အခန်း (၁၁) - ဂိမ်းတစ်ခု ဆော့ကြရအောင် (၂)
"မင်းက မင်းရဲ့အလုပ်ကို မြတ်နိုးတယ်၊ တာဝန်သိစိတ် အပြည့်ရှိတဲ့ အလုပ်တစ်ခုပေါ့။ လူတွေရဲ့ နှလုံးသားထဲက အသိတရားတွေ နိုးကြားလာအောင် မင်းရဲ့ကင်မရာကို သုံးပြီး သွေးစွန်းတဲ့ အမှန်တရားတွေကို မှတ်တမ်းတင်ခဲ့တယ်။ ဒါပေမဲ့ မင်းတကယ်ကော ဂရုစိုက်ရဲ့လား? မင်းက တရားမျှတမှုဆိုတဲ့ မျက်နှာဖုံးနောက်က လူလိမ်တစ်ယောက်လား ဒါမှမဟုတ် တကယ်ပဲ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်လား?
"အခုအချိန်မှာ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ စီးဆင်းနေပြီး မင်းရဲ့အသက်ကို တဖြည်းဖြည်းချင်း ဝါးမြိုနေပြီ။ မင်းသတိရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက အဆိပ်ပြန့်နှုန်းကို နှစ်ဆမြန်စေလိမ့်မယ်။ ဒီနေရာကနေ ထွက်ပေါက်ကို ရှာဖို့ မင်းမှာ မိနစ်လေးဆယ်လောက်ပဲ အချိန်ရှိတော့တယ်။ ကင်မရာနောက်ကွယ်မှာ ပုန်းနေတဲ့ လူတစ်ယောက်ရဲ့ အသိစိတ်က သူ့ရဲ့ချစ်လှစွာသော မိသားစုဆီ ပြန်ရောက်အောင် ကူညီပေးနိုင်မလားဆိုတာ ကြည့်ကြတာပေါ့။
"ရှင်မလား သေမလား... ကိုယ်တိုင် ရွေးချယ်လိုက်ပါ။"
အသံသွင်းထားတာ တစ်ဝက်လောက်ရောက်ကတည်းက ဖုန်းပုကျွယ်က မတ်တပ်ရပ်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးနေပြီ ဖြစ်သည်။ သူက ဂိမ်းစစချင်းကအတိုင်း အနက်ရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုပဲ ဝတ်ထားဆဲပင်။ ဒီဇာတ်လမ်းနောက်ခံရဲ့ အရင်းခံဖြစ်တဲ့ ရုပ်ရှင်ထဲကအတိုင်း သူက အိတ်ကပ်တွေကိုပါ စမ်းကြည့်သေးပေမဲ့ ဘာမှမရှိချေ။ သူ့ရဲ့ အိတ် (Inventory) ထဲမှာလည်း ဘာမှမပြောင်းလဲဘဲ ပလတ်စတစ် ဆေးထိုးအပ် တစ်ခုပဲ ရှိနေသည်။
"မင်းရဲ့ ရွေးချယ်မှုကြီးကို လိုးလိုက်လေ!" အသံသွင်းတိပ်ခွေ ပြီးဆုံးသွားတဲ့အခါ ဖုန်းပုကျွယ်က ဆဲရေးလိုက်သည်။ သူက တစ်ယောက်တည်းကစားရတဲ့ (Solo mode) မှာ ရှိနေတာကြောင့် ဆဲဆိုတဲ့အတွက် စနစ်က သတိပေးတာမျိုး မရှိပေ။ ထို့နောက် သူက မီနူးကနေတစ်ဆင့် ဝေါ့မန်း (Walkman) ရဲ့ ဂုဏ်သတ္တိတွေကို စစ်ဆေးလိုက်သည်။
———
ပစ္စည်းအမည် - တိပ်ခွေပါဝင်သော ဝေါ့မန်း (Walkman)
ပစ္စည်းအမျိုးအစား - ဇာတ်ကွက်ဆိုင်ရာ ပစ္စည်း (Plot Item)
အရည်အသွေး - ညံ့ဖျင်း (Poor)
လုပ်ဆောင်ချက် - တိပ်ခွေများ နားထောင်ရန်။
ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရှိ
မှတ်ချက် - တိပ်ခွေထဲက အကြောင်းအရာတွေကို ယုံကြည်တာ ပိုကောင်းပါလိမ့်မယ်။
———
ဒါကလည်း တစ်ခါသုံး ဇာတ်ကွက်ဆိုင်ရာ ပစ္စည်းတစ်ခုပဲ ဖြစ်ဟန်တူသည်။ ဖုန်းပုကျွယ်က တိပ်ခွေထဲက စကားလုံးတိုင်းကို မှတ်မိနေပေမဲ့ သေချာအောင်လို့ နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ် အကုန်ခံပြီး ထပ်နားထောင်လိုက်သေးသည်။ ဒုတိယအကြိမ် နားထောင်ပြီးတဲ့နောက် ဝေါ့မန်းကို ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ ဒီဇာတ်လမ်းထဲမှာ တိပ်ခွေက တစ်ခုထက်မက ရှိနိုင်တာကြောင့် ဝေါ့မန်းကို ဆောင်ထားတာ ပိုကောင်းမည်ဟု သူတွေးမိသည်။
သူရှိနေတဲ့နေရာက အတော်လေး ကျယ်ဝန်းသည်။ မျက်နှာကြက်က မြေပြင်ကနေ ၁၂ မီတာလောက် မြင့်ပြီး အပေါ်နားမှာ အိတ်ဇောပန်ကာကြီးတွေ ရှိနေသည်။ ထိုနေရာကနေ နေရောင်ခြည် ဖြာကျနေတာကို မြင်ရပေမဲ့ နံရံတွေပေါ်မှာတော့ တွယ်တက်စရာ ဘာမှမရှိချေ။ အမိုးက ခုံးပုံစံဖြစ်ပြီး ကြမ်းပြင်နဲ့ ပြိုင်လျက်တန်းနေတဲ့ အမိုးတန်းတွေ အများကြီးရှိသည်။ အမိုးတန်းတွေမှာ ချိတ်ထားတဲ့ မီးအိမ်တွေက နေရာတစ်ခုလုံးကို လင်းထိန်စေသည်။ နံရံတွေက ခိုင်ခံ့ပုံရပြီး သတ္တုပြားတွေနဲ့ ဖုံးအုပ်ထားသည်။ နောက်ကွယ်မှာ အုတ်နံရံ ရှိနိုင်ပေမဲ့လည်း ဖုန်းပုကျွယ်ကတော့ နံရံကို အင်အားသုံးပြီး ဖြိုဖို့ မစဉ်းစားပေ။ မိနစ်ပိုင်းအတွင်း ထွက်ပြေးနိုင်မယ့် ဇာတ်လမ်းမျိုးကို စနစ်က ဖန်တီးပေးမှာ မဟုတ်တာကြောင့်ပင်။
အကယ်၍ ဖုန်းပုကျွယ်မှာ 'ပေါက်ကွဲစေသော လက်သီး' အသုံးပြုခွင့် နှစ်ကြိမ် ကျန်နေသေးပြီး တိုက်ခိုက်ရေး ကျွမ်းကျင်မှုကလည်း F အဆင့် ရှိနေမယ်ဆိုရင် စနစ်က ဒီဇာတ်လမ်းကို ပြောင်းလဲပစ်မှာ ဒါမှမဟုတ် နံရံတွေကို နှစ်ဆပိုထူအောင် လုပ်ပစ်မှာ သေချာသည်။ ဒါမှသာ ဖုန်းပုကျွယ်က သူ့ရဲ့ ကျွမ်းကျင်မှုကို သုံးပြီး ချက်ချင်း ထွက်မပြေးနိုင်မှာ ဖြစ်သည်။ လက်သီးတစ်ချက်ရဲ့ အောင်မြင်နှုန်းက ၂၀ ရာခိုင်နှုန်းပဲ ရှိပြီး နံရံအထူကို မသိရပေမဲ့လည်း အောင်မြင်သွားနိုင်ခြေက ရှိနေဆဲပင်။ စနစ်က ဇာတ်လမ်းကို ဖန်တီးတဲ့အခါ အစကတည်းက အဲဒီလို ဖြစ်နိုင်ခြေတွေကို ပယ်ဖျက်ထားပြီးသားဖြစ်သည်။ ဆိုလိုတာက ဝမ်ထန်ကျီသာဆိုရင် ဒီလိုဇာတ်လမ်းမျိုး ဘယ်တော့မှ ကျလာမှာ မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ကောင်ရဲ့ လက်ရှိအခြေအနေနဲ့ ဇာတ်လမ်းကို အလွယ်တကူ ဖြတ်ကျော်နိုင်မယ့် အခွင့်အရေးမျိုးကို စနစ်က ခွင့်ပြုမှာ မဟုတ်ချေ။
ဖုန်းပုကျွယ် ရှေ့ကို ဆက်လျှောက်လာသည်။ ဂိုဒေါင်ထဲမှာ သေတ္တာတွေ အများကြီး ရှိနေပြီး သုံးထပ်လောက်အထိ ဆင့်ထားသည်။ ဒါတောင် မျက်နှာကြက်နဲ့တော့ အဝေးကြီး လိုသေးသည်။ ထိုသေတ္တာတွေကို ဖုန်းပုကျွယ် လျှောက်သွားလို့ရအောင် လမ်းကြောင်းတစ်ခုသဖွယ် စီစဉ်ထားသည်။
"ဟင်း... ခံစားချက် မကောင်းဘူးပဲ။" ဖုန်းပုကျွယ်က မကြောက်ပေမဲ့ ဒီဇာတ်လမ်းကနေ ရမယ့် ဆုလာဘ်ကိုတော့ သိပ်ပြီး မျှော်လင့်ချက် မထားတော့ပေ။ 'Saw' ရုပ်ရှင်ထဲကလို ဇာတ်လမ်းမျိုးက သာမန်လူတစ်ယောက်အတွက်တောင် သိပ်ပြီး ကြောက်စရာ မကောင်းလှဘူးဟု သူတွေးမိသည်။ ရုပ်ရှင်ထဲမှာတော့ အကြောက်ဆုံးအရာက 'အချိန်' ဖြစ်သည်။ ဒါပေမဲ့ ဂိမ်းထဲမှာတော့ အန္တရာယ်က မြင်သာနေပြီး သေခြင်းတရား နီးကပ်လာလေ ကြောက်စိတ်က တိုးလာလေ ဖြစ်သည်။ လူတွေရဲ့ ထိတ်လန့်မှုအမှတ် (Terror Points) ကို ရုတ်တရက် ထိုးတက်သွားစေမယ့် အဖြစ်အပျက်မျိုးကတော့ သိပ်မရှိလှပေ။
ရုပ်ရှင်ထဲမှာတော့ ရှင်သန်ကျန်ရစ်သူတွေက မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ပြီးမှ ထွက်ပြေးနိုင်ကြတာဖြစ်သည်။ ခန္ဓာကိုယ် နာကျင်မှုနဲ့ အချိန်ဖိအား ပေါင်းစပ်သွားတဲ့အခါ လူတွေက ကျရှုံးသွားတတ်ကြသည်။ သို့သော် Thriller Paradise ကစားသမားတွေမှာတော့ နာကျင်မှုကို ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာ (Pain Threshold) ရှိသည်။ နာကျင်မှုက ဘယ်လောက်ပြင်းပြင်း သွားကြိတ်ပြီး ခံနိုင်ရည်ရှိနိုင်တဲ့ အနေအထားမျိုး ဖြစ်သည်။ ဒါ့အပြင်... ဒီရုပ်ရှင်တွေကို ကြည့်ဖူးတဲ့သူတွေ သိကြတာက လူသတ်သမားရဲ့ ရည်ရွယ်ချက်က သတ်ဖို့မဟုတ်ဘဲ လူတွေကို 'ကယ်တင်' ဖို့ ဖြစ်သည်။ သူက ဘဝကို တန်ဖိုးမထားတဲ့သူတွေကို နာကျင်မှုကတစ်ဆင့် သူတို့ရဲ့ဘဝကို ပြန်လည်သုံးသပ်တတ်အောင်၊ အသက်ရှင်ခြင်းရဲ့ အရေးပါမှုကို နားလည်လာအောင် လုပ်ဆောင်တာ ဖြစ်သည်။ 'ဂိမ်းရဲ့ စည်းမျဉ်း' တွေကို လိုက်နာပြီး မိမိကိုယ်ကို နာကျင်အောင် လုပ်ဝံ့ရင်တော့ အသက်ရှင်နိုင်တဲ့ လမ်းရှိစမြဲပင်။
အဲဒီအချက်တွေကို စဉ်းစားပြီး ဖုန်းပုကျွယ်က ဒီဇာတ်လမ်းရဲ့ ၈၀ ရာခိုင်နှုန်းက ပဟေဠိဖြေရှင်းတာပဲ ဖြစ်မယ်လို့ အတည်ပြုလိုက်သည်။ စနစ်က ဖြေရှင်းလို့မရတဲ့ ဇာတ်လမ်းမျိုးကို ဖန်တီးမှာ မဟုတ်ပေ။ အနည်းဆုံးတော့ ပုံမှန်အခက်အခဲ (Normal difficulty) မှာတော့ မဖြစ်နိုင်ချေ။ ဇာတ်လမ်းရဲ့ အခက်အခဲက ကစားသမားရဲ့ စွမ်းရည်အပေါ် မူတည်ပြီး ဒီဇိုင်းထုတ်ထားတာ ဖြစ်သည်။ အသက်မှတ် (Life Points) ကလွဲရင် အဆင့် ၁ ကစားသမားနဲ့ မခြားနားတဲ့ ဖုန်းပုကျွယ်အတွက် စနစ်က ဒီလိုဇာတ်လမ်းမျိုးပဲ ဖန်တီးပေးနိုင်မှာ ဖြစ်သည်။ သူ့ရဲ့ လက်ရှိအခြေအနေအရ တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ အကယ်၍ စနစ်က အဆင့် ၄ ကစားသမားအတွက် အကြီးအကဲရန်သူ (Boss) တစ်ကောင်ကို ထုတ်ပေးမယ်ဆိုရင် သူ တစ်ယောက်တည်းနဲ့ ဘယ်လိုမှ နိုင်မှာမဟုတ်ပေ။ ဒါကြောင့် ဇာတ်လမ်းကို ဖြတ်ကျော်ဖို့ နည်းလမ်းက ရှင်းနေသည် - ပဟေဠိကို ဖြေရှင်းရမည်၊ သို့မဟုတ် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလိုပဲ အသက်မှတ်တွေကို အဆုံးရှုံးခံပြီး ရှေ့ဆက်ရမည် ဖြစ်သည်။ အသက်မှတ်အားလုံး ကုန်သွားရင်တော့ သေရမှာပင်။
ဖုန်းပုကျွယ်က သေတ္တာတွေကြားက လမ်းကြောင်းအတိုင်း လိုက်လာရာ အခန်းရဲ့ တခြားတစ်ဖက်ကို ရောက်လာသည်။ နံရံပေါ်မှာ မြှားပုံစံ ဆေးသုတ်ထားပြီး သေတ္တာတွေနောက်မှာ ဝှက်ထားတဲ့ တံခါးတစ်ခုကို ညွှန်ပြနေသည်။ သေတ္တာတွေကြားမှာ လူတစ်ယောက် တိုးဝင်လို့ရတဲ့ အပေါက်တစ်ခု ရှိသည်။ ဖုန်းပုကျွယ်က သူ့ရဲ့ ခွန်အားနဲ့ အသက်မှတ်ကို စစ်ဆေးကြည့်ရာ အပြည့်နီးပါး ရှိနေသေးသည်။ 'အဆိပ်' ကြောင့် အသက်မှတ်က စတင်လျော့ကျလာမှာ ဖြစ်ပေမဲ့ အနည်းဆုံးတော့ ခွန်အားအတွက် စိုးရိမ်စရာ မလိုသေးပေ။ သူက အသက်ရှူနှုန်းကို ထိန်းညှိပြီး စိတ်ကို ငြိမ်အောင်ထားလိုက်သည်။ တံခါးရဲ့ တစ်ဖက်မှာ နောက်ထပ် ဂိမ်းတစ်ခု ရှိနေမယ်ဆိုတာ သူသိသည်။ အခုက အာရုံစူးစိုက်ရမယ့် အချိန်ပင်။
သူက သေတ္တာကြားကနေ တိုးဝင်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးပွင့်သွားတာနဲ့ တစ်ပြိုင်နက် 'ကလစ်' ဆိုတဲ့ အသံကို ကြားလိုက်ရသည်။ တံခါးနောက်ကွယ်က တစ်ခုခု ပွင့်သွားခြင်း ဖြစ်သည်။ စက္ကန့်အနည်းငယ်အကြာမှာ အခန်းသစ်ထဲမှာ မီးလင်းလာသည်။ ဖုန်းပုကျွယ် အခန်းထဲကို လှမ်းဝင်လိုက်တာနဲ့ တံခါးက အလိုအလျောက် ပြန်ပိတ်သွားသည်။ ဒါက ထောင်ချောက်ရဲ့ အစိတ်အပိုင်းလား ဒါမှမဟုတ် စနစ်က လုပ်တာလားဆိုတာတော့ မသေချာပေ။
အခန်းလယ်မှာ သေးငယ်တဲ့ သစ်သားကုလားထိုင်လေး တစ်လုံး ရှိနေသည်။ ကုလားထိုင်ပေါ်မှာတော့ အနက်ရောင် ဝတ်စုံဝတ်ထားတဲ့ အရုပ်မလေး တစ်ရုပ်ရှိပြီး လက်ထဲမှာ စာရွက်တစ်ရွက် ကိုင်ထားသည်။ အရုပ်က ကလေးတစ်ယောက် အရွယ်လောက်ရှိပြီး မျက်နှာက ရှည်မျောမျော ဖြစ်သည်။ ထူးဆန်းတဲ့ ဆံပင်ပုံစံ၊ ဖြူဖျော့တဲ့ မျက်နှာ၊ အနက်ရောင် မျက်လုံးအိမ်နဲ့ သွေးလိုနီတဲ့ မျက်သူငယ်တွေ ရှိသည်။ ပါးပြင်ပေါ်မှာ အနီရောင် စက်ဝိုင်းတွေ ဆွဲထားပြီး နှုတ်ခမ်းတွေကလည်း သွေးတွေ စီးကျနေသလို နီရဲနေသည်။ သန်းခေါင်ယံမှာ ဒီလိုမျက်နှာမျိုးနဲ့ တိုးရင်တော့ တော်တော်လေး ကြောက်စရာ ကောင်းပေမဲ့ အခုလောလောဆယ်မှာတော့ အရုပ်က လှုပ်မလာသရွေ့တော့ လက်ခံနိုင်စရာ ရှိပါသေးသည်။
"ဟယ်လို အက်ရှ်။ မင်း ဒီကို ရောက်လာတယ်ဆိုကတည်းက သေဖို့ ထိုင်စောင့်နေမယ့်သူ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဒါဆို စည်းမျဉ်းတွေကို နားထောင်ကြည့်ပါ။" အရုပ်ရဲ့ ဗိုက်ထဲမှာ ဝှက်ထားတဲ့ တိပ်ခွေက စတင်အလုပ်လုပ်လာသည်။ "မင်း အလုပ်လုပ်နေတဲ့ စက်တစ်လုံးကို မြင်ပြီးလောက်ပြီ ထင်တယ်..."
ဖုန်းပုကျွယ်ရဲ့ မျက်လုံးတွေက အဝတ်လျှော်စက်လောက်ရှိတဲ့ စက်ကြီးတစ်လုံးဆီ ရောက်သွားသည်။ စက်ရဲ့ အပေါ်မှာ ပန်းကန်ပြားလောက်ရှိတဲ့ အဝိုင်းပေါက်ကြီး တစ်ခုရှိပြီး လူတစ်ယောက်ရဲ့ ခေါင်းကို ထည့်လို့ရလောက်အောင် ကျယ်သည်။ အပေါက်ထဲကနေ စက်ယန္တရားတွေ လည်ပတ်နေတဲ့ အသံကို ကြားနေရသည်။ ဖုန်းပုကျွယ်က အနီးကပ် သွားကြည့်လိုက်သည်။ အပေါက်ဝနဲ့ ဆိုရင် တစ်ဝက်လောက် အကွာမှာ ဂီယာတန်း နှစ်တန်း ရှိနေပြီး တစ်ခုနဲ့တစ်ခု အကြားအလပ် မရှိသလောက် နီးကပ်စွာ ရှိနေသည်။ ထိုဂီယာတန်းတွေက ရေတံခွန်နှစ်ခုလိုပဲ လားရာတစ်ခုတည်းကို လည်ပတ်နေကြသည်။ အရှိန်က သိပ်မမြန်ပေမဲ့ ညှစ်အားကတော့ အတော်လေး ပြင်းထန်သည်။ ဒီစက်ရဲ့ စွမ်းဆောင်ရည်အရ သစ်သား ဒါမှမဟုတ် သံထည်တွေကို ကြိတ်ခြေပစ်ဖို့က လုံးဝ ဖြစ်နိုင်ချေရှိသည်။
အပေါက်ရဲ့ အပေါ်နားမှာ အချိန်တိုင်းစက် (Timer) တစ်ခုရှိပြီး ၅ မိနစ် သတ်မှတ်ထားကာ စတင် လည်ပတ်နေပြီ ဖြစ်သည်။ အချိန်တိုင်းစက် ဘေးမှာတော့ အလေးချိန် တိုင်းတဲ့စက်ရှိပြီး ယူနစ်က ကီလိုဂရမ် ဖြစ်ကာ လက်တံက သုညမှာ ရှိနေသည်။
"ဒီစက်က ပစ္စည်းတွေကို ကြိတ်ခြေနိုင်ပြီး နောက်အခန်းကို သွားမယ့် တံခါးကို ဖွင့်ပေးနိုင်တယ်။ မင်းလုပ်ရမှာက လုံလောက်တဲ့ အလေးချိန် ရအောင် ပစ္စည်းတွေ ထည့်ပေးဖို့ပဲ။ ဂရမ် ၁၅,၀၀၀ ထက် ကျော်သွားရင် တံခါးပွင့်လာလိမ့်မယ်။ အကယ်၍ မင်းက မီးဖြတ်လိုက်ရင် ဒါမှမဟုတ် အချိန်ကုန်တဲ့အထိ စောင့်နေရင်တော့ စက်က ရပ်သွားလိမ့်မယ်..."
ဖုန်းပုကျွယ်က စက်ထဲကို ထည့်လို့ရမယ့် ပစ္စည်းတွေကို ပတ်ဝန်းကျင်မှာ လိုက်ရှာတော့သည်။ သစ်သားကုလားထိုင်နဲ့ အရုပ်အပြင် တခြားတစ်ခုခု ရှိရဦးမည်။
"အခန်းထဲမှာ ကြမ်းပြင်နဲ့ ဂဟေဆော်ထားတဲ့ သံလှောင်အိမ် တစ်ခုရှိတယ်၊ အဲဒီထဲမှာတော့ အပြင်းစား မေ့ဆေး အထိုးခံထားရတဲ့ မျောက်တစ်ကောင် ရှိတယ်။ သူ့ရဲ့ အလေးချိန်က ဂရမ် ၁၀,၀၀၀ ဝန်းကျင် ရှိတယ်။ မင်းကတော့ ဒီအရုပ်နဲ့ ကုလားထိုင်ကို ထည့်ဖို့ စဉ်းစားမှာပေါ့၊ ဒါပေမဲ့ စိတ်မကောင်းစရာက သူတို့နှစ်ခုပေါင်းမှ ၇,၅၀၀ ဂရမ်ပဲ ရှိတာ..."
ဖုန်းပုကျွယ်က အရုပ်ကိုင်ထားတဲ့ သတင်းစာကို ဆွဲယူလိုက်သည်။ သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ "သူတို့က မင်းရဲ့ ညစာ မဟုတ်ဘူး!" လို့ ရေးထားသည်။ သတင်းစာမှာ ပါတဲ့ ပုံကတော့ သံလှောင်အိမ်ထဲမှာ ပိတ်လှောင်ခံထားရပြီး ကင်မရာကို အပြစ်ကင်းစင်စွာ ကြည့်နေတဲ့ မျောက်လေးတစ်ကောင် ဖြစ်သည်။ ဆောင်းပါးရှင်ကတော့ တခြားသူမဟုတ်... အက်ရှ် ပင် ဖြစ်သည်။
"မင်းက တရားမဝင် အမဲလိုက်သူတွေကို ပြစ်တင်ဝေဖန်ခဲ့တယ်၊ တောရိုင်းတိရစ္ဆာန်တွေကနေ လုပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်ယူတဲ့သူတွေကိုလည်း နှလုံးသားမရှိတဲ့ လူသတ်သမားတွေလို့ ရှုတ်ချခဲ့တယ်။ ဒါပေမဲ့ မင်း သတင်းယူဖို့ ခရီးလှည့်လည်နေတဲ့ အချိန်တွေမှာတော့ ဒီလိုကာကွယ်ထားတဲ့ တိရစ္ဆာန်တွေနဲ့ လုပ်ထားတဲ့ အစားအစာတွေကို မင်းကိုယ်တိုင် မြိန်ရေယှက်ရေ စားသုံးခဲ့ဖူးတယ်။ တကယ်တော့ မင်းမိန်းမရဲ့ ဗီဒိုထဲမှာလည်း တန်ဖိုးကြီး သားမွှေးကုတ်အင်္ကျီတွေ အများကြီး ရှိနေတာပဲ။ ဒီတိရစ္ဆာန်တွေ ဘယ်လို နှိပ်စက်ခံရသလဲဆိုတာ မင်းမျက်စိနဲ့ မြင်ခဲ့ဖူးပါလျက်နဲ့ မင်းဘာတွေ လုပ်ခဲ့သလဲ?
"အခုတော့ တကယ့် လူသတ်သမားတစ်ယောက် ဖြစ်ရတာ ဘယ်လိုလဲဆိုတာ မင်းကို ကိုယ်တိုင် ခံစားကြည့်ခွင့် ပေးလိုက်မယ်။ မင်းရဲ့ အသက်အတွက် ဒီသတ္တဝါလေးရဲ့ အသက်နဲ့ လဲမလား? ရွေးချယ်လိုက်ပါ အက်ရှ်။"
အသံသွင်းထားတာ အဲဒီမှာပဲ ရပ်သွားသည်။ ဖုန်းပုကျွယ်ကတော့ သတင်းစာကို ဆက်ဖတ်နေဆဲ ဖြစ်သည်။ သူ့ရဲ့ အကျင့်ဟောင်းက ပြန်ပေါ်လာခြင်း ဖြစ်သည်။ စနစ်က ဖန်တီးထားတဲ့ ဒီသတင်းစာ အတုကို သူ အဆုံးထိ ဖတ်ချင်နေမိသည်...