုံးဆောင်ပါဦး...”
အမျိုးသမီးက အထဲဝင်လာပြီး ဟင်းပန်းကန်ကို ခါဇူကာဇဲ ရှေ့မှာ ချပေးလိုက်တယ်။
“ကျေးဇူးပါပဲ...”
ခါဇူကာဇဲက ခေါင်းညိတ်ပြပြီး ကျေးဇူးတင်စကား ဆိုလိုက်တယ်။ အဲ့ဒီနောက်မှာတော့ ဘယ်လို ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အငမ်းမရပဲ ကောက်စားတော့တာပေါ့။
“အင်း... နာရူတို၊ မင်း ပြောစရာရှိတာ ပြောတော့လေ၊ ငါ နားထောင်နေတယ်...”
ထို့နောက်မှာတော့ နာရူတိုက ခုနက သူကြားခဲ့ရသမျှကို ခါဇူကာဇဲအား အစအဆုံး ပြန်လည် ဖောက်သည်ချတော့တယ်။ ဘယ်လို မျှော်လင့်ချက်တွေ ရှိခဲ့တယ်၊ ဘယ်လို တံတားကြီး ဖြစ်တယ်၊ ဘယ်သူတွေ စနစ်တကျ အနစ်နာခံခဲ့ရတယ်၊ အတိုချုပ်ပြောရရင်တော့ ကြိုးစားခဲ့ကြတဲ့သူတွေ ရှိခဲ့ဖူးပေမဲ့ အဆုံးသတ်မှာ ရှုံးနိမ့်ခဲ့ရပြီး ‘ကာဒို’ လို့ခေါ်တဲ့ လူယုတ်မာရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့အကြောင်းတွေကိုပေါ့။ နာရူတိုကတော့ ဒါကို တကယ့်ကို ခံစားချက်အပြည့်နဲ့ ပြောပြနေရှာတာ။
ပြီးတော့ ဒီတံတားကြီးက ဒါနာဇ်ရဲ့ အမြင်မှာတော့ ‘သတ္တိရဲ့ တံတား’ ဖြစ်ပြီး၊ အကယ်၍ ဒီတံတားကြီးကို ပြင်ဆင်ပြီးသွားရင် လူတိုင်းက သတ္တိရှိလာကြမှာဖြစ်သလို၊ ဒီဒေသက လူတွေဟာလည်း ကာဒိုလို့ခေါ်တဲ့ အမှိုက်ကောင်ရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကနေ လွတ်မြောက်နိုင်ကြလိမ့်မယ်လို့ ဆိုတယ်။
ခါဇူကာဇဲက နာရူတို ပြောသမျှကို နားထောင်ရင်း သူ့ပန်းကန်ထဲက အစားအစာတွေကို စားနေခဲ့တယ်။ အစားအစာတွေက အဲ့ဒီလောက်ကြီး အရသာ ထူးကဲမနေပေမဲ့ မဆိုးလှပါဘူး၊ ဗိုက်ဝဖို့အတွက်တော့ အဆင်ပြေပါတယ်။
နင်ဂျာတစ်ယောက် စားတဲ့ အစားအစာ ပမာဏက သာမန်လူတွေထက် အဆမတန် ပိုများလှတယ်။ အခုအချိန်မှာ ခါဇူကာဇဲရဲ့ အစားအသောက် ပမာဏဟာ လူကြီးတစ်ယောက်စာလောက် ရှိနေပြီဖြစ်ပြီး၊ အကယ်၍ ကျင့်စဉ်တွေပါ ကျင့်ကြံထားမယ်ဆိုရင်တော့ ပိုပြီး ဗိုက်ဆာလွယ်တတ်ပါတယ်။
မကြာခင်မှာပဲ ခါဇူကာဇဲရဲ့ ပန်းကန်ထဲက အစားအစာတွေ အားလုံး ပြောင်သလင်းခါသွားတော့တယ်။
“ကျမပဲ သိမ်းလိုက်ပါ့မယ်...!”
အမျိုးသမီးက ယဉ်ကျေးပျူငှာစွာ ပြုံးပြရင်း ပန်းကန်တွေကို စားပွဲပေါ်ကနေ ကောက်သိမ်းသွားခဲ့တယ်။
“ကျေးဇူးပါပဲ...” ခါဇူကာဇဲ ခေါင်းညိတ်ပြလိုက်တယ်။
ဒီအချိန်မှာ နာရူတိုကလည်း ပြောလို့ ပြီးလုနီးပါး ဖြစ်နေပြီ။ သူက စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်ပြီး သူ့ရဲ့ လက်မကို ရင်ဘတ်ဆီ ပြန်ထောက်ပြရင်း တကယ့်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ အော်ဟစ်လိုက်တယ် -
“အတိုချုပ်ပြောရရင်တော့ ဒီကမ္ဘာမှာ သူရဲကောင်းတွေ တကယ်ရှိတယ်ဆိုတာကို အဲ့ဒီကောင်လေး သိအောင် ငါ သက်သေပြရမယ်”
“သူရဲကောင်းတွေလား... ကောင်းတဲ့ အတွေးအခေါ်ပဲ”
ခါဇူကာဇဲက ပြုံးလျက် နာရူတိုကို ကြည့်ပြီး ပြောလိုက်တယ် - “ဒါပေမဲ့ ငါ့အမြင်တော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ကယ်တင်ရမှာ၊ ကယ်တင်ရှင်လို့ခေါ်တဲ့ သူရဲကောင်းတွေပေါ်မှာ သွားပြီး မျှော်လင့်လို့မရဘူး။ ဒါပေမဲ့ မင်းဖြစ်ချင်တယ်ဆိုရင်တော့ မင်းရဲ့ အတွေးအတိုင်း မင်း လျှောက်လှမ်းနိုင်ပါတယ်”
“အင်း!”
နာရူတိုက ခါဇူကာဇဲရဲ့ စကားအများစုကို အလိုအလျောက် ဖြတ်ထုတ်လိုက်ပြီး နောက်ဆုံးစကားလုံးကိုပဲ ကြားလိုက်ပုံရတယ်။
“ငါ အခုပဲ သွားပြီး လေကျင့်တော့မယ်၊ ငါ သေချာပေါက် သူရဲကောင်းတစ်ယောက် ဖြစ်လာစေရမယ်”
နာရူတိုက အကျယ်ကြီး အော်ဟစ်လိုက်ပြီး အချိန်ဆိုင်းမနေတော့ဘဲ အပြင်ကို တန်းပြေးထွက်သွားတော့တယ်။
ကာကာရှီကလည်း မတားမြောက်ခဲ့သလို၊ ခါဇူကာဇဲကလည်း ဝင်မတားခဲ့ပါဘူး။ နင်ဂျာတွေဟာ မိမိကိုယ်မိမိ တာဝန်ယူနိုင်ရပါမယ်။ သူတို့ အိမ်ပြန်လာတဲ့အခါမှာ ခါဇူကာဇဲကို သီးသန့် လာမခေါ်ခဲ့ကြသလိုမျိုးပေါ့။ ခါဇူကာဇဲဟာ အမှီအခိုကင်းတဲ့ နင်ဂျာတစ်ယောက် ဖြစ်နေပြီမို့ သူ့ရဲ့ အချိန်ကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာက သူ့ရဲ့ အခြေခံအကျဆုံး အရည်အချင်းဖြစ်ပြီး အခြားသူတွေရဲ့ လမ်းညွှန်မှုကို ခံယူနေဖို့ မလိုတော့ပါဘူး။
ဒီကမ္ဘာကြီးက ထင်ထားတာထက် ပိုပြီး ရက်စက်လွန်းလှပါတယ်။ သူတို့တွေက ကလေးတွေပဲ ရှိသေးတယ်ဆိုပေမဲ့ နင်ဂျာတွေလည်း ဖြစ်နေကြပြီလေ။ နင်ဂျာရဲ့ အဓိပ္ပာယ်က အင်အားကြီးမားခြင်း ဖြစ်ပေမဲ့ အဲ့ဒီ အင်အားကြီးမားမှုရဲ့ နောက်ကွယ်မှာတော့ သွေးနဲ့မျက်ရည်တွေ ရောပြွမ်းနေတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေလည်း ရှိနေပြန်ပါတယ်။ အကယ်၍ ပုံဖော်ရမယ်ဆိုရင်တော့... နင်ဂျာဆိုတာ နေရောင်ခြည်အောက်မှာ မတ်တတ်ရပ်နေရပေမဲ့ ကျောပြင်ကတော့ အမှောင်ထုကို မှီတွယ်ထားရသူတွေ ဖြစ်တယ်။ ဟုတ်ပါတယ်... အချို့သောသူတွေကတော့ အမှောင်ထုထဲမှာပဲ ပိတ်မိနေကြပြီး သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက် အလင်းရောင်ကို မြင်တွေ့ဖို့ ခဲယဉ်းလှပါတယ်။
နာရူတိုရဲ့ ဘဝကို သူကိုယ်တိုင်ပဲ ထိန်းချုပ်ထားတာဖြစ်ပြီး သူ့ရဲ့ ကျင့်ကြံမှု သို့မဟုတ် အနားယူမှုကိုလည်း သူကိုယ်တိုင်ပဲ ဆုံးဖြတ်တာမို့ ခါဇူကာဇဲအနေနဲ့ ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို စွက်ဖက်ဖို့လည်း မလိုပါဘူး။
နာရူတို ထွက်သွားပြီးတဲ့နောက်မှာတော့ ဆာစကေးလည်း အပြင်ကို လျှောက်ထွက်သွားခဲ့ပြန်တယ်။ သူလည်း ကျင့်စဉ်ကို နောက်ထပ် နည်းနည်းလောက် ထပ်ပြီး ကျင့်ချင်နေပုံရပါတယ်။
အမျိုးသမီးနဲ့ ဒါနာဇ်တို့လည်း ဒီအခန်းထဲမှာ မရှိကြတော့ဘဲ အခန်းထဲမှာ ခါဇူကာဇဲတစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ကာကာရှီကတော့ ထိုင်နေဆဲ ဖြစ်တယ်။
ကာကာရှီက ပုံမှန်အတိုင်း ပျင်းရိပျင်းတွဲ ပုံစံမျိုးနဲ့ ခါဇူကာဇဲကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ် - “မင်းကော ကျင့်စဉ် သွားမကျင့်တော့ဘူးလား”
“မလိုတော့ပါဘူး၊ နေ့ခင်းက တော်တော်လေး ကျင့်ထားပြီးပြီမို့ အခုတော့ အနားယူတာက ပိုကောင်းပါတယ်” ခါဇူကာဇဲက ခပ်တိုးတိုး ဆိုလိုက်တယ်။
ပြောရမယ်ဆိုရင်တော့ သူ့ရဲ့ ကျင့်ကြံမှု ပြင်းအားက နာရူတိုနဲ့ ဆာစကေးတို့ထက် ပိုပြီး ပြင်းထန်နိုင်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်အပြင်၊ ကျင့်ကြံဖို့အတွက် ကိုယ်ပွားအတတ် ကိုပါ အသုံးပြုထားတာလေ။ တစ်ခါတရံမှာ ကိုယ်ပွားနှစ်ခု သို့မဟုတ် သုံးခုလောက်အထိ သုံးပြီး ကျင့်ကြံတာမို့ ပင်ပန်းနွမ်းနယ်မှုက ဆတိုး ဖြစ်နေတတ်တယ်။ ဒါကြောင့်မို့ သူ အနားယူဖို့ အများကြီး လိုအပ်ပါတယ်။ မဟုတ်ရင်တော့... သူ နာမကျန်း မဖြစ်ချင်ဘူးလေ (နင်ဂျာတွေအတွက် နာမကျန်းဖြစ်ဖို့ ခဲယဉ်းတယ်ဆိုရင်တောင်မှပေါ့)။
“အင်း! ဒါဆိုရင်လည်း စောစော အနားယူလိုက်တော့၊ ငါကတော့ အဲ့ဒီကောင်နှစ်ကောင်ကို သွားကြည့်လိုက်ဦးမယ်”
ပြောပြီးတာနဲ့ ကာကာရှီလည်း အပြင်ကို ထွက်သွားခဲ့ရာ အခန်းထဲမှာ ခါဇူကာဇဲတစ်ယောက်တည်း ကျန်ရစ်ခဲ့တော့တယ်။
ဒီနေရာက သိပ်ပြီး ဇိမ်ကျလှတာမျိုး မဟုတ်ပေမဲ့ ဒါနာဇ်က ဒီဒေသရဲ့ နာမည်ကျော် လက်သမားဆရာကြီးတစ်ဦး ဖြစ်တာမို့ အခန်းတွေက အဆင်ပြေလှသလို ပြင်ဆင်မွမ်းမံမှုတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကလည်း တော်တော်လေး စုံလင်လှပါတယ်။
ရေနွေးပူပူနဲ့ ချိုးလိုက်ပြီးနောက်မှာတော့ ခါဇူကာဇဲက အခန်းထဲပြန်ဝင်၊ စောင်ကို ခြုံပြီး မျက်လုံးမှိတ်ကာ အိပ်စက်ဖို့ ပြင်လိုက်တော့တယ်။
သို့သော်လည်း ဘယ်လိုပဲ ဟိုလှည့်ဒီလှည့် လုပ်နေပါစေ၊ ခါဇူကာဇဲတစ်ယောက် အိပ်လို့မပျော်နိုင်ဘဲ အချို့သော ပြဿနာတွေကို တွေးတောနေမိတယ်။
အခုအချိန်မှာ ပြဿနာအားလုံးရဲ့ တရားခံက ကာဒို ဖြစ်နေပြီ။ အကယ်၍ သူ့ကို သတ်ဖြတ်လိုက်ပြီး ကျန်တဲ့သူတွေကိုပါ တစ်ခါတည်း ရှင်းလင်းလိုက်ရင် ပြဿနာက ပြေလည်သွားမှာလား။ ဒါပေမဲ့ ကာဒိုတစ်ယောက်ကို သတ်လိုက်ရုံနဲ့ နောက်ထပ် ကာဒိုတစ်ယောက်ကတော့ သေချာပေါက် ထပ်ပေါ်လာဦးမှာပဲ။ ဒီအမှန်တရားကိုတော့ ခါဇူကာဇဲ ကောင်းကောင်း နားလည်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေက ဒီလို ဖြစ်နေသရွေ့တော့ ကာဒိုလို လူစားမျိုးတွေက ဘယ်တော့မှ ကုန်ဆုံးသွားမှာ မဟုတ်ပါဘူး။
“ငါက ဘာလို့ ဒါတွေကို တွေးနေမိတာလဲ၊ မျှော်လင့်ချက်တို့ ဘာတို့ဆိုတာ ငါနဲ့မှ မဆိုင်တာ...!”
အမှောင်ထုထဲမှာ ခါဇူကာဇဲက ရုတ်တရက် မျက်လုံးတွေကို ဖွင့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
“ဒါပေမဲ့... ကာဒိုကို သတ်လိုက်ရင် ဇာဘူဇာနဲ့ ဟာကုကိုပါ တစ်ခါတည်း ငါ့လက်အောက်ထဲ သိမ်းသွင်းဖို့ အခွင့်အရေး ရမလားမသိဘူး။ အဲ့ဒီလိုသာဆိုရင်တော့... ဇာဘူဇာက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုရင်တောင် သူ့မှာ ကိုယ်ပိုင်စည်းကမ်းချက်တော့ ရှိပုံရတယ်၊ ပြီးတော့ အင်အားလည်း မဆိုးဘူး။ သူ့ကို ငါ့ရဲ့ လက်အောက်ငယ်သားအဖြစ် သိမ်းသွင်းနိုင်ရင် မဆိုးလှဘူးပဲ”
“ဒါဆိုရင် မစ်ရှင်လည်း ပြေလည်သွားမှာပဲ!”
“ကာဒို... ကာဒို...!”
ခါဇူကာဇဲက စောင်ကို ဖယ်လိုက်ပြီး ညဉ့်အမှောင်ထုကို အခွင့်ကောင်းယူကာ မြစ်ကြီးတစ်ဖက်ကမ်းက မြို့လယ်ခေါင်ဆီ တိတ်တဆိတ် ထွက်ခွာလာခဲ့တော့တယ်။
တိတိကျကျ ပြောရရင်တော့ ဒီနေရာက လူသူကင်းမဲ့တဲ့ တောင်ပေါ်ရွာလေးတစ်ရွာ မဟုတ်ဘဲ မြို့ငယ်လေးတစ်မြို့ ဖြစ်တယ်။ ဒါနာဇ်ရဲ့ အိမ်က မြို့ရဲ့ အစွန်အဖျားမှာ ရှိနေတာမို့ မြို့လယ်ခေါင်မှာ မဟုတ်တာပဲ ရှိတာပါ။ ကာဒို ရှိမယ့် နေရာကိုတော့ ခါဇူကာဇဲ အတိအကျ မသိသေးပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူဟာ ရှေ့နားက မီးထိန်ထိန်လင်းပြီး စည်ကားလှတဲ့ မြို့လယ်ခေါင်ထဲမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။
ကာဒိုကို ရှာတွေ့နိုင်မလားဆိုတာကိုတော့ ခါဇူကာဇဲအနေနဲ့ စိုးရိမ်မနေပါဘူး။ နင်ဂျာတစ်ယောက် ဖြစ်ပြီးမှ ဒီလောက် နာမည်ကြီးလှတဲ့ သာမန်လူတစ်ယောက်ကိုတောင် ရှာမတွေ့ဘူးဆိုရင်တော့ သူလည်း အိမ်ပြန်ပြီး လူကြီးတွေကိုပဲ မှီခိုရင်း သေရက်စောင့်နေလိုက်တာက ပိုကောင်းပါလိမ့်မယ်။
ညဉ့်အမှောင်ထဲမှာ ပုံရိပ်တစ်ခုက အဆောက်အအုံတစ်ခုရဲ့ အမိုးပေါ်ကို ရုတ်တရက် ရောက်ရှိလာပြီး အောက်ခြေက တော်တော်လေး စည်ကားနေတဲ့ လမ်းမကြီးကို ငေးကြည့်နေခဲ့တယ်။ ခါဇူကာဇဲလည်း အနည်းငယ် ခံစားချက် ဝင်သွားမိတာပေါ့။ သေချာတာကတော့ ဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ် အထက်တန်းကျကျ ဇိမ်ခံနေထိုင်ကြတဲ့ လူအချို့ကတော့ ရှိနေစမြဲပါပဲ။
ခါဇူကာဇဲက မီးရောင်တွေကို လိုက်ကြည့်ရင်း အမှောင်ထုထဲကနေ ဖြတ်သန်းကာ အစည်ကားဆုံးနဲ့ အလင်းဆုံး လမ်းမကြီးတစ်ခုဆီကို အဆင်ပြေပြေ ရောက်ရှိလာခဲ့တယ်။ ဒီခေတ်ကာလမှာတော့ ဖျော်ဖြေရေး ကဏ္ဍတွေက အဲ့ဒီလောက်ကြီး အများကြီး မရှိလှပါဘူး။ အခုလို အချိန်မျိုးမှာ အေအောင်ဆုံးကတော့ ကာစီနိုရုံတွေ၊ အရက်ဆိုင်တွေနဲ့ ပြည့်တန်ဆာအိမ်တွေလို နေရာမျိုးတွေပေါ့။ ကာဒိုရဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့ လူမိုက်တွေ၊ ဆာမူရိုင်းတွေဟာ အဲ့ဒီလို နေရာမျိုးတွေမှာပဲ ရှိနေမှာ ဖြစ်တယ်။ အတိုချုပ်ပြောရရင် ကာဒိုလို လူစားမျိုးရဲ့ လက်အောက်ငယ်သားတွေဟာ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်တဲ့ ထိပ်တန်း ဆာမူရိုင်းတွေ ဖြစ်လိမ့်မယ်လို့ ခါဇူကာဇဲက မယုံကြည်ပါဘူး။ အကယ်၍ ကာဒိုရဲ့ လက်အောက်ငယ်သားတွေကို တိုက်ရိုက် ရှာမတွေ့ဘူးဆိုရင်တောင် ကာဒို ရှိမယ့်နေရာကို သိတဲ့သူကိုတော့ သေချာပေါက် ရှာတွေ့နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ‘ကာဒို’ ဆိုတဲ့ နာမည်က ဒီဒေသမှာတော့ လူတိုင်းရဲ့ နားထဲမှာ ဟိန်းနေတာပဲလေ။
ခါဇူကာဇဲက အဆောက်အအုံတစ်ခုရဲ့ အမိုးပေါ်မှာ တစ်ဝက်လောက် ဆောင့်ကြောင့်ထိုင်နေရင်း အမှောင်ထုထဲ ပုန်းကွယ်နေခဲ့တယ်။ သီးသန့် အာရုံစိုက်ပြီး မကြည့်ဘူးဆိုရင်တော့ သာမန်လူတွေအနေနဲ့ သူ့ကို လုံးဝ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ သူက ညဉ့်အမှောင်ထဲက တစ္ဆေတစ်ကောင်လိုပဲ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့တယ်။ အခွင့်အရေးကို စောင့်ဆိုင်းရင်း၊ သားကောင် ထောင်ချောက်ထဲ သက်ဆင်းလာမယ့် အချိန်ကို စောင့်ဆိုင်းရင်း၊ အဲ့ဒီနောက်မှ အဲ့ဒီကောင်တွေရဲ့ အသက်ကို နှုတ်ယူဖို့ပေါ့။
ညဉ့်တာက ရှည်လျားလှပြီး တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်တာမို့ အချိန်တွေက အများကြီး ကျန်ပါသေးတယ်။
သေချာတာကတော့ တစ်နာရီလောက် စောင့်ဆိုင်းပြီးတဲ့နောက်မှာ ခါဇူကာဇဲဟာ သူလိုအပ်တဲ့ လူကို ရှာတွေ့သွားခဲ့ပြီ။
အဲ့ဒါက အသက်လတ်ပိုင်း အရွယ်ရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး ရုပ်ဆိုးလှတာမျိုး မဟုတ်ပေမဲ့ အနည်းငယ် ကြမ်းတမ်းတဲ့ ပုံစံမျိုး ရှိတယ်။ သူ့အကျီရဲ့ ဘယ်ဘက် လက်မောင်းဝမှာ ကာဒို ကုန်သွယ်ရေးအသင်းရဲ့ တံဆိပ်ကို ပန်းထိုးထားတာ ဖြစ်ပြီး၊ သူက ကာစီနိုရုံထဲကနေ လျှောက်ထွက်လာရင်း အသိအကျွမ်းအချို့ကို နှုတ်ဆက်နေခဲ့တယ်။ သူ့ရဲ့ မျက်နှာက နီမြန်းနေပြီး အပြုံးတွေ ဝေဆာနေတာကို ကြည့်ရုံနဲ့တင် ခုနက ငွေတွေ တော်တော်လေး နိုင်လာခဲ့ပုံရတယ်ဆိုတာ သိသာလှပါတယ်။
ဒါ့အပြင် အဲ့ဒီလူရဲ့ ဝတ်စားဆင်ယင်မှု ပုံစံကို ကြည့်ရတာ ကာဒိုရဲ့ လက်အောက်မှာ ရာထူး သိပ်မနိမ့်တဲ့ ဆာမူရိုင်းတစ်ယောက် ဖြစ်ပုံရတယ်။ ဘာပဲဖြစ်ဖြစ် သာမန်လူတွေကတော့ ဒီလို အဝတ်အစားကောင်းတွေကို ဝတ်ဆင်နိုင်မှာ မဟုတ်ပါဘူး။
ခါဇူကာဇဲက လူအများကြီးရဲ့ အာရုံစိုက်မှုကို မခံချင်သလို၊ လူမိုက်တစ်ယောက်လိုမျိုး တိုက်ရိုက် ဝင်ရောက်ရှင်းလင်းတာမျိုးလည်း မလုပ်ချင်ပါဘူး။ ဒါကြောင့်မို့ နင်ဂျာတစ်ယောက်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီတဲ့ ဒီနည်းလမ်းကသာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။
သူက ချက်ချင်း လှုပ်ရှားခြင်းမရှိဘဲ အဲ့ဒီလူရဲ့ နောက်ကနေ တိတ်တဆိတ် လိုက်ပါသွားခဲ့တယ်။ အဲ့ဒီလူက အရက်ဆိုင်တစ်ဆိုင်ထဲ ဝင်သွားပြီး အရက်အချို့ သောက်ကာ ပြန်ထွက်လာတဲ့အထိ၊ ပြီးနောက် လူသူကင်းမဲ့ပြီး မှောင်မည်းနေတဲ့ လမ်းကြားတစ်ခုထဲ ဝင်သွားတဲ့အထိ စောင့်ဆိုင်းနေခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ခါဇူကာဇဲရဲ့ ပုံရိပ်က လှုပ်ရှားသွားပြီး သူ့ရဲ့ နောက်ကနေ ကပ်လျက် လိုက်ပါသွားခဲ့တော့တယ်။ အဲ့ဒီလူကတော့ သူ့ဆီကို ကျရောက်လာတော့မယ့် အန္တရာယ်ကို လုံးဝ သတိမထားမိသေးပါဘူး။
သူက စိတ်လျှော့လွန်းနေခဲ့တာပါ။ ဒီနေရာမှာ သူ့ကို ဘယ်သူမှ မီးစင်ကြည့်မရဲကြတာမို့ သက်တောင့်သက်သာ ရှိလှတဲ့ နေ့ရက်တွေကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ဆာမူရိုင်းတစ်ယောက်ရဲ့ အခြေခံအကျဆုံး ကာကွယ်ရေး အရည်အချင်းတွေတောင် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်တယ်။ ဒါပေမဲ့ သူသာ တကယ့် ထိပ်တန်း ဆာမူရိုင်းတစ်ယောက် ဖြစ်နေဦးမယ်ဆိုရင်တောင် ခါဇူကာဇဲရဲ့ တည်ရှိမှုကို ရှာဖွေတွေ့ရှိဖို့ကတော့ တော်တော်လေး ခဲယဉ်းလှမှာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်... ဒီကမ္ဘာကြီးရဲ့ တိုက်ခိုက်ရေး အင်အား အမြင့်ဆုံး ပြဒါးတိုင်က ‘နင်ဂျာ’ တွေပဲ မဟုတ်ပါလား။