အခန်း (၃၇) - တောင်ပေါ်ရေကန်နှင့် ဝိညာဉ်ခြောက်သောအိမ်(၄)
ဧည့်ခန်းထဲတွင် ပန်းချီကားအချို့ ချိတ်ဆွဲထားသည်။ အများစုမှာ ရူးသွပ်နေသူတစ်ယောက် ရေးဆွဲထားသည့်နှယ်ပင်။ ထိုပန်းချီကားများမှာ အလွန်ပင် စိတ္တဇဆန်ပြီး နားလည်ရခက်လှသော်လည်း... တစ်ချက်တည်းသော ပန်းချီကားတစ်ချပ်ကမူ ထူးခြားနေသည်။ ထိုပန်းချီကားမှာ ရှည်လျားကျဉ်းမြောင်းသော မြေအောက်လှိုဏ်ခေါင်းတစ်ခု၏ အတွင်းပိုင်းကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ နံရံများမှာ နိမ့်ပါးပြီး သန့်ရှင်းကာ မည်သည့်အလှဆင်မှုမျှ မရှိပေ။ လှိုဏ်ခေါင်းမှာ အလယ်တွင် ပြတ်တောက်သွားခြင်း မရှိဘဲ အောက်ဘက်သို့ နိမ့်ဆင်းသွားသော လျှောစောက်အတိုင်း ဦးတည်နေပုံရသည်။ ကြည့်ရသည်မှာ... မဟုတ်သေးဘူး၊ ဒါက ဂူသင်္ချိုင်းတစ်ခုပဲ။ ပန်းချီကားထဲက အသေးစိတ်အချက်အလက်အချို့အရ ထိုလှိုဏ်ခေါင်းမှာ မြေအောက်အနက်ပိုင်းတွင် ရှိနေပြီး ထွက်ပေါက် သို့မဟုတ် လူလုပ်မီးရောင်များလည်း မရှိသည်ကို ပြသနေသည်။ ပန်းချီဆရာသည် သူ၏ စုတ်ချက်များမှတစ်ဆင့် ထိတ်လန့်ဖွယ်နှင့် အန္တရာယ်ရှိသော အငွေ့အသက်များကို ဖန်တီးရန် ထူးဆန်းသော ဟန်ပန်တစ်ခုကို အသုံးပြုထားသည်။ ဖုန်းပုကျွယ်သည် ထိုပန်းချီကားထဲသို့ စီးမျောသွားသကဲ့သို့ ငါးစက္ကန့်ခန့် စိုက်ကြည့်နေမိသည်။ ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကို ထိုနေရာတွင်ပင် အေးခဲသွားစေပြီး စကားမပြောနိုင်၊ မလှုပ်ရှားနိုင် ဖြစ်သွားစေသည်။ နောက်တစ်စက္ကန့်တွင်မူ သူ၏မျက်လုံးရှေ့၌ မှောင်အတိကျသွားပြီး ဘာကိုမျှ မမြင်ရတော့ပေ။
အချိန်မည်မျှကြာသွားသည်မသိ၊ လှုပ်ရှားနိုင်စွမ်း ပြန်ရလာချိန်တွင် သူသည် ကျောပိုးအိတ်ထဲမှ လက်နှိပ်ဓာတ်မီးကို ထုတ်ယူကာ ကြည့်လိုက်ရာ... သူသည် ပန်းချီကားထဲက လှိုဏ်ခေါင်းထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဤဖြစ်စဉ်က မည်သို့အလုပ်လုပ်သည်ကို သူနားမလည်သလို၊ ရှောင်ထန် သို့မဟုတ် အစ်ကိုလုံတို့ တစ်ခုခု သတိထားမိလိုက်သလားဆိုသည်ကိုလည်း သူ မသိပေ။ သို့သော် မည်သို့ပင်ဖြစ်စေ၊ ဤနေရာမှ ထွက်ခွာရန်အတွက် သူ့ကိုယ်သူသာ အားကိုးရတော့မည်ဖြစ်သည်။ သူ၏နောက်ဘက်တွင် ကျောက်နံရံတစ်ခုရှိနေပြီး တွန်းကြည့်သော်လည်း လုံးဝ မလှုပ်ရှားပေ။ အမိုးမှာလည်း နိမ့်လွန်းပြီး သူထွက်ပြေးနိုင်မည့် အပေါက်လည်း မရှိချေ။ ဖုန်းပုကျွယ်သည် သက်ပြင်းတစ်ချက်ချကာ ‘ရန်လိုသောအကြည့်’ကို ထုတ်ပြီး ဝတ်ဆင်လိုက်သည်။ လက်တစ်ဖက်တွင် လက်နှိပ်ဓာတ်မီး၊ ကျန်လက်တစ်ဖက်တွင် 'မာရီယို၏ ဂွ' ကို ကိုင်လျက် လျှောစောက်အတိုင်း အောက်သို့ လျှောက်လာခဲ့သည်။ ‘ဂျက်ဇ်ဖိနပ်’ (Jazz Shoes) ကို ဝတ်ဆင်ထားသဖြင့် ဖုန်းပုကျွယ်သည် စူးစမ်းရှာဖွေမှုကြောင့် ခံနိုင်ရည်အား (Stamina Points) ကုန်ဆုံးသွားမည်ကို မစိုးရိမ်ပေ။ သူသွားချင်သရွေ့ လျှောက်သွားနိုင်သည်။ ခံနိုင်ရည်အား ၁,၁၀၀ နှင့် ခံနိုင်ရည်အား ကုန်ဆုံးမှုကို လျှော့ချပေးသည့် အသုံးအဆောင်များရှိနေသဖြင့် သူသည် လကမ္ဘာအထိပင် လမ်းလျှောက်သွားနိုင်ပေလိမ့်မည်။ ဤနေရာသည် ‘Castlevania(မြို့စားဒရက်ဂူလာ ရဲတိုက်)' ဂိမ်းထဲက ရဲတိုက်လောက် ကြီးမားနေလျှင်ပင် မြေပုံတစ်ခုလုံးကို စူးစမ်းနိုင်သည်ဟု သူ ယုံကြည်ချက်ရှိနေသည်။
လမ်းအတိုင်း ၁၀ မိနစ်ခန့် လျှောက်လာပြီးနောက် ဖုန်းပုကျွယ်၏ လက်နှိပ်ဓာတ်မီးမှာ ရုတ်တရက် တဖျပ်ဖျပ် တုန်ခါလာသည်။ သူသည် ဓာတ်မီးကို အကြိမ်အနည်းငယ် ခါယမ်းကာ နှစ်ချက်ခန့် ရိုက်လိုက်ရင်း "ဘက်ထရီကုန်သွားတာလား? မဖြစ်နိုင်တာ... ရှေ့က ဇာတ်လမ်းမှာတုန်းကလည်း သိပ်မှမသုံးရသေးတာ။ ဒါမှမဟုတ် ပျက်သွားတာလား? အဲဒါက ပိုတောင် မဖြစ်နိုင်သေးတယ်၊ ဒါက တရုတ်နိုင်ငံလုပ်လေ၊ ငါတို့နိုင်ငံထွက် ပစ္စည်းတွေကို ငါယုံကြည်တယ်..." ဟု တွေးနေမိသည်။
ရုတ်တရက် ဖုန်းပုကျွယ်၏ ရှေ့ဘက်ဆီမှ ထူးဆန်းသော တိုးတိုးလေး ပြောသံတစ်ခု ထွက်ပေါ်လာသည်။
"ကျွန်မကို အပြင်ထုတ်ပေးပါ..."
ထိုအသံသည် ဖုန်းပုကျွယ်၏ ရှေ့ ၁၀ မီတာခန့်အကွာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူသည် လက်နှိပ်ဓာတ်မီးဆီမှ အကြည့်ကိုလွှဲကာ လှိုဏ်ခေါင်းအောက်ဘက်သို့ ကြည့်လိုက်သည်။ ထိုအချိန်မှာပင် လက်နှိပ်ဓာတ်မီးမှာ ငြိမ်းသွားပြီး အရာအားလုံး မှောင်အတိကျသွားတော့သည်။ ထို့နောက် အလင်းရောင်မှာ ခဏတာ ပြန်လင်းလာပြီး မှောင်ရိပ်ထဲတွင် တစ်ယောက်တည်း ရပ်နေသော အဖြူရောင်အရိပ်တစ်ခုကို ဖမ်းယူမိလိုက်သည်။ ပုံသဏ္ဌာန်အရ ကြည့်ရသည်မှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများရှိနေပြီး ကိုယ်လုံးကိုယ်ပေါက်မှာ သေးသွယ်လှသည်။ သူမ၏ အဖြူရောင်အဝတ်အစားများပေါ်တွင် သွေးစွန်းကွက်များဖြင့် ပြည့်နှက်နေသည်။ ခဏတာသာ မြင်လိုက်ရခြင်းဖြစ်ပြီး အလင်းရောင်နှင့် အကွာအဝေးပြဿနာကြောင့် ဖုန်းပုကျွယ်သည် သူမ၏မျက်နှာကို လုံးဝ မမြင်ရပေ။
အလင်းရောင် ပျောက်ကွယ်သွားပြန်ကာ ဖုန်းပုကျွယ်၏ ကမ္ဘာမှာ မှောင်အတိ ပြန်ကျသွားသည်။ သို့သော် ထိုကြောက်မက်ဖွယ် ပုံရိပ်မှာ သူ၏မျက်လုံးထဲတွင် စွဲထင်ကျန်ရစ်နေပြီး နောက်ဆက်တွဲအဖြစ် အသည်းယားဖွယ် အော်ဟစ်ငိုကြွေးသံတစ်ခု ထွက်ပေါ်လာသည်။
"ကျွန်မကို အပြင်ထုတ်ပေးပါ!"
အမှောင်ထဲတွင် သစ်သားကို ခြေထောက်နှင့် ဆောင့်ကန်နေသည့်အသံများ ပဲ့တင်ထပ်နေသည်။ ပွတ်တိုက်သံများနှင့် သံကြိုးခတ်သံများလည်း ကြားနေရသည်။ ထိုအသံများအောက်တွင်... အကျဉ်းထောင်၏ အနက်ရှိုင်းဆုံးနေရာမှ တစ်စုံတစ်ယောက်က နာကျင်စွာ အော်ဟစ်နေသကဲ့သို့ အဝေးမှလာသော အသံတစ်ခုလည်း ရှိနေသည်။
မိနစ်ဝက်ခန့်အကြာတွင် လက်နှိပ်ဓာတ်မီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး တဖျပ်ဖျပ်ဖြစ်နေခြင်းလည်း ရပ်တန့်သွားသည်။ ဤအဖြစ်အပျက်ကို ကြုံတွေ့ရပြီးနောက် ဖုန်းပုကျွယ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပေ။ သူက သက်ပြင်းချရင်းပင် စိတ်အေးသွားပုံရသည်။
"တော်သေးတာပေါ့.. ဓာတ်မီးက ပျက်သွားတာ မဟုတ်ဘူးပဲ။ တဖျပ်ဖျပ် ဖြစ်နေတာက ဇာတ်လမ်းသဘောအရဖြစ်နေတာကိုး။"
(APK ခြောက်သွားတဲ့ သရဲကို အားတာင်နာတယ်)
ထိုအချိန်တွင် စနစ်၏အသံက "ဘေးထွက်မစ်ရှင် တိုးတက်မှု အခြေအနေကို အဆင့်မြှင့်တင်လိုက်ပါပြီ" ဟု အသိပေးလာသည်။ ဖုန်းပုကျွယ် စစ်ဆေးကြည့်လိုက်ရာ 'ခြောက်ခြားဖွယ်ရာ နန်းတော်' (The Haunted Palace) ၏ အစိတ်အပိုင်း ခြောက်ခုစလုံးကို ရှာဖွေရမည့် မစ်ရှင်မှာ ၂/၆ သို့ တိုးသွားပြီဖြစ်သည်။ ကျန်ရှိနေသော ကဗျာတစ်ပိုဒ်ကို အခြားတစ်ယောက်ယောက်က ရှာတွေ့သွားခြင်းဖြစ်မှာ သေချာသော်လည်း စိတ်မကောင်းစရာမှာ မစ်ရှင်စာမျက်နှာတွင် ထိုအပိုဒ်၏ အသေးစိတ်ကို ဖော်ပြမထားခြင်းပင်။
တစ်ချိန်တည်းမှာပင် ပထမထပ်တွင် ရှိနေကြသော ဝမ်ထန်ကျီနှင့် လုံအောက်မင်တို့သည် မီးဖိုချောင်ရှိ မီးဖိုဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် ကျောက်မီးသွေးကဲ့သို့သော အရာတစ်ခုဖြင့် ရေးသားထားသည့် 'ခြောက်ခြားဖွယ်ရာ နန်းတော်' ၏ ဒုတိယမြောက် ကဗျာတစ်ပိုဒ်ကို လေ့လာနေကြသည်။
တောက်ပသော ရွှေရောင် အလံဝါများမှာ
အမိုးပေါ်တွင် လွင့်ပျံကာ ဝေ့ဝဲနေ၏
ဤအရာအားလုံးသည် လွန်ခဲ့သော...
ရှေးဟောင်းအချိန်က ဖြစ်ရပ်များပါပေ
နူးညံ့သော လေညင်းများ ဝေ့ယမ်းသည့်
ထိုချိုမြိန်သော နေ့ရက်များဝယ်
ဖြူဖျော့ဖျော့ ရဲတိုက်တံတိုင်းများတစ်လျှောက်
တောင်ပံပါသော ရနံ့များ ပျံလွင့်သွားလေပြီ
"အား... ဘာတွေမှန်း လုံးဝ နားမလည်တော့ဘူး!" ထိုကဗျာမှာ ဝမ်ထန်ကျီ၏ ဘယ်ဘက်နားမှ ဝင်ပြီး ညာဘက်နားမှ ပြန်ထွက်သွားသည်။ သူသည် မီးဖိုထဲသို့ ခေါင်းလျှိုကြည့်ကာ မီးခိုးခေါင်းတိုင်ကို မော့ကြည့်လိုက်သည်။ သူ ပြန်ထွက်လာချိန်တွင် မျက်နှာတစ်ခုလုံး မှိုင်းများဖြင့် မည်းနက်နေပြီး ချောင်းတဟွတ်ဟွတ် ဆိုးနေတော့သည်။ "ဒါက အရမ်းကျဉ်းလွန်းတယ်၊ ဒီထဲကနေ ဖြတ်သွားဖို့ လုံးဝ မဖြစ်နိုင်ဘူး။"
အစပိုင်းတွင် လုံအောက်မင်က သူ့ကို ပြန်မဖြေသည့်အတွက် ဝမ်ထန်ကျီက သိပ်ပြီး ထူးထူးခြားခြား မတွေးမိပေ။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် ဝမ်ထန်ကျီ လှည့်ကြည့်လိုက်သောအခါ လုံအောက်မင်မှာ ထူးထူးဆန်းဆန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်လုံးများမှာ ပြူးထွက်နေပြီး နှုတ်ခမ်းများမှာလည်း ပွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်။ သူသည် အော်ဟစ်နေပုံရသော်လည်း ရှောင်ထန်ကမူ မည်သည့်အသံမျှ မကြားရပေ။ ဤအချက်က ရှောင်ထန်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေပြီးနောက် သူ ချက်ချင်းပင် တစ်ခုခုကို သတိပြုမိလိုက်သည်။ သူ ပြောဖို့ကြိုးစားလိုက်သော စကားလုံးများမှာ လည်ချောင်းထဲမှ ထွက်မလာတော့ပေ။
ဤအခြေအနေမှာ ပါဝင်ပတ်သက်နေသူများအတွက် ကြောက်စရာကောင်းသော်လည်း ဘေးကနေ ကြည့်နေသူများအတွက်မူ အတော်လေး ရယ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ လက်ဟန်ခြေဟန်စကားကို နားမလည်ကြသော အမျိုးသားနှစ်ဦးမှာ လေးနက်သော မျက်နှာပေးများ၊ လှုပ်ရှားနေသော နှုတ်ခမ်းများဖြင့် လက်များကို အရူးအမူး ဝှေ့ယမ်းနေကြသည်။ နောက်ဆုံးတွင်မူ တစ်ယောက်ပြောသည်ကို တစ်ယောက် လုံးဝ နားမလည်ကြချေ...။ သူတို့ ပြောချင်နေသည့် စကားများမှာ "မင်းနေမကောင်းဘူးလား?"၊ "မင်းမှာ ဆေးရှိလား?"၊ "ဘယ်လောက်ရှိလဲ?"၊ "ပုံမှန်ဆို ဘယ်လောက်စားလဲ?"၊ "ရှိသလောက် အကုန်စားလိုက်!"၊ "မင်း စိတ်ရူးပေါက်သွားပြီလား?" စသည်တို့ ဖြစ်နိုင်သော်လည်း... လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။
"ဘာတွေဖြစ်နေတာလဲ?" ဟု ဝမ်ထန်ကျီက မေးရန် ကြိုးစားလိုက်သည်။ "မင်း ဘာတွေပြောနေတာလဲ? မင်းရဲ့ လက်ဟန်ခြေဟန်တွေက ဘာကို ဆိုလိုတာလဲ?"
"မင်းမျက်နှာပေါ်က အမည်းရောင်အလွှာကြီးက ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာ!" ဟု လုံအောက်မင်က သူ့ကို ပြောရန် ကြိုးစားနေခြင်းဖြစ်သည်။
လုံအောက်မင်၏ အမြင်တွင်မူ အရာအားလုံးက ရှင်းလင်းနေသည်။ ဝမ်ထန်ကျီ၏ မျက်နှာပေါ်က မီးသွေးမှိုင်းများမှာ 'အသက်ဝင်နေသော' မျက်နှာဖုံးတစ်ခုကဲ့သို့ ဖြစ်နေပြီး ထူးဆန်းသော အပြုံးတစ်ခုကို ပြသနေသည်။ ဤ 'မျက်နှာမည်း' ၏ အမူအရာမှာ ရှောင်ထန်ကိုယ်တိုင်နှင့် မသက်ဆိုင်ဘဲ၊ ရှောင်ထန်၏ မျက်နှာပေါ်တွင် ဝဲပျံနေသော မျက်နှာတစ်ခုနှင့် ပိုတူနေသည်။ နောက်ဆုံးတွင် လုံအောက်မင်မှာ အကြံတစ်ခု ရလာသည်။ သူသည် ညစ်ပတ်နေသော မီးဖိုချောင်ထဲမှ အဝတ်စတစ်ခုကို ရှာတွေ့လိုက်ပြီး သူ၏မျက်နှာရှေ့တွင် ကိုင်ထားလိုက်သည်။ ထိုအဝတ်စကို နာရီလက်တံအတိုင်း ဝိုင်းလှည့်ပြလိုက်ပြီးနောက် အဝတ်စကို လက်ညှိုးထိုးပြကာ ရှောင်ထန်၏ မျက်နှာကို ပြန်ညွှန်ပြလိုက်သည်။ နောက်ဆုံးတော့ ရှောင်ထန် နားလည်သွားသည်။ သူသည် အဝတ်စကို ဆွဲယူလိုက်ပြီး သူ၏မျက်နှာကို တတ်နိုင်သမျှ မြန်မြန် ပွတ်တိုက်လိုက်တော့သည်။
သူ အဝတ်စကို ဖယ်လိုက်သောအခါ နှစ်ယောက်စလုံး စကားပြန်ပြောနိုင်စွမ်း ရှိလာကြသည်။
"ဘုရားရေ! ဒါက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ?" ဝမ်ထန်ကျီသည် သူ၏လက်ထဲက အဝတ်စကို ကြည့်လိုက်သည်။ ထို 'မျက်နှာမည်း' မှာ ရှောင်ထန်၏ မျက်နှာမှ အဝတ်စဆီသို့ ကူးပြောင်းသွားသကဲ့သို့ အဝတ်စပေါ်တွင် ပုံနှိပ်ထားသကဲ့သို့ ကျန်ရစ်နေခဲ့သည်။ ထိုအချိန်တွင် ရှောင်ထန်၏ မျက်နှာမှာ ဖုန်မှုန့်တစ်စပင် မရှိတော့ဘဲ သန့်ရှင်းသွားလေပြီ။
"စနစ်က ဘာဖြစ်လို့ ဒီလိုမျိုးကို ဖန်တီးခဲ့တာလဲဆိုတာ ကျွန်တော် နားမလည်ပေမဲ့..." ဤအရာမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု မပေးနိုင်သလို အထူးတလည်လည်း မကြောက်စရာကောင်းကြောင်း လုံအောက်မင် သတိပြုမိလိုက်သည်။ ကစားသမားတွေကို နောက်ပြောင်တာကလွဲလို့ အခြား ဘယ်ရည်ရွယ်ချက်မှ ရှိမယ်မထင်ဘူး။ "ဒါပေမဲ့ ဒါကို မီးရှို့ပစ်လိုက်တာက ပိုပြီး စိတ်ချရမယ် ထင်တယ်ဗျ။" လုံအောက်မင်သည် ထိုအဝတ်စကို ဆွဲယူလိုက်ပြီး မီးဖိုဘေးတွင် ရှိနေသော မီးခတ်ကျောက်နှစ်လုံးကို ကောက်ယူလိုက်လေသည်။