အခန်း (၂၈) အတူတကွ လက်တွဲလို့
"ဒါနဲ့နေပါဦး ခါဇူကာဇဲရယ်... မင်းရဲ့ အဲဒီနင်ဂျုဆုက တကယ်ကို အစွမ်းထက်တာပဲ။ ငါ့ကိုလည်း သင်ပေးပါဦးလား။"
လမ်းမထက်တွင် လူစုကြီး လျှောက်လှမ်းလာစဉ် နာရူတိုက ခါဇူကာဇဲအနီး တစ်ဝဲလည်လည် လုပ်ရင်း မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်ကာ ပူဆာလေသည်။
ခါဇူကာဇဲက ခပ်ဖွဖွ ပြုံးလိုက်ရင်း -
"အဲဒီနင်ဂျာအတတ်ပညာကို မင်းသင်လို့ ရမှာမဟုတ်ဘူး ထင်တယ် "
"ဘာလို့လဲ" နာရူတိုက မသင်္ကာသလို မေးခွန်းထုတ်သည်။
"နင်ဂျုဆုတစ်ခုကို သင်ယူဖို့ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ ရုပ်ဝတ္ထုဓာတ်သဘာဝကို စစ်ဆေးရတယ်၊ ပြီးတော့ တခြား လိုအပ်တဲ့ အခြေခံ အချက်အလက်တွေလည်း ရှိသေးတယ်လေ။ စနစ်တကျ မဟုတ်ဘဲ စိမ်းကားရမ်းကား ကျင့်ကြံရင် အတတ်မမြောက်နိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ပါ အန္တရာယ်ပြုမိတတ်တယ်" ခါဇူကာဇဲက လေသံအေးအေးဖြင့် ရှင်းပြလိုက်သည်။ နာရူတို၏ မျက်နှာလေး ညှိုးငယ်သွားသည်ကို မြင်သောအခါ သူက ပခုံးကို ခပ်ဖွဖွပုတ်၍ နှစ်သိမ့်လိုက်၏။ "စိတ်မပျက်ပါနဲ့၊ မင်းက ပါရမီအင်မတန် ထူးချွန်တဲ့သူပဲ။ မကြာခင် မင်းနဲ့ ကိုက်ညီမယ့် နင်ဂျုဆုကို သင်ယူနိုင်မှာပါ။ ပြီးတော့လည်း နင်ဂျာအတတ်ပညာဆိုတာ စောစောသင်ရတာထက် ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့က အဓိက အကျဆုံးပဲလေ။"
တကယ်တော့ နာရူတို၏ ပါရမီက မဆိုးလှဟု ပြောရမည် ဖြစ်သော်လည်း ဉာဏ်ရည်နှင့် ဓာတ်သဘာဝပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် နင်ဂျုဆုတွင် အစွမ်းပြနိုင်ခြင်း မရှိသေးချေ။ သို့သော်လည်း နောင်တွင် ရာဆင်းဂန် နှင့် ရာဆင်းရှရင်ဂန် တို့ ရှိနေရုံဖြင့်ပင် နည်းလမ်း သိပ်မများလှသော်လည်း သုံးရသည်မှာ အလွန် အဆင်ပြေလှပေသည်။
ခါဇူကာဇဲအနေဖြင့် သူ၏လက်ထဲတွင် လေဓာတ် နင်ဂျုဆုများ ရှိနေသည်မှာ အမှန်ပင်။ သို့သော် ထိုအကြောင်းကိုမူ နောက်မှသာ စဉ်းစားရမည်။ အမှန်အတိုင်း ပြောရလျှင် လက်ရှိ နာရူတိုသည် နင်ဂျုဆုကို လေ့လာနိုင်သည့် အခြေအနေသို့ မရောက်သေးဘဲ ချာကရာ ထိန်းချုပ်မှုမှာလည်း ဖရိုဖရဲ ဖြစ်နေဆဲပင်။ ယခုအချိန်တွင် သူ့ကို အတင်းအကျပ် အတတ်ပညာ သင်ပေးလိုက်ပါက ပထမဆုံး ထိခိုက်ဒဏ်ရာရမည့်သူမှာ သူကိုယ်တိုင်သာ ဖြစ်ပေလိမ့်မည်။
နာရူတိုနှင့် နှိုင်းယှဉ်လျှင် ခါဇူကာဇဲက ပို၍ စဉ်းစားတွေးခေါ်ဉာဏ် ရှိသူဖြစ်သည်။ သူက ပါရမီထူးချွန်သည့်အပြင် စနစ်တစ်ခု ကိုပါ ပိုင်ဆိုင်ထားသော်လည်း အနာဂတ်ဆိုသည်မှာ မည်သူမျှ ကြိုတင် မပြောနိုင်ရာ အမြဲတစေ ကြိုးစားအားထုတ်နေရန်သာ လိုအပ်ပေသည်။
သူတို့တတွေ အာလာပသလာပ ပြောဆိုရင်း ခရီးစဉ်ကို ဆက်ခဲ့ကြသည်။
တစ်ဖက်တွင်မူ... စောစောက တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေကန်ကြီး၏ အခြားတစ်ဖက်တွင် ရေမျက်နှာပြင်ထက်သို့ လူရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုသူသည် အရွယ်အစား သိပ်မကြီးဘဲ မျက်နှာတွင် မျက်နှာဖုံးအဖြူရောင်ကို ဆင်မြန်းထားကာ နောက်တွင်မူ မေ့မြောနေသည့် ဇာဘူဇာကို ဆွဲခေါ်လာခဲ့သည်။
ဇာဘူဇာသည် မျက်လုံးများကို တင်းတင်းပိတ်ထားပြီး သတိလစ်နေဆဲပင်။ ခါဇူကာဇဲ၏ 'ရေနဂါး' တိုက်ကွက်က သူ့ကို အသက်မသေစေခဲ့သော်လည်း အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်။
မျက်နှာဖုံးစွပ်လူသားသည် ဇာဘူဇာကို ကုန်းပေါ်သို့ ဆွဲတင်လိုက်ပြီးနောက် မိမိ၏ မျက်နှာဖုံးကို ချွတ်လိုက်သည်။ ထိုမျက်နှာသည် အလွန်တရာ လှပလွန်းလှရာ အကယ်၍ သူ၏ အကြောင်းကို မသိရှိပါက ပထမဆုံးအကြိမ် တွေ့ဖူးသူတိုင်းသည် သူ့ကို နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးဟု အသေအချာ ထင်မှတ်မှားကြပေလိမ့်မည်။
အကယ်၍ ကမ္ဘာကြီးက ဤမျှ ကမောက်ကမ မဖြစ်ခဲ့ဘဲ ကံကြမ္မာကသာ လမ်းကြောင်းမှန်ခဲ့လျှင်၊ ငြိမ်းချမ်းတိတ်ဆိတ်သော ဘဝလေးကို ပိုင်ဆိုင်ခဲ့ရလျှင် အမှန်တကယ်ပင် သူသည် ချစ်စရာကောင်းသည့် မိန်းကလေးတစ်ဦး ဖြစ်နေပေလိမ့်မည်။
ဇာဘူဇာ၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ခွံ့ကျွေးပြီးနောက်၊ ဟာကုသည် ဇာဘူဇာ၏ ဘေးတွင် ဒူးတစ်ဖက်ထောက် ထိုင်လိုက်သည်။ လက်တစ်ဖက်က လက်ဝါးချင်းရိုက်ကာ အမှတ်အသားကို ပြောင်းလဲလိုက်ပြီး ကျန်လက်တစ်ဖက်ကိုမူ ဇာဘူဇာ၏ ရင်ဘတ်ပေါ်သို့ တင်လိုက်ရာ လက်ဖဝါးမှတစ်ဆင့် ချာကရာလှိုင်းများ စီးဆင်းသွားလေသည်။ ၎င်းမှာ ဆေးဝါးကုသမှုဆိုင်ရာ နင်ဂျုဆုတစ်ခုပင် ဖြစ်ဟန်တူသည်။
ဟာကု၏ ကုသမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဇာဘူဇာသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး အသိစိတ်မဲ့စွာဖြင့် ဟာကု၏ လက်မောင်းကို ဖမ်းဆွဲလိုက်မိသည်။ တစ်ဖက်လူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့ရတော့မှသာ သူသည် လက်ကို လွှတ်လိုက်တော့သည်။
နှစ်ဦးသား ဘာစကားမျှ မပြောကြဘဲ ခေတ္တမျှ ကြာပြီးနောက် ဇာဘူဇာက အနည်းငယ် သက်သာလာဟန်ဖြင့် လေသံလေးလေးဖြင့် ပြောသည်။
"ဟာကု... ငါ ဒီနေ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့တယ်။ အဲဒီကောင်လေးရဲ့ ပါရမီက မင်းထက်တောင် သာဦးမယ်"
ဟာကုက ဇာဘူဇာကို ကြည့်လိုက်သော်လည်း သူ၏မျက်ဝန်းထဲတွင် လှုပ်ခတ်မှု အနည်းငယ်မျှမရှိဘဲ တည်ငြိမ်စွာဖြင့်ပင် ဆိုသည်။
"ဒါဆိုရင်... သခင်ဇာဘူဇာ၊ ကျွန်တော့်ဘက်က တစ်ခုခု လုပ်ပေးဖို့ လိုမလားခင်ဗျာ"
ဇာဘူဇာက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ရင်း -
"မလိုပါဘူး"
ဟာကုက ခေါင်းလေးကို အနည်းငယ် ငုံ့လိုက်ရင်း မျက်နှာတွင် အပြုံးတစ်ခု ယှက်သန်းသွားသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် လူစုကြီးသည် ခရီးတွင်တွင်နှင်နှင် နှင်ခဲ့ကြရာ မကြာမီမှာပင် ဒါနာဇ်၏ အိမ်သို့ ရောက်ရှိသွားပြီး အခန်းထဲတွင် အခြေချ ထိုင်မိကြလေသည်။
"ကာကာရှီဆရာကြီး... အဲဒီဇာဘူဇာက တကယ်ပဲ လွတ်သွားတာလားဟင်။ ဒီလောက် အစွမ်းထက်တဲ့ နင်ဂျုဆုနဲ့ ထိမှန်တာတောင် သူ မသေဘူးလား" နာရူတိုက ကာကာရှီကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။
ကာကာရှီက မေးစေ့ကို လက်ဖြင့်ပွတ်ရင်း အနည်းငယ် စဉ်းစားကာ မရေမရာ လေသံဖြင့် ပြောသည်။
"ငါလည်း အသေအချာ မပြောတတ်ဘူး။ အဲဒီလို အစွမ်းထက်တဲ့ နင်ဂျုဆုက သူ့ကို သေစေနိုင်တာ မှန်ပေမယ့် နင်ဂျာတွေရဲ့ လောကမှာတော့ ရန်သူ တကယ် သေ၊ မသေဆိုတာကို ကိုယ်တိုင် မျက်မြင် မမြင်ရမချင်း ဘာမဆို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် နောက်နောင် ရန်သူကို အနိုင်ရပြီးရင်တောင် ပေါ့ဆမနေဘဲ သေချာအောင် အပြတ်ရှင်းဖို့ မှတ်ထားကြ။ မဟုတ်ရင် စက္ကန့်ပိုင်းလေး ပေါ့လျော့မိတာနဲ့ ကိုယ့်အသက်ပါ ဆုံးရှုံးသွားနိုင်တယ်"
ထိုစကားကို ကြားရသောအခါ အိပ်ရာပြင်ဆင်နေသော ခါဇူကာဇဲက လက်ကို ရပ်လိုက်ပြီး ရေရွတ်သည်။
"သာမန်လူဆိုရင်တော့ သေလောက်ပါပြီ၊ ဒါပေမဲ့ ဇာဘူဇာကတော့ မသေလောက်သေးဘူး။ ငါ့ရဲ့ အာရုံခံစားမှုအရ ဆိုရင်တော့ သူ့ကို ငါတို့ နောက်ထပ် တွေ့ရဦးမှာပဲ"
"အား... စိတ်ညစ်ဖို့ကောင်းလိုက်တာ" နာရူတိုက ခေါင်းကို ကုတ်လိုက်သည်။ သူ့လို ဉာဏ်သိပ်မသုံးချင်သည့် သူတစ်ယောက်အတွက် ဤကဲ့သို့ ရှုပ်ထွေးသော ကိစ္စရပ်များကို စဉ်းစားရသည်မှာ အမှန်ပင် ခေါင်းခဲစရာ ဖြစ်ပေလိမ့်မည်။
"သိပ်ပြီးတော့လည်း မတွေးပါနဲ့ဦး၊ သူ အသက်ရှင်နေတာပဲဖြစ်ဖြစ်၊ သေသွားတာပဲဖြစ်ဖြစ်ပေါ့။ တကယ်လို့ ရှင်နေသေးရင်လည်း မကြာခင် ထပ်တွေ့ကြရမှာပဲ၊ သေသွားရင်တော့ ပိုကောင်းတာပေါ့" ကာကာရှီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ခါဇူကာဇဲ၏ အမြင်က မှန်ကန်သည်ဟု ယူဆမိသည်။ မိုမိုချီ ဇာဘူဇာကဲ့သို့သော နာမည်ကျော် နင်ဂျာတစ်ဦးက ဤမျှ အလွယ်တကူ သေဆုံးသွားမည်ဆိုပါက သူ၏ ဂုဏ်သတင်းနှင့်ပင် ထိုက်တန်တော့မည် မဟုတ်ချေ။
ဆာစကေးကမူ ဘေးတွင် တိတ်ဆိတ်စွာ အိပ်ရာပြင်နေရင်း ဂရုမစိုက်သလို ရှိသော်လည်း လူစု၏ စကားဝိုင်းကို တစ်လုံးမကျန် နားထောင်နေခဲ့သည်။ သူသည် စောင်ကို ကိုင်ထားသည့် လက်ကို အနည်းငယ် တင်းလိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်၏။
'မင်း မသေသေးဖို့ မျှော်လင့်ပါတယ်... နောက်တစ်ကြိမ်ကျရင်တော့ ငါ့လက်နဲ့ပဲ မင်းကို သတ်ပစ်မယ်'
သူတို့ စကားပြောနေစဉ်မှာပင် ဧည့်ခန်းထဲမှ ကလေးငယ်တစ်ဦး လမ်းလျှောက်ဝင်လာသည်။ သူတို့၏ စကားကို ကြားသွားဟန်ဖြင့် ကောင်လေး၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ -
"လုံးဝကို စိတ်ပျက်စရာကြီးပဲ" ဟု ပြောချလိုက်သည်။
"အီနာရီ... မင်း ဘယ်သွားနေတာလဲ" အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"အဖိုး... ပြန်ရောက်ပြီလား" အီနာရီက ဒါနာဇ်အနီးသို့ တိုးကပ်သွားသည်။ သူ၏ မျက်နှာသေကဲ့သို့ အမူအရာက စိတ်နှလုံးတစ်ခုလုံး သေဆုံးနေသည့်အလား။
ဒါနာဇ်က အီနာရီ၏ ခေါင်းကို ပွတ်သပ်ပေးရင်း ကြင်နာတတ်သော အမူအရာကို ရှားရှားပါးပါး ပြသလိုက်ကာ -
"ငါ့မြေးလေး အီနာရီက အလိမ္မာဆုံးပဲ"
မြေးအပေါ် အလွန်အမင်း အလိုလိုက်တတ်သည့် သဘာဝကြောင့်ဟုသာ ဆိုရမည်။ ထိုအဖိုးကြီး အမူးသမားက ဤကဲ့သို့သော နူးညံ့သည့် အမူအရာမျိုး ပြသနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။
"သူတို့က တို့တွေကို ကာကွယ်ပေးမယ့် နင်ဂျာတွေလေ" အနားသို့ ချဉ်းကပ်လာသော အမျိုးသမီးမှာ အသက်သုံးဆယ်ကျော် အရွယ်၊ သာမန်အရပ်သူတစ်ဦး ဖြစ်ပြီး မျက်နှာတွင် ရုန်းကန်ရုန်းကန်ရမှုများနှင့် သောကရိပ်များ ထင်ဟပ်နေသည်။
"မေမေ... သူတို့တွေ သေရလိမ့်မယ်" အီနာရီက ခါဇူကာဇဲတို့ကို လက်ညှိုးထိုးကာ အေးစက်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
နာရူတိုက ချက်ချင်းပင် ဒေါသထွက်သွားပြီး ရှေ့သို့ ပြေးထွက်ရန် ပြင်သော်လည်း ခါဇူကာဇဲက တားဆီးလိုက်သည်။ ခါဇူကာဇဲက ကလေးငယ်ကို ကြည့်ကာ ခပ်ဖွဖွ ပြုံးပြရင်း -
"ငါတို့ သေ၊ မသေတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ငါတို့သာ ရောက်မလာရင် မင်းရဲ့အဖိုးကတော့ အခုချိန် သေချာပေါက် အလောင်းဖြစ်နေပြီ။ အဲဒီတော့ မင်း ငါတို့ကို အရင်ဆုံး ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား"
ထိုကလေးသည် ခါဇူကာဇဲထံမှ ဤကဲ့သို့သော တုံ့ပြန်မှုကို ရလိမ့်မည်ဟု မမျှော်လင့်ထားဘဲ အဖိုးဖြစ်သူကို လှမ်းကြည့်လိုက်သည်။ ဒါနာဇ်ကလည်း ဘာပြောရမှန်းမသိဘဲ ခေါင်းကိုသာ ငုံ့ထားမိ၏။ သို့သော် ကလေးငယ်က စိတ်ဓာတ်မပြောင်းလဲဘဲ တတွတ်တွတ် ဆက်ပြောနေပြန်သည်။
"အဲဒါ ဘာဖြစ်လဲ... ခင်ဗျားတို့လည်း သေရမှာပဲ"
ထိုကလေး၏ အမူအရာက တကယ့်ကို ဒေါသထွက်စရာ ကောင်းလှရာ နာရူတိုက မအောင့်အီးနိုင်တော့ဘဲ ဝုန်းခနဲ ထရပ်ကာ အော်ဟစ်တော့သည်။
"ဒီကလေးစုတ်... မင်းပဲ သေမှာ။ ငါတို့က သေမှာ မဟုတ်ဘူး"
"နာရူတို" ကာကာရှီက တင်းမာသော လေသံဖြင့် ဟန့်တားလိုက်သည်။
နာရူတိုက မကျေမနပ်ဖြင့် နှုတ်ပိတ်လိုက်ကာ နေရာတွင် ပြန်ထိုင်ရင်း လက်ပိုက်ကာ စိတ်ကောက်နေတော့သည်။
"မင်းဟာ ဒီခေတ်ဆိုးကြီးရဲ့ သားကောင် ဖြစ်နိုင်သလို၊ မင်းကိုယ်တိုင်ရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်တယ်။ မင်းမှာ ပြည့်စုံတဲ့ အတွေးအခေါ် ရှိပေမယ့် ပြည့်စုံတဲ့ သွန်သင်ဆုံးမမှုကိုတော့ မရရှိခဲ့ဘူးပဲ" ခါဇူကာဇဲက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း လေသံတွင် ဝမ်းနည်းရိပ်များ ယှက်သန်းနေကာ မျက်ဝန်းထဲ၌လည်း သနားကရုဏာစိတ်များ ထင်ဟပ်နေသည်။ ၎င်းမှာ ဤခေတ်ဆိုးကြီးအပေါ် သနားမိခြင်း ဖြစ်သလို၊ အမှန်တရားကို မသိနားမလည်သေးသည့် ဤကလေးငယ်အပေါ်တွင်လည်း သနားမိခြင်းပင်။
ခါဇူကာဇဲ၏ နူးညံ့သော မျက်ဝန်းများက ကလေးငယ်၏ နှလုံးသားကို ထိုးဆွလိုက်သကဲ့သို့ ဖြစ်သွားကာ တည်ငြိမ်နေသော ကောင်လေး၏ မျက်နှာတွင် ဒေါသမီးများ တောက်လောင်လာပြီး အော်ဟစ်လေသည်။
"သူရဲကောင်းဆိုတာ ဘာလဲ။ ဒီကမ္ဘာမှာ သူရဲကောင်းဆိုတာ မရှိဘူး။ အသက်ရှင်ချင်ရင် ခင်ဗျားတို့ ဒီကနေ စောစောစီးစီး ထွက်သွားကြတာ ပိုကောင်းမယ်"
ခါဇူကာဇဲက ခေါင်းခါရင်း တည်ငြိမ်စွာပင် ဆက်ပြောသည်။
"မှန်တယ်... သူရဲကောင်းဆိုတာ တကယ်မရှိပါဘူး။ အကယ်၍ မဖြစ်မနေ ရှိရမယ်ဆိုရင်တော့ အဲဒါ မင်းကိုယ်တိုင်ပဲ ဖြစ်ရလိမ့်မယ်။ သူရဲကောင်းဆိုတာ အားနည်းသူတွေရဲ့ စိတ်သက်သာရာရမှုကို အနက်ဖွင့်တာသက်သက်ပဲ။ မိမိကိုယ်ကို မိမိသာလျှင် ကယ်တင်နိုင်တာမို့... ကလေးငယ်၊ ကြိုးစားစမ်းပါ။ သူရဲကောင်းတစ်ယောက် ပေါ်လာမှာကို ငေးမျှော်နေမယ့်အစား မင်းကိုယ်တိုင်ရဲ့ သူရဲကောင်း ဖြစ်အောင် လုပ်စမ်းပါ"
ခါဇူကာဇဲ၏ စကားလုံးများက လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားရာ ကာကာရှီပင်လျှင် ခါဇူကာဇဲကို မကြည့်ဘဲ မနေနိုင်တော့ဘဲ စိတ်ထဲမှ တွေးမိသည်။
'ငါ့ရဲ့ တပည့်တစ်ယောက်အနေနဲ့... ငါ သူ့အကြောင်းကို လုံလုံလောက်လောက် မသိသေးတာပဲ'
ခါဇူကာဇဲကမူ သူတို့ စိတ်ထဲတွင် ဘာတွေ တွေးနေသည်ကို ဂရုမစိုက်ဘဲ ဒါနာဇ်ကိုသာ ကြည့်လိုက်ရင်း -
"ဦးလေး... တံတားဆိုတာ တည်ဆောက်လို့ရသလို၊ ဖျက်ဆီးပစ်လို့လည်း ရတယ်။ အဲဒါက မျှော်လင့်ချက် မဟုတ်ဘူး။ မျှော်လင့်ချက်ဆိုတာ လူသားတွေရဲ့ ရင်ထဲကနေပဲ မြစ်ဖျားခံတာ။ အဲဒီတော့ အစစ်အမှန် မျှော်လင့်ချက်ကို ရချင်တယ်ဆိုရင် သွားပြီး တိုက်ပွဲဝင်လိုက်ပါ။ အဲဒီကောင်... ကာဒို ဆိုလား။ တကယ်တော့ သူ့ကို သတ်ပစ်လိုက်တာက ပိုပြီး လွယ်ကူလိမ့်မယ် ထင်တယ်"
"ခါဇူကာဇဲ..." ကာကာရှီက စကားဖြတ်ပြောရင်း ခါဇူကာဇဲကို ကြည့်ကာ တိတ်တဆိတ် ခေါင်းခါပြသည်။ သူတို့သည် နင်ဂျာများသာ ဖြစ်ပြီး တာဝန်ကိုသာ ထမ်းဆောင်ရန် လိုအပ်ရာ ဤကဲ့သို့သော စကားမျိုးကို မပြောသင့်ချေ။ ထို့ပြင် ခါဇူကာဇဲ၏ စကားများသည် သာမန်လူများအတွက် အလွန်တရာ အလှမ်းဝေးလွန်းလှသဖြင့် ကာကာရှီကိုယ်တိုင်ပင် အံ့ဩမိရသည်။
ခါဇူကာဇဲ၏ စကားကြောင့် လူစုကြီးမှာ အံ့အားသင့်ကာ မှင်တက်သွားကြပြီး အီနာရီသည်လည်း ခါဇူကာဇဲကို ငေးကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ရုတ်တရက် အပြင်သို့ ပြေးထွက်သွားတော့သည်။
"အီနာရီ" ထိုအမျိုးသမီးက နောက်မှ လှမ်းခေါ်သော်လည်း အီနာရီ၏ ခြေလှမ်းများကို မတားဆီးနိုင်ခဲ့ချေ။ သူမက ကကာရှီတို့ လူစုကို အားနာစွာဖြင့် ကြည့်ကာ ဦးညွှတ်ရင်း -
"တောင်းပန်ပါတယ် ရှင်" ဟု ဆိုသည်။
"ကိစ္စမရှိပါဘူး" ကာကာရှီက ခေါင်းခါပြလိုက်သည်။
ဒါနာဇ်ကမူ ခါဇူကာဇဲကို ကြည့်သည့် အကြည့်များမှာ ရှုပ်ထွေးနေပြီး ခေတ္တမျှ ကြာပြီးနောက် တိုးညှင်းစွာ ပြောသည်။
"ကျေးဇူးတင်ပါတယ်"
ခါဇူကာဇဲက ပြုံးပြရုံသာ ပြုံးပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ဤသည်မှာ စကားအဖြစ် ပြောလိုက်ခြင်းသာ ဖြစ်သည်။ သူသည် ကယ်တင်ရှင်များအပေါ် လေးစားမှု ရှိသော်လည်း ကိုယ်တိုင် ကယ်တင်ရှင်ကြီး မလုပ်လိုပေ။ အကယ်၍ အခြေအနေ ပေးခဲ့လျှင်မူ စောစောကကဲ့သို့ မျှော်လင့်ချက် မျိုးစေ့လေးတစ်ခု ချန်ထားပေးရန် ဝန်မလေးခဲ့ပေ။
ထိုမျိုးစေ့လေးသည် နောင်တစ်ချိန်တွင် အပင်ပေါက်လာမည်လား၊ သို့မဟုတ် လမ်းခရီးတွင် ပျက်စီးသွားမည်လား၊ သို့တည်းမဟုတ် ကြီးမားသော သစ်ပင်ကြီးတစ်ပင်အဖြစ် ရှင်သန်လာမည်လား ဆိုသည်မှာ အနာဂတ်တွင်သာ ရှိပေလိမ့်မည်။ သူ ဂရုမစိုက်လိုသလို၊ ဂရုစိုက်ရန်လည်း မတတ်နိုင်ပေ။
တစ်ချက်တော့ ရှိသည်... ခါဇူကာဇဲသည် နာဂါတို၏ အတွေးအခေါ်ကို အနည်းငယ် နားလည်မိသော်လည်း ထိုအတွေးအခေါ်က အစွန်းရောက်လွန်းလှသည်။ အကယ်၍ ယာဟီကိုသာ အသက်ရှင်သေးလျှင် အာကာဆူကီ အဖွဲ့သည်လည်း ဤသို့ ဖြစ်လာမည် မဟုတ်ချေ။
ဝတ္တရား ကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက် ခါဇူကာဇဲသည် အပြင်ဘက် ကမ်းခြေသို့ လမ်းလျှောက်ထွက်ခဲ့သည်။ ပင်လယ်လေညင်းက အနည်းငယ် တိုက်ခတ်နေသော်လည်း လန်းဆန်းမှုကို ပေးစွမ်းဆဲပင်။ လေညင်းကို ခံစားရင်း သူက မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ ကျောက်ဆောင်များကို ရိုက်ခတ်နေသည့် လှိုင်းသံများကို အေးချမ်းစွာ နားဆင်နေမိသည်။
မည်သည့်အချိန်က ရောက်ရှိလာမှန်းမသိဘဲ ကာကာရှီ၊ နာရူတိုနှင့် ဆာစကေးတို့လည်း လမ်းလျှောက်လာကြသည်။
"ခါဇူကာဇဲ... စောစောက မင်းပြောတာ မင်းရဲ့ အိမ်မက်လား" ဆာစကေးက ခါဇူကာဇဲ ကြည့်နေသည့် အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း မေးမြန်းသည်။
ခါဇူကာဇဲက ဆာစကေးထံမှ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု မထင်ထားသဖြင့် ခပ်ဖွဖွ ပြုံးလိုက်ရင်း ခေါင်းခါကာ နူးညံ့စွာ ပြောသည်။
"မဟုတ်ပါဘူး... ဒါပေမဲ့ စဉ်းစားကြည့်ရင်တော့ ငြိမ်းချမ်းရေးကို တကယ်ပဲ ဖော်ဆောင်နိုင်မယ့်သူ ရှိလာခဲ့ရင် အဲဒီလူဟာ တကယ့်ကို ကြီးမြတ်တဲ့သူ ဖြစ်မှာပဲ"
"အား... အဲဒီလို ကြီးမြတ်တဲ့အရာကို ခါဇူကာဇဲက မလုပ်ချင်ဘူးလား" နာရူတိုက ဝင်ပြောသည်။ သူကတော့ စောစောက ဖြစ်ပျက်သွားသည့် ကိစ္စရပ်များကို အသေအချာ နားမလည်သေးချေ။
"မလုပ်ချင်တာ မဟုတ်ပါဘူး၊ ငါလည်း လုပ်နိုင်လိမ့်မယ် မထင်လို့ပါ။ ငါ့ရဲ့ စွမ်းဆောင်ရည်က အကန့်အသတ် ရှိတယ်လေ" ခါဇူကာဇဲက ပြုံးလိုက်သည်။ ဤသည်မှာ နှိမ့်ချပြောဆိုခြင်း မဟုတ်ဘဲ အချို့သောအရာများသည် စကားပြောရသည်ထက် လက်တွေ့လုပ်ဆောင်ရန် အဆမတန် ခက်ခဲလွန်းလှသဖြင့် သူသည် ဤကြီးမြတ်သော လုပ်ငန်းစဉ်အတွက် အရာအားလုံးကို စွန့်လွှတ်ရန် အဆင်သင့် မဖြစ်သေးခြင်းကြောင့်သာ ဖြစ်သည်။
"မေ့တော့မလို့... မင်းရဲ့ အိမ်မက်က အသန်မာဆုံး ဖြစ်ဖို့ပဲဥစ္စာ" ကာကာရှီကလည်း ဘေးမှ ဝင်ပြောရင်း ခါဇူကာဇဲကို ကြည့်သည်။ သူသည်... ဤတပည့်ဖြစ်သူကို ပို၍ပို၍ နားမလည်နိုင်အောင် ဖြစ်လာရသည်။
"မင်းတို့နှစ်ယောက်သာ ဆိုရင်တော့... ဖြစ်နိုင်ရင် ဖြစ်လိမ့်မယ်" နာရူတိုနှင့် ဆာစကေးကို ကြည့်ကာ ခါဇူကာဇဲက တိုးညှင်းစွာ ဆိုလိုက်သည်။ "မင်းတို့တွေ အခုချိန်မှာ အားနည်းနေသေးပေမယ့် တောက်ပလန်းဆန်းပြီး ရင်ထဲမှာ ပူပြင်းတဲ့ မျှော်လင့်ချက်တွေ ရှိနေတဲ့ နာရူတိုနဲ့၊ ပါရမီထူးချွန်ပြီး ထက်မြက်တဲ့ ဆာစကေးတို့ နှစ်ယောက်ပေါင်းရင်တော့ မျှော်လင့်ချက် ရှိနိုင်ပါတယ်"
"ဘာပြောတယ်" ဆာစကေးက သူ ကြားလိုက်ရသည်ကို မယုံကြည်နိုင်သကဲ့သို့ ဖြစ်သွားသည်။
"ဟင်" နှစ်ဦးသားက ခါဇူကာဇဲကို ပြိုင်တူ ကြည့်လိုက်ကြသည်။ ခါဇူကာဇဲထံမှ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု မထင်မှတ်ထားကြဘဲ ခါဇူကာဇဲက ခေါင်းကို ထပ်မံ ငြိတ်ပြတော့မှသာ သူတို့ ကြားလိုက်ရသည်မှာ အမှန်တရား ဖြစ်ကြောင်း အတည်ပြုနိုင်ကြတော့သည်။
"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခါဇူကာဇဲတောင် ဉာဏ်ကောင်းတာ မလုပ်နိုင်ရင် ငါလည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီကောင် ဆာစကေးပါ ထပ်ပေါင်းရင် ပိုဆိုးသွားဦးမယ်" နာရူတိုက အလေးအနက် တွေးတောရင်း ပြောသည်။
"မင်း အရင် ပါးစပ်ပိတ်ထားစမ်း" ဆာစကေးက ချက်ချင်းပင် ဟန့်တားလိုက်ပြီး ခါဇူကာဇဲကို ကြည့်ကာ အံ့ဩဝမ်းသာ ဖြစ်သွားမိသည်။ 'တကယ်ပဲ... ငါက သူ့ရဲ့ စိတ်ထဲမှာ ဒီလောက်တောင် အရေးပါနေတာလား'
ထိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြန်လည် ရန်စနောက်ပြောင်နေကြသည်ကို ကြည့်ကာ ခါဇူကာဇဲက လေပြေသွေးရင်း ရယ်မောလိုက်သည်။ ဤခံစားချက်လေးက တကယ်ကို ကောင်းမွန်လှပေသည်။
ကာကာရှီက ရန်ဖြစ်တော့မည့် ထိုနှစ်ယောက်ကို လှမ်းတားလိုက်ရင်း သုံးယောက်လုံးကို ကြည့်ကာ နူးညံ့စွာ ဆိုသည်။
"မင်းတို့သာ ဆိုရင်တော့... အသေအချာ လုပ်နိုင်မှာပါ"
"ဟုတ်တယ်... တို့တွေ လုပ်နိုင်တာပေါ့" နာရူတိုက အော်ဟစ်လိုက်ရင်း - "ဆာစကေး... ဒီတစ်ကြိမ်တော့ မင်းကို ငါ အဖော်အဖြစ် ခေါ်သွားပေးမယ်"
"ငါတို့က မင်းကို ခေါ်သွားရမှာ..." ဆာစကေးက အေးစက်စွာ တုံ့ပြန်လိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ ပျော်ရွှင်ရိပ်များ ပြည့်နှက်နေခဲ့သည်။
"တို့တွေ အတူတူပေါ့... မဆိုးပါဘူး" ခါဇူကာဇဲက ပြုံးလိုက်သည်။ နေမင်းကြီးက ဝင်လုဆဲဆဲ ဖြစ်နေသော်လည်း ကိစ္စမရှိပေ၊ မနက်ဖြန်တွင်လည်း နေရောင်ခြည်က ပြန်လည် တောက်ပလာဦးမည်သာ မဟုတ်ပါလော။