မွန်းလွဲ ၂ နာရီတွင် အင်တာကွန်းခေါင်းလောင်းသံ မြည်လာသည်။ ဖုန်းပုကျွယ် နိုးလာသောအခါ စိတ်အနှောင့်အယှက်ဖြစ်ကာ ဝေဝေဝါးဝါးသာ ခံစားရသည်။ မနက်ပိုင်းက တိရိစ္ဆာန်ဆေးခန်းတွင် ကြောင်ကို ရေချိုးပေးခဲ့သော်လည်း နားနားနေနေ မရှိရသေးဘဲ နာရီဝက်ခန့် ပြင်ဆင်စရာရှိသည်များကို လုပ်ကိုင်ခဲ့ရသည်။ ထို့နောက် အဝတ်အစားပင်မလဲဘဲ ကုတင်ပေါ်သို့ ပစ်လှဲခဲ့ရာမှ ယခုအချိန်ထိ ၆ နာရီသာ ကြာမြင့်သေးသည်။ သူသည် တရွတ်တိုက်လျှောက်သွားကာ အင်တာကွန်း လက်ခံစကားပြောခွက်ကို ကောက်ကိုင်လိုက်သည်။ "ဘယ်သူလဲ?"
"ငါပါ" ဟု ဝမ်ထန်ကျီ က ပြန်ဖြေသည်။ "ငါနဲ့အတူ မာစတာပေါင် (Master Bao) လည်း ပါတယ်"
ဖုန်းပုကျွယ် က တံခါးဖွင့်သည့်ခလုတ်ကို နှိပ်လိုက်ရင်း သမ်းဝေကာ မေးလိုက်သည်။ "တံခါးပွင့်သွားပြီလား?"
"အေး... ပွင့်ပြီ။ ခဏနေရင် ပြောမယ်"
တစ်မိနစ်အကြာတွင် ထိုနှစ်ယောက်သည် ဓာတ်လှေကားဖြင့် တက်လာကြသည်။ စင်္ကြံလမ်းအတိုင်း လျှောက်လာပြီး ဖုန်းပုကျွယ် အခန်းတံခါးခေါင်းလောင်းကို နှိပ်လိုက်သည်။ ဖုန်းပုကျွယ် သည် တံခါးမှန်ပေါက်မှ တစ်ချက်ကြည့်ပြီးနောက် တံခါးဖွင့်ပေးလိုက်သည်။ သူသည် ဧည့်သည်များကို နှုတ်ပင်မဆက်ဘဲ အခန်းထဲသို့ ပြန်ဝင်သွားသည်။ ဝမ်ထန်ကျီ နှင့် မာစတာပေါင် တို့ကလည်း စိတ်မဆိုးကြပေ။ အခန်းထဲသို့ ဝင်ကာ တံခါးပြန်ပိတ်လိုက်ကြသည်။ သူတို့သည် ပီဇာနှင့် ဘီယာဖာကို စားပွဲပေါ် တင်လိုက်ပြီးနောက် ပန်းကန်နှင့် တူများယူရန် ဖုန်းပုကျွယ် ၏ မီးဖိုချောင်ထဲသို့ ဝင်သွားကြသည်။
"ဟင်? ကျွယ်ကော... ဒီမှာ ကြောင်လေးတစ်ကောင် ဘယ်ကရောက်နေတာလဲ?"
ဆိုဖာထောင့်တွင် အိပ်ပျော်နေသော ကြောင်လေးကို ဝမ်ထန်ကျီ တွေ့သွားသည်။
"ထောင့်က ကြောင်အညစ်အကြေးစွန့်တဲ့သေတ္တာကို မမြင်ဘူးလား? ငါ့ကြောင်ပေါ့ကွ၊ သိသာနေတာကို" ဖုန်းပုကျွယ် က မျက်လုံးများကို အတင်းဖွင့်ထားရင်း ဘီယာပုလင်းကို လှည့်ဖွင့်လိုက်သည်။ သူသည် ပလုတ်ကျင်းသကဲ့သို့ ဘီယာကို ပါးစပ်ထဲ မော့ထည့်ကာ မျိုချလိုက်သည်။
"မင်း ဘယ်တုန်းက အိမ်မွေးတိရိစ္ဆာန် ထပ်မွေးလိုက်တာလဲ?" ဝမ်ထန်ကျီ က ကြောင်လေးဆီသို့ ဖြည်းဖြည်းချင်း တိုးသွားရင်း မေးသည်။
"ဒီမနက်တင်ပဲ" ဖုန်းပုကျွယ် လေချဉ်တစ်ချက် တက်လိုက်သည်။ "သူ တကယ်အိပ်နေတယ်လို့ မထင်နဲ့။ ကြောင်ဆိုတာ သိပ်အာရုံခံစားလွယ်ပြီး နိုးကြားတဲ့ သတ္တဝါ။ တစ်နေ့ကို ဆယ်နာရီလောက် အိပ်နေသလို ထင်ရပေမဲ့ တကယ်တော့ သူတို့ဘေးနားမှာ လှုပ်ရှားမှုတစ်ခုခုရှိတာနဲ့ နားရွက်တွေက လှုပ်ခတ်သွားတတ်တယ်၊ ဆိုလိုတာကတော့..."
ရှောင်ထန် က ကြောင်လေးကို ဖမ်းရန် အတင်းတိုးအသွားတွင် ကြောင်လေးက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် လွှတ်ခနဲ ခုန်ထွက်သွားကာ ဆိုဖာနောက်ကွယ်တွင် ဝင်ပုန်းနေတော့သည်။ ဟန်ချက်ပျက်သွားသဖြင့် ရှောင်ထန် မှာ ဆိုဖာပေါ်သို့ မှောက်လျက်သား လဲကျသွားသည်။
"မင်း ဘာလို့ ရုတ်တရက်ကြီး အိမ်မွေးတိရိစ္ဆာန် ပြန်မွေးဖို့ ဆုံးဖြတ်လိုက်တာလဲ?" မာစတာပေါင် က ပန်းကန်များနှင့် တစ်ရှူးများကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာသည်။ သူက ရှောင်ထန် ကို သူ့နေရာမှာ ထိုင်ရန် လက်ယပ်ခေါ်လိုက်ပြီး သူကိုယ်တိုင်လည်း ဝင်ထိုင်လိုက်သည်။
သူ့နာမည်က ပေါင်ချင်း (Bao Qing) ဖြစ်ပြီး သူတို့နှစ်ယောက်ထက် နှစ်လသာ ကြီးသည်။ သူတို့သုံးဦးသည် မူကြိုအရွယ်ကတည်းက အထက်တန်းအထိ အတန်းဖော်များ ဖြစ်ခဲ့ကြသည်။ ပေါင်ချင်း ကို မူလတန်းကတည်းက မာစတာပေါင် (၁) ဟု အမည်ပြောင်ပေးခဲ့ကြသော်လည်း ပြဿနာမှာ... သူ့မိသားစုတွင် တရားသူကြီး တစ်ဦးမှ မရှိသည့်အပြင် သူကိုယ်တိုင်ကလည်း တာဝန်ယူရမည့် အလုပ်မှန်သမျှကို ရှောင်ဖယ်တတ်သူ ဖြစ်နေခြင်းပင်။ သို့သော် မာစတာပေါင် သည် သူတို့ထဲတွင် 'လူကြီး' အဖြစ်သို့ ပထမဆုံး ရောက်ရှိသွားသူ ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူသည် အသက် ၂၅ နှစ်ရှိပြီဖြစ်ကာ အစိုးရဝန်ထမ်းတစ်ဦး ဖြစ်နေပြီး နှစ်နှစ်အရွယ် သမီးလေးတစ်ယောက်ပင် ရှိနေပြီဖြစ်သည်။ သူ၏ ဘဝသည် လူပျိုကြီးနှစ်ယောက်ထက် အများကြီး ပို၍ တည်ငြိမ်နေသည်။ မာစတာပေါင် ၏ အထင်ရှားဆုံးသော လက္ခဏာမှာ အမြဲတမ်း မျက်မှောင်ကြုတ်နေတတ်ခြင်း ဖြစ်သည်။ အိမ်ထောင်ကျပြီးနောက်တွင် ထိုမျက်မှောင်ကြုတ်မှုက ပို၍ပင် နက်ရှိုင်းလာသည်။
"ငါနဲ့ အဲဒီကြောင်နဲ့ ကံပါလာလို့လို့ပဲ ပြောရမှာပေါ့" ဟု ဖုန်းပုကျွယ် က ပြန်ဖြေသည်။
သူတို့နှစ်ယောက်က 'ထပ်မွေး'၊ 'ပြန်မွေး' စသည့် စကားလုံးများကို သုံးခြင်းမှာ ဖုန်းပုကျွယ် ငယ်စဉ်က အိမ်မွေးကြောင်တစ်ကောင် မွေးခဲ့ဖူးကြောင်း သိထားသောကြောင့် ဖြစ်သည်။ ထိုစဉ်က ဘေးအိမ်မှ အဘွားအို မွေးထားသည့် ကြောင်မကြီးက ကြောင်လေး ၄ ကောင် မွေးရာတွင် ဖုန်းပုကျွယ် ကို တစ်ကောင် ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ထိုကြောင်လေး အိုမင်းသွားသည်အထိ ၁၃ နှစ်တိုင်တိုင် ပြုစုစောင့်ရှောက်ခဲ့သည်။ နောက်ဆုံးတွင် ထိုကြောင်ကြီးမှာ အိပ်ပျော်နေရင်း သေဆုံးသွားခဲ့သည်။ ကြောင်လေးကို ကျွေးမွေးခဲ့သည့် ကလေးငယ်မှာ လူကြီးဖြစ်လာခဲ့ပြီး သူကိုယ်တိုင်ပင် ထိုအိမ်မွေးတိရိစ္ဆာန်လေးကို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်။
"နာမည်ပေးပြီးပြီလား?" ဝမ်ထန်ကျီ က စိတ်လှုပ်ရှားစွာ မေးသည်။
"အာသတ်စ် (Arthas)" ဟု ဖုန်းပုကျွယ် က အေးအေးဆေးဆေး ဖြေသည်။ ထိုနာမည်မှာ ခုနလေးတင် စဉ်းစားမိသည့် နာမည်မျိုးမဟုတ်ဘဲ သူ့စိတ်ထဲတွင် ရှိနေသည်မှာ ကြာပြီဖြစ်သော နာမည်တစ်ခုကဲ့သို့ပင်။
"ဖူး..." မာစတာပေါင် က ဘီယာကို အရင်ဆုံး မှုတ်ထုတ်လိုက်သည်။ "ရှောင်ထန် က နာမည်တွေနဲ့ လာနှောင့်ယှက်မှာ စိုးလို့ဆိုရင်တောင် အနည်းဆုံးတော့ မိုက်ကယ် တို့၊ ကစ်တီ တို့လို ပုံမှန်နာမည်လေး တစ်ခုခု ပေးပါလား..."
ဖုန်းပုကျွယ် က လက်ဖျစ်တစ်ချက်တီးလိုက်သည်။ "အာသတ်စ်!"
ကြောင်လေးက ခေါင်းလှည့်ကြည့်ကာ 'မြောင်' ဟု အော်လိုက်သည်။
"တွေ့လား၊ သူတောင် ကြိုက်တယ်" ဖုန်းပုကျွယ် က အာသတ်စ် ၏ မျက်နှာကို လက်ညှိုးထိုးပြသည်။
"နေဦး၊ ငါ ဗီဒီယိုရိုက်ချင်တယ်" ရှောင်ထန် က သူ့ဖုန်းကို ထုတ်လိုက်သည်။
"ခဏလေး" ဖုန်းပုကျွယ် က ပုလင်းကို ချလိုက်ပြီး လိုက်ကာကို သွားဖွင့်လိုက်သည်။ ထို့နောက် ထွက်ပြေးရန် အခွင့်အရေးမရလိုက်သော အာသတ်စ် ကို ပြေးဖမ်းလိုက်သည်။ ဖုန်းပုကျွယ် သည် ကြောင်၏ ရှေ့ခြေထောက်နှစ်ဖက်အောက်မှ ကိုင်ကာ မြှောက်လိုက်သည်။ ကြောင်ကို သူ့ဘက်သို့ ကျောခိုင်းစေပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ 'The Lion King' ဇာတ်ကားထဲက အခန်းတစ်ခုကဲ့သို့ ကြောင်ကို အလင်းရောင်နှင့် မျက်နှာချင်းဆိုင်ကာ မြှောက်လိုက်သော်လည်း ဇာတ်ကားနှင့် ဘာမှမဆိုင်သည့် စကားတစ်ခွန်းကို ရွတ်လိုက်သည်။
"ငါ့သား... မင်းမွေးဖွားလာတဲ့နေ့မှာ လော်ဒါရွန် (Lordaeron) ရဲ့ သစ်တောတွေအားလုံးက အာသတ်စ် ဆိုတဲ့ နာမည်ကို တိုးတိုးလေး ရေရွတ်ခဲ့ကြတယ်" ဟု ဖုန်းပုကျွယ် က တည်ကြည်သောလေသံဖြင့် ကြေညာလိုက်သည်။
ဝမ်ထန်ကျီ က ကြောင်လေး၏ နုနယ်သော မျက်နှာလေးဆီသို့ ကင်မရာကို ချိန်ထားပြီး ဗီဒီယိုရိုက်ရန် ပတ်ပတ်လည် လျှောက်သွားနေသည်။
"မင်းတို့နှစ်ယောက် ဘာတွေလုပ်နေကြတာလဲကွာ? အသက်ဘယ်လောက်ရှိပြီလဲ?" မာစတာပေါင် ၏ ဆူပူမှုကို ခံရပြီးနောက် ထိုနှစ်ယောက်သည် နေရာတွင် ပြန်ထိုင်လိုက်ကြသည်။ အာသတ်စ် လည်း ခုန်ထွက်သွားကာ ပြန်အိပ်နေတော့သည်။
"ဒါနဲ့ မာစတာပေါင်၊ ဒီတစ်ပတ် ပိတ်ရက်မှာ မင်း ဘယ်လိုဖြစ်ပြီး အားနေတာလဲ?" ဖုန်းပုကျွယ် က မေးသည်။
"မိန်းမက သမီးကိုခေါ်ပြီး သူ့အမေအိမ် သွားလည်လို့" မာစတာပေါင် က ဘီယာကို တစ်ငုံ သောက်လိုက်သည်။
"အပြီးသွားတာလား၊ ခဏလား?" ဖုန်းပုကျွယ် က ထပ်မေးသည်။
မာစတာပေါင် ဘီယာသီးမလို ဖြစ်သွားသည်။ "မင်းကလည်း ဘာလို့ အဲလိုပြောရတာလဲ? အပြီးကြီး ဘယ်ဖြစ်မလဲ! ငါ့ယောက္ခမက သူ့မြေးကို တွေ့ချင်လို့ပါဆို"
"အော်... မင်း ဒီနေ့ ကြည့်ရတာ သိပ်ပျော်နေလို့ပါ" ဟု ဖုန်းပုကျွယ် က တိုးတိုးလေး ပြောလိုက်သည်။
ဝမ်ထန်ကျီ က ကြားဖြတ်ပြောလိုက်သည်။ သူသည် ရီမုကို ကောက်ကိုင်ကာ မေးလိုက်သည်။ "ဒီတစ်ပတ်အတွက် အစီအစဉ်က ဘာလဲ?"
"အရမ်းညံ့တဲ့ ဇာတ်ကားတွေချည်းပဲ ဆက်တိုက်ကြည့်မယ်" ဟု ဖုန်းပုကျွယ် က ဖြေသည်။
"ဟင်?" ဝမ်ထန်ကျီ မျက်နှာပျက်သွားသည်။
"ငါပြောတာ ကြားသားပဲ။ ပြီးခဲ့တဲ့အပတ်က ငါတို့ ဆွေးနွေးထားပြီးသား။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကားတော်တော်များများက ရုပ်ရှင်လောကမှာ အညံ့ဆုံးလို့ သတ်မှတ်ခံထားရပေမဲ့ ငါတို့ အဲဒါတွေကို သိပ်မကြည့်ရသေးဘူး"
"ကောင်းပါပြီ... ငါ လိုက်ရှာကြည့်လိုက်မယ်..." ဝမ်ထန်ကျီ က ရီမုကိုသုံးပြီး စာရင်းကို လိုက်ကြည့်သည်။ သူတို့ သုံးယောက် ဆုံဖြစ်သည့်အခါတိုင်း ခေါင်းစဉ်တစ်ခု ရွေးချယ်ပြီး ထိုအကြောင်းအရာနှင့် ဆက်စပ်သည့် ရုပ်ရှင်များကို ဆယ်နာရီကျော်ကြာအောင် ကြည့်လေ့ရှိကြသည်။ ရုပ်ရှင်အများစုမှာ ၂၀ ရာစု အစောပိုင်းမှ ၂၁ ရာစု အထိ ကားများဖြစ်သည်။ ထို့နောက်ပိုင်းတွင် ရုပ်ရှင်ရိုက်ကူးရေး နည်းပညာများ တိုးတက်လာသဖြင့် ရုပ်ရှင်ညံ့များ ထွက်ပေါ်လာနိုင်ခြေ အလွန်နည်းသွားသည်။ နောင်အနာဂတ်တွင် ရုပ်ရှင်များ မည်မျှပင် ညံ့ဖျင်းပါစေ၊ အနည်းဆုံးတော့ အထူးပြုလုပ်ချက် (Special Effects) များဖြင့် ပြန်လည် ပြုပြင်နိုင်ကြသည်။
"Ghost Rider ဆိုရင်ရော?" ဝမ်ထန်ကျီ က မေးသည်။
"Daredevil ကို ကြားဖူးလား?" ဖုန်းပုကျွယ် က ပြန်မေးသည်။
"အင်း... ကြားဖူးသလိုပဲ"
"ဒါရိုက်တာ အတူတူပဲ"
"အိုကေ... အဲဒါဆိုရင်လည်း..." ဝမ်ထန်ကျီ ဆက်ရှာသည်။ "ဒါဆိုရင်ရော? Twilight: Breaking Dawn Part 2 တဲ့... ဘုရားရေ၊ ဒီစီးရီးမှာ ၇ ကားတောင် ရှိတာလား" ၂၀၅၅ ခုနှစ် မတိုင်မီတွင် ထိုစီးရီးထဲသို့ ရုပ်ရှင်နှစ်ကား ထပ်တိုးရိုက်ကူးခဲ့ကြသည်။
"ငါတော့ တစ်ကားမှ မကြည့်ဖူးသေးဘူး" မာစတာပေါင် က ပုခုံးတွန့်ပြသည်။
"ငါမှတ်မိသလောက်တော့ အဲဒီကားက ရွှေရောင် ရက်စ်ဘယ်ရီ ဆု (Golden Raspberry Awards) ၁၀ ဆုထဲက ၇ ဆုတောင် ရခဲ့တာ။ နောက်အနှစ် ၂၀ ကြာတော့ ၂၁ ရာစုရဲ့ အညံ့ဆုံး ရုပ်ရှင်သုံးကားထဲက တစ်ကားအဖြစ် သတ်မှတ်ခံခဲ့ရတယ်" ဟု ဖုန်းပုကျွယ် က ပြောသည်။
"ကျန်တဲ့ နှစ်ကားက ဘာတွေလဲဆိုတာ ငါသိချင်မိတယ်၊ စီးရီးတစ်ခုတည်းကတော့ မဟုတ်ပါဘူးနော်" ဟု မာစတာပေါင် က မေးသည်။
"မဟုတ်ဘူး၊ Battlefield Earth နဲ့ Jack and Jill တဲ့။ နောက်ဆုံးတစ်ကားကတော့ ၂၀၁၂ ခုနှစ် ရွှေရောင် ရက်စ်ဘယ်ရီ ဆုပေးပွဲမှာ ဆုအားလုံးကို သိမ်းကျုံးယူသွားခဲ့တာ" ဟု ဖုန်းပုကျွယ် က ရှင်းပြသည်။ "ငါလည်း နာမည်ပဲ ကြားဖူးတာ၊ တကယ် မကြည့်ဖူးသေးဘူး။ ဒီနေ့ ဒီသုံးကားကိုပဲ ကြည့်ကြမလား?"
"ရတယ်လေ" ရှောင်ထန် နှင့် မာစတာပေါင် တို့ ပြိုင်တူ ဖြေလိုက်ကြသည်။
နှစ်နာရီ ကြာပြီးနောက်...
"မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား?" စခရင်ပေါ်တွင် တက်လာသည့် ရုပ်ရှင်နောက်ဆုံးစာတန်းများကို ကြည့်ရင်း မာစတာပေါင် က မေးလိုက်သည်။
ဝမ်ထန်ကျီ က နှုတ်ခမ်းဆူကာ ကြမ်းပြင်ကို စိုက်ကြည့်နေသည်။ "ငါ့ဆီက အရေးကြီးတဲ့ အရာတစ်ခုခု ဆုံးရှုံးသွားသလို ခံစားနေရတယ်..."
ဖုန်းပုကျွယ် ကတော့ ဘာမှမရှိသော မျက်နှာထားဖြင့် ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေသည်။ "ဒါ ငါ့ဘဝရဲ့ အရှက်ရဆုံး နှစ်နာရီပဲ။ ငါ့ဦးနှောက်ကို အဓမ္မကျင့်ခံလိုက်ရသလိုပဲ..."
"ငါတို့မှာ သိပ္ပံစိတ်ကူးယဉ်ကားတစ်ကားနဲ့ ဟာသကားတစ်ကား ကျန်သေးတယ်။ ဟာသကားကို အရင်ကြည့်မလား?" မာစတာပေါင် ၏ ဝမ်းနည်းနေပုံရသော မျက်နှာထက်တွင် တည်ကြည်သော အမူအရာ ပေါ်လာသည်။
မိနစ် ကိုးဆယ် ကြာပြီးနောက်...
"Adam Sandler တစ်ယောက် ဒီလိုအခြေအနေထိ ရောက်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?" ဝမ်ထန်ကျီ သက်ပြင်းချလိုက်သည်။
"သရုပ်ဆောင်တာကိုတော့ သိပ်ပြောစရာမရှိပေမဲ့ ဇာတ်ညွှန်းကတော့... မာစတာပေါင်" ဖုန်းပုကျွယ် က မေးလိုက်သည်။ "မင်း ဘယ်လိုထင်လဲ?"
အဖြေမရှိ။
"မာစတာပေါင်? ပေါင်..." ဖုန်းပုကျွယ် လှည့်ကြည့်လိုက်သောအခါ မာစတာပေါင် မှာ မျက်လုံးကြီးဖွင့်လျက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ဟောက်ပင် ဟောက်နေသေးသည်။
"ဒီလူတော့ကွာ..."
ည ၇ နာရီခန့်တွင် သူတို့သုံးဦး လမ်းဘေးဆိုင်တစ်ခု၌ အသားကင်သွားစားကြသည်။ ကျွယ်ကော နှင့် ရှောင်ထန် တို့က မာစတာပေါင် ကို [L] ထိတ်လန့်ချောက်ခြားမှု သုခဘုံ (Thriller Paradise) အကြောင်း ပြောပြသော်လည်း သူက စိတ်မဝင်စားပေ။ အိမ်ထောင်သည်တစ်ဦးအဖို့ တစ်နေ့ကုန် ဂိမ်းဆော့နေခြင်းထက် လုပ်စရာကိစ္စများစွာ ရှိသေးသည်။ သူတို့သုံးဦး နာရီအနည်းငယ်ကြာ စကားပြောဖြစ်ကြပြီး ည ၉ နာရီတွင် လူစုခွဲလိုက်ကြသည်။ ဖုန်းပုကျွယ် နှင့် ဝမ်ထန်ကျီ တို့မှာ ညသန်းခေါင်ယံတွင် Scenario (ဇာတ်လမ်း) အချို့ ဆော့ရန် ကတိပေးခဲ့ကြသည်။
သူတို့သုံးဦးကြားက သံယောဇဉ်မှာ စစ်မှန်ပြီး ခိုင်မြဲသည်။ သူတို့သည် နှပ်ချေးတွဲလောင်းနှင့် ကလေးဘဝကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြသဖြင့် ဤကဲ့သို့သော သူငယ်ချင်းသံယောဇဉ်မှာ အဖြူစင်ဆုံး ဖြစ်သည်။ အသက် ၆၀ အရွယ်ရောက်၍ ပြန်တွေးကြည့်လျှင်ပင် ဤသံယောဇဉ်က ပြောင်းလဲသွားမည်မဟုတ်ပေ။
...
သူသည် မနက်ပိုင်းက အိပ်ရေးမဝခဲ့သလို ဂိမ်းဆော့ရမည်ကို ထည့်တွက်ကာ ဖုန်းပုကျွယ် သည် ညသန်းခေါင်ယံတွင် ဂိမ်းစက်ထဲသို့ ဝင်လိုက်သည်။ စကန်ဖတ်ပြီးနောက် သူသည် Sleep Mode ကို ရွေးချယ်ကာ ဂိမ်းဆော့မည့် အချိန်ကို သတ်မှတ်လိုက်သည်။
"Sleep Mode နှင့် ချိတ်ဆက်နေသည်၊ ညှိနှိုင်းနေသည်... ညှိနှိုင်းမှု ပြီးဆုံးပါပြီ။ ဂိမ်းထဲသို့ ဝင်ရောက်မည့် အချိန် သို့မဟုတ် ပင်မမီနူးသို့ ပြန်သွားရန် ရွေးချယ်ပါ။ သတ်မှတ်မှု ပြီးဆုံးပါပြီ။ အစီအစဉ်ကို ၂၀၅၅ ခုနှစ်၊ ဇွန်လ ၄ ရက်၊ မနက် ၁ နာရီတွင် စတင်ပါမည်။ ဂုဏ်နိုက်ပါ။"
နားထဲတွင် စနစ်၏ အသံကို ကြားရင်း ဖုန်းပုကျွယ် မျက်လုံးမှိတ်လိုက်သည်။ ဂိမ်းစက်သည် အလွန်သက်သောင့်သက်သာရှိပြီး သောက်ထားသော အရက်ရှိန်ကြောင့် သူ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
သူ သတိပြန်ဝင်လာသောအခါ ရင်းနှီးနေသော ဓာတ်လှေကားထဲတွင် မတ်တတ်ရပ်နေပြီဖြစ်သည်။ စခရင်ပေါ်တွင် လက်ရှိအချိန် - ဇွန်လ ၄ ရက်၊ မနက် ၁ နာရီ - ဟု ပြနေသော်လည်း စက္ကန့်ပိုင်းကိုမူ မပြပေ။ ဖုန်းပုကျွယ် သည် နာရီကို ကြည့်နေပြီး မိနစ်အနည်းငယ် ကြာသည့်တိုင် အချိန်မှာ ၁:၀၁ သို့ ပြောင်းမသွားပေ။ သူသည် Sleep Mode ထဲသို့ ရောက်နေသည်မှာ ထင်ရှားလှသည်။
ဝမ်ထန်ကျီ ၏ အဖွဲ့လိုက်ဖိတ်ခေါ်မှု ချက်ချင်း ရောက်လာသည်။ အဖွဲ့ထဲသို့ ဝင်လိုက်သောအခါ လုံအောက်မင် မှာလည်း အဖွဲ့ထဲတွင် ရောက်နေပြီဖြစ်ကြောင်း ဖုန်းပုကျွယ် သိလိုက်ရသည်။ ထိုသူမှာ အားလပ်နေကြောင်း ရှောင်ထန် တွေ့ရှိသဖြင့် လှမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။
"ကျွယ်ကော၊ သတင်းကြားပြီးပြီလား?" ဝမ်ထန်ကျီ က ချက်ချင်း ပြောလိုက်သည်။
"တစ်ယောက်ယောက်က အဆင့် ၂၀ ကို ရောက်သွားပြီလား?" ဟု ဖုန်းပုကျွယ် က ပြန်ဖြေသည်။
"အယ်? မင်း ဘယ်လိုသိတာလဲ?"
"မင်းရဲ့ လေသံကို ကြည့်ပြီး ခန့်မှန်းလိုက်တာပါ"
"ဟားဟား... ဖုန်းရှန်း၊ မင်းကတော့ တကယ့် စုံထောက်ကြီးပါပဲ" ဟု လုံအောက်မင် က ဆိုသည်။ "ပြင်ပလောကမှာ ညသန်းခေါင် ကျော်ပြီးတာနဲ့ ငါတို့ ဆာဗာရဲ့ ပထမဆုံး အဆင့် ၂၀ ကစားသမား ပေါ်ထွက်လာတယ်"
ဖုန်းပုကျွယ် က အဖွဲ့စာရင်းကို ကြည့်လိုက်သည်။ တစ်ရက်သာ ကြာမြင့်သေးသော်လည်း လုံအောက်မင် မှာ အဆင့် ၁၃ ရောက်နေပြီး ရှောင်ထန် မှာ အဆင့် ၁၁ သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ အွန်လိုင်းမတက်မီ ၁၀ မိနစ်အလိုတွင် ရှောင်ထန် သည် Single Player Mode (တစ်ဦးတည်းရှင်သန်ခြင်းစနစ်) တစ်ခုကို ဆော့ပြီးခဲ့သည်ဟု ဖုန်းပုကျွယ် ယုံကြည်နေသည်။
"ကစားသမားတစ်ယောက် အမြင့်ဆုံးအဆင့်ကို ရောက်သွားတိုင်း ကြေညာချက် ထုတ်ပြန်ပေးတာလား?" ဟု ဖုန်းပုကျွယ် က မေးသည်။
"ဟုတ်တယ်၊ Log-in နေရာမှာ ရှိနေတဲ့ ကစားသမား အားလုံးက စနစ်ရဲ့ ကြေညာသံကို ကြားရသလို ထိတွေ့စခရင်မှာလည်း သတင်းအဖြစ် ပေါ်လာတယ်။ ဒါ့အပြင် ဖိုရမ်တွေမှာလည်း အဲဒီသတင်းကြောင့် ပွက်လောရိုက်နေတယ်" ဟု လုံအောက်မင် က ဖြေသည်။
"ငါ သွားကြည့်လိုက်ဦးမယ်..."
ဖုန်းပုကျွယ် သည် ဖိုရမ်ကို ဖွင့်လိုက်ပြီး တရားဝင် ထုတ်ပြန်ထားသည့် ခေါင်းစဉ်ကို ကြည့်လိုက်သည်။ ခေါင်းစဉ်မှာ - "Closed Beta ကာလအတွင်း ပထမဆုံး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသော Regulation Studio မှ ကစားသမား အကြောက်တရားမရှိ ချန်ပီယံ ('Fearless Champion') အား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်" ဟူ၍ ဖြစ်သည်။