တစ်ညတာလုံး တိတ်ဆိတ်ငြိမ်သက်စွာ ကုန်ဆုံးသွားခဲ့သည်။ ထိုညက နာရူတိုတစ်ယောက် စားကောင်းသောက်ဖွယ်များ စားနေရသည်ဟု အိပ်မက်မက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း ခါဇူကာဇဲ၏ အိပ်စက်မှုမှာမူ ထင်သလောက် မချောမွေ့ခဲ့ပေ။ အကြောင်းမှာ သန်းခေါင်ယံအချိန်တွင် နာရူတို၏ လက်သီးချက်၊ ခြေချက်များကို အကြိမ်ကြိမ် ခံလိုက်ရသောကြောင့် ဖြစ်သည်။ သူ့ကို ကန်ထုတ်ပစ်ချင်စိတ်ကို အောင့်အည်းသည်းခံရင်း ခါဇူကာဇဲတစ်ယောက် သူ့ဘာသာသာ ပြန်လည်နှစ်သိမ့်နေမိသည်။
“သူက သနားဖို့ကောင်းပါတယ်... သနားဖို့ကောင်းတဲ့ ကောင်လေးပါ... တကယ့်ကို သနားစရာ ငနဲလေးပဲ...!”
“ဘုန်း...!”
နောက်ဆုံးတွင်တော့ ခါဇူကာဇဲသည် အောင့်မထားနိုင်တော့ဘဲ နာရူတိုကို ကန်ထုတ်ကာ သူ၏ မူလနေရာသို့ ပြန်ပို့လိုက်တော့မှ ပြုံးပြုံးလေး စောင်ခြုံပြီး အိပ်ပျော်သွားတော့သည်။ နာရူတိုမှာမူ တစ်ချက်နိုးလာသော်လည်း ချက်ချင်းပင် ပြန်လည်အိပ်ပျော်သွားပြန်သည်။ ဤငနဲ၏ အိပ်စက်ခြင်းအရည်အသွေးမှာ တကယ့်ကို အံ့မခန်းပင်။
နောက်တစ်နေ့ နံနက်စောစောတွင် ခါဇူကာဇဲအတွက် မွေးနေ့လက်ဆောင်က ရောက်ရှိလာခဲ့သည်။
မိုးသောက်အလင်းရောင်တွင် ခါဇူကာဇဲသည် ဧည့်ခန်း၌ ထိုင်နေပြီး ဖခင်ဖြစ်သူ ချီကီဟွီက သူ၏ရှေ့တွင် နေရာယူကာ လက်ဆောင်ကို ပေးအပ်လေသည်။
“မင်း အမြဲတမ်းတနေတဲ့ ချက္ကရာ သန့်စင်နည်းကျင့်စဉ်ပဲ။ အရင်က မင်းအရမ်းငယ်သေးလို့ မပေးခဲ့တာ၊ အခုတော့ မင်း လေးနှစ်ပြည့်ပြီဆိုတော့ ချာကရာကို စတင်ကျင့်ကြံဖို့ အနည်းဆုံး အရည်အချင်းတော့ ပြည့်မီပြီ။ ဒါကြောင့် ဒါကို မွေးနေ့လက်ဆောင်အဖြစ် လက်ခံလိုက်ပါ”
ချီကီဟွီသည် ဆိုဖာပေါ်တွင် ဒူးထောက်ထိုင်လျက် ကျမ်းလိပ်တစ်ခုကို လက်နှစ်ဖက်ဖြင့် စနစ်တကျ ကမ်းပေးလိုက်သည်။ ခါဇူကာဇဲသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ထိုကျမ်းလိပ်ကို လှမ်းယူလိုက်ပြီး အသာအယာ ပွတ်သပ်ကြည့်ရှုရင်း—
“ကျေးဇူးတင်ပါတယ် အဖေ” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ရပါတယ်... ပြီးတော့ ဒါက မင်းအမေပေးတဲ့ မွေးနေ့လက်ဆောင်ပဲ။ သူက အလုပ်သွားရမှာမို့ ငါ့ကို လွှဲပေးခဲ့တာ” ဟု ပြောရင်း ချီကီဟွီက ခါဇူကာဇဲထံသို့ ကူနိုင်း တစ်လက်ကို ကမ်းပေးလိုက်ပြန်သည်။
ယောက်ျားအချင်းချင်း စိတ်ချင်းအသိဆုံးမို့ အရာအားလုံး ပေးပြီးနောက် ချီကီဟွီသည် ခါဇူကာဇဲ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း—
“သတိထားကိုင်နော်... ကိုယ့်ကိုယ်ကိုယ် ထိခိုက်မိအောင် မလုပ်နဲ့။ မဟုတ်ရင် မင်းအမေက ငါ့ကိုပဲ အပြစ်တင်ဦးမယ်။ ကဲ... ငါလည်း ဆိုင်သွားဖို့ နောက်ကျနေပြီဆိုတော့ သွားဦးမယ်”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဖေ... ဖြည်းဖြည်းသွားပါ”
ဖခင်ဖြစ်သူ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ခါဇူကာဇဲသည် စိတ်လှုပ်ရှားစွာဖြင့် မိမိအခန်းထဲသို့ ပြေးဝင်ကာ တံခါးကို ခပ်မြန်မြန် ပိတ်လိုက်သည်။ လက်ထဲတွင် ကိုင်ထားသော လက်နက်၏ အလေးချိန်နှင့် အေးစက်သော အလင်းရောင်များ တဖျတ်ဖျတ်လက်နေသည့် ဓားသွားကို ကြည့်ရင်း ထိုအရာ၏ ထက်မြက်မှုကို မိမိလက်ဖြင့် စမ်းသပ်ကြည့်လိုသည့် အတွေးကိုတော့ လက်လျှော့လိုက်သည်။
ကူနိုင်းကို ဘေးသို့ချကာ ကျမ်းလိပ်ကို မဆိုင်းမတွပင် ဖြန့်လိုက်သည်။ ကူနိုင်းထက် ဤကျမ်းလိပ်က သူ့ကို ပို၍ ဆွဲဆောင်နိုင်သည် မဟုတ်ပါလား။ ကူနိုင်းဆိုသည်မှာ ထူးထူးခြားခြား ပုံစံရှိသော ဓားတစ်လက်သာ ဖြစ်သော်လည်း ဤကျမ်းလိပ်မှာမူ သူတစ်ခါမျှ မထိတွေ့ဖူးသည့် နတ်ဘုရားဆန်သော စွမ်းအားများဆီသို့ လမ်းညွှန်ပေးမည့်အရာ ဖြစ်သည်။
ကျမ်းလိပ်ပေါ်ရှိ စာသားများမှာ ထင်ရှားလှသည်။
“ချာကရာ ဆိုသည်မှာ ဝိညာဉ်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တို့၏ ပြည့်စုံသော ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော စွမ်းအင်ဖြစ်သည်။ ၎င်းသည် နင်ဂျာအတတ် ၊ လှည့်စားခြင်းအတတ် နှင့် ကိုယ်ခံပညာ တို့ကို အသုံးပြုနိုင်ရန် စွမ်းအင်အရင်းအမြစ်ပင် ဖြစ်သည်။”
“ချာကရာကို သန့်စင်ရန် သတ်မှတ်ချက်များ- ပထမအချက်အနေဖြင့် လူ့ခန္ဓာကိုယ်ရှိ ဆဲလ်ပေါင်း (၁၃၀) ထရီလီယံမှ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို တစ်ခုချင်းစီ ထုတ်ယူရမည်။ ဒုတိယအချက်မှာ များစွာသော ကျင့်ကြံအားထုတ်မှုနှင့် အတွေ့အကြုံများမှတစ်ဆင့် ဝိညာဉ်ပိုင်းဆိုင်ရာ စွမ်းအင်ကို ရရှိစေရမည်။”
“သန့်စင်နည်း- ဦးစွာ မလှုပ်မယှက် တည်ငြိမ်သော ပုံစံဖြင့် တရားထိုင်ပါ။ ဆဲလ်တစ်ခုချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားကို ခံစားသိရှိအောင် ကြိုးစားပြီးနောက် တစ်ခုချင်းစီကို စနစ်တကျ ပေါင်းစပ်ပါ...”
ခါဇူကာဇဲသည် ကျမ်းလိပ်ပေါ်ရှိ အကြောင်းအရာအားလုံးကို အသေးစိတ် ဖတ်ရှုလိုက်သည်။ သတိထားရမည့် အချက်များနှင့် နည်းလမ်းများကို နားလည်သွားပြီးနောက်တွင် ချက်ချင်းပင် တင်ပလ္လင်ခွေ ထိုင်လိုက်လေသည်။ လက်များကို ပေါင်ပေါ်တွင် သဘာဝအတိုင်း တင်ထားပြီး စိတ်ကို တည်ငြိမ်စေကာ မိမိခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော စွမ်းအားများကို အာရုံခံကြည့်သည်။
ထူးဆန်းသည်မှာ အတွေးများလှသော ခါဇူကာဇဲသည်ပင် ယခုအချိန်တွင်မူ လျင်မြန်စွာ စိတ်တည်ငြိမ်သွားခြင်းပင်။ မကြာမီမှာပင် သူ၏ ဝိညာဉ်သည် မှောင်မိုက်သော ဟင်းလင်းပြင်သို့ နစ်မြုပ်သွားသလို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တွင် တောက်ပသော အလင်းစက်လေးများ ပေါ်လာသည်။ ထိုအလင်းစက်များမှာ အဆုံးမဲ့လှပြီး အပြာရောင်နှင့် လိမ္မော်ရောင်ဟူ၍ နှစ်မျိုးရှိသည်။ လိမ္မော်ရောင်မှာ ရုပ်ပိုင်းဆိုင်ရာစွမ်းအင် (ယန်စွမ်အင်)ဖြစ်ပြီး အပြာရောင်မှာ ဝိညာဉ်စွမ်းအင်(ယင်) ကို ကိုယ်စားပြုသည်။
ခါဇူကာဇဲသည် ထိုအပြာရောင်နှင့် လိမ္မော်ရောင် အလင်းစက်လေးများကို ပေါင်းစပ်လိုက်သောအခါ ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသော စွမ်းအားတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေတော့သည်။
“ဒါက ချာကရာလား... တကယ့်ကို အံ့ဩစရာပဲ။ အခု ငါ့ကိုယ်ငါ အရင်နဲ့ မတူတော့သလို ခံစားနေရတယ်”
ခါဇူကာဇဲသည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ ကိုယ်ထဲတွင် အဆုံးမဲ့သော ခွန်အားများ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုစွမ်းအား၏ အခြားသော အံ့ဖွယ်များကို စမ်းသပ်ရန် ခြံဝန်းထဲသို့ သွားမည်အပြု၊ ဦးနှောက်ထဲမှ ထွက်ပေါ်လာသော စက်ရုပ်ဆန်ဆန် အသံကြောင့် သူ ရုတ်တရက် ရပ်တန့်သွားသည်။
“ချာကရာကို အောင်မြင်စွာ သန့်စင်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ အဓိကတာဝန် ကို တရားဝင် စတင်လိုက်ပြီဖြစ်ရာ နင်ဂျာလောကတွင် အမြန်ဆုံး အစွမ်းထက်ဆုံးသူ ဖြစ်လာစေရန် ကြိုးစားပါ။”
“ယခု ဆုလာဘ်များကို စတင်ရွေးချယ်ပါမည်။ ဂုဏ်ယူပါသည်။ ‘One Piece’ ကမ္ဘာ၏ အကူအညီ ရယူခွင့်ကို ရရှိသွားပါပြီ။”
“အစပြုသူ လက်ဆောင်ထုပ် ကို ပေးပို့ပြီးပါပြီ။ လက်ခံမည်လား၊ မခံဘူးလား။”
ခါဇူကာဇဲသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ၏ လက်များ တုန်ယင်နေမိသည်။ အချိန်အတော်ကြာပြီးမှ ဤစောက်သုံးမကျသော စနစ် က အသုံးဝင်လာခဲ့ပြီ မဟုတ်ပါလား။ အကယ်၍သာ ဤစနစ်မှ ဘာမှမရခဲ့လျှင် သူ ဆဲမိတော့မည်မှာ အမှန်ပင်။ သူကိုယ်တိုင်မှာ အတော်အသင့် အရည်အချင်းရှိသည်ဆိုစေဦး၊ ဤကဲ့သို့သော အကူအညီမပါဘဲ ပင်မတာဝန်ကြီးကို ပြီးမြောက်အောင် ဆောင်ရွက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ‘One Piece’ ကမ္ဘာအကြောင်းကိုလည်း သူ ကောင်းကောင်းသိပြီးသားမို့ ဘာတွေများ ရမလဲဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်လိုက်သည်။
“သိပ်ပြီးတော့ မဆိုးဖို့ပဲ မျှော်လင့်ရတာပဲ...!”
သူသည် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ထဲမှ သုံးကြိမ်တိုင်တိုင် ရွတ်ဆိုလိုက်သည်။
“ငါက ကံကောင်းတဲ့သူပဲ... ငါက ကံကောင်းတဲ့သူပဲ... ငါက ကံကောင်းတဲ့သူပဲ...”
ထို့နောက် တုန်ယင်နေသော လေသံဖြင့် တိတ်တဆိတ် ပြောလိုက်သည်။ “လက်ခံမယ်”
“ဂုဏ်ယူပါသည်။ အခြေခံ ကိုယ်ခံပညာ ကျင့်စဉ်ကို ရရှိပါသည်။ ဂုဏ်ယူပါသည်။ အခြေခံ ဓားသိုင်းပညာ ကျင့်စဉ်ကို ရရှိပါသည်။ ဂုဏ်ယူပါသည်။ ငါးငါးအသီး ဒဏ္ဍာရီလာ သတ္တဝါအမျိုးအစား၊ နဂါးပုံစံ ကို ရရှိပါသည်။”
နောက်ဆုံးတစ်ခုကို မြင်လိုက်ရသောအခါ ခါဇူကာဇဲ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားသည်။ နာရူတိုနှင့် ‘One Piece’ ကို နှစ်သက်သူတစ်ဦးအနေဖြင့် ဧကရာဇ်လေးပါးထဲမှ တစ်ဦးဖြစ်သော ကိုင်ဒို ၏ မိစ္ဆာအသီးမှာ မည်မျှ အစွမ်းထက်ပြီး ထိတ်လန့်ဖွယ်ကောင်းသည်ကို သူ ကောင်းကောင်းသိသည်။
သံမဏိကဲ့သို့ ခိုင်မာသော ခုခံနိုင်စွမ်းနှင့် သက်စွမ်းအားများအပြင် ဤအသီးသည် သဘာဝစွမ်းအားများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိသည်။ လေ၊ မိုးကြိုး၊ မီး နှင့် ရေခဲ တို့ကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိသည်မဟုတ်ပါလား။ ဤအသီးကို ရရှိလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ခါဇူကာဇဲတစ်ယောက် တကယ့်ကို ကံထူးသွားခဲ့ပြီ။
“သတိပေးချက်- ဤကမ္ဘာ၏ နိယာမများ ပြောင်းလဲသွားမှုကြောင့် စနစ်မှ အသီး၏ စွမ်းအားကို အလိုအလျောက် ပြုပြင်ပြောင်းလဲလိုက်ပါသည်။ အသီးကို စားသုံးပြီးနောက် ၎င်းသည် အိမ်ရှင်၏ ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော ‘အမြီးပါသော သားရဲ’ ကဲ့သို့သော ဖြစ်တည်မှုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေနှင့် မတည့်သော အားနည်းချက်မှာ ပျောက်ကွယ်သွားမည် ဖြစ်ပြီး လူနှင့် သားရဲ ပေါင်းစပ်ခြင်းမှာလည်း ‘အမြီးပါသော သားရဲ’ အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်သွားမည်။”
“မှတ်ချက်- မိစ္ဆာအသီးသည် အမြီးပါသော သားရဲ ဖြစ်သွားသည့်အခါ သက်ရှိတစ်ခု ဖြစ်သွားမည် ဖြစ်သလို အစပိုင်းတွင် အလွန်အားနည်းနေမည် ဖြစ်ရာ အိမ်ရှင်မှ စွမ်းအင်ကျွေးမွေးရန် လိုအပ်သည်။ အိမ်ရှင် အစွမ်းထက်လေလေ အသီး၏ စွမ်းရည် ပိုမို အစွမ်းထက်လေလေ ဖြစ်မည်။”
“ပြောင်းလဲတာက ပြောင်းလဲတာပေါ့” ဟု ခါဇူကာဇဲက တိုးတိုးလေး ရေရွတ်လိုက်သည်။ ကမ္ဘာကြီးကို အုပ်စိုးနိုင်မည့် စွမ်းအားကို အစကတည်းက ချက်ချင်းရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ့လက်ထဲတွင် ဘဲဥပုံသဏ္ဌာန်ရှိသော၊ တစ်ကိုယ်လုံး အပြာရောင်တောက်နေသည့် အသီးတစ်လုံး ရှိနေသည်။ အသီးညှာနှစ်ခုမှာ နဂါးဦးချိုနှင့် ဆင်တူပြီး တစ်သီးလုံးမှာ နဂါးအကြေးခွံများဖြင့် တင်းကျပ်စွာ ဖုံးအုပ်ထားသကဲ့သို့ ထူးခြားလွန်းလှသည်။ ကြည့်ရသည်မှာ အပြာရောင် ဒူးရင်းသီးတစ်လုံးကဲ့သို့ပင်။
စနစ် : “အခြေခံ ကိုယ်ခံပညာနှင့် ဓားသိုင်းပညာတို့ကို လေ့လာမည်လား။”
သူသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ထဲမှ ဖြေလိုက်သည်။ “လေ့လာမယ်!”
ခဏအတွင်းမှာပင် ခါဇူကာဇဲ၏ ဦးနှောက်ထဲသို့ မှတ်ဉာဏ်များစွာ စီးဝင်လာသည်။ ဦးနှောက်ထဲသို့သာမက ကြွက်သားများထဲသို့ပါ အသိပညာများ ရောက်ရှိလာသဖြင့် သူသည် ထိုအတတ်ပညာများကို နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သူကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း ၎င်းမှာ အစပြုခြင်း အဆင့်သာ ရှိသေးသည်။
တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြာပြီးနောက်တွင်တော့ ခါဇူကာဇဲ၏ မျက်ဝန်းများမှာ သွေးရောင်လွှမ်းသွားပြီး နဖူးပေါ်တွင် ချွေးစက်များစွာ ကျလာသည်။ သူ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း ကြွက်သားများမှာ နာကျင်ကိုက်ခဲလွန်းသဖြင့် မျက်နှာပျက်သွားရသည်။
“အား...!”
မိနစ်နှစ်ဆယ်ခန့် ကြာတော့မှ သူ ဖြည်းဖြည်းချင်း သက်သာသွားပြီး လေသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ “ဒီအရာတွေကို အလကားရတာ မဟုတ်ဘူးပဲ... စောက်ကျိုးနည်း။”
“ဒါပေမဲ့ ရပါတယ်... အများကြီး ရလိုက်တာပဲ။ ဒီမှတ်ဉာဏ်တွေကို ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအားဖြစ်အောင် မြန်မြန်လုပ်ရမယ်။”
သူသည် ခက်ခက်ခဲခဲ မတ်တတ်ရပ်ကာ လက်သီးကို နှစ်ချက်၊ သုံးချက် ဝှေ့ယမ်းကြည့်သည်။ သူ ဘာလုပ်ရမမည်ကို သိသော်လည်း ကျွမ်းကျင်မှု မရှိသေးဘဲ အနည်းငယ် တောင့်တင်းနေဆဲ ဖြစ်သည်။ သို့သော် လေ့ကျင့်ရန် အချိန်အနည်းငယ် ပေးရုံဖြင့် အမှန်တကယ် ကျွမ်းကျင်လာမည်ကို သူ သိသည်။
ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ပြီး နာကျင်မှုများ သက်သာသွားသောအခါ လက်ထဲရှိ မိစ္ဆာအသီးကို ကြည့်လိုက်သည်။ သူသည် သွားကို တင်းတင်းစေ့ကာ အသီးကို တစ်ကိုက် ကိုက်လိုက်ပြီး မဆိုင်းမတွပင် မျိုချလိုက်လေသည်။
“အဟွတ်... အဟွတ်...!”
တကယ်ပင် မျှော်လင့်ထားသည့်အတိုင်း အရသာမှာ အပုပ်နံ့ထက်ပင် ဆိုးဝါးလှသည်။ သူသည် အန်ထုတ်ရန် ကြိုးစားသော်လည်း ဘာမှ ထွက်မလာတော့ပေ။ သူက စနစ်ကို လှမ်းမေးလိုက်သည်။ “System... ဒါကို ဒီတိုင်း စားလိုက်ရုံပဲလား။”
“ဒင်! ဂုဏ်ယူပါသည်။ ငါးငါးအသီး၊ ဒဏ္ဍာရီလာ သတ္တဝါအမျိုးအစား၊ နဂါးပုံစံ မိစ္ဆာအသီး စွမ်းအားများကို ရရှိသွားပါပြီ။”
“စွမ်းအားများသည် အိမ်ရှင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီဖြစ်ရာ ကျန်ရှိသောအရာမှာ ထူးဆန်းသော ပုံစံရှိသည့် သာမန်အသီးတစ်လုံးသာ ဖြစ်သည်။ မှတ်ချက်- ဤအသီးသည် စားရန် အလွန်ခက်ခဲပါသည်။”
စနစ်၏ အသံ ထွက်ပေါ်လာပြီးနောက် ခါဇူကာဇဲသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ထူးခြားသော ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ သူ၏ ခွန်အားမှာ ပိုမို အားကောင်းလာသလို ခံစားရသည်။ ယခင်က ချာကရာကြောင့် တိုးပွားလာသော အစွမ်းနှင့် မတူဘဲ ယခုမှာမူ စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားပင် ဖြစ်သည်။
ထို့ပြင် သူ၏ အရေပြားမှာလည်း ပိုမို တောင့်တင်းခိုင်မာလာသကဲ့သို့ ခံစားရသည်။ သူသည် ဘေးရှိ ကူနိုင်းကို ကောက်ယူကာ သူ၏ လက်ဖမိုးကို အသာအယာ ခြစ်ကြည့်လိုက်သည်။ ထိုအခါ... သွေးနီရောင်များ စတင်ထွက်ပေါ်လာသည်။
“စောက်ကျိုးနည်း... ဘာလို့ ဒီလောက် ထက်နေရတာလဲ။ ငါ ခံစားချက် မှားနေတာလား။”
သူသည် လက်ဖမိုးကို အခြားလက်တစ်ဖက်ဖြင့် ချက်ချင်း ဖိထားလိုက်သော်လည်း သူ ထင်ထားသကဲ့သို့ စူးရှသော နာကျင်မှုမျိုးကို မခံစားရပေ။ နာကျင်မှု ရှိသော်လည်း သည်းမခံနိုင်လောက်သည့် အခြေအနေမျိုး မဟုတ်ပေ။ မကြာမီမှာပင် သွေးများ တိတ်သွားသဖြင့် လက်ကို လွှတ်လိုက်ရာ အနည်းငယ် ရှေ့က ရှပ်ထိသွားသည့် နေရာမှာ ပြန်လည် ကျက်လာသည်ကို မြင်လိုက်ရသည်။
၎င်းမှာ သူ အသာအယာ စမ်းသပ်ခဲ့ခြင်းကြောင့်လည်း ပါဝင်သော်လည်း သူ၏ မိခင်ပေးခဲ့သော ကူနိုင်းမှာ အဆင့်မြင့် ပစ္စည်းဖြစ်သဖြင့် အရေပြားကို အလွယ်တကူ ရှစေခြင်း ဖြစ်သည်။ သို့သော် သာမန် လေးနှစ်သားနှင့် ယှဉ်လျှင်မူ သူ၏ အရေပြားမှာ သိသိသာသာ တောင့်တင်းနေပြီ ဖြစ်သည်။ ခါဇူကာဇဲသည် ဒဏ်ရာကို စိုက်ကြည့်နေရင်း မိနစ်နှစ်ဆယ်ခန့်အကြာတွင် ဒဏ်ရာမှာ လုံးဝ ပျောက်ကွယ်သွားပြီး အမာရွတ် အဖြူစလေးသာ ကျန်တော့ကာ ၎င်းမှာလည်း မကြာမီ ပျောက်ကွယ်သွားပြန်သည်။
လက်ပေါ်တွင် သွေးစလေးအချို့ ကျန်မနေခဲ့လျှင် သူ အမှန်တကယ် ဒဏ်ရာရခဲ့ခြင်း ဟုတ်၊ မဟုတ်ပင် ဝေခွဲမရနိုင်လောက်အောင်ပင်။ ခါဇူကာဇဲသည် လက်ရှိ သွေးများကို အမြန်ဆုံး ဆေးကြောပစ်လိုက်သည်။ နာနာကို မြင်သွားလျှင် ပြဿနာတက်နိုင်သည် မဟုတ်ပါလား။
“ဒါနဲ့ စနစ်... မင်းပြောတော့ မိစ္ဆာအသီးက အမြီးပါတဲ့ သားရဲပုံစံနဲ့ ငါ့ကိုယ်ထဲမှာ ပုန်းနေမှာဆို။ ငါ ဘာလို့ ဘာမှ မခံစားရတာလဲ။” လက်ဆေးရင်း သူ စိတ်ထဲမှ မေးလိုက်သည်။
“မိစ္ဆာအသီးမှ မွေးဖွားလာသော အမြီးပါသားရဲသည် အိမ်ရှင်၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေပြီးဖြစ်ကာ အိမ်ရှင်အား အစွမ်းအချို့ ပေးအပ်ထားပြီးဖြစ်သည်။ သို့သော် မွေးကင်းစ သားရဲမှာ အလွန်အားနည်းနေသေးသဖြင့် အနားယူရန် လိုအပ်သည်။ ၎င်း နိုးထလာသည့်အခါ အိမ်ရှင်အနေဖြင့် အလိုအလျောက် သိရှိလာပါလိမ့်မည်။ မှတ်ချက်- နိုးထလာချိန်တွင် ပုန်ကန်မှုများ ရှိနိုင်ပါသည်။”
ခါဇူကာဇဲတစ်ယောက် ကျိန်ဆဲချင်စိတ်များ ပေါက်သွားသည်။ စွမ်းအားတွေ အကုန်ပေးလို့မရတာက ထားပါတော့၊ ပုန်ကန်ဦးမယ်ဆိုတာက ဘယ်လိုလဲ! သူက နာရူတိုလိုပဲ ဒီနဂါးကို မြန်မြန်ဆန်ဆန် ယဉ်ပါးအောင် လုပ်ရဦးမှာလား။
“အကြံပြုချက်- အိမ်ရှင်အနေဖြင့် သိလိုစိတ် ပြင်းပြပါက မိမိ၏ ချက်ကို ဦးစွာ ကြည့်ရှုနိုင်ပါသည်။”
ခါဇူကာဇဲသည် အင်္ကျီကို အမြန်လှန်ကြည့်လိုက်ရာ သူ၏ ဝမ်းဗိုက်ပေါ်တွင် အပြာရောင် နဂါးရုပ်ပုံစံ အမှတ်အသားလေးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ သူ စိတ်ကူးလိုက်သည်နှင့် ထိုနဂါးရုပ်လေးမှာ ပျောက်ကွယ်သွားတော့သည်။
ခါဇူကာဇဲသည် သဘောကျစွာ ပြုံးလိုက်ရင်း—
“ဒါက တကယ့်ကို အံ့ဩစရာ ကောင်းတာပဲ။”