အခန်း ၆ - ငါ မင်းကို ထဖို့ ခွင့်ပြုတယ်လို့ ပြောလိုက်လို့လား... ဒူးထောက်လိုက်စမ်း...
လီချင်းဖုန်းသည် ပင်မခန်းမကြီးထဲတွင် အသက်မရှိတော့သော ရုပ်အလောင်းအဖြစ် လဲကျသွားသည်။
သူ၏ခေါင်းမှာ ခန္ဓာကိုယ်နှင့် ပြတ်ထွက်သွားခဲ့ပြီ ဖြစ်၏... တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ သွေးညှီနံ့များမှာ ပင်မခန်းမထဲသို့ တဖြည်းဖြည်း တိုးဝင်လာသည်...
လီမိသားစုဝင်တို့မှာလည်း ထိတ်လန့်ခြောက်ခြားလာကြသည်။ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်နေရာမှ ပင်မခန်းမ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားကြ၏... အနီးကပ် ကြည့်ရှုလိုက်ပါက သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေသည်ကို တွေ့ရမည်... ယခင်က လီမိသားစုနှင့် အတူရှိစဉ်အခါက တီကျွယ်တျန်းမှာ အေးစက်စက်နှင့် ခပ်ခွာခွာသာ နေတတ်သူဖြစ်သော်လည်း ယနေ့ကဲ့သို့ ပြင်းထန်သော လူသတ်လိုစိတ်မျိုးကို တစ်ခါမျှ မပြသခဲ့ဖူးပေ...
သို့သော် သူတို့ သတိမပြုမိလိုက်ခင်မှာပင်... အပြင်ဘက်ရှိ ကောင်းကင်ယံမှာ မှောင်မိုက်လာသည်ကို ခံစားလိုက်ရသည်။ မိုးခြိမ်းသံများမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏... အမှောင်ထုကို ခွဲဖြတ်လိုက်သော မိုးကြိုးအလင်းရောင်များဖြင့် ကောင်းကင်ယံမှာ တုန်ခါသွားသည်။ ကောင်းကင်ယံကို လွှမ်းခြုံနိုင်လောက်သော ဧရာမလက်ဝါးကြီးတစ်ခုမှာ အမှောင်ထုထဲမှ ဆင်းသက်လာ၏... ထိုလက်ဝါးကြီးမှာ တစ်နေရာသို့ ကျရောက်သွားသည်... ထျန်းယန်နယ်မြေ တစ်ခုလုံးမှာ အနည်းငယ် တုန်ခါသွားရ၏...
ပင်မခန်းမထဲရှိ လူတိုင်းမှာ ငြိမ်သက်၍ မနေနိုင်တော့ပေ... တီကျွယ်တျန်း တစ်ယောက်သာလျှင် လုံးဝ ဂရုမစိုက်ဟန်ဖြင့် ရှိနေသည်... ဤအချိန်တွင် ထျန်းယန်နယ်မြေမှ လူတို့သည် ထျန်းယန်နယ်မြေ၏ သူတော်စင်ဂိုဏ်းချုပ် တည်ရှိရာ အရပ်သို့ ကျရောက်လာသော ဧရာမလက်ဝါးကြီးကို ကြည့်ကာ အသက်ရှုရန်ပင် မေ့လျော့နေကြသည်။
ထျန်းယန်နယ်မြေ၏ သူတော်စင်ဂိုဏ်းချုပ်မှာ ထျန်းယန်နယ်မြေ၏ အစွမ်းထက်ဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်သော်လည်း လက်ဝါးတစ်ချက်တည်းဖြင့် ချက်ချင်း ပျက်သုဉ်းသွားခဲ့ရ၏... ဤသည်မှာ သူတို့ မည်သို့မျှ ရင်ဆိုင်မတိုက်ခိုက်နိုင်သော အစွမ်းအစ ဖြစ်ကြောင်း ပြောရန်ပင် မလိုတော့ပေ...
ဤအချိန်တွင် ယဲ့ချန်မှာလည်း ယခင်ကဲ့သို့ တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီး သူ၏ အမူအရာမှာလည်း အကြီးအကျယ် ပြောင်းလဲသွားသည်... ကံကြမ္မာ၏ သားတော်ဖြစ်သော်လည်း လေထဲတွင် ပျံ့လွင့်နေသော သွေးနံ့ကို ရှူရှိုက်လိုက်ရပြီး တီကျွယ်တျန်း၏ လျစ်လျူရှုသော မျက်ဝန်းများကို ကြည့်လိုက်သည့်အခါ ယဲ့ချန်တစ်ယောက် သူ ရင်ဆိုင်နေရသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ဤအချိန်တွင် အမှန်တကယ် နားလည်သွားတော့သည်...
လီရှီးမှာမူ ကြောက်လန့်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမကို ယခင်က "အလိုလိုက်" ခဲ့သော လူကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်...
"မင်း သူ့တို့ကို သတ်ချင်တယ် မဟုတ်လား... ငါ မင်းအတွက် လုပ်ပေးလိုက်ပြီလေ... ကျေးဇူးတင်စရာ မလိုပါဘူး..."
တီကျွယ်တျန်းက ယဲ့ချန်ကို ကြည့်ကာ ပြောလိုက်သည်...
"တီကျွယ်တျန်း... ငါ မင်းကို သတ်ရမယ်..."
ယဲ့ချန်မှာ တီကျွယ်တျန်းကို မော့ကြည့်ရင်း လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်သည်... ဤလူများ သေဆုံးသွားရခြင်းမှာ သူကြောင့်ပင် ဖြစ်သည်... သူသာ ရန်မစခဲ့လျင် ဤသူများ သေဆုံးစရာ အကြောင်းမရှိပေ... ဤအကြောင်းကို တွေးမိလိုက်သောအခါ ယဲ့ချန်၏ စိတ်နှလုံးမှာ ပြိုလဲလုနီးပါး ဖြစ်သွားရသည်...
ယဲ့ချန် စကားပြောပြီးသည်နှင့် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်... သူ၏ လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ ပြင်းထန်သော အလင်းရောင်များ ပေါ်ထွက်လာ၏... ဤအချိန်တွင် ယဲ့ချန်မှာ သေးငယ်သော နေလုံးတစ်လုံးနှင့် တူနေသည်... အဆင့် ၅ ကျင့်ကြံသူ အရှိန်အဝါကို ဘာမျှချန်မထားဘဲ ထုတ်လွှတ်လိုက်သည်... သူ၏ ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ရာ တစ်ဝက်အရွယ်အစားရှိသော တွင်းပေါက်တစ်ခု ပေါ်လာ၏... တိမ်ယန်းခြေလှမ်းများနှင့်အတူ ယဲ့ချန်၏ အရိပ်များသာ ကျန်ရစ်ခဲ့တော့သည်... ပင်မခန်းမထဲရှိ လူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်...
"မိုက်ရိုင်းလှချည်လား..."
"သေလမ်းကို ရှာနေတာပဲ..."
လီမိသားစုဝင်တို့ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသော်လည်း သူတို့ တားဆီးခံလိုက်ရပြီး ဒူးထောက်နေသော ကိုယ်ခန္ဓာတို့မှာ မတ်တတ်မရပ်နိုင်တော့သည်ကို သတိပြုမိသွားကြသည်... သူတို့၏ အမူအရာများ ပြောင်းလဲသွားကြ၏... ယဲ့ချန်၏ အမြန်နှုန်းမှာ အလွန်ပင် လျင်မြန်သော်လည်း အာကာသ နတ်ဘုရားမျက်ဝန်းကို ပိုင်ဆိုင်ထားသော တီကျွယ်တျန်းအတွက်မူ ခရုတစ်ကောင်၏ အမြန်နှုန်းသာ ဖြစ်နေသည်... ယဲ့ချန်မှာ တီကျွယ်တျန်းနှင့် ငါးမီတာအကွာသို့ ရောက်ရှိလာသည့်အခါ တီကျွယ်တျန်း၏ ကိုယ်ခန္ဓာမှ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်... ခဏတာသာ ထွက်ပေါ်လာသော်လည်း ယဲ့ချန်၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားရသည်... သူ၏ ကိုယ်ခန္ဓာမှာ နောက်သို့ လွင့်စဉ်သွားပြီး ပင်မခန်းမရှိ တိုင်လုံးတစ်လုံးကို တိုက်မိသွားတော့၏... ပူနွေးသော သွေးအန်ထုတ်လိုက်ရပြီး သူ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်... ၎င်းမှာ တီကျွယ်တျန်းကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်...
လှုပ်ရှားမှု တစ်ချက်... မဟုတ်ပါ၊ တစ်ချက်ဟုပင် မခေါ်ဆိုနိုင်ပေ... တီကျွယ်တျန်းမှာ သူ၏ အရှိန်အဝါ အနည်းငယ်မျှကိုသာ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သော်လည်း သူမှာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်... ဤအချိန်တွင် တီကျွယ်တျန်းမှာမူ အေးဆေးတည်ငြိမ်နေဆဲ ဖြစ်ရာ ယဲ့ချန်ကို ရိုးရိုးလူရွှင်တော်တစ်ဦးကဲ့သို့ ဖြစ်စေခဲ့သည်... ယဲ့ချန် မတ်တတ်ရပ်ရန် ပြင်ဆင်လိုက်စဉ်မှာပင်...
"ငါ မင်းကို ထဖို့ ခွင့်ပြုတယ်လို့ ပြောလိုက်လို့လား... ဒူးထောက်လိုက်စမ်း..."
တီကျွယ်တျန်းက တိုးညှင်းစွာ ဆိုလိုက်သည်...
ပင်မခန်းမထဲရှိ အပူချိန်မှာ ရုတ်တရက် သုညဒီဂရီအထိ ကျဆင်းသွားသည်... ယဲ့ချန်မှာ သွေးအချို့ကို နောက်တစ်ဖန် အန်ထုတ်လိုက်ရပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ရသည်... သူ၏ ခေါင်းမှာလည်း ငုံ့ကျသွား၏... တီကျွယ်တျန်း၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှုများ ရှိနေသည်... ကံကြမ္မာ၏ သားတော်ဆိုတာ ဒီလောက်ပဲလား... လီရှီးမှာ ကြက်သေသေသွားသည်... သူမ သဘောကျခဲ့သော အမျိုးသားမှာ သူရင်ဆိုင်ရသည့် မည်သည့် ထူးချွန်သူကိုမဆို အမြဲတမ်း အနိုင်ရအောင် တိုက်ခိုက်နိုင်သူဟု သူမ ထင်မှတ်ခဲ့သည်... သို့သော် တီကျွယ်တျန်း၏ ရှေ့တွင်မူ သူမှာ ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိပေ... သူ၏ စိတ်၊ ခန္ဓာ၊ စွမ်းအားတို့မှာ ကွဲအက်လုနီးပါး ဖြစ်နေသည်...
ဤအချိန်တွင် လီရှီးမှာ တီကျွယ်တျန်းသာလျှင် အမှန်တကယ် ထူးချွန်သူဖြစ်ကြောင်း သိလိုက်ရပြီး ယဲ့ချန်ကို ကြည့်သည့် သူမ၏ အကြည့်များမှာ အလိုအလျောက် ပြောင်းလဲသွားတော့သည်...
ယဲ့ချန်မှာ လီရှီး၏ အကြည့်ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီးနောက် သူ၏ အမူအရာမှာ ရုပ်ဆိုးလာသည်... သူ ဒါကို ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ... သူ ဒီလို အခြေအနေမျိုး ရောက်ခဲ့ရတာ သူမကြောင့် မဟုတ်ဘူးလား... အခုတော့ သူမရဲ့ မျက်ဝန်းတွေက သူ့ကို အထင်သေးတဲ့ အရိပ်အယောင်တွေနဲ့ ကြည့်နေတယ်...
"နတ်ဘုရားသားတော်... သူ့ကို ရှာတွေ့ပါပြီ..."
ပင်မခန်းမ တိတ်ဆိတ်သွားပြီးနောက် ရုပ်ပုံလွှာတစ်ခု ပေါ်လာသည်... ဤရုပ်ပုံလွှာကို မြင်လိုက်ရသောအခါ ပင်မခန်းမရှိ လူအများစု၏ မျက်ဝန်းများတွင် အထင်သေးမှုများ ပေါ်လာကြသည်... ၎င်းမှာ ပေါ်လာသော အစွမ်းထက်သူကို အထင်သေးခြင်း မဟုတ်ဘဲ သူ ခေါ်လာသော သူ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်ပြီး ညစ်ပေနေသော ပုဂ္ဂိုလ်ကို အထင်သေးခြင်း ဖြစ်သည်... သူ၏ မျက်နှာမှာလည်း မရှင်းလင်းပေ... ဤသူက ယဲ့ချန်ကို ကြည့်လိုက်သည့်အခါ သူ၏ မျက်ဝန်းများမှာ တုန်လှုပ်သွားပြီး ကိုယ်ခန္ဓာမှာလည်း မရပ်မနား တုန်ရီနေသည်... ယဲ့ချန်က ဤရုပ်ပုံလွှာကို ကြည့်လိုက်ရာ ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသည်... မကြာမီမှာပင် သူ၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်... သူသည် ဤသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်းပင် သိလိုက်ရသည်...
"ယဲ့မူ... မင်း တကယ်ပဲ မသေဘူးပေါ့..."
ယဲ့မူ... သူက ထျန်းယန်နယ်မြေ၏ အရင်က သူတော်စင် မဟုတ်ဘူးလား... သူသည် ယဲ့ချန်ကို စော်ကားမိသဖြင့် သူ၏ ကျင့်စဉ်များ ဖျက်ဆီးခံလိုက်ရသူ ဖြစ်သည်... ဤအချိန်တွင် ယဲ့မူသည် သူ၏ ဆံပင်များကို ဖယ်ရှားလိုက်ရာ အကြီးအကျယ် ပျက်စီးနေသော မျက်နှာကို မြင်လိုက်ရသည်... လီရှီးမှာလည်း သူ့ကို မြင်လိုက်ရသောအခါ စက်ဆုပ်ရွံရှာသော အမူအရာကို ပြသလိုက်သည်...
"နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်..."
ယဲ့မူက တီကျွယ်တျန်းကို ကြည့်ကာ မြေပြင်ပေါ် ဒူးထောက်လိုက်သည်...
"ဒီနေ့ မင်းကို ခေါ်လာတာ... မင်း ဘာလုပ်ရမယ်ဆိုတာ သိတယ် မဟုတ်လား..."
"နတ်ဘုရားသားတော် စိတ်ချပါ... ကျွန်တော် မင်းကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး..."
"တီကျွယ်တျန်း... မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ..."
ဤအချိန်တွင် ယဲ့ချန်မှာ ရုတ်တရက် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်...
"ဘာမှ မဟုတ်ပါဘူး... မင်းကို ပြပွဲကောင်းကောင်းလေး တစ်ခု ကြည့်စေချင်ရုံပါ..."
တီကျွယ်တျန်း ပြုံးလိုက်သည်... ယဲ့မူသည် ဓားတစ်ချောင်းကို ယူလိုက်၏... ယဲ့မိသားစုဝင်များကို ကြည့်ကာ တစ်ခွန်းမျှ မပြောဘဲ ချက်ချင်းပင် လှုပ်ရှားလိုက်သည်... သူသည် ဓားကို တစ်ချက်ပြီး တစ်ချက် ဝှေ့ယမ်းလိုက်၏... မကြာမီမှာပင် ယဲ့မိသားစုဝင် ဆယ်ဦးမှာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်... သူတို့၏ မျက်ဝန်းများတွင် ရှိနေသော အလင်းရောင်များမှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏...
"ယဲ့မူ... ငါ မင်းရဲ့ မျိုးဆက်တစ်ခုလုံးကို ကျိန်ဆဲလိုက်တယ်..."
"လာခဲ့... လာခဲ့လေ... ငါ့ရဲ့ ကျင့်စဉ်တွေ ဖျက်ဆီးခံလိုက်ရကတည်းက ငါ့မိသားစု ပျက်စီးသွားပြီ... လူတိုင်း သေကုန်ပြီလေ... မင်းအတွက် ငါ့အဘွားရဲ့ သင်္ချိုင်းကို ရှာပေးရဦးမလား..."
"ငါ ဘာလုပ်မလဲဆိုတာ ကြည့်လိုက်စမ်း... အဆိုးဆုံးဆိုရင် မင်းကို အဘိုးလို့ ခေါ်လိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ..."
ယဲ့မူ၏ မျက်ဝန်းများတွင် ရူးသွပ်မှုများ ပြည့်နှက်နေသည်...
"တီကျွယ်တျန်း... မင်း ဘာလိုချင်တာလဲ..."
"ရန်စဆိုတာ မိသားစုအထိ မကူးစက်သင့်ဘူး..."
"ရန်စဆိုတာ မိသားစုအထိ မကူးစက်သင့်ဘူးဆိုတာ မင်း သိတယ်ပေါ့လေ... မင်း ငါ့ကို အရှက်ခွဲတုန်းက ငါ့ရဲ့ တီ မိသားစုတစ်ခုလုံးကို ဆွဲခေါ်ခဲ့တာ မဟုတ်လား... ငါက မင်းကို ပြန်ပြီး တုံ့ပြန်နေရုံပဲလေ... အခုကျမှ မင်း မခံနိုင်တော့ဘူးလား..."
"ထူးချွန်သူကြီး ယဲ့ချန်ကို ပျော်ရွှင်စေဖို့ နောက်ထပ် အနည်းငယ်လောက် ထပ်သတ်လိုက်ပါဦး..."
တီကျွယ်တျန်းက အေးဆေးစွာပင် ပြောလိုက်သည်...
"ဒူးထောက်ပြီး ငါ့ကို တောင်းပန်လိုက်စမ်း..."
တီကျွယ်တျန်းက ထပ်ဆိုလိုက်သည်...
"ချန်အာ... မလုပ်နဲ့..."
ယဲ့ချန်၏ ဖခင်မှာ ဤစကားကို ကြားပြီးနောက် အော်ဟစ်လိုက်သည်...
"ငါတို့ အရှက်ခွဲ ခံရတာထက် သေတာက ပိုကောင်းပါတယ်... သူက ဒူးထောက်လည်း ငါတို့ကို အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး..."
တီကျွယ်တျန်း အနည်းငယ် ပြုံးလိုက်သည်... လှိုင်းဂယက်တစ်ခု ပေါ်လာပြီးနောက် ယဲ့ချန်၏ ဖခင်မှာ စကားမပြောနိုင်တော့ပေ... သို့သော် သူ၏ မျက်ဝန်းထဲမှ ယဲ့ချန်ကို ကြည့်သော အကြည့်တို့မှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်... ယဲ့ချန်မှာ လောင်းကြေးထပ်ရန် မရဲဝံ့ပေ... သို့သော် ယောက်ျားတစ်ယောက်၏ ဒူးမှာ ရွှေကဲ့သို့ တန်ဖိုးရှိသည် မဟုတ်ပါလား... ဒီတစ်ခါသာ ဒူးထောက်လိုက်လျှင် သူ နောက်တစ်ဖန် မတ်တတ်ရပ်နိုင်တော့မည်လော... ယဲ့ချန်မှာ အကြပ်ရိုက်သွားရသည်... ငါ တကယ်ပဲ မှားနေတာလား...
"မဟုတ်ဘူး... ငါ မမှားဘူး... ငါ့ရဲ့ အမှားက ငါ့ရဲ့ စွမ်းအားတွေ အားနည်းနေတာရယ်၊ တီကျွယ်တျန်းက ယုတ်ညံ့လွန်းတာရယ်ပဲ..."
"ငါသာ အစွမ်းထက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဘယ်သူက ငါ့ကို အတင်းအကျပ် လုပ်နိုင်မှာလဲ..."
ယဲ့ချန်၏ မျက်နှာမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ စိတ်နှလုံးမှာလည်း မကျေနပ်ချက်များဖြင့် ပြည့်နှက်နေ၏... သို့သော် သူ၏ ဖခင်၏ မျက်နှာကို ကြည့်လိုက်ရသောအခါ ယဲ့ချန်မှာ ရုတ်တရက် တည်ငြိမ်သွားတော့သည်...
"ဒီနေ့ ခံစားရတဲ့ အရှက်တကွဲ အကျိုးနည်းမှုတွေကို နောင်တစ်ချိန်မှာ ပြန်လည်ပေးဆပ်ရလိမ့်မယ်... တီကျွယ်တျန်း သေကို သေရမယ် တီမိသားစုလည်း ပျက်စီးရမယ်..."
"ငါ ယဲ့ချန် ကျိန်ဆိုလိုက်တယ်..."
ယဲ့ချန်မှာ သူ၏ ခေါင်းကို မော့လိုက်သည်... တီကျွယ်တျန်း၏ လျစ်လျူရှုသော အမူအရာကို ကြည့်လိုက်သည်... သူ၏ ဒူးတို့မှာ တဖြည်းဖြည်းနှင့် ကွေးညွတ်သွား၏... ထိုလုပ်ရပ်မှာ အဆတစ်ရာမျှ နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရသည်... သူ၏ လက်ချောင်းများမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် အနည်းငယ် ဖြူဖျော့သွားရ၏... သူ၏ ကိုယ်ခန္ဓာမှာ မရပ်မနား တုန်ရီနေသည်... မကျေနပ်ချက်များဖြင့် ပြည့်နှက်လျက် ရှိ၏... ယဲ့ချန်၏ ဖခင်မှာ မျက်ရည်များ လည်နေပြီး ခေါင်းကို ခါယမ်းနေသည်... သူ၏ ဖခင်ကို ကြည့်ကာ ယဲ့ချန်မှာ အနည်းငယ် ပြုံးပြလိုက်သည်... သူ၏ ဖခင် စိတ်မပူရန်အတွက် အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်...
"ဒုန်း..."
ယဲ့ချန် ဒူးထောက်လိုက်သည်... မြေပြင်မှာလည်း ပျက်စီးသွားရ၏... ယဲ့ချန် ဒူးထောက်လိုက်သည်နှင့် တစ်ပြိုင်နက်...
စနစ်၏ အသိပေးသံမှာ တီကျွယ်တျန်း၏ စိတ်ထဲတွင် နောက်တစ်ဖန် ပဲ့တင်ထပ်သွားတော့သည်…