Vol 1
"ထျန်းယွမ်အင်မော်တယ်မှတ်တမ်း"
လျှို့ဝှက်ဆန်းကြယ်၍ အပြောင်းအလဲမြန်သော ကျင့်ကြံခြင်းလောကကြီးထဲတွင် လူ၊ မိစ္ဆာနှင့် နတ်ဆိုး မျိုးနွယ်စုသုံးခုတို့၏ ခေတ်အဆက်ဆက် နက်ရှိုင်းလှသော ရန်ငြိုးရန်စများ ရှိနေပေသည်။ ရှေးဟောင်း အတိဒုက္ခကပ်ဘေးကြီးထဲ၌ မည်သည့် လျှို့ဝှက်ချက်များ ကိန်းအောင်းနေသည်ကို မည်သူမျှ မသိနိုင်ချေ။
တက်သစ်စ တော်လှန်ရေးအင်အားစုများနှင့် ရှေးရိုးစွဲအင်အားစုများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာပြီး စည်းမျဉ်းစည်းကမ်းနှင့် တရားသေဥပဒေသများလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဤအခြေအနေအောက်တွင် သက်ရှိလောကသားအားလုံး မည်သည့်လမ်းဆီသို့ ဦးတည်သွားရမည်မှာ ရင်ခုန်ဖွယ်ရာပင် ဖြစ်၏။
သူရဲကောင်းအပေါင်း အာဏာလုကြပြီး နယ်ချဲ့စစ်ဘုရင်များက တစ်ထောင့်တစ်နေရာစီ ကြီးစိုးထားကြရာ အစွမ်းထက် သူရဲကောင်းများ အပြိုင်အဆိုင် ပေါ်ထွက်လာကြသည်။ အာဏာနှင့် ခွန်အားစွမ်းအားတို့ ရောယှက်နေမှုကြားတွင် မည်သို့သော ပြင်းထန်သည့် ပွတ်တိုက်မှုများ ထွက်ပေါ်လာမည်ကို ဆက်လက် ဖတ်ရှုရပါမည်ဖြစ်သည်။
ထျန်းယွမ်အင်မော်တယ်ဒဏ္ဍာရီ။
___________
အခန်း ၁ ထန်လျိုရွာက လူငယ်လေး
နေဝင်ဆည်းဆာအချိန် ရွာငယ်လေးအတွင်း၌ ကလေးငယ်များ၏ ဆော့ကစားသံများ အသီးသီး ထွက်ပေါ်နေပြီး လူကြီးများ၏ အော်ဟစ်ခေါ်ဝေါ်သံများအောက်တွင် ကလေးများအားလုံး မိမိတို့အိမ်သို့ အသီးသီး ပြန်သွားကြလေ၏။
မီးခိုးငွေ့များ တရစ်ဝဲဝဲ တက်လာပြီး ရှေးဟောင်းတံတားအောက်ရှိ မြစ်ရေများက တသွင်သွင် စီးဆင်းနေချေသည်။ မြစ်ကမ်းဘေးရှိ မိုးမခပင်များက ရေပြင်ကို ခပ်ဖွဖွ ပွတ်သပ်နေပြီး မနီးမဝေးတွင်တော့ အဆုံးအစမရှိသော ဂျုံခင်းများ ရှိနေပေသည်။
ယခုအချိန်သည် ဆောင်းဦးရာသီဖြစ်ရာ နီရဲနေသော ဂျုံပင်လေးများ သန်စွမ်းစွာ ကြီးထွားလာပြီး လေပြေလေညှင်းများဟာ တိုက်ခတ်သွားခဲ့သဖြင့် ဂျုံခင်းပြင်ကြီး လှိုင်းထသွားလေ၏။
ဤရွာသည် ချူနိုင်ငံတောင်ပိုင်းရှိ ရွာတစ်ရွာဖြစ်ပြီး ရွာသူရွာသားအားလုံးက ထန်မျိုးရိုးနှင့် လျိုမျိုးရိုးများဖြစ်ကြသည့်အတွက် ထန်လျိုရွာဟု ခေါ်ဆိုကြပေသည်။
ရွာအပြင်ဘက်ရှိ အဆုံးအစမရှိသော ဂျုံခင်းများတွင် စိုက်ပျိုးထားသည်မှာ သာမန်ဂျုံများမဟုတ်ဘဲ ဝိညာဉ်ဂျုံများဖြစ်ပြီး နတ်စပါးဟုလည်း ခေါ်ဆိုကြ၏။
နတ်စပါးများကို အင်မော်တယ်ဆရာများအတွက် သီးသန့်စိုက်ပျိုးထားခြင်း ဖြစ်လေသည်။ မြေဆီလွှာ ကောင်းမွန်ပြီး လေထုနှင့် မြေကြီးထဲတွင် မီးစွမ်းအင်ပါဝင်မှု များပြားသဖြင့် ဝိညာဉ်ဂျုံများ စိုက်ပျိုးရန် အလွန် သင့်တော်သည့်အတွက် ပတ်လည် မိုင်ငါးဆယ်အတွင်း ဤစပါးများကိုသာ စိုက်ပျိုးထားကြပေသည်။
နတ်စပါးများသည် သုံးနှစ်လျှင် တစ်ကြိမ် အသီးသီးပြီး ရင့်မှည့်ချိန်ရောက်တိုင်း အင်မော်တယ်ဆရာများက လာရောက်သိမ်းဆည်းကြချေသည်။ နတ်စပါးတစ်စေ့စီတွင် စွမ်းအင်အများအပြား ပါဝင်သဖြင့် ခန္ဓာကိုယ်အားနည်းသူများ မတော်တဆ စားမိပါက ဖျားနာတတ်ပြီး ဆိုးရွားလျှင် ခန္ဓာကိုယ်ပေါက်ကွဲကာ သေဆုံးနိုင်ပေသည်။
ထန်လျိုရွာသည် ချူနိုင်ငံနယ်နိမိတ်အတွင်း ရှိသော်လည်း ချူနိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင်မရှိဘဲ ချန်ယိဂိုဏ်း၏ လက်အောက်တွင် ရှိနေ၏။
ချန်ယိဂိုဏ်းသည် ချူနိုင်ငံရှိ အကောင်းဆုံး အင်မော်တယ်ဂိုဏ်းကြီးဖြစ်ပြီး ထန်လျိုရွာပတ်လည် မိုင်ငါးရာအတွင်းသည် ထိုဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိလေသည်။
ဤရွာရှိလူများသည် ချန်ယိဂိုဏ်းအပေါ် ကြောက်ရွံ့ရိုသေမှုနှင့် ကျေးဇူးတင်စိတ်များ ရှိကြချေသည်။ ချန်ယိဂိုဏ်းသည် ရွာသူရွာသားအားလုံး၏ အခွန်အခများကို ကင်းလွတ်ခွင့်ပြုထားသည့်အပြင် ထန်လျိုရွာသူရွာသားများ၏ စားဝတ်နေရေးအတွက် နှစ်စဉ် ငွေကြေးများစွာ ထောက်ပံ့ပေးထားပေသည်။
ယခုအချိန်သည် ဆောင်းဦးရာသီဖြစ်ရာ နောက်ထပ် တစ်လ သို့မဟုတ် နှစ်လအကြာတွင် ချန်ယိဂိုဏ်းမှ အင်မော်တယ်ဆရာများက နတ်စပါးလာရောက်သိမ်းဆည်းကြတော့မည် ဖြစ်၏။
ထန်နင်းတစ်ယောက် မိမိအိမ်ဝင်းအတွင်းရှိ ရှားပင်အိုကြီးကို မှီကာ ထိုင်နေပြီး ချွေးများက အင်္ကျီကို ရွှဲရွှဲစိုနေစေသည်။
ရွာတွင် အစဉ်အလာတစ်ခုရှိရာ လတိုင်း၏ နောက်ဆုံးနှစ်ရက်တွင် မည်သူမျှ အလုပ်လုပ်ရန်မလိုဘဲ ကောင်းစွာ အနားယူနိုင်ကြပေသည်။
ထန်နင်းအရွယ် ကလေးများအဖို့ အနားယူသည့်ရက်များတွင် သူငယ်ချင်းများနှင့် အပြည့်အဝ ဆော့ကစားကြခြင်းပင် ဖြစ်လေ၏။
မနက်ကတည်းက တစ်နေကုန် ဆော့ကစားထားသဖြင့် အမေထန်က သူ့ကို ထမင်းစားရန် လှမ်းခေါ်လိုက်ရချေသည်။
မနက်ဖြန်တွင် အလုပ်ပြန်လုပ်ရတော့မည်ဖြစ်ရာ ကိုးနှစ်အရွယ် ထန်နင်းက ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း နှမြောတသ ဖြစ်နေမိပေသည်။
"ရှောင်နင်း... ထမင်းစားရအောင်..." အမေထန်က အိမ်ထဲမှနေ၍ လှမ်းခေါ်လိုက်လေ၏။
ထန်နင်း အမြန်ပြေးဝင်သွားရာ အခြားအကြောင်းကြောင့်မဟုတ်ဘဲ ယနေ့တွင် အသားစားရမည်ဖြစ်သောကြောင့်တည်း။ လတိုင်း၏ နောက်ဆုံး နှစ်ရက် အနားယူချိန်တွင် အမေထန်က ပင်ပန်းနေသော မိသားစုအတွက် အရသာရှိသော အစားအစာများကို ချက်ပြုတ်ကျွေးမွေးလေ့ ရှိပေသည်။
အိမ်ထဲသို့ မရောက်မီမှာပင် ယုန်သားဟင်းအနံ့က ထန်နင်း၏ နှာခေါင်းဆီ တိုးဝှေ့ဝင်လာပြီး ၎င်းမှာ မနေ့က အဖေထန် တောင်ပေါ်မှ အမဲလိုက်လာခြင်း ဖြစ်၏။
"စားရမယ်ဆိုရင် ဘယ်သူ့ထက်မဆို အပြေးမြန်နေတော့တာပဲ... ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး... တစ်ကိုယ်လုံးလည်း ချွေးတွေချည်းပဲ... ကစားဖို့ပဲသိတယ်... ထင်းသွားခုတ်ဖို့ကိုကျ နားမလည်ဘူး..." အမေထန်က နှုတ်မှ ညည်းတွားနေသော်လည်း မျက်လုံးများထဲတွင်မူ အချစ်များ ပြည့်နှက်နေချေသည်။
ထန်နင်းတွင် မောင်နှမများမရှိဘဲ အိမ်၌ သူတစ်ယောက်တည်းသာ ရှိလေသည်။ အမေထန်သည် သူ့ကိုမွေးဖွားစဉ်က သွေးသွန်လွန်သဖြင့် အသက်အန္တရာယ်ကြုံခဲ့ရပြီး အတွေ့အကြုံရှိသော လက်သည်အဘွားကြီးကြောင့်သာ အဆင်ပြေခဲ့သော်လည်း ရောဂါအခံကျန်ရစ်ခဲ့ကာ ကလေးထပ်မယူနိုင်တော့ချေ။
အဖေထန်က တံခါးဝတွင်ထိုင်ကာ ဆေးလိပ်သောက်နေ၏။ အဖေထန်သည် ဆေးလိပ်အလွန်ကြိုက်သူဖြစ်ပြီး တစ်နေ့လျှင် နှစ်ခွက်မသောက်ရပါက နေမထိထိုင်မသာ ဖြစ်တတ်ကာ နှစ်ပေါင်းများစွာ ပင်ပန်းစွာ အလုပ်လုပ်ခဲ့ရသဖြင့် အသက်သုံးဆယ်ကျော်သာ ရှိသေးသော်လည်း အသက်လေးဆယ်အရွယ်လူတစ်ယောက်နှင့် တူနေပြီး ဆံပင်များပင် ဖြူနေပြီ ဖြစ်ပေသည်။
"အဖေ... ထမင်းစားရအောင်..." ထန်နင်းက စားပွဲရှေ့ရှိ ခုံတွင်ထိုင်ရင်း အော်ခေါ်လိုက်လေသည်။
"မင်း အရင်စားနှင့်... အဖေ မဆာသေးဘူး..." အဖေထန်က ခေါင်းလှည့်မကြည့်ဘဲ ပြန်ဖြေ၏။
ထန်နင်းက ဆက်၍သည်းမခံနိုင်တော့ဘဲ ပန်းကန်နှင့်တူကို ကိုင်ကာ တစ်ဟုန်ထိုး စားသောက်လိုက်ပြီး တစ်ထိုင်တည်းနှင့် သုံးပန်းကန် ဆက်တိုက်စားလိုက်ကာ စားပြီးနောက် လေချဉ်ပင် တက်သွားသေးသည်။
"ဖြည်းဖြည်းစားပါ... မင်းကို ဘယ်သူမှ လုမစားပါဘူး..." အမေထန်က ပြုံးလျက်ပြောကာ ထန်နင်း၏ ခေါင်းကို ပွတ်သပ်ပေးလေ၏။
"အဟွတ် အဟွတ်... အဖေ မင်းရဲ့ဆဌမအဘိုးနဲ့ စကားပြောပြီးပြီ... သူက အင်မော်တယ်တမန်တော်တွေနဲ့ ရင်းနှီးတယ်လေ... အဖေ သူ့ကို မင်းနဲ့ အင်မော်တယ်တမန်တော်တွေကို သွားတွေ့ပေးဖို့ အကူအညီတောင်းထားတယ်... အဲဒီကနေ လော့ယွန်တောင်တန်းကို သွားရမယ်..." အဖေထန်က ချောင်းနှစ်ချက်ဟန့်ကာ ပြောလိုက်ပြီး နှစ်ရှည်လများ ဆေးလိပ်သောက်ထားသဖြင့် ချောင်းဆိုးသည့်ရောဂါ စွဲကပ်နေကာ တစ်ခါတစ်ရံ အတော်လေး ဆိုးရွားတတ်ချေသည်။
"ဟင်..." အမေထန်၏ မျက်နှာက အနည်းငယ် ညှိုးနွမ်းသွားပြီး တီးတိုးပြောလိုက်သည်။ "ကလေးက ငယ်ပါသေးတယ်..."
"ဘာငယ်တာလဲ... ဒီတစ်ခေါက် လွတ်သွားရင် နောက်တစ်ခါ အခွင့်အရေးရပါတော့မလား... အဟွတ် အဟွတ်..." အဖေထန်က အနည်းငယ် ဒေါသထွက်သွားပြီး ပြောပြီးသည်နှင့် အသံကျယ်လောင်စွာ ချောင်းဆိုးလေတော့သည်။
အမေထန်က ချက်ချင်း သွားရောက်ကာ အဖေထန်၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်၏။
ဖခင်၏ စကားကို ကြားသောအခါ ထန်နင်း၏ ရင်ထဲတွင် အရသာပေါင်းစုံ ရောထွေးသွားပြီး မျှော်လင့်ချက်များ၊ ဝမ်းနည်းမှုများနှင့် မခွဲခွာလိုခြင်းများ ရောယှက်နေပေသည်။
ဆဌမအဘိုးမှာ ထန်လျိုရွာ၏ ရွာသူကြီးဖြစ်ပြီး လော့ယွန်တောင်တန်းမှာ ချန်ယိဂိုဏ်းတည်ရှိရာ နေရာပင် ဖြစ်လေသည်။ ချန်ယိဂိုဏ်းသည် ဆယ်နှစ်လျှင် တစ်ကြိမ် တပည့်များ လက်ခံလေ့ရှိရာ ချန်ယိဂိုဏ်းသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးမှာ မည်သူမဆို လက်လွတ်မခံသင့်သည့် အရာဖြစ်ချေသည်။ ချန်ယိဂိုဏ်းသို့ ဝင်ရောက်နိုင်ပါက ငါးကြင်းမှ နဂါးဖြစ်သွားသကဲ့သို့ သာမန်လူဘဝမှ လွတ်ကင်းကာ အင်မော်တယ်လောကသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ၎င်း၏ မိသားစုမှာလည်း ကြီးပွားတိုးတက်လာမည်မှာ အသေအချာပင် ဖြစ်၏။
သို့သော် ထန်နင်းတို့ မိသားစုတွင် သူတစ်ဦးတည်းသာ သားရှိရာ ချန်ယိဂိုဏ်းသို့ ဝင်ရောက်သွားပါက လူ့ဘဝဘဝကို စွန့်လွှတ်ရမည်ဖြစ်ပြီး ထိုအချိန်မှစ၍ တွေ့ဆုံရန် ခက်ခဲသွားမည်ဖြစ်ပေသည်။
ချန်ယိဂိုဏ်း၏ တပည့်လက်ခံရာတွင် ပထမဆုံး အခြေအနေမှာ အသက်ကန့်သတ်ချက်ပြည့်မီရမည်ဖြစ်ပြီး အသက် ခြောက်နှစ်မှ ဆယ့်ခြောက်နှစ်ကြား ဖြစ်ရမည်ဖြစ်ရာ လူတိုင်းအတွက် တစ်သက်တွင် တစ်ကြိမ်သာ အခွင့်အရေးရှိလေသည်။
"စားဝသွားရင် မင်းဘာသာ ရေသွားချိုးပြီး အိပ်တော့... အဖေနဲ့ မင်းအမေ... အဟွတ် အဟွတ်... စကားနည်းနည်း ပြောစရာရှိတယ်..."
"ဟုတ်..." ထန်နင်းက ခေါင်းညိတ်လိုက်ပြီး မတ်တပ်ထရပ်ကာ အပြင်သို့ထွက်၍ ရေချိုးရန် ပြင်လေ၏။
"ဒီနေ့ကစပြီး ကလေးစားမယ့်ဟာကို နည်းနည်းကောင်းတာလေး ကျွေးရမယ်... လော့ယွန်တောင်တန်းကိုသွားမယ့် စရိတ်က... ပြီးတော့ ဆဌမဦးလေးဆီကိုလည်း သိပ်ပြီး..."
"ငါတို့ဆီမှာ အခု... ဟိုတစ်ခေါက် အာ့တန့်ဆီက..."
"ဦးလေးတာ့ရှန်း... ငါ သူ့ကို ပြောလိုက်မယ်..."
ထန်နင်းက ခြံထဲမှနေ၍ အိမ်ထဲရှိ အဖေထန်နှင့် အမေထန်တို့၏ မသဲမကွဲစကားသံများကို ကြားနေရရာ သူ၏ ရင်ထဲတွင် အလွန်တရာ ဝမ်းနည်းလာပြီး အဖိုးတန်ပစ္စည်းတစ်ခုခု ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရချေသည်။
ရေချိုးပြီးနောက် အခန်းထဲသို့ ပြန်ရောက်ကာ ကုတင်ပေါ်တွင် လှဲနေရင်း ဖခင်ပြောခဲ့သည့်စကားများကို တွေးတောနေမိပြီး နောက်နှစ်တွင် ဆဌမအဘိုးနှင့်အတူ လော့ယွန်တောင်တန်းသို့ သွားရမည့်အကြောင်းကို စဉ်းစားနေမိပေသည်။
'လော့ယွန်တောင်တန်းက ဘယ်မှာပါလိမ့်... အဲဒီမှာရှိတဲ့ လူတွေကရော ဘယ်လိုလူတွေလဲ... ငါ အဲဒီရောက်သွားရင် တခြားအင်မော်တယ်ဆရာတွေလို ဖြစ်သွားမှာလား... ဒါပေမဲ့ ငါ ထွက်သွားရင် အဖေနဲ့အမေက ဘယ်လိုလုပ်မလဲ...'
'ဒီလောက်ကြီးလာတဲ့အထိ ရွာပြင်ကို တစ်ခါမှ မထွက်ဖူးသေးဘူး... ရွာအပြင်ကလူတွေက အရမ်းဆိုးကြသလား... ငါ ထွက်သွားရင် အဖေနဲ့အမေက လွမ်းနေကြမှာလား...'
'ပြီးတော့ ရူရူကရော...'
ထိုအကြောင်းအရာများကို တွေးတောရင်း ထန်နင်းတစ်ယောက် နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည်။
ဒုတိယနေ့တွင် ကောင်းကင်ယံ၌ အရုဏ်တက်လာသည်နှင့် ကြက်တွန်သံကြားကာ ထန်နင်း နိုးလာပြီး ကုတင်ပေါ်မှဆင်းကာ မြက်ခြောက်များကို စဉ်းရန် အပြင်သို့ ထွက်လာခဲ့သည်။ မြက်ခြောက်များ စဉ်းပြီးနောက် ဇလုံထဲသို့ ထည့်ကာ ဝက်ခြံဆီသို့ သယ်သွားလေ၏။ ဝက်ခြံထဲတွင် ဝက်သုံးကောင်ရှိပြီး ၎င်းတို့မှာ မိသားစု၏ တန်ဖိုးအကြီးဆုံး ရတနာများဖြစ်ကာ အထီးနှစ်ကောင်နှင့် အမတစ်ကောင် ဖြစ်ချေသည်။ မိသားစုတစ်စုလုံးက ဝက်မကြီး သားပေါက်မည့်အချိန်ကို စောင့်မျှော်နေကြပေသည်။
မြက်ခြောက်များကို ဝက်ခြံထဲသို့ ထည့်ပေးပြီးနောက် လက်ဆေးကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ စားပွဲပေါ်တွင် ပန်းကန်များ ပြင်ဆင်ထားပြီးဖြစ်ကာ မနက်စာမှာ အရင်ကလိုပင် ဆန်ပြုတ်နှင့် ဂျုံပေါက်စီ ဖြစ်သော်လည်း စားပွဲရှေ့ရောက်သောအခါ ယနေ့တွင် ကြက်ဥတစ်လုံး ပိုနေသည်ကို အံ့သြဖွယ် တွေ့လိုက်ရ၏။
ယမန်နေ့က ဖခင်ပြောခဲ့သည့်စကားများကို သတိရလိုက်မိပြီး သူ၏ ရင်ထဲတွင် တဖန် ဝမ်းနည်းလာပြန်ချေသည်။
အဖေထန်နှင့် အမေထန်တို့မှာ ထိုအချိန်ကတည်းက နတ်စပါးခင်းသို့ သွားရောက်စောင့်ရှောက်နေကြပြီ ဖြစ်လေသည်။
ရွာက အဖေထန်ကို နတ်စပါး ဧကဝက်ခန့် ခွဲဝေပေးထားပြီး စောင့်ရှောက်ရန် တာဝန်ပေးထားပေသည်။
ရွာသူရွာသားများအဖို့ နတ်စပါးသည် အရေးအကြီးဆုံးကိစ္စဖြစ်ပြီး လုံးဝ ပေါ့ဆ၍ မရချေ။
ထမင်းစားပြီးနောက် ထန်နင်းက ဖိနပ်လဲကာ တောင်းကိုလွယ်ပြီး တောင်းထဲသို့ ထင်းခုတ်ဓားကို ထည့်လိုက်ကာ အိမ်နီးချင်းဖြစ်သူ ဒုတိယဦးလေးလျို၏ အိမ်ရှေ့သို့ ပြေးသွားလေ၏။
"ရူရူ... ရူရူ... အဆင်သင့်ဖြစ်ပြီလား..." ထန်နင်းက အသံကျယ်ကြီးဖြင့် လှမ်းခေါ်လိုက်သည်။
မကြာမီမှာပင် မိန်းကလေးတစ်ဦး အိမ်ထဲမှ ပြေးထွက်လာပြီး သူ၏ရှေ့သို့ ရောက်လာ၏။ ထိုမိန်းကလေးမှာ အလွန်လှပပြီး မိုးမခရွက်သဏ္ဌာန် မျက်ခုံးများ၊ မျက်လုံးဝိုင်းဝိုင်းကြီးများ၊ သေးသွယ်သော နှာတံလေးနှင့် ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းလေးရှိကာ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေပြီး ပန်းချီကားထဲမှ ကြွေရုပ်လေးတစ်ရုပ်နှင့် တူပေသည်။ သူမ၏ ကျောတွင်လည်း တောင်းငယ်လေးတစ်ခုကို လွယ်ထားချေသည်။
ထိုမိန်းကလေး၏ နာမည်မှာ လျိုရူဟန်ဖြစ်ပြီး ငယ်စဉ်ကတည်းက ထန်နင်းနှင့် အတူတူ ဆော့ကစားခဲ့ကြသူ ဖြစ်လေသည်။ ရွာထဲတွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးက အကောင်းဆုံးဖြစ်ပြီး အဖေထန်နှင့် အဖေလျိုတို့၏ ဆက်ဆံရေးမှာလည်း အလွန်ကောင်းမွန်ကြပေသည်။
မပြောမဖြစ်သည့် အခြားအကြောင်းအရာတစ်ခုမှာ ထိုမိန်းကလေးသည် ထန်နင်း၏ စေ့စပ်ထားသူ ဖြစ်ချေသည်။
သူတို့နှစ်ဦးမှာ ငယ်စဉ်ကတည်းက စေ့စပ်ထားခြင်းဖြစ်ပြီး လျိုရူဟန်က ထန်နင်းထက် လအနည်းငယ် ငယ်လေသည်။ အမေထန်နှင့် အမေလျိုတို့ ကိုယ်ဝန်ရှိစဉ်ကတည်းက ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ဖြစ်လျှင် သမီးယောက္ခမ တော်ကြမည်ဟု မိသားစုနှစ်စု သဘောတူထားခဲ့ကြပေသည်။
ရွာသူရွာသားများမှာ စာချုပ်စာတမ်းများ စသည့် ရှုပ်ထွေးသော ကိစ္စများကို လုပ်လေ့မရှိကြချေ။
မည်သို့ပင်ဆိုစေ ပြောပြီးသားစကားမှာ တည်ရမည်ဖြစ်ပြီး ကတိကဝတ်တစ်ခုပင် ဖြစ်လေ၏။
လျိုရူဟန်သည် မွေးရာပါ ရောဂါအခံရှိကာ ဆွံ့အသူတစ်ဦးဖြစ်ပြီး စကားမပြောနိုင်ချေ။ အပြင်မှ သမားတော်များစွာကို ပင့်ခေါ်ပြသခဲ့သော်လည်း ကုသ၍မရဟုသာ ဆိုကြပေသည်။
သူမတွင် အစ်ကိုတစ်ယောက်ရှိသော်လည်း အသက်သုံးနှစ်အရွယ်တွင် သေဆုံးသွားခဲ့သဖြင့် ဒုတိယဦးလေးလျိုက ထန်နင်းအပေါ် အလွန်ကောင်းမွန်ပြီး သားအရင်းတစ်ယောက်လို ဆက်ဆံလေသည်။
"သွားကြစို့..." ထန်နင်းက သူမ၏ လက်လေးကို ဆွဲကာ တောင်နောက်ဘက်သို့ လျှောက်သွားလိုက်၏။
ယနေ့ သူတို့နှစ်ဦး၏ တာဝန်မှာ တောင်ပေါ်သို့ ထင်းခုတ်ရန်နှင့် သစ်သီးအချို့ ခူးရန်ဖြစ်ပြီး ထန်နင်းက ငယ်စဉ်ကတည်းက ဖခင်နှင့်အတူ တောင်ပေါ်သို့ ထင်းခုတ်၊ အမဲလိုက် လိုက်ပါလေ့ရှိရာ တောင်ပေါ်လမ်းများက ကြမ်းတမ်းသော်လည်း သူ၏အဖို့မူ အလွန် ကျွမ်းဝင်နေပြီ ဖြစ်ချေသည်။
ထန်နင်းက သူမ၏ လက်ကိုဆွဲကာ လမ်းတစ်လျှောက် သီချင်းသံလေး ညည်းရင်း ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားနေပြီး လျိုရူဟန်ကမူ သူ့နောက်မှ ဖြည်းဖြည်းမှန်မှန် လိုက်ပါလာလေသည်။ နွေးထွေးသော နေရောင်ခြည်က သစ်ရွက်များကြားမှ ဖြတ်သန်းကာ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ငယ်လေးများပေါ်သို့ ကျရောက်နေပြီး ငြိမ်းချမ်းတိတ်ဆိတ်မှုများကို ဖန်တီးပေးနေပေသည်။
လမ်းအတန်ကြာ လျှောက်ပြီးနောက် သူတို့နှစ်ဦး သစ်တော်ပင်တစ်ပင်အောက်သို့ ရောက်ရှိလာကြသည်။ ထန်နင်းက တောင်းကို ချွတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် သစ်ပင်ကို ဖက်ကာ အပေါ်သို့ တဖြည်းဖြည်း တက်သွားလေ၏။ "ရူရူ... အောက်ကနေ ဖမ်းပေးဦးနော်..."
လျိုရူဟန်က လက်နှစ်ဖက်ဖြင့် တောင်းကို ပွေ့ထားကာ သစ်ပင်အောက်တွင် ရပ်နေသည်။ မကြာမီမှာပင် တောင်းထဲတွင် သစ်တော်သီး ဆယ်လုံးကျော် ပြည့်သွားရာ သူတို့နှစ်ဦး သစ်ပင်ကြီးကို မှီကာ တစ်ယောက်တစ်လုံး စားကြပြီး ခဏအနားယူပြီးနောက် သူ ပုံမှန် ထင်းခုတ်လေ့ရှိသော နေရာသို့ ဆက်လက် ထွက်ခွာလာခဲ့ကြချေသည်။
နာရီဝက်ခန့် အလုပ်လုပ်ပြီးနောက် သူတို့နှစ်ဦးလုံး ချွေးများ ရွှဲရွှဲစိုနေပြီ ဖြစ်ပေသည်။
"ရူရူ... ခဏနားပြီးရင် ငါတို့ ပြန်ကြမယ်..." ထန်နင်းက သစ်တော်သီး နှစ်လုံးကို ထုတ်ကာ လျိုရူဟန်အား တစ်လုံး ပေးလိုက်ရင်း ပြောလိုက်လေသည်။
သူတို့နှစ်ဦး သစ်ပင်အောက်တွင် မှီကာ သစ်တော်သီးများကို စားနေကြ၏။
တစ်ဝက်ခန့် စားပြီးချိန်တွင် လျိုရူဟန်က ရုတ်တရက် သူ့လက်ကို ဆွဲကာ ဘယ်ဘက်ရှိ ချုံပုတ်ကို လက်ညှိုးထိုးပြလိုက်သည်။
သူမ သတိမပေးလျှင်တောင် ထန်နင်း ကြားလိုက်ရပြီဖြစ်ပြီး တစ်စုံတစ်ခု မြည်သံ ထွက်ပေါ်နေပေသည်။
အသံက တဖြည်းဖြည်း ပိုကျယ်လာရာ ထန်နင်းတစ်ယောက် အခြေအနေမကောင်းမှန်း သတိထားမိလိုက်ပြီး လူ၏အသံနှင့် မတူသဖြင့် လျိုရူဟန်၏ လက်လေးကိုဆွဲကာ မတ်တပ်ရပ်လိုက်ပြီး အခြားလက်တစ်ဖက်က ထင်းခုတ်ဓားကို ကိုင်ကာ ထိုတောအုပ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေလေတော့သည်။
---