အခန်း ၄၆ - စိတ်မပူပါနဲ့... ငါ့နောက်ကို လိုက်ရင် မိသားစုမှာ နေတာထက် မင်းရဲ့ အင်အားက ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်
ဤအခိုက်အတန့်တွင် ကုန်းမိသားစု၏ နောက်ဘက်တောင်ကုန်းအတွင်း၌...
အကယ်၍ ကုန်းစင်းနှင့် ကျောက်ဝူကျီတို့သာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုလျှင် သူတို့ သေချာပေါက် ဆွံ့အမှင်တက်သွားကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အစောပိုင်းက စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သော အဖိုးဖြစ်သူ ကုန်းကျိုလုံနှင့်အတူ ကုန်းယိလုံ၊ ဘိုးဘေးအိုကြီးတို့ပါ အားလုံး ဤနေရာ၌ ရှိနေခဲ့ကြခြင်းကြောင့်ပင် ထို့အပြင် တီကျွယ်တျန်းနှင့် ကုန်းရှင်းယွဲတို့လည်း အတူတူ ရှိနေခဲ့ကြသည်။
"မြေးလေး... အစီအစဉ်ကတော့ စတင်နေပြီပဲ"
"ဒါနဲ့ မင်းပြောတဲ့ အကြောင်းအရာတွေက တကယ်ပဲလား... အတုလားဟင်"
ကုန်းကျိုလုံက မေးမြန်းလိုက်ရာ တီကျွယ်တျန်းက ပြန်လည်ဖြေကြားခဲ့သည်…
"အဖိုး... အမွေအနှစ်ကို ရရှိထားတဲ့ လူငယ်တစ်ယောက်က ဘယ်လောက်ပဲ အစွမ်းထက်တယ်ဆိုစေဦးတော့... ယင်ယန် နတ်ဘုရားအသီးက သူ့အတွက် လုံးဝ အသုံးမဝင်ဘဲ ဖြစ်မနေနိုင်ပါဘူး… ၎င်းက လုံးဝ အာနိသင် မရှိဘဲ ဖြစ်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကတော့... အဲ့ဒီဝိညာဉ်က ခန္ဓာကိုယ်ကို လာရောက်လုယူထားတာ ဖြစ်လို့ပါပဲ "
"ကျောက်ဝူကျီ ကုန်းမိသားစုကို မလာခင်တုန်းက ဘယ်လိုမျိုးလဲ"
"ပြီးတော့ အခု သူ ဘယ်လိုမျိုး ဖြစ်နေလဲဆိုတာကိုရော သတိထားမိကြလား"
"ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ပထမအလွှာပဲ ရှိသေးတဲ့ အမှိုက်တစ်ယောက်ကလေ..."
"သူ့ရဲ့ ခန္ဓာကိုယ်အတွင်းကနေ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်း ရင့်ကျက်မှုတွေနဲ့ ကမ္ဘာ့ရေစီးကြောင်းကြီးတစ်ခုလုံးကို မိမိရဲ့ လက်ဝါးထဲမှာ ဆုပ်ကိုင်ထားသလိုမျိုး အရှိန်အဝါတွေ ထွက်ပေါ်နေခဲ့တာကို ရှင်တို့အားလုံးလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရတာပဲ မဟုတ်လား"
"မသေမျိုးကမ္ဘာရဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ ဒီလိုမျိုး ခံစားချက်ကို ပေးစွမ်းနိုင်တဲ့သူ ဘယ်နှစ်ယောက်တောင် ရှိလို့လဲ"
တီကျွယ်တျန်း ဤစကားကို ပြောဆိုပြီးနောက်ပိုင်းတွင် ဘာမှထပ်မပြောဘဲ တိတ်ဆိတ်သွားခဲ့သည်။
ကုန်းမိသားစုဝင် လူကြီးများ၏ မျက်နှာအမူအရာများ တကယ့်ကို လေးနက်တည်ကြည်သွားခဲ့ရပြီ ဖြစ်၏။ သူတို့ကိုယ်တိုင်လည်း ယခင်ကတည်းက ကျောက်ဝူကျီ၏ ထူးခြားကွဲပြားမှုများကို ရိပ်မိထားခဲ့ကြခြင်းပင်။ ယခု တီကျွယ်တျန်း၏ စကားကို ကြားရသည့်အခါ သူတို့၏ အမူအရာများမှာ ပိုမို၍ ဆိုးရွားသွားခဲ့ရတော့သည်။
"ဒါဆိုရင်... သူက အတိတ်ဘဝမှာ ဘယ်သူပဲ ဖြစ်ခဲ့ဖြစ်ခဲ့... ငါတို့ သူ့ကို ဒီအတိုင်း တိုက်ရိုက် သတ်ပစ်လိုက်ရင် မကောင်းဘူးလား"
"ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ သူက အမှိုက်တစ်ယောက်မျှသာ ရှိသေးတာပဲဥစ္စာ"
ထိုစကားကို ကြားရသည့်အခါ တီကျွယ်တျန်း ဘာစကားမှ ပြန်မပြောဘဲ မိမိ၏ ခေါင်းကိုသာ ခါယမ်းပြလိုက်မိသည်။
လက်ရှိအချိန်တွင် သွားရောက်လှုပ်ရှားခြင်းက ကျောက်ဝူကျီကို အတွေ့အကြုံများ ပိုမိုရရှိအောင် လုပ်ဆောင်ပေးသလိုမျိုး သာ ဖြစ်သွားပေလိမ့်မည်။
ကံကြမ္မာသားတော်တွင် ကံကြမ္မာတန်ဖိုး နှစ်သောင်းအထိ ရှိနေခဲ့တာ ဖြစ်ပြီး အခုမှ ငါးရာမျှသာ လျော့နည်းသွားခဲ့ခြင်း ဖြစ်ရာ... ကံကြမ္မာသားတော်အတွက်မူ ဤအရာက ဘာမှ ထိခိုက်မှုမရှိသော အဆင့်မျှသာ ရှိသေးသည်။
"ငါ့ရဲ့ အစောပိုင်းတုန်းက ပေါ့ဆမှုတွေက ဤကဲ့သို့သော အခြေအနေမျိုးအထိ ဖြစ်ပွားလာလိမ့်မယ်လို့ လုံးဝ ထင်မှတ်မထားခဲ့မိဘူး" ကုန်းကျိုလုံ စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်မိသည်။
မသေမျိုးနယ်ပယ်အတွင်းရှိ ကြီးမားလှသော မိသားစုကြီးတစ်ခုအနေဖြင့် ပြိုင်ဆိုင်မှုများကတော့ သေချာပေါက် တည်ရှိနေမည် ဖြစ်ပေသည်။ အစောပိုင်းက ခန်းမဆောင်အတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ဟန်ဆောင် သရုပ်ဆောင်ပြခဲ့ကြခြင်းသာ ဖြစ်၏။
အကယ်၍ မိသားစုကြီးတစ်ခုက တကယ်ပဲ ထိုမျှလောက်အထိ အသိဉာဏ်မဲ့ပြီး ပေါ့ဆနေခဲ့မည်ဆိုလျှင် သူတို့အနေဖြင့် လောကကြီးထဲတွင် ရေရှည်ရပ်တည်နိုင်ခဲ့ကြလိမ့်မည် မဟုတ်ချေ။
ကုန်းကျိုလုံက ထပ်မံ မေးမြန်းလိုက်သည် "ဒါနဲ့... ကုန်းစင်းက တကယ်ပဲ သူ့ရဲ့ ထိန်းချုပ်ခြင်းကို ခံထားရတာလား"
"ဒီအတိုင်းပါပဲ... ဒါက တီ မိသားစု ဘိုးဘေးကြီးကိုယ်တိုင် ကျွန်တော့်ကို ပြောပြခဲ့တာပါ"
ထိုစကားကို ကြားရသည့်အခါ ကုန်းမိသားစုဝင်များ လုံးဝ သံသယမရှိကြတော့ချေ။
ဘာပဲဖြစ်ဖြစ် တီကျွယ်တျန်း၏ နောက်ကွယ်တွင် ကာကွယ်ပေးထားသော တီမိသားစု၏ ဘိုးဘေးအိုကြီးက ထိုသို့ ပြောကြားခဲ့သည်ဆိုမှတော့ ၎င်းက သေချာပေါက် မှန်ကန်နေမည် ဖြစ်ပေသည်။
ဟင်းလင်းပြင် ကမ္ဘာငယ်လေးအတွင်းရှိ တီမိသားစု၏ ဘိုးဘေးကြီးကမူ တီကျွယ်တျန်းကို လှမ်းကြည့်လိုက်မိရင်း... 'ဒီကောင်စုတ်လေးက ငါ့ကို နောက်တစ်ကြိမ် ထပ်ပြီး အသုံးချလိုက်ပြန်ပြီပဲ' ဟု တွေးတောလိုက်မိသည်။
'ဒါပေမဲ့... ဒီကောင်လေးက ဘာတွေ ကြံစည်နေသလဲဆိုတာ ငါ တကယ်ပဲ စူးစမ်းချင်မိတယ်'
တီကျွယ်တျန်းက ယခင်က သူ့ကို စကားတစ်ခွန်း ပြောကြားခဲ့ဖူးပြီး ၎င်းက သူ့ကို အခုအချိန်အထိ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်၏။
"ဘိုးဘေးကြီး... လောကမှာ လွယ်လွယ်နဲ့ သတ်လို့မရနိုင်တဲ့ လူအချို့ ရှိနေတတ်ပါတယ်… ဥပမာအားဖြင့်... ဘိုးဘေးကြီး ရဲ့ လက်ချက်နဲ့ အရိုးတွေ အလုယူခံလိုက်ရတဲ့သူက အခုအချိန်အထိ သေချာပေါက် အသက်ရှင်နေဦးမှာပါပဲ"
ထိုသူက အသတ်ခံရပြီးနောက် မည်သို့ ပြန်လည်ရှင်သန်လာသလဲဆိုတာကို တွေးမိတိုင်း ဘိုးဘေးအိုကြီးကိုယ်တိုင်ပင် အနည်းငယ် ထိတ်လန့်မှုကို ခံစားရသည်။
"ဒါတွေအားလုံးက ကောင်းကင်ဘုံရဲ့ သားတော်တွေလိုမျိုး ကြီးမားလှတဲ့ ကံကြမ္မာတန်ဖိုးတွေကို ပိုင်ဆိုင်ထားကြတဲ့သူတွေ ဖြစ်ရမယ်" ဘိုးဘေးကြီးသည် ကြီးမားသော ကံကြမ္မာတန်ဖိုး ပိုင်ဆိုင်ထားသူများအကြောင်းကို သိရှိသော်လည်း ဤမျှလောက်အထိ ဆန်းကြယ်လှသော အခြေအနေမျိုးကို ကြားရသည့်အခါ သူ ပြင်းထန်စွာ အံ့အားသင့်သွားခဲ့ရခြင်းပင်။
"ထားလိုက်ပါတော့... ဒီကောင်လေးမှာ ကိုယ်ပိုင် အစီအစဉ် ရှိနေမှတော့ နောက်ဆက်တွဲ ကိစ္စရပ်တွေကို သူ့ဘာသာသူပဲ အဆင်ပြေအောင် ကိုင်တွယ်ပါစေတော့"
ကုန်းမိသားစု၏ နောက်ဘက်တောင်ကုန်းအတွင်း၌... တီကျွယ်တျန်းက ကုန်းကျိုလုံကို မေးခွန်းတစ်ခု လှမ်း၍ မေးမြန်းလိုက်သည်။
"အဖိုး... အဖိုးရဲ့ အဲ့ဒီမိတ်ဆွေဟောင်းကို အခုအချိန်အထိ မှတ်မိနေသေးလားဟင်"
"မှတ်မိတာပေါ့... ဒါပေမဲ့ သူ ပျောက်ကွယ်သွားခဲ့တာ တော်တော်လေး ကြာမြင့်နေပြီလေ… ငါ သူ့ဆီ နောက်ဆုံးအကြိမ် ဆက်သွယ်ခဲ့တုန်းကလည်း ဘာပြန်ကြားချက်မှ ရရှိခဲ့ခြင်း မရှိဘူး"
"ဒါဆိုရင် အဖိုး... သူ့ဆီကို နောက်တစ်ကြိမ် ထပ်ပြီး ဆက်သွယ်လိုက်ပါဦး… ပြီးတော့ ကျောက်ဝူကျီ ဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်လို့ပဲ တိုက်ရိုက် ပြောလိုက်ပါ"
တီကျွယ်တျန်း၏ စကားကို ကြားရသည့်အခါ ကုန်းကျိုလုံ ဘာမှ သံသယမဝင်ဘဲ ကျောက်စိမ်းဆွဲပြားတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ကာ သတင်းစကားတစ်ခုကို တိုက်ရိုက် ပေးပို့လိုက်တော့သည်။
ဤအခိုက်အတန့်တွင် ဝေးကွာလှသော လျှို့ဝှက်ဆန်းပြားသည့် နေရာတစ်ခု၌ ဆံပင်ဖြူ အဖိုးအိုကြီးတစ်ဦးသည်... နွားတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ အသက်ရှူနေရကာ သူ၏ နဖူးပြင်ထက်တွင်လည်း ချွေးစေးလေးများ တောက်တောက်စက်စက် ကျဆင်းနေခဲ့သည်။
ထို့နောက် သူသည် မိမိ၏ ကျောက်စိမ်းဆွဲပြားကို ထုတ်ယူကာ စစ်ဆေးလိုက်မိသည်။
"မိတ်ဆွေဟောင်းကြီး... ကုန်းမိသားစုဆီကို အမြန်ဆုံး လာခဲ့ပါဦး…မင်းရဲ့ အဲ့ဒီတပည့်လေးက အခု ပြဿနာနဲ့ ရင်ဆိုင်နေရလို့ပါ"
ထိုသတင်းစကားကို ကြားရသည့် အခိုက်အတန့်မှာတင် လူအိုကြီး၏ မျက်နှာအမူအရာ လုံးဝ ပျက်ယွင်းသွားခဲ့ရပြီ ဖြစ်၏… ထို့နောက် သူ အပြင်ဘက်သို့ အလောတကြီး လှမ်းထွက်လာခဲ့တော့သည်။
"ရှင်ကဒီဟင်းလင်းပြင်ကမ္ဘာကြီးကိုဖြတ်သန်းပြီး မိုင်ပေါင်း သန်းအမြောက်အမြားက နေရာကို ဘာဖြစ်လို့ အတင်း သွားချင်နေရတာလဲ"
မကျေမနပ် ဖြစ်နေသော အမျိုးသမီးတစ်ဦး၏ အသံက ဘေးနားကနေ ထွက်ပေါ်လာခဲ့သည်။
ထိုစကားကြောင့် လူအိုကြီး၏ မျက်နှာထက်တွင် အနေရခက်လှသော အမူအရာများ ထွက်ပေါ်လာခဲ့ရပြီး... "ငါ့မှာ ဒီနေ့ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ… ဒီကိစ္စကို အဆင်ပြေအောင် ဖြေရှင်းပြီးတာနဲ့ ငါ ချက်ချင်း ပြန်လာခဲ့ပြီး မင်းနဲ့ အလှည့်ပေါင်း သုံးရာအထိ သေသေချာချာ ပြန်လည် တိုက်ခိုက်ပေးပါ့မယ်" ဟု အလျင်အမြန် ပြောဆိုလိုက်ရတော့သည်။
"အို... တော်စမ်းပါ... ရှင်က အမြဲတမ်း အဲ့ဒီလိုပဲ ပြောနေတာပဲ… ရလဒ်ကရော ဘာထွက်လာလို့လဲ... ဒီတစ်ကြိမ်ကတော့ အကြာဆုံးပဲ"
လူအိုကြီးသည် ထိုစကားများကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် ထွက်ခွာသွားခဲ့တော့သည်။
လူအိုကြီး ထွက်ခွာသွားတာကို စောင့်ကြည့်ရင်း အမျိုးသမီးတစ်ဦး အပြင်သို့ လှမ်းထွက်လာခဲ့ပြီး သူမ၏ လက်ထဲတွင် ကျောက်စိမ်းတုံးတစ်ခု ရှိနေခဲ့သည်။ ထို့နောက် သတင်းစကားတစ်ခုကို သူမ တိတ်တဆိတ် ပေးပို့လိုက်၏။
မကြာမီအချိန်မှာတင် လူသားပုံရိပ် သုံးခုက ခန်းမဆောင်အတွင်းသို့ ချက်ချင်း ထွက်ပေါ်လာခဲ့ကြသည်။
"ဝင်လာခဲ့ကြပါ... အဲ့ဒီလူကြီး ထွက်သွားပြီ"
"ငါတို့တွေ သေသေချာချာ အစီအစဉ်ဆွဲပြီး အတွေးအမြင်တွေကို ဖလှယ်ကြတာပေါ့" အမျိုးသမီးက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..." ထိုလူသားပုံရိပ် သုံးဦးစလုံးက ထူးဆန်းလှသော လေသံများဖြင့် ပြိုင်တူ တုံ့ပြန်လိုက်ကြတော့သည်။
(သဘောပါလား)
လက်ရှိအချိန်တွင် ထိုလူအိုကြီးမှာမူ မိမိ၏ ရှေ့မှောက်၌ မည်ကဲ့သို့သော အရာများက စောင့်ကြိုနေသလဲဆိုတာကို လုံးဝ သိရှိထားခြင်း မရှိသေးချေ။
သို့သော်လည်း ကုန်းမိသားစုကနေ ထွက်ခွာလာခဲ့ကြပြီ ဖြစ်သော ကုန်းစင်းနှင့် ကျောက်ဝူကျီတို့နှစ်ဦးမှာမူ လမ်းခရီးတွင် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေခဲ့ကြသည်။
ကုန်းစင်းက လှမ်းမေးလိုက်သည် "မင်း... ငါ့ကို ဘယ်နေရာသို့ ခေါ်ဆောင်သွားမလို့လဲဟင်"
"ရောက်ရင် သိရမှာပါ…စိတ်မပူပါနဲ့... ငါ့နောက်ကို လိုက်ရင် မိသားစုမှာ နေတာထက် မင်းရဲ့ အင်အားက ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မှာပါ”
ကျောက်ဝူကျီက ပြောလိုက်သည်။
ထိုစကားကို ကြားရသည့်အခါ ကုန်းစင်း ကျောက်ဝူကျီ၏ နဖူးကို လက်ဖြင့် လှမ်း၍ စမ်းသပ်လိုက်မိတော့သည်။ ကောင်းကင်ကြီးက မှောင်တောင်မမှောင်သေးဘဲ သူကတော့ အိပ်မက်တွေ တောက်လျှောက် မက်နေခဲ့ပြီ မဟုတ်ပါလား။
သူမအနေဖြင့် ကုန်းမိသားစုကနေ ထွက်ခွာလာပြီးနောက်ပိုင်း ကျောက်ဝူကျီ၌ ကြီးမားလှသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း သတိပြုမိလိုက်သည်။ သူက ယခင်နှင့်မတူဘဲ လုံးဝ အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲနေခဲ့ခြင်းပင်။ သူမသည် ကျောက်ဝူကျီ၏ ဤကဲ့သို့သော ပုံစံမျိုးကို ယခင်က တစ်ကြိမ်မျှ မြင်တွေ့ခဲ့ဖူးခြင်း မရှိဘဲ ၎င်းက ပထမဆုံးအကြိမ် ဖြစ်ပေသည်။
ဒီအချိန်မှာ ကုန်းမိသားစုအတွင်း၌မူ...
လူအိုကြီး ချန်ထန် ကုန်းမိသားစုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး... "အစ်ကိုကျိုလုံ..." ဟု အဝေးကနေ အော်ဟစ်ကာ ခေါ်ဆိုလိုက်သည်။
ထိုအသံကို ကြားရသည့်အခါ ကုန်းကျိုလုံ၏ မျက်နှာထက်တွင် ဝမ်းသာအားရ ဖြစ်မှုများ ချက်ချင်း ထွက်ပေါ်လာခဲ့ရပြီ ဖြစ်၏။ ထိုလူကြီးက တကယ်ပဲ ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ… ကြည့်ရတာ ဤကိစ္စရပ်က လုံးဝ ရိုးရှင်းပုံမရချေ။
"မြေးလေး... သူ ရောက်လာပြီ" ကုန်းကျိုလုံက လှမ်းပြောလိုက်သည်။
"ကောင်းပါပြီ အဖိုး... ဒီကိစ္စုကို ကျွန်တော့်ဘာသာပဲ အဆင်ပြေအောင် ကိုင်တွယ်ပါရစေ အဖိုးတို့တွေ လုံးဝ ပူပန်နေဖို့ မလိုပါဘူး… အချိန်တန်ရင် တီမိသားစုကို တိုက်ရိုက် လှုပ်ရှားခိုင်းလိုက်ပါ့မယ်" တီကျွယ်တျန်းက အေးဆေးစွာ ပြန်လည် တုံ့ပြန်လိုက်သည်။
ကုန်းမိသားစု၏ ဘိုးဘေးကြီးက ခေါင်းကို ငြိမ့်ပြလိုက်ကာ... "အကယ်၍ အဆင်မပြေဘူးဆိုရင်လည်း သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်ရုံပဲ…သူ့အတွက်နဲ့တော့ ငါတို့ မိသားစုတစ်ခုလုံးကို စတေးမှာ မဟုတ်ဘူး" ဟု ကုန်းကျိုလုံက ရင်နာနာဖြင့် ပြတ်သားစွာ စကားဆိုလိုက်သည်။
တီကျွယ်တျန်း ဘာစကားမှ ထပ်မပြောဘဲ ခေါင်းကိုသာ အသာအယာ ငြိမ့်ပြလိုက်မိ၏။
"အဖေ... စိတ်မပူပါနဲ့... ဒီကိစ္စကို ကျွယ်တျန်းကိုပဲ အဆင်ပြေအောင် ကိုင်တွယ်ခိုင်းလိုက်ပါ" ကုန်းရှင်းယွဲကလည်း ဘေးကနေ ဝင်ရောက် စကားဆိုလိုက်သည်။
တီကျွယ်တျန်း အပြင်ဘက်က လူအိုကြီး၏ ပုံရိပ်ကို သေသေချာချာ စူးစမ်းလိုက်မိတော့သည်။ သူ၏ မျက်စိရှေ့တွင် ထိုသူ၏ အချက်အလက်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
[ အမည် - ချန်ထန် ]
[ နောက်ခံဇာစ်မြစ် - ဝူကျီနန်းတော်၏ စစ်သူကြီးဟောင်း ]
[ ကျင့်ကြံခြင်းအစွမ်း - သူတော်စင် အဆင့်၃
[ ခန္ဓာကိုယ်ဖွဲ့စည်းပုံ - မြေကမ္ဘာဝိညာဉ် သူတော်စင်ခန္ဓာကိုယ် ]
[ ကျင့်ကြံခြင်းပညာရပ် - မြေကမ္ဘာတောင်တန်း နတ်ဘုရားပညာရပ်၊ မဟာမြေကမ္ဘာ နဂါးနှိမ်နင်းခြင်းအတတ်... ]
ထိုသူ၏ အချက်အလက်များကို မြင်တွေ့လိုက်ရသည့်အခါ တီကျွယ်တျန်း၏ မျက်ဝန်းများမှာ ချက်ချင်း အရောင်တောက်သွားခဲ့ရတော့သည်။ ကြည့်ရတာ သူ အလွန်တရာ အံ့ဩဖွယ်ရာကောင်းသော အကြောင်းအရာအချို့ကို သိရှိသွားခဲ့ရပြီ ဖြစ်၏။ ၎င်းက တကယ်ပဲ 'ရှာဖွေစရာမလိုဘဲ အလိုအလျောက် ရောက်ရှိလာခြင်းမျိုး' လို့ပင် ပြောရပေလိမ့်မည်။
လူအိုကြီး ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင် သူ၏ မျက်နှာအမူအရာ လုံးဝ ပျက်ယွင်းသွားခဲ့ရပြီ ဖြစ်သည်။
မိမိ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ ပိတ်ဆို့ခြင်း ခံထားရပြီ ဖြစ်ကြောင်း သူ ချက်ချင်း သတိပြုမိလိုက်ခြင်းကြောင့်ပင်။
ထို့အပြင် သူ၏ သူတော်စင်အဆင့်ရှိ ကျင့်ကြံခြင်း အစွမ်းများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်၏။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးဝိညာဉ်စွမ်းအင်များမှာ သမုဒ္ဒရာအတွင်းသို့ ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ လုံးဝ လှုံ့ဆော်နှိုးဆွ၍ မရနိုင်တော့ချေ။
'အစ်ကိုကျိုလုံ... ဒီလို ပြက်လုံးမျိုးက လုံးဝ မရယ်ရဘူးနော်'
ချန်ထန် မိမိကိုယ်ကိုယ် တွေးတောလိုက်မိသည်။
ယခင်က မိမိ ကုန်းကျိုလုံကို အတင်းအကျပ် အရက်တိုက်ခဲ့ဖူးသလို သူ၏ သတင်းစကားများကိုလည်း ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့တာကြောင့် ကုန်းကျိုလုံက မိမိကို ကလဲ့စားချေရန်အတွက် ဤသို့ နောက်ပြောင်နေခြင်း ဖြစ်ရမည်ဟု သူ ထင်မှတ်နေခဲ့ခြင်းပင်။
'ဒါမှမဟုတ်... အကယ်၍...'
အခြားသော ဖြစ်နိုင်ခြေတစ်ခုကို တွေးမိရင်း ချန်ထန် မိမိ၏ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိတော့သည်။ ဘာပဲဖြစ်ဖြစ် ထိုအတွေးက တကယ့်ကို ရဲတင်းလွန်းလှသည် မဟုတ်ပါလား။