အခန်း ၄၇ - မဖြစ်နိုင်တာ... သူ သေသွားတာကို ငါကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာ
"မင်းက ကျောက်ဝူကျီရဲ့ နောက်ကွယ်ကနေ ကာကွယ်ပေးနေတဲ့သူ ဖြစ်ရမယ်"
နုပျိုလှသော လူငယ်တစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာခဲ့သည်။ ထိုသူကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ချန်ထန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး "မင်းက ဘယ်သူလဲ... ကုန်းကျိုလုံရော ဘယ်မှာလဲ" ဟု အလောတကြီး မေးမြန်းလိုက်တော့သည်။
"ငါက တီမိသားစုရဲ့ နတ်ဘုရားသားတော်... တီကျွယ်တျန်းပဲ"
တီကျွယ်တျန်းဟူသော အမည်ကို ကြားရသည့်အခါ ချန်ထန်၏ မျက်နှာ ချက်ချင်း ဖြူလျော်သွားခဲ့ရပြီ ဖြစ်၏။ ဤတီမိသားစု၏ နတ်ဘုရားသားတော်ကြောင့် သူတို့၏ နန်းတော်သခင်ကြီးမှာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ရခြင်းများလား...။
"ဒါဆိုရင်... နတ်ဘုရားသားတော်က ကျွန်တော့်ကို ဘာဖြစ်လို့ လာရောက်ရှာဖွေရတာလဲဆိုတာ မေးပါရစေဦး"
"ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး… ငါ မင်းကို အသုံးချချင်လို့ပါ" တီကျွယ်တျန်းသည် မိမိ၏ ရည်ရွယ်ချက်ကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိဘဲ တိုက်ရိုက် ပြောဆိုလိုက်ခြင်း ဖြစ်၏။
ထိုစကားကြောင့် အမှောင်ထုထဲတွင် ပုန်းကွယ်နေသော ဘိုးဘေးကြီးနှင့် ချန်ထန်တို့နှစ်ဦးစလုံး ခေတ္တမျှ ဆွံ့အသွားခဲ့ရတော့သည်။ တီကျွယ်တျန်းတစ်ဦးတည်းသာ ဘာကိုမှ ဂရုမစိုက်သည့် အမူအရာမျိုး ရှိနေခဲ့ခြင်းပင်။
တီကျွယ်တျန်း၏ မျက်ဝန်းများမှာ ရုတ်တရက် နက်ရှိုင်းသွားခဲ့ရပြီ ဖြစ်၏။ တစ်ပြိုင်နက်တည်းမှာတင် ရွှေရောင်နှင့် နီရဲသော အလင်းတန်းများ ရောယှက်နေသည့် အလင်းကွင်းတစ်ခုက သူ၏ မျက်ဝန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းကွင်းများ ပျောက်ကွယ်သွားပြီးနောက်ပိုင်းတွင်မူ... တီကျွယ်တျန်း၏ မျက်နှာမှာ သိသိသာသာ ဖြူဖျော့သွားခဲ့ရတော့သည်။
သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးကို ထိန်းချုပ်ရန်အတွက် မိမိ၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးမျိုးစေ့ကို ထုတ်ယူအသုံးပြုလိုက်ရခြင်းက သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင် ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ကုန်ဆုံးသွားစေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
ဒါတောင် ကျင့်ကြံခြင်းတွေကို ချိတ်ပိတ်ထားလို့…
"သခင်..."
အခြေအနေကို စောင့်ကြည့်နေခဲ့သော ဘိုးဘေးကြီးလည်း အံ့အားသင့်လွန်းသဖြင့် အေးစက်လှသော လေထုကို ပြင်းထန်စွာ ရှူသွင်းလိုက်မိတော့သည်။
သူ တီကျွယ်တျန်းကို လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ရ၏။
ရှေးဟောင်းနတ်ဆိုး ခန္ဓာ၏ ထိုကဲ့သို့ စွမ်းရည်မျိုးကို တာအိုနန်း တော်အဆင့်နှင့် ထိန်းချုပ် နိုင်သောသူမြေးကို အလွန်ပင် အံ့ အြ နေခဲ့သည်။
တီကျွယ်တျန်းက ယခုအချိန်မှာတင် ဤမျှလောက်အထိ လုပ်ဆောင်နိုင်နေပြီ ဖြစ်ရာ...
"ကျွယ်တျန်း..."
"မင်းအနေနဲ့ နတ်ဆိုးမျိုးစေ့ကို အသုံးပြုပြီး လူတွေကို ထိန်းချုပ်တဲ့နေရာမှာ ဘာဘေးထွက်ဆိုးကျိုးတွေ ရှိနေလို့လဲဟင်"
"ရှိတာပေါ့..."
ထိုစကားကို ကြားရသည့်အခါ ဘိုးဘေးအိုကြီး၏ မျက်နှာအမူအရာ ချက်ချင်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
တီကျွယ်တျန်းက ထပ်ပြောလိုက်သည် "ဒါပေမယ့် ဘိုးဘေးကြီး... စိတ်မပူပါနဲ့ ..ဒီဘေးထွက်ဆိုးကျိုးက မရှိသလောက်နီးပါးပါပဲ"
"ဒါက... အကယ်၍ ကျွန်တော် သေဆုံးသွားခဲ့မယ်ဆိုရင် မကောင်းဆိုးဝါးမျိုးစေ့ရဲ့ ထိန်းချုပ်ခြင်းကို ခံထားရတဲ့သူကလည်း သေဆုံးသွားမှာ ဖြစ်သလို... ကျွန်တော်ကိုယ်တိုင်က ပြန်လည်မလွှတ်ပေးသရွေ့ သူတို့အနေနဲ့ ဘယ်လိုနည်းနဲ့မှ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး"
ထိုစကားကြောင့် ဘိုးဘေးအိုကြီး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပြီ ဖြစ်၏။ သူ ဤခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်းကို ပိုမိုနားလည်လာလေလေ ၎င်းက ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှကြောင်း ခံစားရလေလေ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤမကောင်းဆိုးဝါးခန္ဓာကိုယ်က မိမိတို့ မိသားစုဝင်တစ်ဦးထံတွင် တည်ရှိနေခဲ့ခြင်းပင်။ ဘိုးဘေးအိုကြီး စိတ်ထဲကနေ တကယ့်ကို ကံကောင်းလှသည်ဟု ခံစားလိုက်ရတော့သည်။
တီကျွယ်တျန်းက ချန်ထန်ကို လှမ်း၍ အမိန့်ပေးလိုက်သည် "ယခင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ငါ့ကို အသေးစိတ် ပြန်ပြောပြစမ်း... ကျောက်ဝူကျီနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုပေါ့"
"ဟုတ်ကဲ့ပါ သခင်..."
ကျောက်ဝူကျီ၏ စစ်မှန်သော အမည်ရင်းမှာလည်း ကျောက်ဝူကျီပင် ဖြစ်သည်။
" သူက အတိတ်ဘဝတုန်းက ဝူကျီပြည်နယ်အတွင်းရှိ ဝူကျီနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်ကြီး ဖြစ်ခဲ့တာပါ"
"သူက မဟာဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်တော့မယ့် ထိပ်တန်းပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့တာ ဖြစ်ပေမယ့်... သူ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖျက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာတင် ဘာကြောင့်လဲမသိ ကွယ်လွန်သွားခဲ့ရတာပါ"
"နောက်ပိုင်းမှာတော့... နန်းတော်သခင်ကြီးရဲ့ ဇနီးသည်က နန်းတော်သခင်အသစ်အဖြစ် ရာထူးကို လွှဲပြောင်းရယူခဲ့ပါတယ်။ ကျွန်တော်က အဲ့ဒီအမျိုးသမီးရဲ့ ပုံစံကို လုံးဝ ကြည့်မရတာကြောင့် နန်းတော်ကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်"
တီကျွယ်တျန်းက ထပ်မံ စူးစမ်းလိုက်သည် "ဒါဆိုရင်... မင်းက ကျောက်ဝူကျီကို ဘယ်လိုမျိုး ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာလဲ"
"ဒါက... ကျွန်တော် အပြင်ဘက်ကို ထွက်ပြီး လျှောက်သွားနေတဲ့ အချိန်မှာတင် ဖြစ်ပွားခဲ့တာပါ။ အစပိုင်းမှာ ထိုလူငယ်ရဲ့ ပုံရိပ်ကို မြင်တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာတင် ရင်းနှီးလှတဲ့ အရှိန်အဝါတစ်ခုကို ခံစားလိုက်ရတာ ဖြစ်ပြီး... မမျှော်လင့်ဘဲ ကျောက်ဝူကျီက ကျွန်တော့်ကို မြင်တာနဲ့ ကျွန်တော့်ရဲ့ အမည်ကို တိုက်ရိုက် ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်"
"ကျွန်တော် လုံးဝ ထင်မှတ်မထားခဲ့တဲ့ အချက်ကတော့..."
"သူက ယခင်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ နန်းတော်သခင်ကြီး ဖြစ်နေခဲ့တာပါပဲ။ နန်းတော်သခင်ကြီး ကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း သုံးသောင်းခန့်အထိ ကြာမြင့်နေခဲ့ပြီ ဖြစ်ရာ... သူ ပြန်လည်ရှင်သန်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မတွေးမိခဲ့ပါဘူး"
"ထို့နောက် ကျွန်တော်က သူ့ကို ဘယ်နေရာသို့ သွားချင်သလဲလို့ မေးမြန်းခဲ့တဲ့အခါ... သူက ကုန်းမိသားစုဆီသို့ သွားရောက်ပြီး ကုန်းစင်းနဲ့ ရင်းနှီးအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်… နောက်ဆက်တွဲ ကိစ္စရပ်တွေကိုတော့ သခင်လေးကိုယ်တိုင် သိရှိပြီးသား ဖြစ်မှာပါ"
"ဒါဆိုရင် ကျောက်ဝူကျီ ဘာဖြစ်လို့ ကွယ်လွန်သွားခဲ့ရသလဲဆိုတာကိုရော မင်း သိသလား"
"ကျွန်တော် အတိအကျ မသိပါဘူး… ယခင်က သူ သီးသန့်ကျင့်ကြံခြင်း အခန်းအတွင်းသို့ မဝင်ရောက်ခင်တုန်းက သူ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖျက်တော့မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ဘာသတင်းမှ ထွက်ပေါ်မလာခဲ့တော့တာပါ။ ထို့နောက် သူ့ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ သူက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပြီး... ၎င်းကို ကျောက်ဝူကျီရဲ့ ဇနီးသည်ကိုယ်တိုင် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်"
"ကျွန်တော်တို့အားလုံး ရင်ထဲမှာ သံသယတွေ ရှိနေခဲ့ကြသော်လည်း ဘယ်သူမှ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအမျိုးသမီးက ကျွန်တော်တို့ကို ပေးအပ်ခဲ့တဲ့ အကျိုးခံစားခွင့်တွေက တကယ့်ကို များပြားလွန်းလှတာကြောင့် ဖြစ်ပါတယ်”
“သို့သော်လည်း ဝူကျီနန်းတော်အတွင်းရှိ အခြေအနေတွေက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး... နန်းတော်သခင်မကြီးက ပြင်းထန်လှတဲ့ အစွမ်းတွေနဲ့ ရည်မှန်းချက်ကြီးမားမှုတွေကို ပြသလာခဲ့ပါတယ်"
"ထို့အပြင်... ကျောက်ဝူကျီရဲ့ သွေးသောက်ညီအစ်ကိုနဲ့ ကျောက်ဝူကျီရဲ့ ဇနီးသည်တို့ကြားထဲမှာ လျှို့ဝှက်ဆန်းပြားလှတဲ့ ပတ်သက်မှုအချို့ ရှိနေခဲ့ပုံရတာကြောင့်... ကျွန်တော်ကတော့ အဲ့ဒီလို ညစ်ပတ်တဲ့ ကိစ္စရပ်တွေထဲမှာ ပါဝင်ပတ်သက်ချင်ခြင်း မရှိတာကြောင့် နန်းတော်ကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်"
"ဝူကျီနန်းတော် ဟုတ်လား... ကောင်းပြီ... ငါ သဘောပေါက်ပြီ မင်း အခု လောလောဆယ် ပြန်လို့ရပြီ... နောက်ပိုင်းကျရင် ကျောက်ဝူကျီက မင်းကို အချို့သော ကိစ္စရပ်တွေအတွက် ဆက်သွယ်လာလိမ့်မယ်"
"သူ့ကို မင်းရဲ့ အခြေအနေကို လုံးဝ ရိပ်မိအောင် မလုပ်နဲ့။ တစ်ပြိုင်နက်တည်းမှာတင် တစ်စုံတစ်ခု ဖြစ်ပွားလာခဲ့မယ်ဆိုရင် မင်း ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိမှာပါနော်"
ချန်ထန် ထွက်ခွာသွားတာကို စောင့်ကြည့်ပြီးနောက် တီကျွယ်တျန်း ခေတ္တမျှ တွေးတောလိုက်မိရင်း... "ဘိုးဘေးကြီး... သွားကြစို့… ဝူကျီနန်းတော်ဆိုတာ ဘယ်လိုမျိုး နေရာလဲဆိုတာကို သွားပြီး စူးစမ်းကြည့်ရအောင်" ဟု စကားဆိုလိုက်သည်။
ဘိုးဘေးကြီး ခေါင်းကို ငြိမ့်ပြလိုက်ပြီးနောက် တီကျွယ်တျန်းကို ခေါ်ဆောင်ကာ ချက်ချင်း ထွက်ခွာသွားခဲ့တော့သည်။
ဤအခိုက်အတန့်တွင် ဝူကျီနန်းတော်၏ အတွင်းဘက် နန်းဆောင်ကြီးအတွင်း၌...
တီကျွယ်တျန်းသည် မည်သူ့ကိုမှ ရိပ်မိခြင်း မရှိစေဘဲ ဤနေရာသို့ တိုက်ရိုက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
သူသည် ကုလားကာနောက်ကွယ်ရှိ မြင်ကွင်းကို စူးစမ်းလိုက်မိပြီးနောက် အဆင်ပြေမည့် နေရာတစ်ခုတွင် အေးဆေးစွာ ဝင်ထိုင်လိုက်တော့သည်။
သူသည် လက်ဖက်ရည်ကို သောက်သုံးရင်း ရှေ့မှောက်က မြင်ကွင်းကို သေသေချာချာ ခံစားကြည့်ရှုနေခဲ့၏။
မုယုံဟုန်ရန်နှင့် လီရှောက်ယွမ်တို့နှစ်ဦးစလုံး ရုတ်တရက် ထူးဆန်းလှသော ခံစားချက်တစ်ခုကို ရရှိလိုက်ကြသည်။ မိမိတို့နှစ်ဦးစလုံးကို တစ်စုံတစ်ဦးက ဘေးကနေ စိုက်ကြည့်နေသလိုမျိုး ခံစားချက် ဖြစ်၏။
ထို့နောက် သူတို့နှစ်ဦးစလုံး သူတို့၏ ခေါင်းကို လှည့်၍ စူးစမ်းလိုက်ကြသည့် အခိုက်အတန့်မှာတင်... လွန်စွာ ခန့်ညားထည်ဝါလှသော လူငယ်တစ်ဦးက လက်ဖက်ရည်ကို အေးဆေးစွာ သောက်သုံးရင်း မိမိတို့နှစ်ဦးကို စိတ်ဝင်တစား ကြည့်ရှုနေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့သည်။
သို့သော်လည်း ထိုလူငယ်၏ မျက်ဝန်းထဲတွင်မူ ပြင်းထန်လှသော အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့ခြင်းပင်။
လီရှောက်ယွမ်၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားခဲ့ရပြီ ဖြစ်၏။
ထို့နောက် မြူခိုးအချို့ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ထိုလူသားပုံရိပ်နှစ်ခုကို ဖုံးကွယ်ပစ်လိုက်တော့သည်။
သူတို့ တီကျွယ်တျန်း၏ ရှေ့မှောက်သို့ ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ... သူတို့နှစ်ဦးစလုံး၏ ရင်ထဲတွင် ပြင်းထန်လှသော ဒေါသတရားများဖြင့် ပြည့်နှက်နေခဲ့ကြပြီ ဖြစ်၏။
တီကျွယ်တျန်းက အေးဆေးတည်ငြိမ်စွာဖြင့် "ဒူးထောက်စမ်း..." ဟု ညင်သာစွာ စကားဆိုလိုက်သည်။
ချက်ချင်းဆိုသလိုပင် ထိုင်ရှန်းတောင်ကြီးတစ်ခုလုံး ထိပ်ကနေ ဖိနှိပ်လာသလိုမျိုး ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြီးတစ်ခုက သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်လာခဲ့တာကြောင့်... သူတို့နှစ်ဦးစလုံး ခံတွင်းအပြည့် သွေးအန်ထုတ်လိုက်ကြရတော့သည်။
သူတို့၏ မျက်ဝန်းထဲတွင် ပြင်းထန်လှသော ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရပြီ ဖြစ်၏။ ထို့နောက် သူတို့နှစ်ဦးစလုံး တီကျွယ်တျန်း၏ ရှေ့မှောက်တွင် တညီတညွတ်တည်း ဒူးထောက်လိုက်ကြရတော့သည်။
တီကျွယ်တျန်း ထိုသူနှစ်ဦးကို အနည်းငယ်မျှ စိတ်ဝင်စားခြင်း မရှိသည့် အမူအရာဖြင့် စူးစမ်းလိုက်မိရင်း... "မင်းက ကျောက်ဝူကျီရဲ့ ဇနီးသည် ဖြစ်ပြီး... မင်းကတော့ သူ့ရဲ့ သွေးသောက်ညီအစ်ကို ဖြစ်ရမယ်" ဟု စကားဆိုလိုက်သည်။
ထိုစကားကို ကြားရသည့် အခိုက်အတန့်မှာတင် သူတို့နှစ်ဦးစလုံး၏ မျက်နှာများမှာ ချက်ချင်း ဖြူလျော်သွားခဲ့ရပြီး သူတို့၏ နဖူးပြင်ထက်တွင်လည်း ချွေးစေးများ ထွက်ပေါ်လာခဲ့ရတော့သည်။
သူတို့ တီကျွယ်တျန်းကို ကြည့်ရှုရင်း သူတို့၏ နှုတ်ခမ်းများကို ဖွင့်ဟလိုက်ကြသော်လည်း ဘာစကားမှ ပြန်လည် မပြောကြားနိုင်ဘဲ ဖြစ်နေခဲ့ရ၏။
'စောစောတုန်းကတော့... မင်းတို့နှစ်ယောက်စလုံး တကယ့်ကို ကျွမ်းကျင်လိမ္မာစွာနဲ့ ပျော်ပါးနေခဲ့ကြပြီး အခုကျမှ ဘာဖြစ်လို့ စကားမပြောနိုင်ဘဲ ဖြစ်နေရတာလဲ' တီကျွယ်တျန်း၏ စကားကို ကြားရသည့်အခါ ထိုသူနှစ်ဦးစလုံး အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိကြရင်း နောက်ဆုံးတွင်မှ သတိဝင်လာခဲ့ကြတော့သည်။
"ကျွန်တော်တို့... စီနီယာက ဘယ်သူလဲဆိုတာ မေးမြန်းခွင့်ပြုပါဦး" သူတို့နှစ်ဦးစလုံးမှာ အလွယ်တကူ ဖိနှိပ်ခြင်း ခံလိုက်ရတာ ဖြစ်ရာ... မိမိတို့ရှေ့က တီကျွယ်တျန်း၏ အစွမ်းက သူတို့ထက် သေချာပေါက် သာလွန်နေမည် ဖြစ်ကြောင်း သိရှိထားကြခြင်းပင်။
"ငါက တီမိသားစုရဲ့ နတ်ဘုရားသားတော်... တီကျွယ်တျန်းပဲ…ငါက စီနီယာ မဟုတ်ပါဘူး"
ထိုစကားကြောင့် သူတို့နှစ်ဦးစလုံး အချင်းချင်း လှမ်းကြည့်လိုက်မိကြရင်း သူတို့၏ မျက်ဝန်းထဲမှာ ပြင်းထန်လှသော ထိတ်လန့်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရတော့သည်။ တီမိသားစုကဲ့သို့သော ကြီးမားလှသည့် အင်အားစုကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် သူတို့၏ ဝူကျီနတ်ဘုရားနန်းတော်မှာ လုံးဝ နှိုင်းယှဉ်၍ ရနိုင်စရာ အကြောင်းမရှိချေ။
"ဒါဆိုရင်... နတ်ဘုရားသားတော်က ဘာကိစ္စရှိလို့ ဤနေရာသို့ ကြွရောက်လာရတာလဲဆိုတာ မိန့်ကြားပေးပါဦး"
"ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး"
တီကျွယ်တျန်း မုယုံဟုန်ရန်ကို ကြည့်ကာ အေးစက်စွာ အမိန့်ပေးလိုက်သည် "သူ့ကို သတ်ပစ်လိုက်စမ်း... သူက ငါ့မျက်စိထဲမှာ တော်တော်လေး အမြင်ကတ်စရာ ကောင်းနေလို့ပဲ"
ထိုစကားကို ကြားရသည့်အခါ လီရှောက်ယွမ်၏ မျက်ဝန်းအိမ်များမှာ ချက်ချင်း ကျုံ့ဝင်သွားခဲ့ရတော့သည်။ "နတ်ဘုရားသားတော်... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အသက်ကို ချမ်းသာပေးပါဦး။ ကျွန်တော် နတ်ဘုရားသားတော်ကို ဘယ်နေရာမှာ စော်ကားမိသွားသလဲဆိုတာ မသိလို့ပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး"
မုယုံဟုန်ရန်၏ မျက်နှာလည်း ချက်ချင်း ပြောင်းလဲသွားခဲ့ရသော်လည်း တစ်ပြိုင်နက်တည်းမှာတင် သူမသည် ဓားတစ်စင်းကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး လီရှောက်ယွမ်ထံသို့ တိုက်ရိုက် ထိုးစိုက်ပစ်လိုက်တော့သည်။
"နေဦး..."
ဓားသွားဖျားက လီရှောက်ယွမ်၏ နှလုံးသားဆီသို့ ထိုးစိုက်ခါနီး ဆဲဆဲအချိန်မှာတင်... ၎င်းက ချက်ချင်း ရပ်တန့်သွားခဲ့ရပြီ ဖြစ်၏။ လီရှောက်ယွမ် တီကျွယ်တျန်းကို ကျေးဇူးတင်ရှိလှသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်မိတော့သည်။
'ဘိုးဘေးကြီး... ကျွန်တော့်ကို အင်အားအချို့ ခေတ္တမျှ ငှားရမ်းပေးပါဦး' တီကျွယ်တျန်း ဘိုးဘေးအိုကြီးထံသို့ တိတ်တဆိတ် အသံလွှင့်ကာ အကူအညီတောင်းလိုက်သည်။
ဘိုးဘေးအိုကြီး ခေါင်းကို ငြိမ့်ပြလိုက်သည့် အခိုက်အတန့်မှာတင်... တီကျွယ်တျန်း၏ မျက်ဝန်းထဲတွင် ရွှေရောင်နှင့် နီရဲသော အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာခဲ့ရတော့သည်။ ထိုသူနှစ်ဦးစလုံး၏ ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ကြရပြီ ဖြစ်၏။
ပြီးနောက် သခင်ဟု ပြိုင်တူခေါ်လိုက်ကြသည်
"သခင်"
"မဆိုးပါဘူး..."
ထို့နောက် တီကျွယ်တျန်းက အမိန့်ပေးလိုက်သည်
"ငါ မင်းတို့နှစ်ယောက်စလုံးကို လုပ်ဆောင်စရာ အလုပ်အချို့ ပေးအပ်ဖို့ ရှိတယ်။ ၎င်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် ဆုလာဘ်တွေ ရရှိမှာ ဖြစ်ပြီး... ကျရှုံးခဲ့မယ်ဆိုရင်တော့ မင်းတို့နှစ်ယောက်စလုံး သေရလိမ့်မယ်"
ထိုသူနှစ်ဦးစလုံး ခေါင်းကို ငုံ့ထားကြရင်း ဘာစကားမှ ထပ်မံ မပြောကြားဝံ့ကြတော့ချေ။
"ကျောက်ဝူကျီက အခုအချိန်အထိ အသက်ရှင်နေတုန်းပဲ"
တီကျွယ်တျန်း၏ နောက်ထပ် ထွက်ပေါ်လာသော စကားလုံးက ထိုသူနှစ်ဦးစလုံး၏ ရင်ထဲတွင် ပြင်းထန်လှသော တူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သလိုမျိုး ဖြစ်ပွားသွားစေခဲ့တော့သည်။
မုယုံဟုန်ရန်က မယုံကြည်နိုင်လောက်အောင် ရေရွတ်လိုက်မိသည် "ကျောက်ဝူကျီ ဟုတ်လား... မဖြစ်နိုင်တာ... သူ သေသွားတာကို ငါကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာပဲဥစ္စာ..."
လီရှောက်ယွမ်ကလည်း ဘေးကနေ မိမိ၏ ခေါင်းကို အလောတကြီး ငြိမ့်ပြလိုက်မိတော့သည်။