အခန်း ၃၈ - ငါတို့ တီမိသားစုရဲ့ နတ်ဘုရားသားတော်ကို သတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့သူကို အမြန်ဆုံး အပ်စမ်း... မဟုတ်ရင် စစ်ပွဲဖြစ်ပွားလိမ့်မယ်
ခဏချင်းမှာတင် မိုင်ပေါင်း ကုဋေကုဋာကျယ်ပြောလှတဲ့ မိုမိသားစုရဲ့ ပိုင်နက်နယ်မြေတစ်ခုလုံးဟာ အလင်းရောင်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ မည်းမှောင်သွားခဲ့ရတာ ဖြစ်တယ်။
ထို့နောက် လေဟာနယ်ထဲမှာ ရွှေရောင်အစက်အပြောက်လေးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၎င်းက အဆက်မပြတ် ကြီးထွားလာခဲ့တယ်။
မျက်တောင်ခတ်ရုံမျှအတောအတွင်းမှာတင် ထိုရွှေရောင်အလင်းတန်းဟာ မိုင်ပေါင်း ကုဋေကုဋာအထိ ကျယ်ပြန့်သွားခဲ့ပြီး ပြန့်ကားတဲ့အရှိန်ကလည်း ပိုမိုမြန်ဆန်လာခဲ့တယ်။
မကြာခင်မှာပဲ မိုမိသားစုတစ်ခုလုံးဟာ ဤရွှေရောင်အလင်းတန်းကြီးရဲ့ ဖုံးလွှမ်းခြင်းကို ခံလိုက်ရတော့တယ်။
ထိုရွှေရောင်အလင်းတန်းထဲကနေ ကောင်းကင်ဘုံဘီးလုံးကြီးတစ်ခုကို နောက်ခံပြုထားတဲ့ ဝေဝါးလှတဲ့ ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုဘီးလုံးကြီးကလည်း တဖြည်းဖြည်းချင်း လည်ပတ်နေခဲ့တယ်။
သူ့ရဲ့ လမင်းကြီးလို တောက်ပလှတဲ့ အကြည့်တွေက မိုမိသားစုက လူတွေဆီ စိုက်ကျလာခဲ့တော့တယ်။
မိုမိသားစုက လူတွေဟာ လေဟာနယ်ထဲက ထိုပုံရိပ်ကြီးကို ကြည့်ရင်း တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေ ထလာခဲ့ရတယ်။
အရှိန်အဝါက ပြင်းထန်လွန်းလှပြီး ဖိအားကလည်း အဆမတန် ကြီးမားလွန်းနေခဲ့တာ ဖြစ်တယ်။ မိုမိသားစုရဲ့ တပည့်အများအပြားဟာ မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် ဒူးထောက်ကျသွားခဲ့ကြရပြီး ပါးစပ်အပြည့် သွေးစအချို့ အန်ထုတ်လိုက်မိရင်း သတိလစ်မေ့မြောကုန်ကြတော့တယ်။
မိုမိသားစုရဲ့ နောက်ဘက်တောင်တန်းမှာရှိတဲ့ တားမြစ်နယ်မြေကြီးတစ်ခုလုံးတောင်မှ တုန်ခါသံတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ရပြီ ဖြစ်တယ်။
"ဘယ်သူက ငါတို့ တီမိသားစုရဲ့ နတ်ဘုရားသားတော်ကို သတ်ပစ်မယ်လို့ ရူးရူးမိုက်မိုက် ကြွေးကြော်ခဲ့တာလဲ"
ထိုအသံ ထပ်မံဟိန်းထွက်လာတဲ့အတွက် မိုမိသားစုတစ်ခုလုံး ပိုမိုပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားခဲ့ရတော့တယ်။ တစ်ချိန်တည်းမှာပင် လေဟာနယ်ထဲမှာ မျောလွင့်နေတဲ့ နန်းတော်အချို့ဟာလည်း အောက်သို့ ဝုန်းခနဲ ပြိုကျပျက်စီးကုန်ကြတော့တယ်။
မိုမိသားစုထဲမှာ ဖြစ်ပျက်နေတဲ့ ဒီထူးဆန်းလှတဲ့ အခြေအနေကြီးကို မြင်တွေ့လိုက်ရတဲ့အခါ မသေမျိုးနယ် မြေတစ်ခုလုံးက ကျင့်ကြံသူတွေရဲ့ အကြည့်တွေက သူတို့ဆီ ရောက်ရှိလာခဲ့ကြတယ်။
တီမိသားစုက မိုမိသားစုကို လာရောက်ဖိအားပေးနေတာကို မြင်တော့ လူအများအပြားဟာ ဘေးကနေ ဝမ်းသာအားရ ဖြစ်နေခဲ့ကြတယ်။
အဆုံး၌မူ သူတစ်ပါး ဒုက္ခရောက်တာကို ထိုင်ကြည့်ရတာက စိတ်ကျေနပ်ဖို့ ကောင်းလွန်းလှသည် မဟုတ်ပါလား။
"တီမိသားစု... မင်းတို့တွေ တကယ်ပဲ လွန်လွန်းလှပြီ..."
ဤအချိန်မှာပဲ အခြားသော ပုံရိပ်ကြီးတစ်ခု ထပ်မံထွက်ပေါ်လာခဲ့တယ်။ သူ့ရဲ့ အရွယ်အစားကလည်း တီမိသားစုရဲ့ ဘိုးဘေးကြီးလိုပဲ ကြီးမားခန့်ညားလွန်းလှတယ်။ သူဟာ တီမိသားစုရဲ့ ဘိုးဘေးကြီးကို ကြည့်ရင်း သူ၏ မျက်ဝန်းထဲမှာ ပြင်းထန်လှတဲ့ စိုးရိမ်ပူပန်မှုတွေဖြင့် ပြည့်နှက်နေခဲ့ရတယ်။
သူတို့လို နယ်ပယ်အထိ ရောက်ရှိထားကြတဲ့ ပညာရှင်ကြီးတွေဟာ သာမန်အားဖြင့် လွယ်လွယ်ကူကူ တိုက်ခိုက်လေ့မရှိကြချေ။
အဘယ်ကြောင့်ဆိုသော် ဖြစ်ပေါ်လာမယ့် ပျက်စီးဆုံးရှုံးမှုတွေက အလွန်တရာ ထိတ်လန့်စရာကောင်းလွန်းလှခြင်းကြောင့် ဖြစ်တယ်။ မိသားစုတစ်ခုလုံး လုံးဝ ပျက်စီးတော့မယ့် ဘေးဒုက္ခမျိုးနဲ့ ကြုံတွေ့ရချိန်မှသာ ဤကဲ့သို့သော ဖဲချပ်အစွမ်းတွေကို အသုံးပြုလေ့ရှိကြတာ ဖြစ်တယ်။
"မိုယန်... မင်း အခုထိ အသက်ရှင်နေတုန်းပဲလား..."
"ငါတို့ တီမိသားစုရဲ့ နတ်ဘုရားသားတော်ကို သတ်မယ်လို့ ရူးရူးမိုက်မိုက် ပြောခဲ့တဲ့သူကို အမြန်ဆုံး အပ်စမ်း... မဟုတ်ရင် စစ်ပွဲဖြစ်ပွားလိမ့်မယ်"
တီမိသားစုရဲ့ ဘိုးဘေးကြီး စကားပြောဆိုပြီးနောက်ပိုင်းမှာတော့ သူ့ရဲ့ နောက်ကွယ်က ကောင်းကင်ဘုံဘီးလုံးကြီးကနေ ပြင်းထန်လှတဲ့ အလင်းတန်းတွေ ချက်ချင်း ထွက်ပေါ်လာခဲ့တော့တယ်။
"မင်း..."
"ဘာဖြစ်လို့ ဒီလောက်အထိ ဇွတ်တရွတ် လုပ်နေရတာလဲ..."
"ရူးမိုက်လိုက်တာ... မင်းတို့ အပ်မှာလား... မအပ်ဘူးလား..." တီမိသားစုရဲ့ ဘိုးဘေးကြီးက ထပ်မံ၍ အရှိန်အဝါပြင်းပြင်းဖြင့် မေးမြန်းလိုက်ရာ သူ၏ လေသံက အစောပိုင်းထက် ပိုမို၍ အထက်စီးဆန်ပြီး ထိတ်လန့်စရာ ကောင်းလွန်းလှတယ်။
"အပ်မယ်..."
မိုယန် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရပြီးမှ စကားကို အတင်းအကျပ် ပြောဆိုလိုက်ရတော့တယ်။ မှန်တာပေါ့... မိုမိသားစုဟာ တီမိသားစုရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။ ထို့အပြင် စကားပြောခဲ့တဲ့သူဟာ အစွမ်းထက်လှသည်ဆိုစေဦးတော့ သူမဟာ မိသားစုရဲ့ အဓိက အခြေခံအုတ်မြစ် မဟုတ်သလို လက်ရှိမှာလည်း မိသားစုရဲ့ အပြစ်သားတစ်ဦး ဖြစ်နေခဲ့တာ မဟုတ်ပါလား။
မိုယွဲ့ရဲ့ မျက်နှာအမူအရာ ပြင်းထန်စွာ ပျက်ယွင်းသွားခဲ့ရတယ်။ မိသားစုက သူမကို တကယ်ပဲ စွန့်လွှတ်လိုက်လိမ့်မယ်လို့ သူမ လုံးဝ ထင်မှတ်မထားခဲ့မိဘူး။
တစ်ချိန်တည်းမှာပင် သူမရဲ့ ခန္ဓာကိုယ်ပေါ်က သံကြိုးတွေအားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်တယ်။ သူမရဲ့ ပိတ်ဆို့မှုတွေ ပြန်လည်ပွင့်ဟသွားခဲ့ပြီ ဖြစ်သော်လည်း... သူမ နောက်ထပ် ရင်ဆိုင်ရမယ့်အရာကတော့ သေခြင်းတရားပဲ ဖြစ်ရမယ်။
မိမိရဲ့ ခင်ပွန်းနဲ့ သားဖြစ်သူ သေဆုံးသွားခဲ့ရတဲ့ ကိစ္စရပ်တွေကို ပြန်လည်တွေးတောမိရင်း သူမရဲ့ စိတ်ထဲမှာ အသက်ရှင်ချင်တဲ့ ဆန္ဒတွေ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်တယ်။
ဒီတစ်ကြိမ်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးရပါစေဦးတော့ တီမိသားစုကို သေသေချာချာ တန်ပြန်ပေးဆပ်စေရမယ်လို့ သူမ ဆုံးဖြတ်ထားခဲ့တယ်။
"ဒါဆို... ငါ့ကို သတ်ပစ်ချင်နေတဲ့သူက မင်းပေါ့ ဟုတ်လား..."
ဒီအခိုက်အတန့်မှာပဲ အေးစက်လှတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။ ခန့်ညားထည်ဝါလှတဲ့ ပုံရိပ်တစ်ခုဟာ လေဟာနယ်ထဲမှာ တည်ငြိမ်စွာဖြင့် ထွက်ပေါ်လာခဲ့ပြီး မိုယွဲ့ကို စိုက်ကြည့်လိုက်မိတော့တယ်။
သူ၏ မျက်ဝန်းများမှာမူ မုန်တိုင်းမတိုက်ခတ်မီ ပင်လယ်ပြင်ကြီးတစ်ခုလို လုံးဝ တည်ငြိမ်အေးဆေးနေခဲ့တာ ဖြစ်တယ်။
"မင်းက... ငါ့ရဲ့ သားနဲ့ ခင်ပွန်းကို သတ်ခဲ့တဲ့သူပဲ..."
"ငါ သူတို့ကို သတ်ခဲ့တာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက ငါ သတ်ခဲ့တယ်လို့ပဲ သတ်မှတ်ချင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး"
"မင်းက ငါ့ကို သတ်ပစ်ဖို့ စိတ်ကူးတွေ ရှိနေခဲ့တာ ဖြစ်တဲ့အတွက်..."
"မင်းကိုယ်တိုင်လည်း သေဆုံးဖို့အတွက် သေသေချာချာ ပြင်ဆင်ထားသင့်တယ်..."
"ဘိုးဘေးကြီး... လှုပ်ရှားလိုက်ပါတော့..."
တီကျွယ်တျန်းဟာ မူလက ဤအမျိုးသမီးဟာ ကံကြမ္မာသားတော် သို့မဟုတ် အလားတူ ကိစ္စရပ်တစ်ခုခုနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ခြင်း လိုက်လာခဲ့ ပေမယ့် သူမဟာ သာမန် အမျိုးသမီးတစ်ဦးမျှသာ ဖြစ်နေခဲ့ရတာကို သူ မထင်ထားခဲ့မိဘူး။
သို့သော်လည်း သူမမှာ အစွမ်းထက်လှတဲ့ အင်အားတွေတော့ ရှိနေခဲ့တာ ဖြစ်တယ်။
တီကျွယ်တျန်းရဲ့ စကားကို ကြားရတဲ့အခါ မိုမိသားစုက လူတွေရဲ့ မျက်နှာအမူအရာ ပြင်းထန်စွာ ပျက်ယွင်းသွားခဲ့ရပေမယ့် မည်သူမျှ စကားတစ်ခွန်းမှ မပြောဝံ့ကြချေ။
အဆုံး၌မူ တီမိသားစု ဘိုးဘေးကြီးရဲ့ အရှိန်အဝါ ဖိအားကြောင့် သူတို့အားလုံးဟာ မြေပြင်ပေါ်သို့ ဒူးထောက်နေကြရပြီး မတ်တတ်ရပ်နိုင်စွမ်းပင် မရှိကြတော့ခြင်းကြောင့်ပင်။
"မင်းက ငါ့ကို သတ်ချင်တယ်ပေါ့... ငါ မင်းကို အရင်ဆုံး သတ်ပစ်မယ်..." မိုယွဲ့ရဲ့ မျက်နှာအမူအရာ ပြင်းထန်စွာ ဒေါသထွက်လျက် ပြောင်းလဲသွားခဲ့ရတော့တယ်။
ထို့နောက် မိုယွဲ့ရဲ့ ဘေးပတ်ဝန်းကျင်မှာ ကြီးမားလှတဲ့ မသေမျိုး ဝိညာဉ်စွမ်းအင်တွေ ချက်ချင်း ထွက်ပေါ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပင် သူမရဲ့ ခန္ဓာကိုယ်ကြီးကလည်း ကြီးထွားလာခဲ့ပြီး ဘီလူးကြီးတစ်ကောင်လို ဖြစ်သွားခဲ့ရပြီ ဖြစ်၏။
သို့သော်လည်း တီမိသားစုရဲ့ ဘိုးဘေးကြီးနဲ့ နှိုင်းယှဉ်ရင်တော့ သူမက အလွန်တရာ သေးငယ်လွန်းလှပေသည်။
ဒီအခိုက်အတန့်မှာ တီကျွယ်တျန်းဟာ ထိုအမျိုးသမီးရဲ့ ပုံရိပ်ကြီးကို လှမ်းကြည့်လိုက်မိရင်း... သူ၏ စိတ်ထဲ၌ စကားစုတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်… တောင်ကုန်းအမြင့်ကြီးတွေဆိုတာ ဒီလိုမျိုး ဖြစ်နေတတ်တာကိုး။(ကြီးမှတော့ အကုန်ကြီးတာပေါ့ ဟဲဟဲ)
"ရူးမိုက်လိုက်တာ..."
တီမိသားစုရဲ့ ဘိုးဘေးကြီး စကားပြောဆိုပြီးနောက်ပိုင်းမှာတော့ သူဟာ လက်တစ်ဖက်ကို တိုက်ရိုက် ဆန့်ထုတ်လိုက်ရင်း မိုယွဲ့ကို အစအနမကျန် ဖိခြေပစ်လိုက်တော့တယ်…သူမကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးပိုင်ခွင့် အခွင့်အရေးလေးတောင်မှ လုံးဝ ပေးအပ်ခြင်း မပြုခဲ့ချေ။
တစ်ချိန်တည်းမှာပင် လေဟာနယ် လမ်းကြောင်းတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး သူဟာ တိုက်မှုကြောင့် ကျန်ရှိနေတဲ့ ပတ်ဝန်းကျင် စွမ်းအင်လှိုင်းတွေကို ထိုလမ်းကြောင်းထဲသို့ တိုက်ရိုက် လွှင့်ပစ်လိုက်တော့တယ်။
"မင်း..."
မိုမိသားစုရဲ့ ဘိုးဘေးကြီးရဲ့ မျက်နှာတစ်ခုလုံး အိုးမဲသုတ်ထားသလို လုံးဝ မည်းမှောင်သွားခဲ့ရတယ်။
အဘယ်ကြောင့်ဆိုသော် ဒါက သူတို့ မိုမိသားစုရဲ့ ပိုင်နက်နယ်မြေ ဖြစ်နေခဲ့ခြင်းကြောင့်ပင်။
သို့သော်လည်း တီမိသားစု ဘိုးဘေးကြီးရဲ့ မဖော်ရွေလှတဲ့ အကြည့်တွေကို မြင်လိုက်ရတဲ့အခါမှာတော့ သူ ပြောမယ့် စကားလုံးတွေကို စိတ်ထဲမှာတင် အတင်းအကျပ် ပြန်လည်မြိုချလိုက်ရတော့တယ်။
"ငါတို့ ပြန်ကြရအောင်..."
စကားပြောဆိုပြီးနောက်ပိုင်းမှာတော့ သူနဲ့ ဘိုးဘေးကြီးရဲ့ ပုံရိပ်ဟာ ထိုနေရာကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရတော့တယ်။
တီကျွယ်တျန်းဟာ တီမိသားစုဆီကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။ သူဟာ မည်သူ့ကိုမျှ တွေ့ဆုံခြင်း မပြုတော့ဘဲ မိမိရဲ့ အခန်းထဲမှာတင် တံခါးပိတ်ကျင့်ကြံခြင်းကို ချက်ချင်း လုပ်ဆောင်လိုက်တော့တယ်။
အဆုံး၌မူ သူဟာ ဒီတစ်ကြိမ် အောက်ကမ္ဘာကို သွားရောက်ခဲ့စဉ်အတွင်းမှာ တကယ့်ကို ကောင်းမွန်လှတဲ့ အရာအများအပြားကို ရရှိခဲ့တာ ဖြစ်သလို... ထိုနတ်ဘုရားစွမ်းရည် ကိစ္စရပ်ကိုလည်း သူ၏ စိတ်ထဲ၌ အစဉ်အမြဲ တွေးတောနေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
ပိုင်ရှင် - တီကျွယ်တျန်း
နောက်ခံ - တီမိသားစုရဲ့ နတ်ဘုရားသားတော်
ခန္ဓာကိုယ်တည်ဆောက်ပုံ - ရှေးဟောင်းနတ်ဆိုးခန္ဓာ၊ လေဟာနယ် နတ်ဘုရားမျက်ဝန်း ၊အထွတ်အထိပ် တာအိုအရိုး၊ ကံကြမ္မာ ဗီလိန်အရှိန်အဝါ
ကျင့်ကြံခြင်းအဆင့် - တာအိုနန်းတော် တတိယအဆင့်
ကျင့်စဉ်များ - ရှေးဟောင်းနတ်ဆိုးကျမ်းစာ၊ ကောင်းကင်ဘုံ ဧကရာဇ်ကျမ်းစာ၊ ဧကရာဇ်နတ်ဘုရား လက်ဝါး၊ အပူအပင်ကင်းမဲ့စွာ လှည့်လည်ခြင်း၊ ကောင်းကင်သတ်ဖြတ်ခြင်း ဓားသိုင်း၊ လူသားဧကရာဇ် လက်ညှိုး...
နတ်ဘုရားစွမ်းရည် - မိစ္ဆာကောင်းကင်ဘုံ လက်ဝါး၊ လေဟာနယ် တယ်လီပို့ခြင်း၊ ကောင်းကင်ဖြတ်တောက်ခြင်း အစီအမံ၊ လေဟာနယ် ပိုင်းဖြတ်ခြင်း
ဗီလိန်အမှတ် - ၅၉,၈၀၀
ပစ္စည်းသိုလှောင်ခန်း - ဝိညာဉ်ဝါးမြိုခြင်း နတ်ဘုရားလက်စွပ်၊ မိစ္ဆာလှံ စာသားမပါသော ကျောက်စာတိုင်၊ လျှို့ဝှက်ဆန်းပြားလှသော ရတနာသေတ္တာ
သူ၏ ကိုယ်ပိုင် အခြေအနေအားလုံးကို တစ်ချက်ကြည့်ရုံမျှဖြင့် သေသေချာချာ သိရှိနိုင်ပေသည်။
တီကျွယ်တျန်းဟာ လှံကို လှမ်းကြည့်လိုက်မိတယ်။ အတိတ်တုန်းက ဤမိစ္ဆာလှံကြီးကို မိစ္ဆာလှံလို့ မခေါ်ဆိုခဲ့ကြချေ။ ၎င်းကို အသုံးပြုခဲ့တဲ့သူဟာ မိစ္ဆာအရှင်သခင်ကြီးတစ်ပါး ဖြစ်ခဲ့လို့သာ ဤကဲ့သို့ ခေါ်ဆိုခဲ့ကြခြင်း ဖြစ်တယ်။
ထိုမိစ္ဆာအရှင်သခင်ကြီး သေဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာတော့ သူ၏ လက်နက်ဟာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ရတယ်။
ထို့နောက်ပိုင်းကျမှသာ တစ်စုံတစ်ယောက်က ဤလက်နက်နဲ့အတူ စာသားမပါသော ကျောက်စာတိုင်ကို တစ်ပါတည်း ရရှိသွားခဲ့တာ ဖြစ်လို့ မသေမျိုး နယ်မြေက ပညာရှင်အများအပြားကို စေလွှတ်ပြီး လိုက်လံဖမ်းဆီးခိုင်းခဲ့ကြတာ ဖြစ်တယ်။
သို့သော်လည်း ထိုလူဟာ အစွမ်းထက်လှတဲ့ ကျင့်ကြံသူကြီးတွေရဲ့ လိုက်လံသတ်ဖြတ်မှုအောက်ကနေ ထူးဆန်းစွာဖြင့် ပျောက်ကွယ်သွားခဲ့ရတယ်။ သူဟာ အောက်ကမ္ဘာဆီကို ရောက်ရှိသွားလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားခဲ့မိကြချေ။ သူ အခုထိ အသက်ရှင်နေဦးမလားဆိုရင်တော့... မဖြစ်နိုင်တော့တာ သေချာပါပဲ။
အကယ်၍ ထိုလူသာ ကံကြမ္မာသားတော်တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ဤလျှို့ဝှက်နယ်မြေကြီးဟာ ရှောင်ယွီအတွက် ဖြစ်လာစရာ အကြောင်းမရှိဘူး မဟုတ်ပါလား။
"ရတနာသေတ္တာကို ဖွင့်လိုက်" တီကျွယ်တျန်းက လျှို့ဝှက်ဆန်းပြားလှတဲ့ ရတနာသေတ္တာကို ဖွင့်ဖို့ အမိန့်ပေးလိုက်တယ်။
【တိန်... အရှင်သခင်ကို ဂုဏ်ပြုပါတယ်... 'မဟာလေဟာနယ် တရားစီရင်ခြင်း အတတ်ပညာ - ပထမအဆင့်' ကိုရရှိပါသည်】
တီကျွယ်တျန်းဟာ စနစ်အရောင်းဆိုင်ကို လှမ်းကြည့်လိုက်ရာ ဤပထမအဆင့် တစ်ခုတည်းကိုတင် ဝယ်ယူဖို့အတွက် ဗီလိန်အမှတ် ကုဋေတစ်ရာကျော်လောက် လိုအပ်တာကို တွေ့လိုက်ရတယ်။
သေချာပေါက် ကံကြမ္မာသားတော်တွေအားလုံးက ငါ့အတွက်တော့ လာဘ်ကောင်လေးတွေပဲ ဖြစ်ရမယ်။ အနာဂတ်မှာ ငါ ကျင့်ကြံခြင်းကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် မင်းတို့ ကံကြမ္မာသားတော်တွေကို အစအနမကျန် သေသေချာချာ ညှစ်ထုတ်ပစ်ရမယ်။
"ကဲ ရှောင်ယွီဆီက ရထားတဲ့ ဒီနတ်ဘုရားစွမ်းရည်က တကယ်ပဲ ဘာလဲဆိုတာကို ငါ သေသေချာချာ ကြည့်ရှုရသေးတာပေါ့..."
ဤနတ်ဘုရားစွမ်းရည်ဟာ ကောင်းကင်နဲ့ မြေကမ္ဘာကြားမှာ ချိတ်ပိတ်ခြင်း ခံထားရသည်ဆိုပေမယ့် စနစ်ကတော့ ၎င်းကို အလွယ်တကူ ချိတ်ဖြည် ပေးခဲ့ပါပြီ…သူ၏ စိတ်ထဲရှိ ထိုနတ်ဘုရားစွမ်းရည်ကို ကြည့်ရင်း တီကျွယ်တျန်း ခေတ္တမျှ မှင်တက်သွားခဲ့ရတော့တယ်။
"ကောင်းကင်ဘုံကို နင်းခြေခြင်း" နတ်ဘုရားစွမ်းရည်…
"ပထမခြေလှမ်း - နတ်ဘုရားများနှင့် သရဲတစ္ဆေများ တုန်လှုပ်ချောက်ချားခြင်း”
"ဒုတိယခြေလှမ်း - မသေမျိုးများ ဒူးထောက်ခြင်း”
"တတိယခြေလှမ်း - ကမ္ဘာကြီးကို ဖျက်ဆီးခြင်း”
တကယ့်ကို မာန်ဝင့်လွန်းလှတဲ့ အရာပဲ။ ကောင်းကင်နဲ့ မြေကမ္ဘာကြား ချိတ်ပိတ်ခြင်း ခံထားရတဲ့ နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်တာနဲ့အညီ တကယ့်ကို ထိုက်တန်လွန်းလှပေတယ်။ သို့သော် အခုတော့ ၎င်းက ငါ့ရဲ့ ကိုယ်ပိုင်အရာ ဖြစ်သွားခဲ့ပြီလေ။
တီကျွယ်တျန်းဟာ မိမိ ကျင့်ကြံထားတဲ့ မသေမျိုးသတ်ဖြတ်ခြင်း ဓားသိုင်းဟာလည်း အတိတ်တုန်းက မိသားစုရဲ့ ဘိုးဘေးကြီးတစ်ဦး ရရှိခဲ့ဖူးတဲ့ ကောင်းကင်နဲ့ မြေကမ္ဘာကြား တံဆိပ်ခတ်နှိပ်ထားတဲ့ နတ်ဘုရားစွမ်းရည်တစ်ခုကနေ ဆင်းသက်လာခဲ့တာ ဖြစ်ကြောင်း သေသေချာချာ သိရှိနေခဲ့တယ်။
၎င်းကို တွေးမိရင်း တီကျွယ်တျန်းဟာ လေဟာနယ်ထဲမှာ တင်ပလ္လင်ခွေ ထိုင်လိုက်တော့တယ်။ မကြာခင်မှာပဲ ထူးခြားလှတဲ့ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
တီကျွယ်တျန်းက အသာအယာ လှုပ်ရှားလိုက်ရင်း ခြေလှမ်းတစ်ချက် လှမ်းလိုက်မိတယ်။ ခဏချင်းမှာတင် မိုးကြိုးမုန်တိုင်းပေါင်း မရေမတွက်နိုင်အောင် အောက်သို့ ဝုန်းခနဲ ကျရောက်လာခဲ့တော့တယ်။ ၎င်းတို့ဟာ တီကျွယ်တျန်းရဲ့ ဘေးပတ်ဝန်းကျင်မှာ ဝန်းရံထားခဲ့ကြပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပြင်းထန်စွာ ပြန့်ကားသွားခဲ့ကြရပြီ ဖြစ်၏။
ဒီပြင်းထန်လှတဲ့ ဖျက်ဆီးခြင်း မြင်ကွင်းကြီးကို စောင့်ကြည့်ရင်း တီကျွယ်တျန်း အသာအယာ ရယ်မောလိုက်မိတယ်။ မဆိုးဘူးပဲ... တကယ်ပဲ အစွမ်းထက်လွန်းလှတယ်။
တီမိသားစုရဲ့ ဘိုးဘေးကြီးရဲ့ မျက်ခုံးတွေကတော့ အလိုအလျောက် တွန့်ချိုးသွားခဲ့ရတော့တယ်။ သူ အခန်းထဲကို လှမ်းဝင်လိုက်တာနဲ့ မိုးကြိုးမုန်တိုင်းတွေက သူ့ဆီကို တိုက်ရိုက် ရိုက်ခတ်ဝင်ရောက်လာခဲ့ခြင်းကြောင့် ဖြစ်ပေတယ်။ ဒီလိမ္မာရိုသေမှုမရှိတဲ့ မျိုးဆက်သစ်ကောင်လေးကတော့။
သို့သော်လည်း သူ ၎င်းရဲ့ အတွင်းဘက်မှာရှိတဲ့ ကောင်းကင်နဲ့ မြေကမ္ဘာကြားက အရှိန်အဝါတွေကို ခံစားမိလိုက်တဲ့အခါမှာတော့ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့တယ် ထို့နောက် သူ သဘောကျစွာ ပြုံးလိုက်မိရင်း...
"ဒီကောင်လေးရဲ့ ကံတရားက တကယ့်ကို ကောင်းလွန်းလှတာပဲ..." ကောင်လေးက ကောင်းကင်နဲ့ မြေကမ္ဘာကြား က နတ်ဘုရားစွမ်းရည်တစ်ခုကို ရရှိလိမ့်မယ်လို့ သူ ထင်မှတ်မထားခဲ့မိချေ။ ကောင်လေးရဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကတော့ အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်ရမယ်။
၎င်းကို တွေးမိရင်း ဘိုးဘေးကြီး အခန်းထဲသို့ လှမ်းဝင်လိုက်ကာ တီကျွယ်တျန်းကို ကြည့်ရင်း စိတ်ကျေနပ်စွာဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်တော့တယ်။ ထို့နောက် သူသည် မိမိရဲ့ မုတ်ဆိတ်မွေးကို အသာအယာ သပ်လိုက်မိရင်း...
သူ ထင်မှတ်မထားခဲ့မိတာကတော့ ထိုအခိုက်အတန့်မှာတင် တီကျွယ်တျန်းရဲ့ ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါတွေက ပြင်းထန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်ရမယ်။ ၎င်းက တာအိုနန်းတော် တတိယအဆင့်ကနေ ပဉ္စမအဆင့်အထိ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီး ဆဋ္ဌမအဆင့်အထိ ရောက်ရှိသွားတော့မှသာ တဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့တော့တယ်။
ဘိုးဘေးကြီး ဒီအရာကို ခေတ္တမျှ တွေးတောမိလိုက်ပြီးနောက်ပိုင်းမှာတော့ ထိုနေရာကနေ ချက်ချင်း လှည့်ထွက်သွားခဲ့တော့တယ်။ ဒါက တကယ့်ကို လူကို စိတ်ဓာတ်ကျစေလွန်းလှသည် မဟုတ်ပါလား။