အခန်း ၈ - ကံကြမ္မာ၏ သမီးတော်သေပြီ
ယဲ့ချန်သည် သူ၏မိသားစုဝင်များ အသတ်ခံရတော့မည်ကို ကြားလိုက်ရသောအခါ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်... သူသည် အလျင်အမြန်ပင် ပြန်လည် တုံ့ပြန်ပြောဆိုလိုက်သည်...
လီရှီးသည် ဤအကြောင်းကို ကြားလိုက်ရသည့်အခါ သူ၏ မိသားစုအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိသော်လည်း နှလုံးသားထဲတွင် နာကျင်မှုကို မတားဆီးနိုင်ခဲ့ပေ... သူမသည် ယခင်က တီကျွယ်တျန်း၏ ဘေးနားတွင် နေခဲ့ရသည့် အချိန်များကို ပြန်လည် အမှတ်ရလိုက်မိသည်... သူမကို မြင်သမျှသူတိုင်းက အထူးလေးစားစွာ ဆက်ဆံခဲ့ကြသည်... သို့သော် ယခုမူ သူမသည် အသက်ပင် ဆုံးရှုံးရတော့မည့် အခြေအနေ ဖြစ်နေသည်... ယဲ့ချန် သူမကို လှည့်ဖြားနေကြောင်း သိသော်လည်း သူမ၏ နှလုံးသားမှာ နာကျင်နေဆဲပင်...
"ယဲ့ချန်... မင်းအတွက် နောက်ဆုံးအနေနဲ့ ဒါကို လုပ်ပေးလိုက်ပါ့မယ်... ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ မဆုံတွေ့ခဲ့ဖူးသလိုမျိုး နေလိုက်ကြရအောင်..."
လီရှီးက ယဲ့ချန်ကို နူးညံ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်...
"အစ်ကိုကြီး ကျွယ်တျန်း... သူနဲ့ သူ့မိသားစုကို လွှတ်ပေးမယ်ဆိုရင်..."
"ကျွန်မ အခြေအနေကို လက်ခံပါတယ်... ဒီနေ့ကစပြီး အစ်ကိုကြီးရဲ့ ဘေးမှာ ငှက်ကလေးတစ်ကောင်လိုပဲ တိတ်တိတ်ဆိတ်ဆိတ် နေပါ့မယ်..."
လီရှီးသည် မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည်... သူမသည် ယဲ့ချန်ကို နောက်တစ်ဖန် မကြည့်တော့ပေ...
"ဟက်... မင်းကရော အဲ့ဒီနေရာမှာ နေဖို့ အရည်အချင်း ရှိလို့လား..."
တီကျွယ်တျန်းက ရယ်မောလိုက်သည်... လီရှီးမှာ အနည်းငယ် ကြက်သေသေသွားရသည်...
"မင်းက တကယ်ပဲ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..."
"မင်းကို အသုံးဝင်တယ်လို့ ငါ သတ်မှတ်ရင် မင်းကို လှောင်အိမ်ထဲက ငှက်လို ထားထားလို့ ရတယ်... အသုံးမဝင်တော့ရင် မင်းက ခွေးတစ်ကောင်ထက်တောင် ပိုဆိုးတယ်... မင်းကိုယ်မင်း အထင်မကြီးနဲ့... မင်းက ယင်ကိုးပါးကိုယ်ခန္ဓာ ကြောင့် ... ငါ တကယ်ပဲ မင်းကို ဂရုစိုက်မယ်လို့ ထင်နေတာလား..."
"ပြီးတော့ မင်းရဲ့ ဆေးမီးဖို ကိုယ်ခန္ဓာကလည်း သာမန်ပါပဲ... ငါသာ ကြေညာလိုက်မယ်ဆိုရင် မင်းထက် အဆပေါင်းများစွာ သာလွန်တဲ့ ကိုယ်ခန္ဓာပိုင်ရှင်တွေက ငါ့ရဲ့ အစေခံ ဖြစ်ဖို့ အလုအယက် လာကြလိမ့်မယ်..."
တီကျွယ်တျန်း စကားပြောပြီးသောအခါ... လီရှီး၏ အမူအရာမှာ ပြောင်းလဲသွားသည်... သူမသည် တီကျွယ်တျန်းကို မယုံနိုင်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်... လီမိသားစုဝင်တို့၏ အမူအရာမှာလည်း ပြောင်းလဲသွားကြသည်...
"နတ်ဘုရားသားတော်... လီရှီးက လက်ဖက်ရည် ဖျော်တာ…ရေခပ်တာ…အဝတ်လျှော်တာ…အိပ်ရာခင်းတာတွေတော့ လုပ်နိုင်ပါသေးတယ်..."
"မှန်တယ်... လီရှီးက အဲ့ဒါတွေ လုပ်နိုင်ပါတယ်..."
ယဲ့ချန်၏ အမူအရာမှာ ရုပ်ဆိုးလှသည်... သူချစ်ရသော အမျိုးသမီးမှာ တီကျွယ်တျန်း၏ ရှေ့တွင် ဘာမှမဟုတ်သလို ဖြစ်နေပြီး ယခုအခါတွင် အထင်သေးခံနေရသည်... သူကမူ သူမကို တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုလို သဘောထားခဲ့သည်... ဤသည်မှာ သူတို့နှစ်ဦးကြားမှ ကွာဟချက် ဖြစ်သလော...
"ယဲ့ချန်... မင်း ရွေးချယ်ပြီးပြီလား..."
"ငါ..."
တီကျွယ်တျန်းသည် ကိစ္စရပ်မှာ ပြီးဆုံးလုနီးပါး ဖြစ်ပြီဖြစ်၍ စိတ်ဝင်စားမှု လျော့နည်းသွားသည်... မူလက ခန္ဓာကိုယ်၏ ပိုင်ရှင်သည် နတ်ဆိုးချီများကို ထိန်းချုပ်ရန်
ဤ အသီး (လီရှီး)ကို စားသုံးလိုခဲ့သည်... ယခုအခါတွင် နတ်ဆိုးချီများကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သဖြင့် ဤ 'အသီး' မှာ လုံးဝ အသုံးမဝင်တော့ပေ...
တီကျွယ်တျန်း၏ လေသံထဲတွင် စိတ်မရှည်မှုများ ပါဝင်နေသည်ကို မြင်သောအခါ လီရှီးမှာ ထိတ်လန့်လာသည်... တီကျွယ်တျန်းသာ သူမကို တကယ်စွန့်ပစ်လိုက်ပါက သူမ မည်သို့ဖြစ်လာမည်ကို သူမ သိသည်... သူမ၏ ယဲ့ချန်ကို ကယ်တင်ရန် အစီအစဉ်မှာလည်း ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်...
တီကျွယ်တျန်းသည် သူ၏ လက်ချောင်းကို အနည်းငယ် လှုပ်ရှားလိုက်သည်... ခမ်းနားသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာ၏... နဂါးနက်နှစ်ကောင်၏ ပုံရိပ်မှာ တီကျွယ်တျန်း၏ လက်ချောင်းပတ်လည်တွင် ပေါ်လာသည်... တီကျွယ်တျန်း လက်ကို လှုပ်ရှားလိုက်သောအခါ နဂါးနက်နှစ်ကောင်မှာ ပြင်းထန်စွာ အော်ဟစ်လိုက်ကြသည်... မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်မှာ ရာနှင့်ချီသော ကိုက်အထိ ကြီးမားသွား၏...
"ဟိန်း..."
နဂါးနှစ်ကောင်၏ လှုပ်ရှားမှုနှင့်အတူ ယဲ့မိသားစုဝင် ရာကျော်မှာ သေဆုံးသွားကြသည်... သွေးညှီနံ့များမှာ ပင်မခန်းမ တစ်ခုလုံးကို လွှမ်းခြုံသွားသည်...
"ယဲ့ချန်... မင်းရဲ့ မိသားစုအတွက် မင်း ကိုယ်တိုင် ရွေးချယ်လိုက်စမ်း..."
တီကျွယ်တျန်းက လီရှီးကို ရုတ်တရက် စကားသံတစ်ခုကို ပေးပို့လိုက်သည်...
"မင်း ယဲ့ချန်ကို သတ်လိုက်သရွေ့..."
"မင်းရဲ့ အမေ မသေစေရဘူး... မင်း အမေ သေတာကို မလိုချင်ဘူး မဟုတ်လား..."
လီရှီး၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်... သူမ၏ အမေမှာ တီကျွယ်တျန်း၏ လက်ထဲတွင် ရှိနေသေးကြောင်း ရုတ်တရက် သတိရလိုက်သည်... သူမသည် သူမ၏ အမေကို ကုသပေးနေသည်ဟု ထင်မှတ်ကာ မိုက်မဲခဲ့သည်... ဤအရာမှာ သူမကို ထိန်းချုပ်ထားခြင်း ဖြစ်သည်... သူမကို ခုခံမှု မပြုလုပ်နိုင်အောင် တားဆီးထားခြင်း ဖြစ်သည်...
တီကျွယ်တျန်း... ဘယ်လောက်တောင် ရက်စက်တဲ့ နှလုံးသားမျိုးလဲ... သူမသည် အမှန်တကယ်ပင် အရေးမပါသော တည်ရှိမှုတစ်ခုသာ ဖြစ်သည်... သိလိုက်ရလျှင်ကော ဘာထူးမှာလဲ... သူမမှာ မပြသရဲပေ... ယခုအချိန်တွင် တီကျွယ်တျန်းမှာ နတ်ဆိုးတစ်ပါး ဖြစ်သည်... လူသားဆန်မှု ကင်းမဲ့သော နတ်ဆိုးတစ်ပါး... သို့သော် သူမ၏ စိတ်ထဲရှိ နူးညံ့သော သူမအမေ မျက်နှာကို တွေးမိလိုက်သောအခါ လီရှီးမှာ အသက်ရှုရပင် မတတ်နိုင်လောက်အောင် နာကျင်မှုကို ခံစားလိုက်ရသည်... သူမ၏ အမေမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး အစွမ်းထက်သော ဝိညာဉ်ဆေးဝါးများသာ သူမကို ကယ်တင်နိုင်မည် ဖြစ်သည်...
တီကျွယ်တျန်းသည် လီရှီး၏ အမူအရာကို ဂရုမစိုက်ပေ... သူသည် လီရှီး၏ အမေကို ထိန်းချုပ်ထားခြင်းမှာ သူမကို ထိန်းချုပ် နိုင်ရန် ဖြစ်သည်...
လီရှီးသည် ယဲ့ချန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်... သူမသည် လက်ကို ဆန့်ထုတ်ကာ ယဲ့ချန်၏ မျက်နှာကို ပွတ်သပ်လိုက်သည်...
"ရှင် ကျွန်မကို ချစ်မှန်း သိပါတယ်... ကျွန်မလည်း ရှင်ကို ချစ်ပါတယ်... ကျွန်မတို့ ပြောခဲ့တာတွေကို မှတ်မိသေးလား... ရှင် အခက်အခဲတွေကြားမှာ ရှိနေတာကို သိပါတယ်၊ ကျွန်မ နှလုံးသားလည်း နာကျင်ရပါတယ်... ဒါပေမဲ့ ကျွန်မမှာလည်း ကာကွယ်ရမယ့် အရာတစ်ခု ရှိနေသေးတယ်..."
ယဲ့ချန်မှာ စိတ်လှုပ်ရှားနေစဉ် ရုတ်တရက် သူ၏ ရင်ဘတ်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်... ဓားတစ်ချောင်းမှာ သူ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်ခံလိုက်ရသည်...
"ရှင့်ကို သတ်လိုက်ရင် ကျွန်မ အသက်ရှင်နိုင်မှာ..."
လီရှီး၏ အမူအရာမှာ ရှုပ်ထွေးနေ၏... သူမသည် ယဲ့ချန်၏ နှလုံးသားမှာ ညာဘက်တွင် ရှိကြောင်း သိထားသည်...
"ရှင် သေချင်ယောင်ဆောင်လိုက်ပါ... သူက ရှင့်နှလုံးသားက ညာဘက်မှာ ရှိမှန်း မသိဘူး..."
လီရှီးက တိုးတိုးလေး ပြောလိုက်သည်... ဤအချက်ကို ကြားသောအခါ ယဲ့ချန်၏ အမူအရာ ပြောင်းလဲသွားပြီး တစ်ခုခုကို သတိပြုမိသွားသည်... ထို့နောက် သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏...
သို့သော် တီကျွယ်တျန်းက ဤအရာကို မြင်လိုက်ရပြီး မဲ့ပြုံး ပြုံးလိုက်သည်…
သူတို့က တီကျွယ်တျန်းမှာ ဘာမှ မသိဘဲ မျက်စိကန်းနေသည်ဟု ထင်နေကြသလော…
လီရှီးသည် ယဲ့ချန်၏ ရင်ဘတ်ထဲရှိ ဓားကို ဆွဲထုတ်လိုက်သည်... ထို့နောက် နောက်တစ်ဖန် ထိုးစိုက်လိုက်ပြန်သည်... လီရှီး၏ မျက်ဝန်းများတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏... သူမသည် ယဲ့ချန် ၏ ရင်ဘတ် ဘယ်ဘက်သို့ ထပ်မံ ထိုးစိုက်လိုက်သည်...
လီရှီး၏ အမူအရာမှာ ဝေဝါးနေပြီး တစ်ချိန်တည်းမှာပင် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်... သူ၏ အကြည့်မှာ တီကျွယ်တျန်း၏ အမူအရာအတိုင်းပင် ဖြစ်သည်... ဓားချက်မှာ အလွန်ပင် လျင်မြန်သည်... သို့သော် ယဲ့ချန်မှာ ကံကြမ္မာ၏ သားတော် ဖြစ်သည်... သူသည် ဓား၏ လမ်းကြောင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး လီရှီး၏ မျက်ဝန်းကို ကြည့်လိုက်သည်... သူမ၏ မျက်ဝန်းထဲတွင် သူ့ကို သတ်လိုစိတ်နှင့် မုန်းတီးမှုသာ ရှိသည်...
ယဲ့ချန်၏ မျက်နှာမှာ ပြောင်းလဲသွားသည်... လီရှီးမှာ သူ့ကို သတ်လိုနေသည်... သူမသည် ယခင်က သူ့ကို စိတ်ပေါ့အောင်မာယာ သုံးပြော ခဲ့ခြင်း ဖြစ်သည်...
"ဘယ်လောက်တောင် ရက်စက်တဲ့ အမျိုးသမီးလဲ..."
ယဲ့ချန် နာကျင်မှုများကို ခံစားလိုက်ရသည်... ဤအမျိုးသမီးအတွက်နှင့် သူသည် မလုပ်သင့်သောသူများကို စော်ကားခဲ့သည်၊ သူ၏ဆရာ သေဆုံးခဲ့ရပြီး သူ၏ ဆွေမျိုးသားချင်းများစွာ သေဆုံးခဲ့ရသည်... သူလုပ်သမျှအရာအားလုံးမှာ ဤအမျိုးသမီးအတွက် ဖြစ်သည်... တီကျွယ်တျန်းက သူ့ကို ဖိအားပေးချိန်တွင် သူကိုယ်တိုင် သတ်သေရုံသာ ရှိစေကာမူ သူမကို သတ်ရန် မတွေးမိခဲ့ပေ... ယခုမူ သူမက သူ့ကို သတ်လိုနေသည်...
လီချင်းဖုန်း ပြောခဲ့သည်မှာ မှန်လေပြီ... သူသည် မိုက်မဲသူတစ်ဦးသာ ဖြစ်သည်... အချစ်... ထာဝရ ကတိကဝတ်များ... အရာအားလုံးမှာ ဟန်ဆောင်မှုသက်သက်သာ...
ယဲ့ချန်မှာ တုံ့ပြန်လိုက်သည်... သူ၏ ကိုယ်ခန္ဓာမှာ လှုပ်ရှားသွားပြီး နောက်သို့ ဆုတ်လိုက်ကာ တစ်ချိန်တည်းမှာပင် လီရှီး၏ ဓားကို ဖမ်းဆုပ်လိုက်သည်... သူ၏ နောက်လက်တစ်ဖက်မှာလည်း လက်သီးအဖြစ် ဆုပ်လိုက်သည်... ပြင်းထန်သော ချီစွမ်းအားများ ပေါ်ထွက်လာ၏... လီရှီး၏ အမူအရာမှာ ရုတ်တရက် ပြုံးရယ်သွားသည်...
"ကျွန်မ ကာကွယ်ချင်ခဲ့တဲ့သူက ရှင်ပါပဲ... ကျွန်မဒီလိုမလုပ်ရင် ရှင် ကျွန်မကို တိုက်ခိုက်မှာ မဟုတ်ဘူး... နောက်ဘဝမှာ ဆုံတွေ့ကြတာပေါ့..."
နူးညံ့သော အသံမှာ ယဲ့ချန်၏ စိတ်ထဲသို့ ရောက်ရှိသွားသည်... လက်သီးချက်မှာ လီရှီးဆီသို့ ရောက်ရှိလာသည်... လီရှီး၏ ရုပ်ပုံလွှာမှာ နောက်သို့ လွင့်စဉ်သွားသည်... သူမသည် ယဲ့ချန်ကို နူးညံ့စွာ ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်... အသက်မဲ့သွားပြီ ဖြစ်၏...
တီကျွယ်တျန်းသည် အနည်းငယ် ရယ်မောလိုက်သည်... သူသည် လီရှီး၏ ခန္ဓာကိုယ်အတွင်းတွင် နတ်ဆိုးမျိုးစေ့ကို အရင်ကတည်းက စိုက်ပျိုးထားခဲ့သည်...
လီရှီး၏ ဝိညာဉ်မှာ ယခုအခါ တီကျွယ်တျန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်... အောင်မြင်သွားပြီ…ဘယ်လောက်တောင် လွယ်ကူလိုက်သလဲ...
လီရှီး သေဆုံးသွားသည်ကို မြင်သောအခါ... လီမိသားစုဝင်တို့မှာ ထိတ်လန့်လာကြသည်... ယဲ့မိသားစုဝင်တို့မှာ သက်ပြင်းချလိုက်ကြသည်... လူငယ်သခင်မှာ နောက်ဆုံးတွင် နိုးထလာခဲ့ပြီ...
ယဲ့ချန်သည် ဤအချိန်တွင်... သူ၏ လက်သီးကို ငေးကြည့်နေသည်... ထို့နောက် လဲကျသွားပြီး အသက်မဲ့နေသော လီရှီးကို ကြည့်လိုက်သည်... သူမ သေဆုံးခါနီးတွင် ပြောသွားသော စကားကို ကြားလိုက်ရသဖြင့်... ယဲ့ချန်၏ မျက်ဝန်းများမှာ ရုတ်တရက် နီရဲလာသည်...
"ဘာလို့လဲ... ဘာလို့လဲ... ဘာလို့ ဒီလို ဖြစ်ရတာလဲ..."
"မင်း ငါ့ကို သတ်ချင်တာ မဟုတ်ဘူးလား... ထလာစမ်း... ငါ့ကို သတ်ပါဦး..."
ယဲ့ချန်မှာ ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သူ၏ အသံမှာ ပင်မခန်းမ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်... အော်ဟစ်ပြီးနောက် ယဲ့ချန်မှာ တိတ်ဆိတ်သွားသည်... ယဲ့ချန်သည် ဤအချိန်တွင် လီရှီးကို ဝေးကွာသော နေရာမှ စိုက်ကြည့်နေသည်... လီရှီးဆီသို့ လျှောက်သွားရန် ကြိုးစားလိုက်သော်လည်း သူ၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး လဲကျသွားတော့သည်... ယဲ့ချန်မှာ ဒဏ်ရာရနေပြီး စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုနှင့် ရိုက်ခတ်မှုများကြောင့် မတ်တတ်ပင် မရပ်နိုင်တော့ပေ... သူသည် လီရှီးဆီသို့ တစ်လှမ်းချင်းစီ တွားသွားလိုက်သည်... သူမ၏ နားသို့ ရောက်ရှိသွားသောအခါ လီရှီးကို ပွေ့ဖက်လိုက်သည်...
"ရှီးအာ... မျက်လုံးဖွင့်ကြည့်ပါဦး... ဒါ ယဲ့ချန်ပါ..."
"ရှီးအာ... ငါ့ကို ကြည့်ပါဦး... ငါတို့ ပေးခဲ့တဲ့ ကတိတွေကို မေ့သွားပြီလား..."
ဤအချိန်တွင် ယဲ့ချန်မှာ ရူးသွပ်နေသည့် အသွင် ဖြစ်နေသည်... သူသည် တတွတ်တွတ်နှင့် အဆက်မပြတ် ပြောဆိုနေသည်... ရုတ်တရက် လီရှီး၏ ခန္ဓာကိုယ်မှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်...
ယဲ့ချန်မှာ ကြက်သေသေသွားသည်... ဖြစ်ပျက်သွားသည်ကို သိလိုက်ရသောအခါ သူ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်... သူသည် လက်များကို ဆန့်ထုတ်ကာ လေထဲတွင် အရူးအမူး ဖမ်းဆုပ်လိုက်သည်...
"မလုပ်ပါနဲ့... ရှီးအာ... ပြန်လာပါ... တောင်းပန်ပါတယ်..."
"ရှီးအာ... ဘာလို့လဲ..."
"တီကျွယ်တျန်း... ဒါ မင်းကြောင့်... မင်းကြောင့်ပဲ... မင်းသာ မရှိရင် ရှီးအာ သေမှာ မဟုတ်ဘူး..."
"ရှီးအာ... ငါ့ကို စောင့်နေပါ... ငါ့ကို စောင့်နေပါ... ငါ မင်းအတွက် လက်စားချေပေးမယ်..."
"တီကျွယ်တျန်း... ငါ မင်းကို သတ်မယ်..."
ယဲ့ချန်၏ အမူအရာမှာ ရူးသွပ်နေသည်... သူသည် နောက်သို့ လှည့်လိုက်ပြီး သွေးရောင်သန်းနေသော မျက်ဝန်းများဖြင့် တီကျွယ်တျန်းကို စိုက်ကြည့်လိုက်သည်...
"တီကျွယ်တျန်း... မင်း အသေဆိုးနဲ့ သေပါစေ..."
အဆင့် ၅ ကျင့်ကြံသူ - ဆဠမအလွှာမှ သတ္တမ သို့၊ ထို့နောက်န၀မအလွှာ သို့ ခုန်တက်သွားသည်....
တီကျွယ်တျန်းကမူ လုံးဝ ဂရုမစိုက်ပေ... ဤကံကြမ္မာ၏ သားတော်တို့မှာ ဆင်ခြင်တုံတရား ကင်းမဲ့သော တည်ရှိမှုများသာ ဖြစ်သည်... သူကသာ အသားကျအောင် နေဖို့ လိုအပ်သည်...
【ပိုင်ရှင်... ကံကြမ္မာ၏ သမီးတော် ကို သတ်ဖြတ်ခြင်းအတွက် ဗီလိန်အမှတ် ၈၀၀ ရရှိပါသည်】
"မင်း အခု မင်းမိသားစုကို စွန့်ပစ်လိုက်တော့မှာလား..."
တီကျွယ်တျန်းက တိုးညှင်းစွာ ဆိုလိုက်သည်...
"မင်း... အမေ..."
ယဲ့ချန် စကား ဆုံးအောင်မပြောနိုင်မီမှာပင် ယဲ့မိသားစုဝင် အနည်းငယ် လဲကျသွားသည်ကို မြင်လိုက်ရသည်... သူ၏ ဖခင်အနီးတွင် သေဆုံးရန် မကျန်ရစ်တော့ပေ...
"မင်း ဘာပြောချင်တာလဲ..."
တီကျွယ်တျန်းက ထပ်မေးလိုက်သည်...
"မ... မ... မင်းက တကယ်ကို ချောမောတာပဲ..."
ယဲ့ချန်သည် လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ နှလုံးသားမှာ သွေးထွက်နေသည်ကို ခံစားလိုက်ရသည်... သူ၏ မျက်ဝန်းများတွင် ရူးသွပ်မှုများ ပြည့်နှက်နေသည်... သူ၏ အတွင်းစိတ်က သူ့ကို တည်ငြိမ်ဖို့ ပြောနေသည်... သို့သော် လူသတ်လိုသည့် ဆန္ဒကို သူ၏ မျက်ဝန်းများတွင် ဖုံးကွယ်ထား၍ မရနိုင်ပေ...
【ပိုင်ရှင်၏ အစီအစဉ်ကြောင့် ကံကြမ္မာ၏ သားတော်သည် ကံကြမ္မာ၏ သမီးတော်ကို သတ်ဖြတ်လိုက်ရသဖြင့် ကံကြမ္မာတန်ဖိုး ၃၀၀ လျော့နည်းသွားပြီး ပိုင်ရှင်၏ ဗီလိန်အမှတ် ၃၀၀ တိုးပွားလာပါသည်】