အခန်း (၃၅) တောင်ပေါ်ရေကန်နှင့် ခြောက်ခြားဖွယ်ရာ စံအိမ်(၂)
ထိုစဉ် မစ်ရှင်စာမျက်နှာ ပြောင်းလဲသွားသည်။ “ဒီအိမ်ထဲကနေ လွတ်မြောက်မယ့် လမ်းစကို ရှာဖွေပါ” ဟူသော စာသားကို ဖတ်ပြီးနောက် ဖုန်းပုကျွယ်သည် တစ်ခွန်းမှ မပြောတော့ဘဲ တံခါးကိုဖွင့်ရန် နောက်သို့ လှည့်လိုက်သည်။ ၎င်းမှာ သစ်သားဘောင်များ ကာရံထားသော ပြင်သစ်စတိုင် တံခါးချပ်ကြီး ဖြစ်သည်။ ဖုန်းပုကျွယ်သည် တံခါးလက်ကိုင်နှစ်ဖက်ကို ဆုပ်ကိုင်ကာ တဂျိဂျိအသံမြည်သည်အထိ လှည့်လိုက်သည်။ သဘာဝကျစွာပင် တံခါးမှာ ပိတ်ထားပြီးသား ဖြစ်ရာ ထိုမျှနှင့်တော့ အလွယ်တကူ ပွင့်လာမည်မဟုတ်ပေ။
‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ က နှာခေါင်းရှုံ့ရင်း အထင်သေးစွာ ဆိုသည်။ “အောက်တန်းစားတွေကတော့ အောက်တန်းစားတွေပဲ။ ဒီလိုမျိုး တံခါးပွင့်လာမယ်လို့ တွေးနေတာ အောက်တန်းစားတွေပဲ ရှိမယ်။”
ဂျိ... ဂျိ...။ ဝမ်ထန်ကျီကလည်း ဖုန်းပုကျွယ်နှင့် ပူးပေါင်းလိုက်သည်။ သူသည် ‘စားဖိုမှူးသုံးဓား’ ကို အသုံးပြုကာ တံခါးကြားထဲ ထိုးထည့်၍ လှုပ်ယမ်းနေပြီး အခြားတစ်ဖက်ကလည်း တံခါးလက်ကိုင်ကို ဆွဲနေသည်။ သူ၏ လုပ်ရပ်မှာ ဖုန်းပုကျွယ်ကို ထောက်ခံကြောင်း ပြသနေခြင်းပင်။
‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ က တဖန် ညည်းညူပြန်သည်။ “ဟေ့... ဘွဲ့နာမည်မှာ ‘ထိတ်လန့်’ လို့ ပါနေတဲ့ ညီလေး၊ မင်း နားပင်းနေတာလား။ ငါ အခုနကပဲ ပြောပြီးပြီ...”
ဂွမ်... ဂွမ်... ဂွမ်...။ ထိုနှစ်ယောက်က အခြေအနေကို ပိုဆိုးအောင် လုပ်နေကြသည်။ တစ်ယောက်တစ်ဖက်စီကနေ တံခါးကို အားကုန်သုံးကာ ဆွဲရမ်းနေကြခြင်း ဖြစ်သည်။
“မင်းတို့နှစ်ယောက် ရူးနေတာလား” ‘မရှုံးနိမ့်ခြင်း ’ တစ်ယောက် သူတို့ကို ဆဲဆိုရန် စကားလုံးများပင် ကုန်ခန်းလာသည်။
ဖောက်... ဖောက်...။ ကြည်လင်ပြတ်သားသော အသံနှစ်ချက် ထွက်ပေါ်လာပြီးနောက် တံခါးလက်ကိုင်နှစ်ခုလုံးမှာ ဘောင်ထဲမှ ပြုတ်ထွက်လာတော့သည်။ ကဲ... အခုချိန်မှာ သူတို့ဆီမှာ သော့ရှိရင်တောင်မှ ဒီလမ်းကနေ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
“ဟေ့! မင်းတို့ ဘာလုပ်လိုက်တာလဲ‽” ‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ မှာ အသက်ပင် မှားရှူမိသွားပြီး တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူ၏ ‘ထိတ်လန့်မှုအဆင့်’ (Terror Points) မှာ ခဏတာ မြင့်တက်သွားခဲ့သည်။
ဘုန်း... ဘုန်း... ဘုန်း...။ ထို့နောက် သူတို့သည် တံခါးလက်ကိုင် ပြုတ်သွားသော တံခါးချပ်ကို ပခုံးနှင့် တိုက်၍ ဆက်လက် တွန်းတိုက်ကြပြန်သည်။ နောက်ဆုံးတွင် နှစ်မိနစ်ခန့် ရူးသွပ်မှုများ ပြီးဆုံးသွားချိန်၌ ဖုန်းပုကျွယ်သည် လှည့်လာကာ သူ၏ အင်္ကျီကော်လာကို ပြန်ပြင်ပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။
“ကြည့်ရတာ ဒီတံခါးက တကယ်ပဲ ဖွင့်လို့မရဘူးပဲ”
‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ က စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆဲဆိုလိုက်သော်လည်း ဂိမ်းထဲတွင် ဆဲဆို၍ မရသောကြောင့် ဒေါသတကြီးသာ အော်ဟစ်လိုက်တော့သည်။ “ဒါကို ငါက အစကတည်းက ပြောမနေဘူးလား‽”
“စကားထက် လုပ်ရပ်က ပိုအဓိပ္ပာယ်ရှိတယ်လေ” ဖုန်းပုကျွယ်က ပြန်ဖြေသည်။ “ခင်ဗျားပြောတဲ့ စကားတွေ မှန်ကန်ကြောင်း သက်သေပြဖို့ ကျွန်တော် လက်တွေ့လုပ်ပြနေတာပါ”
“ဒါဆိုရင် အကြောင်းပြချက်မရှိ ဂိမ်းထဲက ထွက်သွားရင် ဒါမှမဟုတ် အဖွဲ့ကို ပစ်ထားခဲ့ရင် ဘယ်လို ပြစ်ဒဏ်တွေ ပေးမလဲဆိုတာကိုရော လက်တွေ့ သက်သေမပြကြည့်ချင်ဘူးလား” ‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ က စိန်ခေါ်လိုက်သည်။
“ဟင်း... ဒါဆိုရင် တံခါးကို ပိတ်ထားတာ တစ်စုံတစ်ခုသော စွမ်းအားတစ်ခုပေါ့...” ဖုန်းပုကျွယ်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း သိသာထင်ရှားနေသည့် အချက်ကိုပင် ရေရွတ်လိုက်သည်။
“အခုတော့ ငါ့ကို လျစ်လျူရှုဖို့ ရွေးချယ်လိုက်တာပေါ့လေ”မရှုံးနိမ့်ခြင်း’ ၏ ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေသည်။
‘ဖြတ်ကျော်မိုးစက်(Passing Rain)(ဂိမ်းနာမည်)' ကဘေးကနေ ခဏတာ စောင့်ကြည့်နေပြီးနောက် ဘာစကားမှ မပြောဘဲ ပထမထပ်ရှိ မှောင်မည်းနေသော လမ်းဘက်သို့ လှည့်ထွက်သွားသည်။ တံခါးက ဖြတ်သန်းသွား၍ မရကြောင်း တစ်ယောက်ယောက်က သက်သေပြပြီးပြီ ဖြစ်သဖြင့် ထိုအဖြစ်ဆိုးကို ဆက်လက် စောင့်ကြည့်နေရန် အကြောင်းမရှိတော့ပေ။ ‘ရယ်မောသောဝိညာဉ်(Laughing Soul)' ကလည်း သူမနောက်သို့ လိုက်ကာ ဧည့်ခန်းထဲမှ ထွက်ခွာသွားသည်။
ထိုမိန်းကလေးနှစ်ဦး ထွက်သွားသည်ကို မြင်သောအခါ လုံအောက်မင်က ဝေခွဲမရ ဖြစ်သွားသည်။ ဒေါသထွက်နေသော ‘မရှုံးနိမ့်ခြင်း' သည်လည်း နောက်ဆုံးတွင် သူတို့၏ လှုပ်ရှားမှုကို သတိပြုမိသွားပြီး ထိုဘက်သို့ အော်ပြောလိုက်သည်။ “ဟေ့... ဒီအတိုင်း လျှောက်မသွားကြနဲ့ဦး။ တစ်ခုခုကို သွားနှိုးဆွမိရင်...”
“ရပါတယ်” ဖုန်းပုကျွယ်က ထိုလူ့စကားကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။ “မစ်ရှင်ရဲ့ အကြောင်းအရာအရဆိုရင် တစ်ခုခုကို သွားပြီး နှိုးဆွမိလေလေ ပိုကောင်းလေလေပဲ”
ထိုသို့ပြောရင်း သူသည် တံခါးဘေးရှိ မှန်ပြတင်းပေါက်တစ်ခုဆီသို့ လျှောက်သွားသည်။ ထိုပြတင်းပေါက်မှာ ထောင့်မှန်စတုဂံပုံစံ ဖြစ်ပြီး အမြင့် ၁ မီတာနှင့် အနံ ၃၀ စင်တီမီတာခန့် ရှိသည်။ အပေါ်ဘက်တွင် အချွန်အတက်ပုံစံ ရှိကာ သစ်သားဘောင်ဖြင့် ပြုလုပ်ထားသည်။ အပြင်ဘက်သို့ ကြည့်လိုက်သောအခါ မြူများအထပ်ထပ် ဖုံးလွှမ်းနေသဖြင့် ဘာမှ မမြင်ရပေ။
ဖုန်းပုကျွယ်သည် သူ၏ ‘ဂွ’ ကို ထုတ်ကာ ပြတင်းပေါက်ကို ထုနှက်လိုက်သည်။ လေးလံသော သတ္တုက မှန်ပေါ်သို့ ကျရောက်သွားသောအခါ ဖုန်းပုကျွယ်သည် သူ၏ လက်မောင်းမှာ တုန်ခါသွားသလို ခံစားလိုက်ရသည်။ ကြွပ်ဆတ်သော မှန်ကို ထုလိုက်ရသလိုမျိုး မဟုတ်ဘဲ သတ္တုတစ်ခုခုကို ထုလိုက်ရသလိုပင်။
“ဟင်း... ဒီပြတင်းပေါက်ကလည်း တံခါးနဲ့ တူတူပဲ။ မျက်နှာပြင်မှာ တစ်စုံတစ်ခုသော လျှို့ဝှက်အင်အားနဲ့ ကာကွယ်ထားတယ်” ဖုန်းပုကျွယ်က နိဂုံးချုပ်လိုက်သည်။
‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ “အပျော်တမ်းသမားတွေမှာ အခြေခံ အသိပညာ မရှိဘူးဆိုတာ ငါ သိထားသင့်တာ။ ဒီလောက် စောစောစီးစီး အားနဲ့ အတင်းလုပ်ပြီး ဖြေရှင်းလို့ရမယ့် ဇာတ်လမ်းမျိုးကို စနစ် (System) က ဘာလို့ ဖန်တီးပါ့မလဲ”
သူသည် လှေကားပေါ်သို့ လှည့်တက်သွားရင်း ပြောလိုက်သည်။ “မင်းတို့ သုံးယောက်က တစ်ဖွဲ့တည်း မဟုတ်လား။ ငါ့နောက်ကို လိုက်မလာကြနဲ့ဦး။ မင်းတို့လို အောက်တန်းစား သုံးယောက်ကို ခေါ်သွားတာက တကယ်ကို အဖြစ်ဆိုးပဲ။ ငါ့ကို မစ်ရှင်ကျရှုံးအောင် လုပ်ကြလိမ့်မယ်။ ဒါကြောင့် မင်းတို့ သုံးယောက်က ပထမထပ်ကို တာဝန်ယူ၊ ငါတစ်ယောက်တည်း ဒုတိယထပ်ကို သွားစစ်မယ်”
‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ သည် ထိုသုံးယောက်ကို အသုံးမကျသော အသင်းဖော်များအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ‘အဖွဲ့လိုက် ခုခံကာကွယ်သူ’ (Team Defender) ဟူသော ဘွဲ့ရှိသည့် လုံအောက်မင် တစ်ယောက်သာ အသုံးဝင်မည့်ပုံ ပေါက်နေသော်လည်း ကျန်နှစ်ယောက်မှာမူ အလွန်အသုံးမကျလှပေ။ ‘ထိတ်လန့်နေသော ပုန်းကွယ်တိုက်ခိုက်သူ’
ဟူသော ဘွဲ့ကို ကြည့်ရုံနှင့်ပင် လုံးဝ အသုံးမကျမှန်း သိသာလှသည်။ ‘သွေးအေးသော ဦးခေါင်းရိုက်ခွဲသူ’ဟူသော ဘွဲ့၏ အဓိပ္ပာယ်ကို မသိရသော်လည်း သူ၏ အပြုအမူများက ‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ ကို စိတ်ပျက်စေပြီး ဦးနှောက်မပါသော လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့သည်။ အဆိုးဆုံးမှာ သူ၏ ‘အကြောက်တရားမရှိ ချန်ပီယံ’ဘွဲ့အကြောင်းကို လာမေးခြင်းပင်။
ဂိမ်းစတူဒီယိုတစ်ခု၏ အလုပ်လုပ်ပုံကို နားမလည်သူများကသာ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော မေးခွန်းများကို မေးလေ့ရှိကြသည်။ အမှန်စင်စစ် ၂၀၅၅ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူမှာ တရားဝင် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်နေပြီ။ ထိုလမ်းကြောင်းတွင် အများဆုံး တွေ့ရသည်မှာ အသေးစား ဂိမ်းစတူဒီယိုများ ဖြစ်သည်။ သူတို့ကိုယ်သူတို့ ပရော်ဖက်ရှင်နယ်ဟု ယူဆကြသော်လည်း သူတို့၏ စီမံခန့်ခွဲမှုမှာ များစွာ လိုအပ်ချက် ရှိနေတတ်သည်။ ပုံမှန်အားဖြင့် အလုပ်ရှင်ကိုယ်တိုင်က မန်နေဂျာ၊ စာရင်းကိုင်နှင့် အဓိက ဂိမ်းကစားသူ ဖြစ်နေတတ်သည်။ အများအားဖြင့် ထိုအလုပ်ရှင်သည် ဂိမ်းကစားရသည်ကိုလည်း ဝါသနာပါသဖြင့် ကုမ္ပဏီ၏ အရင်းအမြစ်များကို အသုံးချကာ ဂိမ်းလောကတွင် နာမည်ရရန် ကြိုးပမ်းလေ့ရှိသည်။ ထိုကဲ့သို့ စတူဒီယိုများသည် မိုးအကုန် မှိုတက်သလို ပေါ်လာတတ်ပြီး ပျောက်ကွယ်သွားတတ်ကြရာ ဝင်ငွေမှာလည်း မတည်ငြိမ်လှပေ။
အလယ်အလတ်အဆင့် စတူဒီယိုများတွင်မူ စီမံခန့်ခွဲမှုနှင့် အရည်အသွေး ထိန်းချုပ်မှု အတိုင်းအတာတစ်ခုအထိ ရှိလာသည်။ အောက်ခြေအဆင့်နှင့် ကွာခြားချက်မှာ ထိုစတူဒီယိုများတွင် ‘နာမည်ကြီး ကစားသမား’ တစ်ဦး သို့မဟုတ် နှစ်ဦးခန့် ရှိနေတတ်ခြင်း ဖြစ်သည်။ အားကစားဆန်သော ဂိမ်းများကို ဦးစားပေးသည့် စတူဒီယိုများတွင် ထိုကဲ့သို့ ကစားသမားတစ်ဦးတည်းဖြင့်ပင် စတူဒီယိုတစ်ခုလုံးကို ထောက်ပံ့ပေးထားနိုင်သည်။ ယခုထိပ်တန်းအဆင့်ဖြစ်သည့် စတူဒီယိုဖြစ်သော
ကြောင့် စည်းမျဉ်စည်းကမ်းများသလိုအရာအားလုံးက စနစ်ကျလှသည်။ ထောက်ပံ့ပို့ဆောင်ရေးအတွက် ပရော်ဖက်ရှင်နယ် အဖွဲ့များ ရှိသလို၊ ကစားသမားများကိုလည်း အဖွဲ့လိုက် ခွဲခြားကာ မစ်ရှင်များ ဆောင်ရွက်စေသည်။ အဆင့်မြှင့်တင်ရန် တာဝန်ယူထားသော အဖွဲ့ဝင်များအတွက် လိုအပ်သော ပစ္စည်းကိရိယာများနှင့် သတင်းအချက်အလက်များကို စတူဒီယိုက အပြင်လောကမှပင် ရှာဖွေထောက်ပံ့ပေးသည်။ ‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ ကဲ့သို့သော အဖွဲ့ဝင်မျိုးတွင်ပင် သူ၏ ကိုယ်ပိုင်အခန်းကဏ္ဍ ရှိသည်။ အမှန်တကယ်တော့ သူ၏ အဆင့်မှာ သိပ်အရေးမကြီးလှဘဲ သူ၏ အဓိက တာဝန်မှာ တိုက်ခိုက်ရေး ကျွမ်းကျင်မှုကို မြှင့်တင်ရန်နှင့် သတင်းအချက်အလက် စုဆောင်းရန်သာ ဖြစ်သည်။ ထို့ကြောင့် သူစိမ်းတစ်ယောက်က စတူဒီယိုအကြောင်း လာမေးသောအခါ သူ အလွန် ‘စိတ်ရှုပ်’ သွားရခြင်း ဖြစ်သည်။ ပထမအချက်မှာ ၎င်းမှာ လျှို့ဝှက်ထားရမည့် စီးပွားရေး သတင်းအချက်အလက် ဖြစ်နေပြီး၊ ဒုတိယအချက်မှာ သူသည် သူစိမ်းများကို ထိုအကြောင်း ရှင်းပြရန် စိတ်မဝင်စားခြင်းကြောင့် ဖြစ်သည်။
“ကောင်းပါပြီ၊ ဒါပေမဲ့ ညီအစ်ကို မရှုံးနိမ့်ခြင်း.. ခင်ဗျား တစ်ယောက်တည်းမို့လို့ သတိထားဦးနော်” ဖုန်းပုကျွယ်က အေးအေးဆေးဆေး ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ‘မရှုံးနိမ့်ခြင်း ချန်ပီယံ’ တစ်ကိုယ်လုံး တုန်တက်သွားသည်။ ဖုန်းပုကျွယ်၏ စကားများမှာ တစ်စုံတစ်ခုသော မကောင်းသည့် အတိတ်နိမိတ်ကဲ့သို့ ဖြစ်နေသဖြင့် သူ၏ ‘ထိတ်လန့်မှုအဆင့်’ မှာ ရုတ်တရက် ခုန်တက်သွားခဲ့သည်။ သူသည် ဧည့်ခန်းထဲရှိ သုံးယောက်ကို ပြန်လှည့်ကြည့်လိုက်ပြီးမှ ထိုအတွေးကို ခေါင်းထဲက ထုတ်ပစ်ကာ အပေါ်ထပ်သို့ ဆက်တက်သွားတော့သည်။
သူ့အရိပ် ပျောက်ကွယ်သွားသောအခါ လုံအောက်မင်က မေးလိုက်သည်။ “ညီအစ်ကိုဖုန်း... မင်း ဘာလို့ အဲ့ဒီလိုတွေ လုပ်ပြနေတာလဲ။ စနစ်က ဘယ်လို အလုပ်လုပ်သလဲဆိုတာ မင်းလည်း အခုဆို သိလောက်ပြီပဲ။ ဒီတံခါးတွေ ပြတင်းပေါက်တွေကနေ ထွက်လို့မရဘူးဆိုတာ သိသာနေတာပဲကို။ မင်း စမ်းသပ်ချင်ရင်တောင် ဒီလောက်ကြီး ဆူညံအောင် လုပ်ဖို့ မလိုပါဘူး”
“ဒါမှ သူက ငါတို့ကို ဘာမှမသိတဲ့သူတွေလို့ ထင်မှာလေ” ဖုန်းပုကျွယ်က ပြန်ဖြေသည်။ “အဲ့ဒီတော့မှ သူက အခုလိုမျိုး ‘ဝန်ထုပ်ဝန်ပိုး’ တွေကို ပစ်ထားခဲ့ပြီး သူ့ဘာသာသူ ခွဲထွက်သွားမှာ”
“ညီအစ်ကိုကျွယ်... မင်း တစ်ခုခု မကောင်းတာ လုပ်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်။ ဒီဂိမ်းက အသင်းဖော်အချင်းချင်း တိုက်ခိုက်တာကို ပိတ်ထားတယ်နော်” ဝမ်ထန်ကျီက ဝင်ပြောသည်။ သူက ခုနက ဖုန်းပုကျွယ်ကို ကူညီခဲ့သည်မှာ ဖုန်းပုကျွယ်နှင့် ပူးပေါင်းကြံစည်နေခြင်းကြောင့် မဟုတ်ဘဲ တံခါးက တကယ် ပွင့်လာမည်ဟု ထင်နေသောကြောင့် ဖြစ်သည်။
“ငါ သူ့ကို အန္တရာယ်ပြုမှာ မဟုတ်ပါဘူး။ ဒီလို ဇာတ်လမ်းမျိုးမှာ လူခွဲပြီး လှုပ်ရှားတာက ပိုပြီး ထိရောက်မယ်လို့ ထင်လို့ပါ” ဖုန်းပုကျွယ်က ရှင်းပြသည်။ “အနည်းဆုံးတော့ ဟိုမိန်းကလေးနှစ်ယောက်က ငါနဲ့ အမြင်တူလို့ သူတို့ဘာသာ ထွက်သွားကြပြီ။ ဒါပေမဲ့ ဒီလူကတော့... ငါတို့နဲ့ အစီအစဉ်ကို တိုင်ပင်မယ့်လူစားမျိုး မဟုတ်ဘူး။ သူ့အမြင်မှာ သူက အဆင့်အမြင့်ဆုံး၊ သူက အကျွမ်းကျင်ဆုံးဆိုတော့ သူကိုယ်သူ ခေါင်းဆောင်လို့ သတ်မှတ်ထားမှာပဲ။ ငါကသာ လူခွဲရအောင်လို့ အကြံပေးရင် သူက ၈၀ ရာခိုင်နှုန်းလောက် ငြင်းမှာ သေချာတယ်။ ငါ တံခါးကို ဆွဲနေတုန်းက သူ ဟိုမိန်းကလေးနှစ်ယောက်ကို တားဖို့ ကြိုးစားသေးတယ်မလား။ အဲ့ဒါကို ကြည့်ရင် သူက ငါတို့အားလုံးကို အုပ်စုလိုက် သွားစေချင်တာ သိသာတယ်”
ဖုန်းပုကျွယ်သည် နံရံတစ်ခုဆီသို့ လျှောက်သွားကာ တစ်စုံတစ်ခုကို လေ့လာနေသကဲ့သို့ ဆောင့်ကြောင့်ထိုင်လိုက်သည်။ “ဒါပေမဲ့ အခုတော့ အခြေအနေက အကောင်းဆုံး ဖြစ်သွားပြီ၊ သူလည်း သူ့ဘာသာသူ ထွက်သွားပြီပဲ။” သူသည် နံရံပေါ်ရှိ ဖုန်များနှင့် ပင့်ကူအိမ်များကို လက်ဝါးဖြင့် ဖယ်ရှားလိုက်သည်။ “ငါတို့လည်း လူခွဲရအောင်။ ပင်မမစ်ရှင် (Main quest) အသစ်တက်လာရင် ဒီမှာ ပြန်ဆုံကြမယ်”
ရှောင်ထန် လန့်သွားသည်။ “ငါတို့လည်း လူခွဲဦးမလို့လား”
“ငါ အခုနက ပြောခဲ့သလိုပဲ၊ ဒါက ပိုထိရောက်တယ်လေ” ဖုန်းပုကျွယ်သည် နံရံကို ကြည့်နေရာမှ မျက်တောင်မခတ်ဘဲ ပြန်ဖြေသည်။ “မစိုးရိမ်ပါနဲ့၊ ဒီလိုနေရာမျိုးက သရဲခြောက်တဲ့ ပုံစံမျိုးပဲ ရှိတာဆိုတော့ ဇာတ်လမ်းရဲ့ အဓိက ရည်ရွယ်ချက်က လူတွေကို ခြောက်လှန့်ဖို့နဲ့ ပဟေဠိတွေ ဖော်ထုတ်ဖို့ပဲ။ မင်း ထိခိုက်နိုင်တာဆိုလို့ ထောင်ချောက်တွေပဲ ရှိမှာ၊ အဲ့ဒီတော့ ရှာဖွေရေးလုပ်တဲ့အခါ သတိလေးထားရင် ရပြီ”
သူ စကားမဆုံးမီမှာပင် စနစ်၏ အသံ ထွက်ပေါ်လာသည်။ “ဘေးထွက်မစ်ရှင် (Side quest) ကို စတင်လိုက်ပါပြီ။”
သူတို့ သုံးယောက်လုံး မစ်ရှင်စာမျက်နှာကို ကြည့်လိုက်ကြသည်။ မူလ ပင်မမစ်ရှင်မှာ ရှိနေဆဲ ဖြစ်သော်လည်း ၎င်း၏ အောက်တွင် မစ်ရှင်အသစ်တစ်ခု ပေါ်လာသည်။ “ခြောက်လှန့်နေသော နန်းတော် (The Haunted Palace) ၏ အစိတ်အပိုင်း ခြောက်ခုလုံးကို ရှာဖွေပါ။ လက်ရှိတိုးတက်မှု- ၁/၆”