အခန်း ၄၀ - မိန်းမတွေက သူ ဓားဆွဲတဲ့ အရှိန်ကို နှေးကွေးစေရုံသက်သက်ပဲလား
အဓိက ခန်းမဆောင်ကြီးအတွင်းရှိ လူအများအပြားဟာ ကုန်းစင်း လှမ်းဝင်လာတာကို မြင်တွေ့ရတဲ့အခါ ပြုံးရွှင်သွားကြတယ်။ သို့သော်လည်း သူတို့ရဲ့ အကြည့်တွေက ကုန်းစင်းရဲ့ နောက်ကွယ်က ကျောက်ဝူကျီဆီသို့ ရောက်ရှိသွားချိန်မှာတော့ နှာခေါင်းရှုံ့လိုက်ကြမိရင်း... သူတို့ရဲ့ စိတ်ထဲက မကျေနပ်မှုတွေကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိကြတော့ချေ။
ကုန်းမိသားစုရဲ့ အိမ်တော်သခင်ဖြစ်သူ ကုန်းကျိုလုံကတော့ အသာအယာ ခေါင်းညိတ်ပြလိုက်မိတယ်။ အဆုံး၌မူ ဒီတွင်းကို သူကိုယ်တိုင် တူးခဲ့တာ ဖြစ်ပြီး မိမိရဲ့ မြေးမလေးကိုပါ ရင်းနှီးပေးဆပ်ခဲ့ရတာ မဟုတ်ပါလား။ ၎င်းကို ပြန်လည်တွေးတောမိတိုင်း သူ နောင်တရမိသည်ဆိုစေဦးတော့ အခုအချိန်မှာတော့ ဘာမှတတ်နိုင်တော့မှာ မဟုတ်ချေ။
"နင် ရောက်လာပြီဆိုမှတော့ နေရာမှာ ဝင်ထိုင်လိုက်ဦး... ဒီနေ့ နင့်ရဲ့ ဝမ်းကွဲမောင်လေး ရောက်လာလိမ့်မယ်"
"အတိတ်တုန်းက နင် သူ့ကို ခဏခဏ ပွေ့ချီဖူးတယ်လေ"
ကုန်းစင်း ခေတ္တမျှ စဉ်းစားလိုက်မိရာ... သူမရဲ့ စိတ်ထဲမှာ ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်လေး ထွက်ပေါ်လာခဲ့တယ်။ သို့သော်လည်း ထိုကလေးဟာ ကုန်းမိသားစုမှာ ရက်အနည်းငယ်မျှသာ နေထိုင်ခဲ့ပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားခဲ့တာ ဖြစ်၏။
"ကျွန်မရဲ့ ဝမ်းကွဲမောင်လေးက အခုဆိုရင် ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲဆိုတာ တကယ်ပဲ သိချင်မိတယ်" ကုန်းစင်းလည်း စိတ်ဝင်စားစွာဖြင့် ရေရွတ်လိုက်မိတယ်။
ကုန်းစင်းရဲ့ မျက်နှာထက်က အပြုံးလေးကို မြင်လိုက်ရတဲ့အခါ ကျောက်ဝူကျီရဲ့ မျက်နှာအမူအရာ တကယ့်ကို ဆိုးရွားသွားခဲ့ရတော့တယ်။ ဘာဖြစ်လို့လဲတော့မသိ... ကုန်းစင်းအနေနဲ့ အခြားသော အမျိုးသားတစ်ဦးအတွက် ဤကဲ့သို့သော စိတ်ခံစားချက်မျိုး ထုတ်ဖော်ပြသနေတာကို မြင်တွေ့ရခြင်းက သူ၏ ရင်ထဲ၌ လေးလံပိတ်ဆို့မှုကို ခံစားလိုက်ရခြင်းကြောင့်ပင်။
"သူ ရောက်လာပြီ..."
ဒီအချိန်မှာတင် ကုန်းရှင်းယွဲ့က စကားလှမ်းပြောလိုက်ရင်း မတ်တတ်ရပ်လျက် အပြင်ဘက်ဆီသို့ လှမ်းမျှော်ကြည့်ရှုလိုက်တော့တယ်။
ဝူး...
သူတော်စင် အဆင့်ရှိတဲ့ နဂါးပျံ ကိုးကောင်ဟာ လေဟာနယ်အတွင်း၌ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပြီး တစ်ကောင်ချင်းစီဟာ ပေပေါင်း သောင်းချီအောင် ကြီးမားခန့်ညားလွန်းလှတယ်။ သူတို့ရဲ့ နှာခေါင်းဝကနေ မှုတ်ထုတ်လိုက်တဲ့ ဖြူဖွေးလှတဲ့ အရှိန်အဝါတွေက သူတို့ရဲ့ နောက်ကွယ်က ခန့်ညားလှတဲ့ ရထားလုံးကြီးကို ဝေဝါးစွာဖြင့် ဖုံးလွှမ်းသွားခဲ့ရတော့၏။
ကုန်းမိသားစုက လူတွေအားလုံး ဒီခန့်ညားလှတဲ့ မြင်ကွင်းကြီးကြောင့် ခေတ္တမျှ မှင်တက်သွားခဲ့ရပြီးမှ... စိတ်ထဲ၌ စူးစမ်းလိုစိတ်တွေအပြင် မနာလိုပူလောင်မှုတွေပါ တစ်ပြိုင်နက်တည်း ပြည့်နှက်သွားခဲ့ရတော့တယ်။
"တီမိသားစုက တကယ်ပဲ အသုံးအစွဲ ကြီးလွန်းလှတာပဲ" ကုန်းကျိုလုံက မှတ်ချက်ချလိုက်မိတယ်။
"ဒါတွေအားလုံးက ဘိုးဘေးကြီး လုပ်ပေးခဲ့တာပါ... ကျွယ်တျန်းက သာမန်ကာလျှံကာ တစ်ချက်ပဲ နဂါးစီးချင်တယ် ပြောလိုက်တာကိုး"
အဲ့တုန်းက ဆယ့်ခြောက်ယောက်မြောက် ဘိုးဘေးကြီးဟာ ဓားတစ်စင်းကို ဆွဲကိုင်လျက် နဂါးမျိုးနွယ်စုထဲ သွားရောက်ပြီး ဒီနဂါးပျံ ကိုးကောင်ကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း နဂါးမျိုးနွယ်စုရဲ့ နောက်ကွယ်က အင်အားစုတွေက အလွန်တရာ နက်နဲလှတဲ့အတွက် တီမိသားစုအနေနဲ့ တကယ့်ကို အရေးကြီးတဲ့ အခြေအနေမျိုး မဟုတ်ရင် သူတို့ကို သွားရောက် မစော်ကားချင်ကြချေ။ ထို့ကြောင့်လည်း သူတို့အနေနဲ့ ဒုတိယအကောင်းဆုံး ရွေးချယ်မှုအဖြစ် ဤနဂါးပျံတွေကိုသာ အသုံးပြုခဲ့ကြခြင်း ဖြစ်၏။
မဟုတ်ရင်... ဖြစ်နိုင်တာကတော့ ဘိုးဘေးကြီးကိုယ်တိုင်က...။
ကုန်းရှင်းယွဲ့ စကားကို အဆုံးထိ မပြောခဲ့သည်ဆိုစေဦးတော့ ကုန်းမိသားစုက လူတွေကတော့ သူမ ဘာကို ဆိုလိုသလဲဆိုတာကို သေသေချာချာ သဘောပေါက်နားလည်လိုက်ကြတယ်။ အခုဆိုရင် သူတို့အားလုံးဟာ ရထားလုံးအတွင်းက လူသားကို မြင်တွေ့နိုင်ဖို့အတွက် ပိုမိုပြီး စိတ်အားထက်သန်နေကြပြီ ဖြစ်၏။
လေဟာနယ်အတွင်း၌ ရွှေရောင်ကြာပန်းအမြောက်အမြား ချက်ချင်း ပွင့်အံလာခဲ့ကြပြီး ၎င်းတို့ဟာ ရထားလုံးရဲ့ ဘေးပတ်ဝန်းကျင်မှာ အစီအရီ ထွက်ပေါ်လာခဲ့ကြရင်း... ရောင်စုံအလင်းတန်းပေါင်း သောင်းချီအောင် ဖြာထွက်နေခဲ့ကြတော့တယ်။
ဒီထူးဆန်းလှတဲ့ မြင်ကွင်းကြီးကို မြင်တွေ့လိုက်ရတဲ့အခါ ကုန်းမိသားစုက လူတွေအားလုံးရဲ့ မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ရတော့တယ်။ အထူးသဖြင့် အမျိုးသမီး တပည့်အချို့ဆိုရင် မျက်တောင်လေး တစ်ချက်တောင် မခတ်ဝံ့ကြဘဲ မိန်းမောတွေဝေနေခဲ့ကြပြီ ဖြစ်၏။
"ဂုဏ်မောက်လှချည်လား" ကျောက်ဝူကျီ စိတ်ထဲကနေ တိုးတိုးလေး မကျေမနပ် ရေရွတ်လိုက်မိတယ်။
ထိုမြူခိုးအလင်းတန်းတွေကြားကနေ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်တယ်။ သူဟာ ချီလင် အမှတ်အသားတွေ ပါဝင်တဲ့ ဖြူဖွေးလှတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး... သူ၏ ရုပ်ရည်က တကယ့်ကို ခန့်ညားထည်ဝါလွန်းလှသလို သူ၏ နက်မှောင်လှတဲ့ မျက်ဝန်းအစုံထဲမှာလည်း မည်သူမျှ ခန့်မှန်းရခက်လှတဲ့ နတ်ဘုရားအလင်းတန်းတွေ ဖြာထွက်နေခဲ့တယ်။
သူဟာ တကယ့်ကို မြင့်မြတ်လှတဲ့ နတ်ဘုရားတစ်ပါးလို ဖြစ်နေခဲ့ပြီး လက်တွေ့ကျတဲ့ လူသားတစ်ဦးထက်စာရင် အိပ်မက်တစ်ခုလိုမျိုး တည်ရှိနေခဲ့တာ ဖြစ်၏။ သို့သော်လည်း ထိုအမျိုးသားရဲ့ နှုတ်ခမ်းဖျားထက်က အနည်းငယ်မျှသော ပြုံးယောင်သန်းမှုလေးက သူ့ကို နတ်ဘုရားအဆင့်ကနေ လက်တွေ့လူသားတစ်ဦးအဖြစ် ပြန်လည်သက်ဆင်းစေခဲ့ပြီး ဤကဲ့သို့သော အမျိုးသားတစ်ဦးဟာ ပိုမိုပြီး ဆွဲဆောင်မှု ရှိလွန်းလှပေသည်။
ကုန်းမိသားစုက လူတွေအားလုံး ထိုအမျိုးသားကို ကြည့်ရင်း လုံးဝ မှင်တက်နေခဲ့ကြရပြီ။ ကုန်းစင်းရဲ့ မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ရပြီး သူမဟာ လက်တစ်ဖက်နဲ့ မိမိရဲ့ ပါးစပ်ကို အတင်းအကျပ် ပိတ်ထားလိုက်မိတယ်။ အဘယ်ကြောင့်ဆိုသော် သူမအနေနဲ့ အံ့သြလွန်းလို့ အော်ဟစ်မိရင်း ဤလှပလှတဲ့ အခိုက်အတန့်ကြီးကို ဖျက်ဆီးမိသွားမှာကို စိုးရိမ်နေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
အမျိုးသားတွေကတော့...။
'ဒီကောင်က တကယ်ပဲ ခန့်ညားလွန်းလှတာပဲ ငါတို့ကိုယ်တိုင်လည်း သူ့လိုမျိုး ဖြစ်ချင်မိတာ အမှန်ပဲ'
"အဖိုး... အဖွား... အမေ..."
တီကျွယ်တျန်းရဲ့ ပုံရိပ်က အသာအယာ လှုပ်ရှားလိုက်ရင်း ထိုနေရာကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး သူတို့ရဲ့ ရှေ့မှောက်ဆီသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာခဲ့တော့တယ်။
ကုန်းကျိုလုံရဲ့ မျက်ဝန်းအစုံ ခေတ္တမျှ ကျုံ့ဝင်သွားခဲ့ရပြီး တီကျွယ်တျန်းကို လုံးဝ မယုံကြည်နိုင်ဖွယ်ရာ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်မိတယ်။ တီကျွယ်တျန်း မွေးဖွားလာစဥ်တုန်းက သူ ဘယ်လိုမျိုး ခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသလဲဆိုတာကို သူ လုံးဝ မသိရှိခဲ့သော်လည်း လက်ရှိအချိန်မှာတော့ သူ တစ်စုံတစ်ခုကို ရိပ်မိလိုက်ပြီ ဖြစ်ရမယ်။
ကုန်းရှင်းယွဲ့လည်း စိတ်ထဲကနေ ပြင်းထန်စွာ ထိတ်လန့်သွားခဲ့ရသည်ဆိုစေဦးတော့ သူမရဲ့ မျက်နှာထက်မှာတော့ ဘာအရိပ်အယောင်မှ ထုတ်ဖော်မပြသခဲ့ဘဲ... မိမိရဲ့ သားဖြစ်သူဟာ သဘာဝအတိုင်း ဤကဲ့သို့ ဖြစ်နေသင့်သည်ဟုသာ သတ်မှတ်ထားလိုက်မိတော့တယ်။
"ငါ့ရဲ့ သားလိမ္မာလေး... မင်း အမေ့ကို သေသေချာချာ သတိရနေခဲ့ရဲ့လား" ကုန်းရှင်းယွဲ့ ရှေ့သို့ လှမ်းတက်လိုက်ရင်း မိမိရဲ့ သားဖြစ်သူကို တင်းကြပ်စွာ ဖက်လဲတကင်း လုပ်ဆောင်လိုက်တော့တယ်။
တီကျွယ်တျန်း ငယ်ရွယ်စဥ်တုန်းကတော့ သူမကို အလွယ်တကူ ပွေ့ချီခွင့် ပေးခဲ့သော်လည်း သူ လမ်းစလျှောက်နိုင်ပြီဆိုတာနဲ့ သူမကို လုံးဝ ပွေ့ချီခွင့် မပေးတော့ဘဲ... သူ၏ မျက်ဝန်းအစုံမှာလည်း ပန်ဒါမျက်ကွင်းကြီးတွေလို အမြဲတမ်း ဖြစ်နေခဲ့တာ ဖြစ်၏။ အတိတ်တုန်းက သူတို့ဇနီးမောင်နှံနှစ်ဦး ဤကိစ္စရပ်အတွက် တော်တော်လေး စိုးရိမ်ပူပန်ခဲ့ကြရဖူးတယ်။ ၎င်းက နတ်ဆိုးခန္ဓာရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်းကြောင့်ပင်။
ထိုအချိန်တုန်းက သူတို့တွေ အလွန်အမင်း ကြောက်ရွံ့သွားခဲ့ကြရတာ ဖြစ်လို့ တံခါးပိတ် ကျင့်ကြံနေတဲ့ ဘိုးဘေးကြီးကိုပင် အတင်းအကျပ် သွားရောက် ပင့်ဖိတ်ခဲ့ကြရဖူးသေးတယ်။ ဘိုးဘေးကြီးကိုယ်တိုင် လာရောက် ကြည့်ရှုပြီးနောက်ပိုင်းမှာတော့... သူ သူမနဲ့ တီဝူရှန်းကို စကားတစ်ခွန်းပဲ ပြောကြားခဲ့ဖူးတယ်။
"မင်းတို့နှစ်ယောက်က လူသားတစ်ယောက်တည်းအဖြစ် ပေါင်းစည်းသွားသင့်တယ်" ထို့နောက် ဘိုးဘေးကြီး တီကျွယ်တျန်းကို ခေါ်ဆောင်ပြီး ချက်ချင်း ထွက်ခွာသွားခဲ့တော့တယ်။
ထိုနေ့ကစပြီး တီကျွယ်တျန်းရဲ့ စရိုက်က ပိုမိုပြီး အေးစက်လို့ လာခဲ့ရတယ်။ သူတို့တွေ အတတ်နိုင်ဆုံး ဖုံးကွယ်ထားကြသည်ဆိုစေဦးတော့ သူ၏ မျက်ဝန်းထဲက မောပန်းနွမ်းနယ်မှုတွေကို သူတို့ သေသေချာချာ မြင်တွေ့နေခဲ့ကြရပေမယ့် ဘာနည်းလမ်းမှ မရှိခဲ့ကြချေ။ ထိုအချိန်တုန်းက တီကျွယ်တျန်းဟာ လူတွေကို မျက်တောင်မခတ်ဘဲ သတ်ဖြတ်ဝံ့ပြီး အလွန်အမင်း အေးစက်လွန်းလှတဲ့ မိစ္ဆာခေါင်းဆောင်တစ်ဦးနဲ့ တော်တော်လေး ဆင်တူလှတာ ဖြစ်လို့ မည်သူမျှ သူ့အနားသို့ မချဉ်းကပ်ဝံ့ကြချေ။
ဒါပေမဲ့ အခုအချိန်မှာတော့ နူးညံ့ပျော့ပျောင်းလှတဲ့ အရှိန်အဝါတွေကို ပိုင်ဆိုင်ထားတဲ့ တီကျွယ်တျန်းကို မြင်တွေ့လိုက်ရတဲ့အခါ ကုန်းရှင်းယွဲ့ရဲ့ ရင်ထဲမှာ ကြေကွဲဝမ်းသာ ဖြစ်ရလွန်းလို့ ကြေမွလုနီးပါးပင် ခံစားလိုက်ရတော့တယ်။
"အမေ... ကျွန်တော် အမေ့ကို တကယ်ပဲ အများကြီး သတိရနေခဲ့တာပါ"
"ဒါနဲ့... မင်းရဲ့ ဖခင်က ဘာဖြစ်လို့ အတူတူ လိုက်မလာရတာလဲဟင်" တီဝူရှန်းရဲ့ အရိပ်အယောင်ကို လုံးဝ မြင်တွေ့ရခြင်း မရှိတဲ့အတွက် ကုန်းဆင်းယွဲ့ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်မိတယ်။ အကယ်၍ သူ၏ ခန္ဓာကိုယ်အစစ်အမှန် လိုက်မလာနိုင်ဘူးဆိုရင်တောင် ပုံရိပ်တစ်ခုကိုတော့ စေလွှတ်လို့ ရသည် မဟုတ်ပါလား။
"ဖခင်ကတော့... သူ ကျင့်ကြံခြင်းကို အာရုံစိုက်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်... ပြီးတော့ မိန်းမတွေက သူ ဓားဆွဲတဲ့ အရှိန်ကို နှေးကွေးစေရုံသက်သက်ပဲ ရှိလိမ့်မယ်လို့ ပြောလိုက်သေးတယ်"
"ဒါပေမဲ့ မင်းရဲ့ ဖခင်က ဒီလိုမျိုး စကားကို တကယ်ပဲ ပြောခဲ့တာလား" ကုန်းရှင်းယွဲ့ သံသယဖြစ်စွာဖြင့် မေးမြန်းလိုက်မိပြန်တယ်။
"မှန်တာပေါ့... ဘိုးဘေးကြီးကိုယ်တိုင်လည်း သက်သေခံပေးနိုင်ပါတယ်" တီကျွယ်တျန်း တည်ငြိမ်စွာဖြင့် လိမ်ညာလိုက်မိတော့တယ်။
'ဒါကတော့ တကယ့်ကို လွန်လွန်း နေပြီ'
"ကဲပါ... ငါ့ကိုလည်း ငါ့ရဲ့ မြေးလေးကို သေသေချာချာ ကြည့်ရှုခွင့်ပေးပါဦး" ဤအချိန်မှာတင် အဖွားဖြစ်သူ အဘွားအိုကြီးက ဆက်ပြီး အောင့်အီးမထားနိုင်တော့ဘဲ စကားဖြတ်ပြောလိုက်တော့တယ်။
အဆုံး၌မူ ဤမျှလောက်အထိ ခန့်ညားလှတဲ့ မြေးလေးတစ်ဦးကို ဘယ်သူက မချစ်ဘဲ နေမလဲ။
"အဖွား... ကျွယ်တျန်းက အရင်တုန်းက ကျင့်ကြံခြင်းကိစ္စရပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့လို့ အဖွားဆီကို လာရောက် မနှုတ်ဆက်နိုင်ခဲ့မိတာကို ခွင့်လွှတ်ပေးပါဦး"
"ရတယ်... ရတယ်..."
"ငါ့ရဲ့ မြေးလေးက ဤမျှလောက်အထိ ခန့်ညားလှလိမ့်မယ်လို့ ငါ လုံးဝ ထင်မှတ်မထားခဲ့မိဘူး"
"မှန်တာပေါ့... မှန်တာပေါ့... ငါတို့ ကုန်းမိသားစုရဲ့ မျိုးရိုးဗီဇက တကယ့်ကို ကောင်းမွန်လွန်းလှတာကိုး" ကုန်းကျိုလုံကလည်း ဘေးကနေ ဝင်ရောက် စကားထောက်လိုက်မိတယ်။
ကုန်းရှင်းယွဲ့ ကတော့ သူမ ဘာစကားမှ မပြောခဲ့ချေ။ (?)
သို့သော်လည်း တီကျွယ်တျန်းကတော့ ထိုနေရာရှိ အမျိုးသမီးတစ်ဦးကို သေသေချာချာ စိုက်ကြည့်လိုက်မိရင်း...
"အစ်မဝမ်းကွဲ... မတွေ့ရတာ ကြာလှပြီနော်"
"ဝမ်းကွဲမောင်လေး... တကယ်ပဲ မင်း ဖြစ်နေတာကိုး။ အတိတ်တုန်းက သေးသေးလေးပဲ ရှိသေးတဲ့ ကလေးလေးက အခုဆိုရင် ဤမျှလောက်အထိ ကြီးထွားလာခဲ့ပြီပဲ"တီကျွယ်တျန်းကို ကြည့်ရင်း သူမရဲ့ မျက်ဝန်းထဲမှာ ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်သွားခဲ့ရတယ်။ အတိတ်တုန်းက မိမိ ပွေ့ချီခဲ့ဖူးတဲ့ ကလေးလေးက ဤမျှလောက်အထိ ကြီးထွားလာလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိချေ။
"အစ်မဝမ်းကွဲ... ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ရတဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်တော့်မှာ အစ်မကို လက်ဆောင်ပေးဖို့အတွက် ကောင်းမွန်တဲ့ အရာမျိုး ရှိမနေခဲ့ပေမယ့်... အစ်မအတွက် သင့်တော်မယ့် နတ်ဘုရားစွမ်းရည်တစ်ခုတော့ လက်ဆောင်ပေးပါရစေဦး"
တီကျွယ်တျန်း မိမိမှာ ကျန်ရှိနေသေးတဲ့ ဗီလိန်အမှတ်အချို့ကို အသုံးပြုပြီး စနစ်အရောင်းဆိုင်ထဲကနေ သင့်တော်မယ့် နတ်ဘုရားစွမ်းရည်တစ်ခုကို ချက်ချင်း ရွေးချယ်လိုက်တော့တယ်။ ထို့နောက် သူသည် လက်ညှိုးနဲ့ လက်ခလယ်ကို ပူးလိုက်ရင်း ကုန်းစင်းရဲ့ နဖူးပြင်ထက်ဆီသို့ အသာအယာ တို့ထိလိုက်မိ၏။
ဤနတ်ဘုရားစွမ်းရည်က အတိုင်းထက်အလွန် အစွမ်းထက်လွန်းလှသည် မဟုတ်သော်လည်း ကုန်းစင်း အတွက်တော့ အလွန်တရာ ကိုက်ညီလွန်းလှပေသည်။
"မင်းရဲ့ ညစ်ပတ်လှတဲ့ လက်တွေကို သူမရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ချက်ချင်း ဖယ်ရှားလိုက်စမ်း..."
ဒီအခိုက်အတန့်မှာပဲ အေးစက်လှတဲ့ အော်ဟစ်သံတစ်သံ ချက်ချင်း ထွက်ပေါ်လာခဲ့ရတယ်။ သူဟာ တီကျွယ်တျန်းကို အစအနမကျန် ဝါးမြိုပစ်ချင်နေတဲ့ အကြည့်မျိုးနဲ့ စိုက်ကြည့်နေခဲ့တာ ဖြစ်၏။
"ရူးမိုက်လိုက်တာ... မင်း ချက်ချင်း တောင်းပန်စမ်း..." ခန်းမဆောင်အတွင်းရှိ လူအများအပြား ဤစကားကြောင့် ချက်ချင်း သတိဝင်လာခဲ့ကြရပြီး ထိုအမျိုးသားကို ဒေါသတကြီး လှမ်းရောက် အော်ဟစ်လိုက်ကြတော့တယ်။
တီကျွယ်တျန်းတစ်ဦးတည်းသာ လုံးဝ တည်ငြိမ်အေးဆေးနေခဲ့တာ ဖြစ်၏။ သူသည် အနည်းငယ်မျှ ပြုံးလိုက်မိရင်း ခြေလှမ်းအချို့ လှမ်းလိုက်ကာ ထိုနေရာကနေ ချက်ချင်း ဆုတ်ခွာပေးလိုက်တော့တယ်။
သူ ဘာစကားမှ ထပ်မံ မပြောကြားခဲ့သော်လည်း ကုန်းစင်းတစ်ယောက် သူမရဲ့ မျက်လုံးအစုံကို ပြန်လည်ဖွင့်ဟလာချိန်မှာတော့ သူမ၏ မျက်နှာထက်တွင် ချိုသာလှတဲ့ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
"ကျေးဇူးအများကြီးတင်ပါတယ်... ဝမ်းကွဲမောင်လေး"
"ကျွယ်တျန်း... မင်းက တာအိုနန်းတော် အဆင့်ကို သေသေချာချာ ဖောက်ထွက်အောင်မြင်သွားခဲ့ပြီလား" ဒီအခိုက်အတန့်မှာ ကုန်းကျိုလုံက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်မိတယ်။ အဆုံး၌မူ သူကိုယ်တိုင်ပင် တီကျွယ်တျန်းရဲ့ အခြေအနေကို သေသေချာချာ ဖောက်ထွင်းမြင်တွေ့နိုင်ခြင်း မရှိခြင်းကြောင့်ပင်။
"ဟုတ်ပါတယ်... ကျွန်တော် ဖောက်ထွက်အောင်မြင်သွားခဲ့ပါပြီ"
သူ ဖောက်ထွက်အောင်မြင်သွားခဲ့ရုံတင်မကဘဲ တာအိုနန်းတော် ဆဋ္ဌမအဆင့်အထိပါ တိုက်ရိုက် ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
မှန်တာပေါ့... သူ နောက်ကွယ်က စကားစုကိုတော့ အပြင်သို့ ထုတ်ဖော်မပြောကြားခဲ့ချေ။
မသေမျိုးကမ္ဘာကြီးထဲမှာ လူတစ်ဦးက လူတစ်ဦးကို ပြန်လည်ဝါးမြိုနေကြတဲ့ အခြေအနေမျိုး ရှိနေတာ ဖြစ်လို့ မိမိအတွက် ဖဲချပ်အချို့ကို လျှို့ဝှက်စွာ သိမ်းဆည်းထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုစကားကို ကြားရတဲ့အခါ ကျောက်ဝူကျီ လုံးဝ တိတ်ဆိတ်သွားခဲ့ရပြီး တီကျွယ်တျန်းကို လုံးဝ မယုံကြည်နိုင်ဖွယ်ရာ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်မိတော့တယ်။ မသေမျိုးကမ္ဘာထဲက မျိုးဆက်သစ် လူငယ်အများအပြားဟာ လက်ရှိအချိန်မှာ အဆင့်၆ ကျင့်ကြံသူ အဆင့်မှာ' ရှိနေကြဆဲ ဖြစ်ပေသည်။ သူတို့တွေ နောက်ထပ် နယ်ပယ်တစ်ခုကို ဖောက်ထွက်ခြင်း မပြုကြသေးတဲ့ အဓိက အကြောင်းအရင်းကလည်း မိမိတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုမိုပြီး သန့်စင်အောင် လုပ်ဆောင်ချင်နေကြခြင်းကြောင့်ပင်။
အကယ်၍ သူတို့သာ နောက်ထပ် နယ်ပယ်တစ်ခုကို ဖောက်ထွက်ချင်တယ်ဆိုရင် တကယ့်ကို လွယ်ကူလှသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကတော့ ဤမျှလောက်အထိ အားကောင်းလာလိမ့်မည် မဟုတ်ချေ။ ကြည့်ရတာ ဒီလူငယ်လေးဟာလည်း မိမိရဲ့ နယ်ပယ်ကို အတိုင်းထက်အလွန် သန့်စင်အောင် လုပ်ဆောင်ပြီးတော့မှသာ နောက်ထပ် နယ်ပယ်တစ်ခုကို ရဲရဲဝံ့ဝံ့ ဖောက်ထွက်ခဲ့တာ ဖြစ်ရမယ်။
ကျောက်ဝူကျီ ဘာတွေ တွေးတောနေသလဲဆိုတာကိုတော့ တီကျွယ်တျန်း လုံးဝ မသိရှိချေ။ သန့်စင်အောင် လုပ်ဆောင်ရမယ် ဟုတ်လား... စိတ်မကောင်းပါဘူးကွာ... ငါကတော့ စနစ်ရဲ့ အကူအညီကို ရယူထားတဲ့သူ တစ်ဦးပဲလေ။
"အစ်မဝမ်းကွဲ... ကျွန်တော့်ကို သူ့အကြောင်း သေသေချာချာ မိတ်ဆက်မပေးတော့ဘူးလား"
တီကျွယ်တျန်း ကျောက်ဝူကျီကို တစ်ချက် စိုက်ကြည့်လိုက်မိရင်း ကုန်းစင်းကို လှမ်း၍ ပြောဆိုလိုက်တော့တယ်။
ထိုစကားကြောင့် ကုန်းစင်းရဲ့ မျက်နှာထက်တွင်လည်း အနည်းငယ် ရှက်ရွံ့စိုးရိမ်ရတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ရသလို... ကုန်းကျိုလုံရဲ့ မျက်နှာအမူအရာသည်လည်း တော်တော်လေးကို ကြည့်ရဆိုးသွားခဲ့ရတော့တယ်။
အဆုံး၌မူ ဒီ ကိစ္စရပ်က သူတို့အတွက်တော့ လုံးဝ ဂုဏ်ယူစရာ ကောင်းလှတဲ့ အရာမျိုး မဟုတ်ခြင်းကြောင့်ပင် ဖြစ်၏။