အခန်း (၁၂) - ဂိမ်းတစ်ခု ဆော့ကြရအောင် (၃)
"ဟင်း... ဒါက တိရစ္ဆာန်ချစ်တတ်တဲ့ အမျိုးသမီးကစားသမားတွေအပေါ်တော့ အလုပ်ဖြစ်နိုင်တာပဲ။" ဖုန်းပုကျွယ်သည် သတင်းစာပေါ်မှ သူ၏အကြည့်ကို လွှဲလိုက်ပြီး လှောင်အိမ်ထဲက မျောက်ကလေးကို ကြည့်လိုက်သည်။ "တကယ်လို့ လိုအပ်လာမယ်ဆိုရင် အပြင်လောကမှာတောင် ငါတုံ့ဆိုင်းနေမှာမဟုတ်ဘူး... ဂိမ်းထဲမှာဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။" သူသည် စိတ်ဝင်စားမှု ကုန်ဆုံးသွားဟန်ဖြင့် သတင်းစာကို ချလိုက်သည်။ "ဒါပေမဲ့... အသံသွင်းထားတဲ့ တိပ်ခွေက ဒီလောက်အထိ တိကျတဲ့ အလေးချိန်ကို ပြောပြသွားတယ်ဆိုကတည်းက ဒါဟာ အရိပ်အမြွက် တစ်ခုခု ဖြစ်ရမယ်။"
သူသည် စက်နားသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ပြီး အနီးကပ် ကြည့်ရှုစစ်ဆေးသည်။ ထိုအနေအထားဖြင့်ပင် စက်ကို တစ်ပတ်ပတ်ကြည့်ပြီးနောက် စက်၏ ကိုယ်ထည်ကို လက်သီးဖြင့် တစ်ချက်ထိုးကာ ခြေထောက်ဖြင့် နှစ်ချက်ခန့် ခပ်ပြင်းပြင်း ကန်ကြည့်လိုက်သည်။ စက်၏ကိုယ်ထည်မှာ သာမန် သံပြားအပါးစားမျိုးမဟုတ်ဘဲ ခိုင်ခံ့သော သတ္တုတုံးကြီး ဖြစ်နေသည်။ ထောင့်စွန်းများကိုလည်း သေချာ ဂဟေဆော်ထားသဖြင့် လက်ဗလာဖြင့် ဖျက်ဆီးရန် မဖြစ်နိုင်သလို၊ စက်ကြီးမှာလည်း တစ်ယောက်တည်း ရွှေ့ရန် အလွန်လေးလံလွန်းလှသည်။ မျက်နှာပြင်ပေါ်တွင် သိသာသော အက်ကြောင်းများ မရှိသလို တိုင်းတာသည့် စက်နှစ်ခုကိုလည်း တင်းကျပ်စွာ တပ်ဆင်ထားသည်။ သုံးမိနစ်မပြည့်သော အချိန်အတွင်း ဤစက်ထဲကနေ ဟာကွက်ရှာတွေ့ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ဖုန်းပုကျွယ်သည် သံလှောင်အိမ်ဆီသို့ ပြန်လျှောက်သွားသည်။ တိပ်ခွေထဲတွင် ပြောထားသည့်အတိုင်းပင် ၎င်းကို ကြမ်းပြင်နှင့် ဂဟေဆော်ထားသဖြင့် မည်သို့မျှ ရွှေ့၍မရချေ။ သူသည် အခန်းပတ်ပတ်လည်ကို လျှောက်ကြည့်သော်လည်း နံရံလေးဘက်မှလွဲ၍ ဘာမျှမရှိသော အခန်းအလွတ်ကြီး ဖြစ်နေသည်။ သူသည် အခန်းအလယ်သို့ ပြန်လာပြီး အရုပ်ကို ကိုင်ကာ သစ်သားကုလားထိုင်လေးပေါ်တွင် ထိုင်လိုက်သည်။ ကုလားထိုင်က သေးလွန်းလှသဖြင့် ထိုင်သည်ဆိုသည်ထက် ဆောင့်ကြောင့်ထိုင်နေရသည်နှင့် ပိုတူနေသည်။
"တကယ်လို့ ငါက မျောက်ကိုမသတ်ဘဲ ဒီအခန်းကနေ ထွက်ချင်တယ်ဆိုရင်... ဒီ ၇,၅၀၀ ဂရမ်လေးတဲ့ ကုလားထိုင်နဲ့ အရုပ်အပြင် နောက်ထပ် ၇,၅၀၀ ဂရမ်ရှိတဲ့ အရာတစ်ခုကို ထပ်ရှာဖို့ လိုလိမ့်မယ်။" သူသည် ညာဘက်တံတောင်ဆန်ကို ဒူးပေါ်တင်ကာ ခေါင်းကို တစ်စောင်းစောင်းလိုက်သည်။ လက်ညှိုးနှင့် လက်ခလယ်ဖြင့် နားထင်ကို စည်းချက်ကျကျ ခေါက်နေမိသည်။ "အလွန်ဆုံးရှိလှ ဝေါ့မန်းက ဂရမ်တစ်ထောင်လောက်ပဲ လေးမယ်၊ ဆေးထိုးအပ်ဆိုရင် ပိုတောင် နည်းသေးတယ်။ စနစ်ရဲ့ ကန့်သတ်ချက်ကြောင့် အဝတ်အစားတွေ၊ ဖိနပ်တွေကိုလည်း ချွတ်လို့မရဘူး။ ဟင်း... ရုတ်တရက်ဆိုသလို ဟိုကျောက်ခဲကြီးကိုတောင် သတိရမိသား။ အဲဒါဆို အနည်းဆုံး ဂရမ်နှစ်ထောင်လောက်တော့ လေးမှာ" သူက ပြုံးလျက် ပြောလိုက်သည်။
"ဒါဆိုရင်... ဒီအလွတ်ကြီးဖြစ်နေတဲ့ အခန်းထဲမှာ ရွှေ့လို့ရတာဆိုလို့ တစ်ခုပဲ ကျန်တော့တယ်..." သူသည် ခေါင်းကိုမော့ပြီး အပေါ်က မီးအလင်းရောင် စနစ်ကို ကြည့်လိုက်သည်။ ၎င်းမှာ ဆွဲလဲမီးအိမ်ဖြစ်ပြီး တစ်မီတာခန့်ရှည်သော ဖလော်ရီဆင့်မီးချောင်းကို ပလတ်စတစ်အိမ်ဖြင့် စွပ်ထားခြင်းဖြစ်သည်။ ၎င်းကို မျက်နှာကြက်မှ ကြိုးနှစ်ချောင်းဖြင့် ဆွဲထားပြီး လျှပ်စစ်ဝါယာကြိုးမှာ ထိုကြိုးနှစ်ချောင်းပေါ်တွင် ရစ်ပတ်ထားသည်။ ဤအခန်း၏ မျက်နှာကြက်မှာ ရှေ့အခန်းထက် ပိုနိမ့်သော်လည်း အမြင့်မှာ လေးမီတာဝန်းကျင် ရှိနေဆဲပင်။ မီးချောင်းမှာ မျက်နှာကြက်တွင် ကပ်မနေသော်လည်း ဖုန်းပုကျွယ် လက်လှမ်းမီရန်အတွက်မူ မြင့်လွန်းနေသေးသည်။
သူသည် ကုလားထိုင်လေးပေါ်တွင် ခြေဖျားထောက် ရပ်လိုက်သည်။ အပေါ်သို့ လက်လှမ်းကြည့်သော်လည်း သူ့လက်ချောင်းများမှာ ပစ်မှတ်နှင့် တစ်လက်မခန့် လိုနေသေးသည်။ ထိုအကွာအဝေးမှာ လူတစ်ယောက် လက်လှမ်းမမီနိုင်လောက်အောင် ကွက်တိ ဖြစ်နေသည်။ ကုလားထိုင်က သေးလွန်းသဖြင့် ခြေနှစ်ဖက်ဖြင့် ရပ်ရန်ပင် အတော်ခက်ခဲနေပြီဖြစ်ရာ ၎င်းပေါ်ကနေ ခုန်ပြီး မီးချောင်းကို လှမ်းဖမ်းရန်မှာ မဖြစ်နိုင်သော အရာပင်။
အချိန်တွေက ကုန်ဆုံးနေပြီး ဖုန်းပုကျွယ်မှာ ၇၃ စက္ကန့်သာ အချိန်ကျန်တော့သည်။ သူသည် အချိန်တိုင်းစက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့သြစရာကောင်းလောက်အောင် ရယ်မောလိုက်သည်။ "ဒီလောက်အထိ ခက်ခဲလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ? ဟား... ဒါမျိုးကိုမှ ငါက လိုချင်နေတာ။"
ခဏမျှ စဉ်းစားပြီးနောက် ဖုန်းပုကျွယ်သည် သူ၏ အာရုံကို အရုပ်ဆီသို့ ပြန်လှည့်လိုက်သည်။ သူ တစ်ခုခုကို ကြံစည်မိသွားပုံရသည်။ သူသည် အရုပ်ကို သွားကောက်ကာ အဝတ်အစားများကို ချွတ်ပစ်လိုက်သည်။ ထို့နောက် ကုလားထိုင်ဆီသို့ ပြေးသွားကာ ဝတ်စုံ၏ လက်အင်္ကျီတစ်ဖက်ကို ဘယ်ဘက်လက်ဖြင့် ကိုင်ပြီး အပေါ်သို့ လွှင့်ပစ်လိုက်သည်။ ၎င်းမှာ ကလေးဝတ်စုံဖြစ်သော်လည်း မီးချောင်းတွင် သွားချိတ်ရန်အတွက်မူ လုံလောက်သော အရွယ်အစား ရှိသည်။ ဖုန်းပုကျွယ်သည် မီးချောင်း၏ အပေါ်ဘက်သို့ ရောက်သွားသော အခြားလက်အင်္ကျီတစ်ဖက်ကို ညာဘက်လက်ဖြင့် လှမ်းဆွဲလိုက်သည်။ ယခုအခါ ဝတ်စုံမှာ မီးချောင်း၏ ထိပ်တစ်ဖက်တွင် ချိတ်မိသွားပြီ ဖြစ်သည်။
ဖုန်းပုကျွယ်သည် လက်နှစ်ဖက်လုံးဖြင့် အားရပါးရ ဆွဲချလိုက်ရာ ကြိုးတစ်ချောင်းမှာ ပြတ်ထွက်သွားသည်။ မီးအိမ်မှာ ကျန်ရှိနေသော အခြားကြိုးတစ်ချောင်းနှင့် တွဲလျက် အောက်သို့ ဝဲကျလာသည်။ ၎င်းမှာ လေထဲတွင် အခြောက်လှန်းထားသော ဝက်အူချောင်းတစ်ခုကဲ့သို့ တန်းလန်းကြီး ဖြစ်နေသည်။ ယခုအခါတွင်မူ ဖုန်းပုကျွယ်သည် မီးချောင်းကို မိမိလက်ဖြင့် ကိုင်နိုင်ပြီ ဖြစ်သည်။ မီးချောင်းကို ပလတ်စတစ်အိမ်ဖြင့် စွပ်ထားသဖြင့် ဒဏ်ရာရမှာကို စိုးရိမ်စရာမလိုပေ။ သို့သော် မီးကြိုးပြတ်သွားသည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် တန်းလန်းဖြစ်နေသော မီးချောင်းကို လှမ်းဖမ်းရန်မှာ သိပ်မခက်ခဲလှပေ။ ဖမ်းမိသွားသည်နှင့် သူက ခပ်ပြင်းပြင်း ထပ်ဆွဲလိုက်ရာ ကျန်ရှိနေသော နောက်ထပ်ကြိုးတစ်ချောင်းလည်း ပြတ်ထွက်သွားတော့သည်။
သူသည် မီးချောင်းကို လက်ထဲတွင် ကိုင်ထားသည်။ စောစောကတည်းက ဖုန်းပုကျွယ်သည် စိတ်ထဲကနေ အချိန်ကို တွက်ချက်နေခဲ့သည်။ အချိန်မှာ ၃၅ စက္ကန့်ဝန်းကျင် ကျန်နေသင့်သည်။ အမှောင်ထဲတွင် စက်ကြီးမှာ ဆူညံစွာ လည်ပတ်နေဆဲပင်။ သူသည် ထိုအသံဆီသို့ ချက်ချင်းမပြေးဘဲ ကုလားထိုင်ပေါ်မှ ဂရုတစိုက် ဆင်းလိုက်သည်။ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသော အရုပ်ကို ခြေထောက်ဖြင့် အသာအယာ စမ်းရှာသည်။ ထိုပစ္စည်းနှစ်ခု၏ တည်နေရာကို မှတ်သားထားပြီးနောက် စက်ဆီသို့သွားရန် သူလှမ်းရမည့် ခြေလှမ်းအရေအတွက်ကို တွက်ချက်လိုက်သည်။ ကျန်တာကတော့ လွယ်ကူပါသည်။ အသံကို နားထောင်ခြင်းဖြင့် စက်၏ အပေါက်ဝ တည်နေရာကို သူ အလွယ်တကူ ခန့်မှန်းနိုင်သည်။
ဖုန်းပုကျွယ်သည် ခန္ဓာကိုယ်ကို အနောက်သို့ အနည်းငယ် ယိုင်လိုက်ပြီး မီးချောင်းကို စက်၏အပေါက်ဝထဲသို့ ထိုးထည့်လိုက်သည်။ ဂီယာများက မီးချောင်းကို ကြိတ်ခြေပစ်လိုက်ပြီး ထိုဖြစ်စဉ်အတွင်း ဖန်စအချို့ လွင့်ထွက်လာသော်လည်း ကြိုတင်ပြင်ဆင်ထားသဖြင့် ဖုန်းပုကျွယ်မှာ ဒဏ်ရာမရရှိခဲ့ပေ။ မီးချောင်း၏ လေးပုံသုံးပုံခန့် စက်ထဲသို့ ဝင်သွားသောအခါ သူက လက်ကို လွှတ်လိုက်သည်။ သူသည် လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။ ခြေလှမ်းများကို ပြန်ရေတွက်ကာ အမှောင်ထဲတွင် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ လိုအပ်နေသော ပစ္စည်းများကို ခြေထောက်ဖြင့် ကန်မိပြီး ဝေးသွားမှာ စိုးသဖြင့် ခြေလှမ်းအကျယ်ကို သေချာ တိုင်းတာနေရသည်။ အမှောင်ထဲတွင် ရှာဖွေနေရခြင်းဖြင့် အချိန်မဖြုန်းလိုတော့ပေ။
ကံကောင်းစွာဖြင့် ထိုကဲ့သို့သော မတော်တဆမှုမျိုး မဖြစ်ခဲ့ပေ။ ဆယ်စက္ကန့်ပင် မပြည့်မီ သူသည် အရုပ်ရှိရာသို့ ရောက်သွားသည်။ အချိန်က ကုန်ခါနီးနေပြီ။ ဖုန်းပုကျွယ်သည် ဆောင့်ကြောင့်ထိုင်လိုက်ကာ လက်တစ်ဖက်ဖြင့် အရုပ်ကိုကိုင်၊ အခြားလက်တစ်ဖက်ဖြင့် သစ်သားကုလားထိုင်ကို ဆွဲယူလိုက်သည်။ သူသည် စက်ဆီသို့ ဦးတည်ကာ ပြေးသွားသည်။ ယခုတစ်ကြိမ်တွင်မူ ခြေလှမ်းများကို သတိထားနေစရာ မလိုတော့သဖြင့် အရှိန်ဖြင့် ပြေးနိုင်ခဲ့ရာ စက္ကန့်ပိုင်းအတွင်း စက်ဆီသို့ ရောက်ရှိသွားသည်။ သူသည် ပစ္စည်းများကို စက်ထဲသို့ ပစ်ထည့်လိုက်သည်။
သစ်သားကုလားထိုင်၏ နောက်မှီမှာ စက်၏ အပေါက်ဝထက် ပိုကြီးနေသည်။ ဖုန်းပုကျွယ်သည် ၎င်းကို စောစောကတည်းက သတိပြုမိထားပြီး စိတ်ထဲတွင် မှတ်သားထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကြိုတင်မသိထားပါက သူ ပြာပြာသလဲ ဖြစ်သွားနိုင်သည်။ သို့သော် ဖုန်းပုကျွယ်က ထိုကဲ့သို့သော အမှားမျိုး မလုပ်တတ်ပေ။ သူသည် ကုလားထိုင်ကို ခြေထောက်ဖြင့် နင်းကာ ကွေးပစ်လိုက်သည်။ ထိုအခါ ကုလားထိုင်မှာ စက်ထဲသို့ ထည့်နိုင်လောက်သည့် အနေအထား ဖြစ်သွားသည်။
သူ့စိတ်ထဲတွင် အချိန် ၅ စက္ကန့်ခန့် ကျန်နေသေးသည်။ ၃ စက္ကန့်ခန့် အလိုတွင် စက်ကြီးသည် လည်ပတ်နေရင်းမှ ရပ်သွားတော့သည်။ အခန်းထဲတွင် မှောင်အတိ ကျနေသဖြင့် ဖုန်းပုကျွယ်သည် အချိန်တိုင်းစက်က နံပါတ်ကိုဖြစ်စေ၊ အလေးချိန်ကိုဖြစ်စေ မမြင်ရတော့ပေ။ အလေးချိန် ဂရမ် ၁၅,၀၀၀ ပြည့်သွားသဖြင့် စက်ရပ်သွားခြင်းလား သို့မဟုတ် သူ ရှုံးနိမ့်သွားခြင်းလား ဆိုသည်ကို သူ မသိနိုင်ချေ။
နောက်ထပ် ကုန်ဆုံးသွားသော စက္ကန့်အနည်းငယ်မှာ ရှည်လျားပြီး ပင်ပန်းဖွယ်ရာ ကောင်းလှသည်။ ဘာမှ ဖြစ်မလာသဖြင့် ဖုန်းပုကျွယ်၏ စိတ်ထဲတွင် စိုးရိမ်စိတ် တဖြည်းဖြည်း ဝင်လာသည်။ မီးချောင်းက လုံလောက်အောင် မလေးတာလား? အမှန်တကယ်တွင် ထိုကဲ့သို့သော ဆွဲလဲမီးအိမ်မျိုးမှာ ပလတ်စတစ်အိမ်နှင့် ပေါင်းလျှင်တောင် ၇,၅၀၀ ဂရမ် ပြည့်ဖို့ မလွယ်ကူလှပေ။ သို့သော် စောစောက သူကိုင်ကြည့်ခဲ့စဉ်တွင် ထိုထက်ပိုလေးသည်ဟု သူ ခံစားခဲ့ရသည်။ ဒါဟာ ဂိမ်းထဲက သတ်မှတ်ချက်တစ်ခုပဲ ဖြစ်လိမ့်မည်ဟု သူ ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ် သူ တွက်ချက်မှု မှားသွားလေသလား? ဤအခန်းကနေ ထွက်ဖို့ဆိုလျှင် မျောက်ကလေးကို သတ်ဖို့ပဲ လမ်းရှိတော့တာလား?
သံသယများနှင့် မေးခွန်းများအားလုံးသည် 'ကလစ်' ဆိုသည့် အသံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။ နောက်အခန်းသို့ သွားမည့် တံခါးကြီး ပွင့်သွားလေပြီ။ အမှန်တကယ်တွင် စနစ်က အလုပ်လုပ်ရန် ဆယ်စက္ကန့်ခန့်သာ ကြာမြင့်သော်လည်း ဖုန်းပုကျွယ် ရင်ဆိုင်နေရသော အခြေအနေကြောင့် ထိုအချိန်မှာ ပို၍ ရှည်လျားနေသကဲ့သို့ ခံစားခဲ့ရခြင်း ဖြစ်သည်။
ပွင့်သွားသော တံခါးပေါက်မှနေ၍ အလင်းတန်းတစ်ခု ဖြာကျလာသည်။ ၎င်းမှာ ဂိမ်းသည် မပြီးဆုံးသေးကြောင်း ပြသနေသော လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။