အခန်း ၅၀ - သူမက ငါ့ရဲ့ အချစ်ဆုံး အမျိုးသမီးပါ... လက်တစ်ဖက်က နှလုံးသားကို ဖောက်ထွင်းသွားခြင်း
ထိုစကားကို ကြားရသည့်အခါ ကျောက်ဝူကျီ နှုတ်ဆိတ်သွားခဲ့ရသည်။
ဤအခိုက်အတန့်တွင် တီကျွယ်တျန်းသည် စကားပြောဆိုလိုက်သော ထိုပုံရိပ်ကို လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ရ၏။ ကျင့်စဉ်တစ်ခုက ဤကဲ့သို့ စကားပြောဆိုနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
တီကျွယ်တျန်း ပိုမို၍ အနီးကပ် စူးစမ်းလိုက်မှသာ... ၎င်းက ဤကျင့်စဉ်၏ ယခင်အရှင်သခင် ဖြစ်ခဲ့ဖူးသော ပုဂ္ဂိုလ်ကြီး ကျင့်ကြံစဉ်တုန်းက ချန်ထားခဲ့သည့် အစီအမံအချို့ ဖြစ်ပြီး ၎င်းက ဤပုံရိပ်၏ ခန္ဓာကိုယ်အတွင်း၌ ကျင့်စဉ်ကို ပုံဖော်ထုဆစ်ထားခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ရသည်။
၎င်းက သူ့ကို ခေတ္တမျှ ထိတ်လန့်သွားစေခဲ့ပြီး ကျင့်စဉ်တစ်ခုက တကယ်ပဲ စကားပြောဆိုနိုင်သည်ဟုပင် သူ အမှတ်မှားသွားခဲ့ရခြင်းပင်။
“မင်း ဒီနေရာကို ရောက်လာပြီဆိုမှတော့... မင်းရဲ့ စိတ်ကို သေသေချာချာ ဆုံးဖြတ်ပြီးပြီလို့ ယူဆရမှာပေါ့။ ဒါဆိုရင်လည်း အမွေအနှစ်ကို စတင်ပြီး လက်ခံရယူလိုက်ပါတော့”
ထိုစကားကြောင့် ကျောက်ဝူကျီ အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိရင်း... ကုန်းစင်းကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။
“သွားလိုက်ပါ .. ဒါက ရှင့်ရဲ့ ရွေးချယ်မှု ဖြစ်တာကြောင့် ကျွန်မ ရှင့် ကို သေချာပေါက် ပံ့ပိုးကူညီပေးမှာပါ” ကုန်းစင်း၏ မျက်ဝန်းထဲတွင် ကြည်နူးလှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ရပြီ ဖြစ်၏။
ကျောက်ဝူကျီတွင် လက်ရှိ၌ ကျင့်ကြံခြင်းအစွမ်း မရှိသလောက်နီးပါး ဖြစ်နေသော်လည်း သူမအပေါ်တွင်မူ တကယ့်ကို အဖက်ဖက်က ကောင်းမွန်လွန်းလှသည် မဟုတ်ပါလား။
ကုန်းစင်း၏ စကားကြောင့် ကျောက်ဝူကျီ ခေါင်းကို ငြိမ့်ပြလိုက်မိသည်။ ၎င်းက လွဲပြီး အခြားသော နည်းလမ်း မရှိတော့ချေ။ သူသည် အတိတ်ဘဝက လမ်းဟောင်းအတိုင်း ထပ်မံ လျှောက်လှမ်းရန် လုံးဝ မဖြစ်နိုင်တော့ချေ။ အကယ်၍ သူ၏ အတိတ်ဘဝက မိမိကိုယ်ကိုယ် ကျော်လွန်နိုင်စွမ်းရှိသည်ဆိုစေဦးတော့ ၎င်းက ကျော်လွန်ရုံမျှသာ ရှိဦးမည် ဖြစ်သည်။ လောက၌ အနှိုင်းမဲ့လှသော အဆင့်အတန်းသို့ ရောက်ရှိရန်အတွက်မူ တကယ့်ကို ခက်ခဲလွန်းလှပေလိမ့်မည်။
ဒုတိယအကြိမ်မြောက် ဘဝသစ်ကို ပြန်လည်ရရှိထားခဲ့ပြီ ဖြစ်ရာ... ကျောက်ဝူကျီအနေဖြင့် ထိုမျှလောက်သော အဆင့်ဖြင့် လုံးဝ တင်းတိမ်ရောင့်ရဲနိုင်ခြင်း မရှိသည်မှာ သဘာဝကျပေသည်။
ကျောက်ဝူကျီ မိမိ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်မိရင်း ယဇ်ပလ္လင်ကြီးဆီသို့ ဦးတည်ကာ လှမ်းလျှောက်သွားလိုက်တော့သည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို ကျောက်ဝူကျီ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့ရပြီး ချက်ချင်း ရပ်တန့်သွားခဲ့ရပြီ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူသည် ဆန်းကြယ်လှသော အသံတစ်ခုကို ကြားသိလိုက်ရခြင်းကြောင့်ပင် ဖြစ်သည်။
“မဆိုးပါဘူး... ဒီလိုမျိုး နေရာမှာ ဤမျှလောက်အထိ အဖိုးတန်လှတဲ့ ရတနာအခွင့်အရေး ရှိနေလိမ့်မယ်လို့ ငါ လုံးဝ ထင်မှတ်မထားခဲ့မိဘူး”
တီကျွယ်တျန်း၏ ပုံရိပ်သည် ဟင်းလင်းပြင် ကမ္ဘာငယ်လေးအတွင်းကနေ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ရင်း ထိုသူနှစ်ဦးစလုံးကို အေးဆေးစွာ စူးစမ်းကြည့်ရှုလိုက်တော့သည်။
တီကျွယ်တျန်း ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ကုန်းစင်းနှင့် ကျောက်ဝူကျီတို့နှစ်ဦးစလုံး၏ မျက်နှာအမူအရာများ ဆိုးရွားစွာ ပြောင်းလဲသွားခဲ့ရတော့၏။
“မင်း... ငါ့နောက်ကို တောက်လျှောက် လိုက်ချောင်းနေခဲ့တာပေါ့” ကျောက်ဝူကျီက အေးစက်စွာ စူးစမ်းလိုက်မိရင်း... သူ၏ မျက်ဝန်းထဲတွင် ပြင်းထန်လှသော ဒေါသတရားများဖြင့် ပြည့်နှက်နေခဲ့ရပြီ ဖြစ်သည်။
တီကျွယ်တျန်းကို မြင်တွေ့လိုက်ရခြင်းက သူ့ကို တကယ့်ကို ဒေါသထွက်စေပြီး တီကျွယ်တျန်းကို ချက်ချင်း သတ်ပစ်ချင်စိတ်များ ပေါက်ပွားသွားစေခဲ့ခြင်းပင်။ သို့သော်လည်း သူ၏ လက်ရှိ ခွန်အားကမူ ၎င်းကို လုံးဝ ခွင့်မပြုခဲ့ချေ။
“မသေမျိုးလောကကြီးက တကယ့်ကို ကျယ်ပြောလှတာပဲ... ငါက ဘာဖြစ်လို့ မင်းနောက်ကို လိုက်နေရမှာလဲ။ ငါကတော့ ဒီနေရာက ရတနာအခွင့်အရေးက ငါနဲ့ ရေစက်ရှိနေတယ်လို့ ခံစားမိလို့ လာခဲ့တာပါ”
“မမျှော်လင့်ဘဲ... ဒီနေရာမှာ တကယ့်ကို အမွေအနှစ်တစ်ခု ရှိနေလိမ့်မယ်လို့ ငါ လုံးဝ ထင်မှတ်မထားခဲ့မိဘူး”
ထိုစကားကြောင့် ကျောက်ဝူကျီနှင့် ကုန်းစင်းတို့နှစ်ဦးစလုံး ဘာစကားမှ ပြန်လည် မပြောကြားနိုင်တော့ဘဲ... အချင်းချင်း လှမ်းကြည့်လိုက်မိကြရင်း တကယ့်ကို သတိကြီးစွာ ထားလျက် ခုခံကာကွယ်ရန် ပြင်ဆင်လိုက်ကြတော့သည်။
ကုန်းစင်းက ဒေါသတကြီးဖြင့် စူးစမ်းလိုက်သည် “ကြည့်ရတာ... ယင်ယန် နတ်ဘုရားအသီး ကိစ္စကလည်း တကယ်ပဲ နင့်ရဲ့ လက်ချက် ဖြစ်ရမယ်”
“နင် ဘာဖြစ်လို့ ဒီလိုမျိုး ကိစ္စတွေကို လုပ်ဆောင်ရတာလဲ... ငါတို့က ဆွေးမျိုးသားချင်းတွေလေ”
“နင် ဒီလိုမျိုး လုပ်ဆောင်လိုက်တာကြောင့်... ငါတို့ရဲ့ အဖိုးတောင်မှ ဒုက္ခရောက်သွားခဲ့ရပြီ”
“တီကျွယ်တျန်း... နင်ဘာဖြစ်လို့ ဤမျှလောက်အထိ ယုတ်မာရတာလဲ” ကုန်းစင်း၏ ရင်ထဲတွင် ပြင်းထန်လှသော ဒေါသတရားများဖြင့် ပြည့်နှက်နေခဲ့ရပြီ ဖြစ်၏။
“ငါ ဘာလုပ်လုပ် မင်းတို့အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ အရည်အချင်း မရှိပါဘူး”
“ကျောက်ဝူကျီ... မင်းရဲ့ ရှေ့က ရတနာအခွင့်အရေးကို ငါ့ထံသို့ ကောင်းကောင်းမွန်မွန် လွှဲပြောင်းပေးအပ်မလား... ဒါမှမဟုတ် ကုန်းစင်းကို ငါသတ်ရမလား”
“ငါ မင်းကို အခု လောလောဆယ် ရွေးချယ်စရာ လမ်းနှစ်လမ်း ပေးမယ်” တီကျွယ်တျန်းက အေးစက်စွာ ပြောဆိုလိုက်သည်။
ထိုစကားကြောင့် ကျောက်ဝူကျီ၏ မျက်နှာအမူအရာ ပျက်ယွင်းသွားခဲ့ရပြီ ဖြစ်၏။
“မင်းမှာ... သူ့ကို တားဆီးနိုင်မယ့် နည်းလမ်း ရှိနေမှာ မဟုတ်လား” ကျောက်ဝူကျီ ချက်ချင်း သတိဝင်လာခဲ့မိရင်း မိမိ၏ နောက်ကွယ်ရှိ ထိုပုံရိပ်အသွင်ကို လှမ်း၍ အားကိုးတကြီး မေးမြန်းလိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် သူ၏ လက်ရှိ အစွမ်းက လုံးဝ မရှိသလောက် ဖြစ်နေပြီး ကုန်းစင်းသည်လည်း တီကျွယ်တျန်း၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာလှပေသည်။ ကျောက်ဝူကျီအနေဖြင့် မိမိ၏ နောက်ကွယ်က ကျင့်စဉ်ပုံရိပ်ကိုသာ မျှော်လင့်ချက် အပြည့်ဖြင့် အားကိုးလိုက်ရခြင်း ဖြစ်၏။ ဤကျင့်စဥ်က မိမိအနေဖြင့် အမွေအနှစ်ကို ရရှိနိုင်ရန်အတွက် ဘဝနှစ်ဘဝတိုင်တိုင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။
သို့သော်လည်း ထိုပုံရိပ်အသွင်၏ ပြန်လည်ထွက်ပေါ်လာသော စကားလုံးများကမူ ကျောက်ဝူကျီ၏ ခေါင်းပေါ်သို့ ဆောင်းတွင်းကြီးအတွင်း ရေအေးတစ်ပုံးဖြင့် လောင်းချလိုက်သလိုမျိုး ခံစားသွားစေခဲ့ရတော့သည်။
“စိတ်မကောင်းပါဘူး ... ဒါက ငါ့ရဲ့ တာဝန်ဝတ္တရားတွေထဲမှာ မရှိလို့ပါ”
ထိုစကားကြောင့် ကျောက်ဝူကျီ လုံးဝ ဆွံ့အသွားခဲ့ရပြီ ဖြစ်၏။
လောက၌ ဤကဲ့သို့သော လုပ်ဆောင်ပုံမျိုး ရှိနေသေးတာလား... မင်းက တကယ့်ကို ထူးခြားလှတဲ့ ကောင်ပဲ... ငါ မင်းကို တကယ့်ကို ကျေးဇူးတင်မိပါတယ်… မင်းက ဒီလိုမျိုး ပုံစံဆိုမှတော့... ဘာဖြစ်လို့ ငါ့ကို ဘဝနှစ်ဘဝတိုင်တိုင် စောင့်ဆိုင်းနေခဲ့ရသေးတာလဲ...။
“မင်း ငါ့ကို အမွေအနှစ်တွေ ရရှိစေချင်တာ မဟုတ်ဘူးလား…အကယ်၍ ငါက ငြင်းပယ်လိုက်မယ်ဆိုရင် မင်းရဲ့ အရှင်သခင်ကိုလည်း ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်ဘူးနော်” ကျောက်ဝူကျီသည်လည်း တကယ့်ကို ပါးနပ်လှသော လူတစ်ဦး ဖြစ်၏။
ထိုစကားကို ကြားရသည့်အခါ ထိုပုံရိပ်အသွင်၏ မျက်နှာအမူအရာ တောင့်တင်းသွားခဲ့ရပြီးမှ... ချက်ချင်း နှုတ်ဆိတ်သွားခဲ့ရတော့သည်။ ကျောက်ဝူကျီ ပြောဆိုသည်က တကယ့်ကို မှန်ကန်လှပေသည်။ ဤရတနာအခွင့်အရေးက ကျောက်ဝူကျီနှင့်သာ သက်ဆိုင်ခြင်း ဖြစ်ပြီး ၎င်းက ကံကြမ္မာ၏ ဝဋ်ကြွေးတစ်ခု ပင် ဖြစ်၏။
ထိုပုံရိပ်အသွင် က တီကျွယ်တျန်းကို လှမ်း၍ စိုက်ကြည့်လိုက်မိသည်။
ပြီးနောက် …အား ငါထိခိုက်သွားပြီဟု အော်ပြီး…
“အခုအချိန်မှာတော့... မင်းအနေနဲ့ မင်းကိုယ်မင်းပဲ အားကိုးရတော့မှာပဲ”
တီကျွယ်တျန်းလည်း စိတ်ထဲကနေ ခေတ္တမျှ ကြောင်အသွားခဲ့ရသည်။
ဤကျင့်စဉ်၏ ယခင်အရှင်သခင်က တကယ်ပဲ ဘယ်လိုမျိုး ပုဂ္ဂိုလ်လဲ မသိရချေ။ သူ ချန်ထားခဲ့သော အစီအမံက တကယ့်ကို ကြောင်တောင် တောင် ဖြစ်နေခြင်းပင်။
ကျောက်ဝူကျီလည်း လုံးဝ ဆွံ့အမှင်တက်နေခဲ့ရပြီ ဖြစ်၏။
ကုန်းစင်းအနေဖြင့်လည်း ဤမျှလောက်အထိ အရှက်မဲ့လှသော အရာမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။
“ငါ သူ့ကို တားဆီးထားပေးမယ်... ရှင် အမြန်ဆုံး သွားတော့” ကုန်းစင်းက ပြောလိုက်သည်။
လက်တွေ့တွင် ကုန်းစင်းသည်လည်း လောင်းကြေးထပ်ပြီး စွန့်စားကြည့်ခြင်း ဖြစ်ပေသည်။ သူမအနေဖြင့် မိမိ၏ အစွမ်းက တီကျွယ်တျန်း၏ ပြိုင်ဘက် မဟုတ်ကြောင်း ကောင်းစွာ သိရှိထားခြင်းကြောင့်ပင်။ သူမသည် မိမိနှင့် တီကျွယ်တျန်းကြားထဲက ဆွေးမျိုးတော်စပ်မှုကို အသုံးချပြီး တီကျွယ်တျန်းအနေဖြင့် မိမိကို သေချာပေါက် သတ်ဖြတ်လိမ့်မည် မဟုတ်ကြောင်း လောင်းကြေးထပ်လိုက်ခြင်း ဖြစ်၏။
ထိုစကားကြောင့် ကျောက်ဝူကျီ၏ မျက်နှာအမူအရာ တကယ့်ကို ရုပ်ဆိုးဆိုး ဖြစ်သွားခဲ့ရသည်။ အမျိုးသမီးတစ်ဦးကို မိမိ၏ ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ခိုင်းထားရခြင်းက... သူ၏ သိက္ခာကို ဘယ်နေရာသို့ သွားပြီး ထားရတော့မှာလဲ။
ကံကောင်းထောက်မစွာဖြင့် သူ၏ မျက်နှာအရေပြားက တကယ့်ကို ထူထဲလွန်းလှပေသည်။
“သေသေချာချာ ဂရုစိုက်နော် ကုန်းစင်း... ငါ အမွေအနှစ်ကို အောင်မြင်စွာ လက်ခံရရှိသွားတာနဲ့ တစ်ပြိုင်နက်... ဒီကောင်က ငါ့မျက်စိထဲမှာ ဘာမှ မဟုတ်တော့ဘူး” ကျောက်ဝူကျီ အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိရင်း မိမိ၏ လက်တကမ်းအကွာရှိ ရတနာအခွင့်အရေးကို မျှော်လင့်ချက် အပြည့်ဖြင့် စိုက်ကြည့်လိုက်မိကာ သူ၏ ရင်ထဲတွင်လည်း ပြင်းထန်စွာ လှုပ်ရှားနေခဲ့ရတော့သည်။
“၀မ်းကွဲအမ မင်းက... ငါ့ကို တားဆီးချင်နေသေးတာလား” ဤအခိုက်အတန့်တွင် တီကျွယ်တျန်းက အေးစက်စွာ စကားဆိုလိုက်သည်။
သူ၏ ပုံရိပ်က ချက်ချင်း လှုပ်ရှားလိုက်ပြီ ဖြစ်ပြီး ဟင်းလင်းပြင် ကမ္ဘာငယ်လေးကို ထိုးဖောက်လျက် ကုန်းစင်း၏ ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့တော့၏။ သူသည် ကုန်းစင်း၏ လည်ပင်းကို လက်ဖြင့် တိုက်ရိုက် ညှစ်ပစ်လိုက်တော့သည်။
“မင်းကို... ဘယ်သူကများ ဒီလိုမျိုး သတ္တိတွေ ပေးအပ်ထားတာလဲ” တီကျွယ်တျန်းက ကုန်းစင်းကို ပြင်းထန်လှသော အထင်အမြင်သေးမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်မိရင်း တစ်လုံးချင်း ပြတ်သားစွာ စကားဆိုလိုက်သည်။
ကုန်းစင်း၏ မျက်နှာအမူအရာ ဆိုးရွားစွာ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်၏။ သူမ တီကျွယ်တျန်း၏ အစွမ်းက တကယ့်ကို ကြီးမားလှကြောင်း သိရှိထားသော်လည်း မိမိတို့ကြားထဲက ကွာခြားချက်က ဤမျှလောက်အထိ ကြီးမားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။
သူမသည် ယခင်က မိမိ၏ အဖိုး ပြောကြားခဲ့ဖူးသော စကားလုံးများကို ချက်ချင်း ပြန်လည် အမှတ်ရသွားခဲ့ရတော့သည်။ ထိုအချိန်တုန်းက တီကျွယ်တျန်းသည် ကုန်းမိသားစုကနေ လတ်တလောမျှသာ ထွက်ခွာသွားခဲ့ဖူးခြင်း ဖြစ်၏။
“အဖိုး... ကျွန်မရဲ့ ဝမ်းကွဲမောင်လေးရဲ့ ကျင့်ကြံခြင်းအစွမ်းနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဘယ်လိုမျိုး အဆင့်လဲဟင်။ ကျွန်မ သူ့ရဲ့ အရှိန်အဝါကို လုံးဝ ထိုးဖောက် မမြင်နိုင်လို့ပါ”
“မြေးမလေးရယ်... ကျွယ်တျန်းက နောင်တစ်ချိန်မှာ မင်းတို့လို လူငယ်မျိုးဆက်သစ်တွေအားလုံးအတွက် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှတဲ့ ခြောက်လှန့်အိပ်မက်ကြီးတစ်ခု ဖြစ်လာလိမ့်မှာပဲ။ အားသွန်ခွန်စိုက် ကြိုးစားကျင့်ကြံပါ... မဟုတ်ရင် မင်း နောင်တစ်ချိန်မှာ သူ့ရဲ့ အရိပ်ကိုတောင် လှမ်းမြင်နိုင်မှာ မဟုတ်တော့ဘူး”
ယခင်က ကုန်းစင်းအနေဖြင့် ဤအချက်ကို လုံးဝ ငြင်းပယ်ခဲ့ဖူးခြင်း ဖြစ်သည်။
“ဟင်းလင်းပြင် စွမ်းအား ဟုတ်လား...” ဤအခိုက်အတန့်တွင် ကျောက်ဝူကျီသည် တီကျွယ်တျန်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကုန်းစင်း၏ လည်ပင်းကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်ကို မြင်တွေ့လိုက်ရတာကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသလို ပြင်းထန်စွာလည်း ဆွံ့အသွားခဲ့ရတော့၏။ သူ တီကျွယ်တျန်း၏ ခန့်ညားထည်ဝါလှသော မျက်နှာကို စိုက်ကြည့်လိုက်မိရင်း ပြင်းထန်လှသော မနာလိုဝန်တိုမှုများနှင့်အတူ တစ်လုံးချင်း ပြတ်သားစွာ ရေရွတ်လိုက်မိတော့သည်။
ကုန်းစင်းသည်လည်း ကျောက်ဝူကျီ၏ စကားကြောင့် လုံးဝ ဆွံ့အသွားခဲ့ရပြီ ဖြစ်သော်လည်း လက်ရှိအချိန်တွင် အသက်ရှူရန်ပင် တကယ့်ကို ခက်ခဲလွန်းလှပေသည်။ သူမ တီကျွယ်တျန်းကို စိုက်ကြည့်လိုက်မိရင်း သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့်သာ ပြည့်နှက်နေခဲ့ရ၏။
ဟင်းလင်းပြင် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဟုတ်လား... သူသာ လမ်းခုလတ်မှာ သေဆုံးသွားခြင်း မရှိခဲ့ဘူးဆိုလျှင် နောင်တစ်ချိန်တွင် မသေမျိုးလောကကြီး၏ ထိပ်တန်းပညာရှင်ကြီးတစ်ဦး သေချာပေါက် ဖြစ်လာမှာ အမှန်ပင်။
သူမ တီကျွယ်တျန်း၌ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းလှသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။ ဖြစ်နိုင်သည်မှာ သူမကိုယ်တိုင်က တကယ့်ကို လူပြက်တစ်ယောက်မျှသာ ဖြစ်ခဲ့ရခြင်းပင်။ နှစ်အနည်းငယ်မျှသော အချိန်ပိုင်းအတွင်းမှာတင် သူမသည် တီကျွယ်တျန်း၏ အရိပ်ကိုပင် လှမ်း၍ မမြင်နိုင်တော့ချေ။
ဝူး...
တီကျွယ်တျန်း၏ မျက်ဝန်းများ အနည်းငယ် ဖြာထွက်သွားခဲ့ရပြီး ကုန်းစင်း၏ ခန္ဓာကိုယ်အတွင်းရှိ အစွမ်းများအားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့ရတော့သည်။
တီကျွယ်တျန်း မိမိ၏ လက်ကို တစ်ချက်မျှ ဝေ့ယမ်းလိုက်ရုံဖြင့် ကုန်းစင်း၏ ခန္ဓာကိုယ်သည် ကျောက်ဝူကျီ၏ ဘေးနားသို့ တိုက်ရိုက် လွင့်ပျံကျဆင်းသွားခဲ့ရတော့၏။ ကျောက်ဝူကျီ မိမိ၏ လက်နှစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်မိရင်း သူမကို ဖမ်းဆီးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ကုန်းစင်း၏ ခန္ဓာကိုယ်အတွင်းကနေ ပြင်းထန်လှသော တုံ့ပြန်မှု စွမ်းအင်ကြီးတစ်ခု စီးဆင်းလာခဲ့တာကြောင့်... သူတို့နှစ်ဦးစလုံး ကျဆင်းသွားခဲ့ရသော နေရာတစ်ခုလုံးမှာ ချက်ချင်းပင် အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့ရတော့၏။
တီကျွယ်တျန်း ထိုသူနှစ်ဦးစလုံးကို အနည်းငယ်မျှ သနားဂရုဏာ ကင်းမဲ့သည့် အကြည့်များဖြင့်သာ အေးစက်စွာ စူးစမ်းကြည့်ရှုနေခဲ့သည်။
အဟွတ်... အဟွတ်...
ကုန်းစင်း ခံတွင်းအပြည့် သွေးအန်ထုတ်လိုက်ရပြီး သူမ၏ အရှိန်အဝါတစ်ခုလုံး တကယ့်ကို အားနည်းသွားခဲ့ရပြီ ဖြစ်၏။ သူမ၏ မျက်နှာမှာ ဖြူလျော်နေခဲ့ရသည်။
မိမိ၏ ခန္ဓာကိုယ်အောက်ခြေက နူးညံ့လှသော ခံစားချက်ကြောင့် သူမ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း... သူမအနေဖြင့် ဘယ်လိုမှ မတ်တတ်မရပ်နိုင်ဘဲ ဖြစ်နေခဲ့ရ၏။
ဟင်းလင်းပြင် ကမ္ဘာငယ်လေးအတွင်းရှိ ကျင့်စဉ်ပုံရိပ်က ဝင်ရောက်ထူပေးရန် ကြိုးစားလိုက်သော်လည်း တီကျွယ်တျန်းက သူ့ကို အေးစက်လှသော အကြည့်တစ်ချက်ဖြင့် လှမ်း၍ သတိပေးလိုက်တော့သည်။
ထို့ကြောင့်လည်း သူသည် ဟင်းလင်းပြင်အတွင်း၌ လှံတစ်စင်းကဲ့သို့ မားမားမတ်မတ် ရပ်တည်နေခဲ့ရုံမှတစ်ပါး ကျောက်ဝူကျီ၏ သနားစရာကောင်းလှသော အခြေအနေကို လုံးဝ မြင်တွေ့ခြင်း မရှိသလိုမျိုး ဟန်ဆောင်နေခဲ့ရတော့၏။
ဘာပဲဖြစ်ဖြစ် သူ၏ အရှင်သခင် ယခင်က ကြိုတင်ရွေးချယ်ထားခဲ့ဖူးသော ဆက်ခံသူမှာ ဤကောင်ငယ်လေး ဖြစ်သည် မဟုတ်ပါလား။
ယခုအခါ ထိုကျင့်စဉ်ပုံရိပ်သည်လည်း တကယ့်ကို အကျပ်ရိုက်နေခဲ့ရပြီ ဖြစ်၏။ သူသည် မိမိ၏ အရှင်သခင် ပြန်လည်ရှင်သန်လာခဲ့ရင်တောင်မှ ၎င်းက အသုံးဝင်လိမ့်မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
ဟင်းလင်းပြင် ကမ္ဘာငယ်လေးတစ်ခုလုံး လုံးဝ ပိတ်ဆို့ခြင်း ခံထားရပြီ ဖြစ်၏။
ထိုဟင်းလင်းပြင်၏ ပိတ်ဆို့မှုကို ချိုးဖျက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ရှိနေခဲ့သော်လည်း ၎င်းကို သူကိုယ်တိုင် လုပ်ဆောင်ရန် မဖြစ်နိုင်ဘဲ ကျောက်ဝူကျီတစ်ဦးတည်းသာ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ သို့သော်လည်း ကျောက်ဝူကျီ၏ လက်ရှိ အခြေအနေမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့ပြီ ဖြစ်၏။
မင်းအနေနဲ့ မင်းရဲ့ အတိတ်ဘဝတုန်းက မာန်မာနတွေကို လုံးဝ စွန့်လွှတ်ပြီး ဤအမွေအနှစ်ကို တိုက်ရိုက် လက်ခံရယူခဲ့မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ မင်းကတော့ အဆန်းထွင်ပြီး စွန့်စားချင်နေခဲ့တာကြောင့် အခုတော့ ကြည့်လိုက်ပါဦး... ဘယ်လိုမျိုး အခြေအနေတွေ ဖြစ်ပျက်နေခဲ့ရပြီလဲ...။
ထိုသူနှစ်ဦးစလုံး ရုန်းကန်လှုပ်ရှားရင်း ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်ကြမိပြီး တီကျွယ်တျန်းကို လှမ်း၍ စိုက်ကြည့်လိုက်ကြသည်။ ကုန်းစင်းတစ်ယောက် တီကျွယ်တျန်းသည် မိမိကို တကယ်ပဲ သတ်ဖြတ်ချင်နေခြင်း ဖြစ်ကြောင်း နောက်ဆုံးတွင်မှ အပြည့်အဝ ယုံကြည်သွားခဲ့ရတော့၏။
“မင်းရဲ့ မျက်စိထဲမှာ... ငါတို့ကြားထဲက ဆွေမျိုးသားချင်း သံယောဇဉ်ဆိုတာ တကယ်ပဲ မရှိတော့ဘူးလားဟင်”
“ရှိသည်ဖြစ်စေ... မရှိသည်ဖြစ်စေ... မင်းအနေနဲ့ ၎င်းကို သိရှိနိုင်မယ့် အရည်အချင်း လုံးဝ မရှိသေးပါဘူး”
တီကျွယ်တျန်း ကျောက်ဝူကျီကို လှမ်း၍ စိုက်ကြည့်လိုက်ရင်း... “ဝူကျီနတ်ဘုရားနန်းတော်ရဲ့ တကယ့်ကို ခန့်ညားထည်ဝါလှတဲ့ နန်းတော်သခင်ကြီးတစ်ဦးက အခုလိုမျိုး ဘဝသစ် ပြန်လည်ရှင်သန်လာလိမ့်မယ်လို့ ငါ လုံးဝ ထင်မှတ်မထားခဲ့မိဘူး” ဟု အေးစက်စွာ ပြောဆိုလိုက်သည်။
“မင်း... ဒါဆိုရင် အခြေအနေတွေက ဒီလိုမျိုး ဖြစ်ပျက်နေခဲ့တာပေါ့ ကြည့်ရတာ ချန်ထန်က မင်းရဲ့ လူ ဖြစ်သွားခဲ့တာ ဖြစ်ရမယ် သူ့ကို သတ်ပစ်လိုက်တာက ငါ တကယ်ပဲ မမှားခဲ့ဘူးပေါ့”
ကုန်းစင်းသည်လည်း ထိုစကားကို ကြားရသည့်အခါ လုံးဝ ဆွံ့အသွားခဲ့ရပြီ ဖြစ်၏။ သူမ ကောင်းစွာ မှတ်မိနေခဲ့မည်ဆိုလျှင် ဝူကျီနတ်ဘုရားနန်းတော်၏ နန်းတော်သခင်ကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းခန့်ကတည်းက ကွယ်လွန်သွားခဲ့ဖူးခြင်း ဖြစ်ပေသည်။
“အကယ်၍ သူသာ သေဆုံးသွားခဲ့ခြင်း မရှိဘူးဆိုရင်... အဲ့ဒီကြားထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ”
“ရှင်... ရှင်က တကယ်ပဲ... ဟုတ်လား”
“ဒါတွေက အတိတ်က ကိစ္စရပ်တွေ ဖြစ်သွားပါပြီ ငါ ဘာဖြစ်လို့ ဘဝသစ် ပြန်လည်ရှင်သန်လာနိုင်သလဲဆိုတာကိုတော့ ငါကိုယ်တိုင်လည်း အတိအကျ မသိရပါဘူး” ကျောက်ဝူကျီက ပြန်လည် ရှင်းပြလိုက်သည်။
တီကျွယ်တျန်းကတော့ ဘာစကားမှ ထပ်မံ မပြောကြားတော့ချေ။ သူက ကံကြမ္မာ သားတော်တစ်ဦး ဖြစ်တာကြောင့် ကံကြမ္မာတရားက ကိစ္စရပ်များကို မည်ကဲ့သို့ စီမံခန့်ခွဲထားသလဲဆိုတာ မည်သူမှ အတိအကျ သိရှိနိုင်စရာ အကြောင်းမရှိချေ။ သို့သော်လည်း သူ တီကျွယ်တျန်း ၏ တာဝန်ကမူ မင်းတို့လို ကံကြမ္မာသားတော်တွေကို အမြစ်ပြတ် သတ်ဖြတ်ပစ်ရန်သာ ဖြစ်ပေသည်။
“ကျောက်ဝူကျီ... ငါ မင်းကို စောစောတုန်းက ပေးအပ်ခဲ့တဲ့ ရွေးချယ်စရာ လမ်းနှစ်လမ်းကို မင်း သေသေချာချာ ဆုံးဖြတ်ပြီးပြီလား… မင်း ဒီအမွေအနှစ်ကိုပဲ ရွေးချယ်မလား... ဒါမှမဟုတ် မင်းရဲ့ ရှေ့က အမျိုးသမီးကိုပဲ ရွေးချယ်မလား”
“ဝူကျီနတ်ဘုရားနန်းတော်ရဲ့ တကယ့်ကို မာန်မာနကြီးမားလှတဲ့ နန်းတော်သခင်ကြီးတစ်ဦးက ဘဝသစ် ပြန်လည်ရှင်သန်လာပြီးနောက်ပိုင်းမှာတင် ကုန်းမိသားစုအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းက ထူးခြားလှတဲ့ အကြောင်းအရင်းအချို့ ရှိနေရမယ် မဟုတ်လား”
“ဒီရွေးချယ်မှုက... မဆိုးဘူး မဟုတ်လား… မင်း ဘာဖြစ်လို့ မရွေးချယ်သေးတာလဲ” တီကျွယ်တျန်း ကျောက်ဝူကျီကို အေးစက်စွာ စိုက်ကြည့်လိုက်မိသည်။
ကျောက်ဝူကျီ၏ မျက်နှာအမူအရာ တကယ့်ကို ရုပ်ဆိုးဆိုး ဖြစ်သွားခဲ့ရပြီး ဟင်းလင်းပြင်အတွင်းက ကျင့်စဉ်ပုံရိပ်ကို ထပ်မံ၍ အားကိုးတကြီး လှမ်းကြည့်လိုက်မိသော်လည်း ထိုပုံရိပ်ကမူ ဘာကိုမှ မြင်တွေ့ခြင်း မရှိသလိုမျိုး ဆက်လက်၍ ဟန်ဆောင်နေခဲ့ဆဲ ဖြစ်၏။
ဤအခိုက်အတန့်တွင် ကျောက်ဝူကျီ ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်မိရင်း... ကုန်းစင်းကို စိုက်ကြည့်လိုက်တော့သည်။ သူ၏ မျက်ဝန်းထဲတွင် နူးညံ့လှသော သံယောဇဉ်များဖြင့် ပြည့်နှက်နေခဲ့ရ၏။
သူသည် ကုန်းစင်း၏ မျက်နှာပြင်လေးကို လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်မိရင်း... “ကုန်းစင်းက ငါ့ရဲ့ အမျိုးသမီး ဖြစ်သလို... ငါ့ရဲ့ အချစ်ဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။ ငါက လက်ရှိအချိန်မှာ အသုံးမဝင်တဲ့ လူအိုနာတစ်ယောက် ဖြစ်နေခဲ့ပြီ ဆိုစေဦးတော့ ငါက ယောကျာ်းတစ်ယောက် ဖြစ်နေဆဲပါပဲ” ဟု ကတိကဝတ်ပြုကာ ပြောဆိုလိုက်တော့သည်။
ထိုစကားကြောင့် ကုန်းစင်း၏ နှုတ်ခမ်းဖျားထက်တွင် နူးညံ့လှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရပြီ ဖြစ်၏။ သို့သော်လည်း ထိုအပြုံးလေး လုံးဝ မပွင့်လန်းနိုင်သေးခင် အချိန်မှာတင် သူမ၏ မျက်နှာအမူအရာ ဆိုးရွားစွာ ပြောင်းလဲသွားခဲ့ရတော့သည်။
ဘာပဲဖြစ်ဖြစ် ကျောက်ဝူကျီ၏ လက်ဖျားမှာ ကုန်းစင်း၏ ရင်ဘတ် နှလုံးသားဆီသို့ တိုက်ရိုက် ဖောက်ထွင်း စိုက်ဝင်သွားခဲ့ရခြင်းကြောင့်ပင် ဖြစ်တော့သည်။