အခန်း ၃၆ - အကယ်၍ မင်းကို နောက်ထပ် ငါက အခွင့်အရေးတစ်ခု ထပ် ပေးခဲ့မယ်ဆိုရင်ကော... ကျွန်မလက်နဲ့ပဲ သူ့ကိုအစအနမကျန် ချေမှုန်းပစ်ပါ့မယ်
ထိုအသံကို ကြားလိုက်ရချိန်တွင် ဆန်ကွမ်းဝမ်အာသည် ပိတ်ထားသော သူမ၏ မျက်ဝန်းများကို အတင်းအကျပ် ဖွင့်ဟကြည့်ရှုရန် ကြိုးစားလိုက်မိတော့၏။
ယခင်က အလွန်တရာ ရိုးရှင်းလှသော လှုပ်ရှားမှုတစ်ခုက ယခုအခါတွင်မူ သူမအတွက် အတိုင်းထက်အလွန် ခက်ခဲပင်ပန်းနေခဲ့ပြီ ဖြစ်ကြောင်း သူမ သတိပြုမိလိုက်သည်။
သူမသည် အလွန်တရာ မောပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သလို သူမ၏ ဇီဝအသက်စွမ်းအားများမှာလည်း လုံးဝ ပျက်စီးဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။
ယခုအချိန်တွင် သူမကို တောင့်ခံထားနိုင်အောင် ထောက်ကူပေးနေသည့်အရာမှာ သူမ၏ နှလုံးသားထဲရှိ နောက်ဆုံးကျန်ရှိနေသော မကျေမနပ် ဖြစ်ရသည့် အမုန်းတရားခံစားချက်များသာ ဖြစ်ပေသည်။
သူမသည် သူ့ကို ထပ်မံ၍ မြင်တွေ့လိုစိတ် ပြင်းပြနေခဲ့သည်။ ဤနေရာရှိ 'သူ့' ဆိုသည်မှာ ရှောင်ယွီကို ဆိုလိုခြင်း မဟုတ်ဘဲ တီကျွယ်တျန်းကိုသာ ရည်ရွယ်ခြင်း ဖြစ်၏။
သူမသည် မိမိ၏ မျက်လုံးများကို ထပ်မံ၍ အတင်းအကျပ် ဖွင့်ဟလိုက်ရာ... နောက်ဆုံးတွင်မူ သူမ၏ မျက်ဝန်းများမှာ သွေးစများဖြင့် ပြည့်နှက်လျက် အနည်းငယ်မျှ ပွင့်ဟလာခဲ့တော့သည်။
သူမသည် လေဟာနယ်အတွင်း၌ နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိနေပြီး လျှို့ဝှက်ဆန်းပြားလှသော အလင်းတန်းများ ဖုံးလွှမ်းထားသည့် ထိုပုံရိပ်ကို ကြည့်လိုက်ကာ
အားယူကာ "ဘာလို့လဲ" ဟုမေးလိုက်သည်
"ဘာမှမဟုတ်ပါဘူး... မင်းကို အချို့သော ကိစ္စရပ်တွေကို သေသေချာချာ မြင်အောင် ကြည့်ခိုင်းလိုက်တာပါ"
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ နှုန်ခမ်းအနည်းမျှသာ ပြုံးသယောင်သာ တုံ့ပြန်လိုက်မိသည်။
၎င်းက အလွန်တရာ ခါးသီးလှသော လှောင်ပြုံးတစ်ခုနှင့် တူနေခဲ့၏။ သူမသည် မိမိကိုယ်မိမိ လှောင်ပြောင်နေခြင်းလား၊ တီကျွယ်တျန်းကို လှောင်ပြောင်နေခြင်းလား သို့မဟုတ် အတိတ်တုန်းက မိမိ လုံးဝ မေ့ပျောက်နိုင်ခြင်း မရှိခဲ့သော ထိုယောက်ျားကို လှောင်ပြောင်နေခြင်းလားဆိုသည်ကိုမူ အတိအကျ ခွဲခြားနိုင်ခြင်း မရှိချေ။
"ဟုတ်ပါတယ်... ငါ တကယ်ပဲ မှားယွင်းခဲ့တာပဲ"
"အရင်တုန်းက... သခင်လေးက ငါ့ကို ဘာအဖြေမှ မပေးခဲ့ဘူး…ဒါပေမဲ့ အခုတော့ သခင်လေးက ငါ့ကို အဖြေအစစ်အမှန် ပေးလိုက်ပြီလေ"
"ဒါပေမယ့်... ငါ့မှာ နောက်ထပ် အခွင့်အရေး မရှိတော့ပါဘူး..."
ဆန်ကွမ်းဝမ်အာသည် သူမ၏ မျက်ဝန်းများကို ပြန်လည်၍ ပိတ်လိုက်မိတော့သည်။
မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးကျန်ရှိနေသော အားအင်များမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ကြောင်း သူမ အထင်အရှား ခံစားလိုက်ရခြင်းကြောင့်ပင်။
သူမသည် မိမိ၏ ကလေးဘဝအချိန်များကို ပြန်လည်၍ အောက်မေ့ သတိရမိလိုက်သည်။
ရှောင်ယွီ၏ နောက်ကွယ်မှနေ၍ လိုက်လံဆော့ကစားခဲ့ကြသော မြင်ကွင်းများ... ထို့နောက် သူတို့နှစ်ဦးကြားတွင် အပြန်အလှန် ချစ်မြတ်နိုးခဲ့ကြသော မြင်ကွင်းများ...။
ထို့နောက်တွင်မူ သူမ၏ ဆရာဖြစ်သူ ထွက်ပေါ်လာခဲ့ပြီး သူမကို အထက်ကမ္ဘာဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုစဉ်က သူသည် သူမကို လာရောက်ရှာဖွေပါမည်ဟု သေသေချာချာ ကတိပြုခဲ့ဖူး၏။ သို့သော်လည်း သူတို့ ပြန်လည်ဆုံတွေ့ကြချိန်မှာတော့...။ သူမကိုယ်တိုင်လည်း ပြောင်းလဲသွားခဲ့သလို သူသည်လည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။
"ဟူး..." ဆန်ကွမ်းဝမ်အာသည် မိမိကိုယ်မိမိ အားမလိုအားမရ ဖြစ်စွာဖြင့် ခါးသီးစွာ ရေရွတ်လိုက်မိသည်။
"အကယ်၍ ငါက မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးနိုင်မယ်ဆိုရင်ကော..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ဆန်ကွမ်းဝမ်အာ၏ ပိတ်ထားသော မျက်ဝန်းများ ချက်ချင်း ပွင့်ဟလာခဲ့ရတော့သည်။
သူမ မိမိကိုယ်မိမိ မည်သည့်နေရာမှ ဤမျှလောက်အထိ ခွန်အားများ ထွက်ပေါ်လာခဲ့သလဲဆိုသည်ကိုမူ မသိချေ။
ဖြစ်နိုင်သည်မှာ သူမ၏ နှလုံးသားထဲရှိ ပြင်းထန်လှသော မကျေနပ်မှုများကြောင့် ဖြစ်နိုင်ပေသည်။
"အကယ်၍ နောက်ထပ် အခွင့်အရေးသာ ရှိနေဦးမယ်ဆိုရင်... ကျွန်မ သူ့ကို ဘယ်လို နည်းလမ်းမျိုးကိုပဲ သုံးရသုံးရ... သူ့ကို ကျွန်မလက်နဲ့ပဲ သေသေချာချာ သတ်ပစ်ပြမယ်"
တီကျွယ်တျန်းကတော့ အသာအယာ ပြုံးလိုက်မိ၏။ ယဲ့ချန်တုန်းက သူသည် ကံကြမ္မာသားတော်ကို အမျိုးသမီးဇာတ်ဆောင်အား သတ်ဖြတ်ရန် အတင်းအကျပ် ဖိအားပေးခဲ့ခြင်း ဖြစ်သော်လည်း... ယခုအခါတွင်မူ ဒီ ကံကြမ္မာအမျိုးသမီးဇာတ်ဆောင်ကိုယ်တိုင်က ကံကြမ္မာသားတော်ကို သတ်ဖြတ်ရန် လိုလားတောင့်တနေခဲ့ပြီ ဖြစ်သည်။ တကယ့်ကို မဆိုးလှချေ။
၎င်းကို တွေးမိရင်း တီကျွယ်တျန်း၏ မျက်ဝန်းထဲတွင် ထူးခြားလှသော အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ရတော့၏။
ယခုအခါတွင် ဆန်ကွမ်းချင်းအာ၏ မျက်ဝန်းထဲတွင် ပြင်းထန်လှသော ထိတ်လန့်ချောက်ချားမှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။
သူမသည် မိမိ၏ ကျင့်ကြံခြင်းကို အာရုံစိုက်နေစဉ်အတွင်းမှာတင် ဤနေရာသို့ ရုတ်တရက် အလိုအလျောက် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူမသည် တီကျွယ်တျန်းကို မြင်တွေ့လိုက်ရချိန်တွင်မူ ခေတ္တမျှ မှင်တက်သွားခဲ့ရတော့သည်။
"သခင်လေး... ကျွန်မကို ဘာဖြစ်လို့ ဒီနေရာဆီ အလိုအလျောက် ခေါ်ယူလိုက်တာလဲဆိုတာကို သိခွင့်ရှိမလားဟင်..."
"ကောင်းတဲ့ ကိစ္စတစ်ခုပါ..."
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းချင်းအာ သဘောကျစွာ ပြုံးလိုက်မိသည်။
သေချာပေါက် တီကျွယ်တျန်းသည် အထက်ကမ္ဘာသို့ ပြန်လည်ထွက်ခွာတော့မည် ဖြစ်ရာ သူမကို တစ်ပါတည်း ခေါ်ဆောင်သွားတော့မည် ဖြစ်ရမည်။
၎င်းကို တွေးမိရင်း ဆန်ကွမ်းချင်းအာသည် တီကျွယ်တျန်းကို ကြည့်သော အကြည့်များမှာ ပိုမို၍ တပ်မက်ပူလောင်လာခဲ့ရတော့၏။
တီကျွယ်တျန်းကတော့ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ သူသည် လက်ညှိုးတစ်ချက်ကို အသာအယာ လှုပ်ရှားလိုက်ရာ... နှလုံးသားတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့တော့၏။
ထိုအခိုက်အတန့်မှာတင် ဆန်ကွမ်းချင်းအာ၏ ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါများမှာ ပြင်းထန်စွာ ထိုးဆင်းသွားခဲ့ရတော့သည်။ သူမ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပျက်ယွင်းသွားခဲ့ရ၏။
"သခင်လေး... ဘာဖြစ်လို့.. ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲ ဟုတ်လား... ငါ မင်းကို စမ်းသပ်ခံစားခွင့် ပေးခဲ့ပြီးပြီ မဟုတ်လား... မင်း အမြင့်ဆုံးနေရာမှာ တည်ရှိနေပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့ ထိုခံစားချက်မျိုးကို သေသေချာချာ ခံစားခဲ့ရပြီးပြီ မလား..." တီကျွယ်တျန်းသည် ဆန်ကွမ်းချင်းအာကို အကြည့်တစ်ချက်မျှပင် ပေးအပ်ခြင်း မပြုချေ။
မင်းက အသုံးချခံ သက်သက်ပဲလေ တီကျွယ်တျန်း လှောင်ပြုံးလိုက်သည်။
ထို့နောက် ထိုနှလုံးသားမှာ ဆန်ကွမ်းဝမ်အာ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ပြန်လည်ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် တီကျွယ်တျန်း၏ လက်နှစ်ဖက်စလုံးမှာ ထူးခြားလှသော အစီအမံများကို လုပ်ဆောင်လိုက်ရာ... လျှို့ဝှက်ဆန်းပြားလှသော အစီအရင် တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ရတော့သည်။
"ထစမ်း..."
တီကျွယ်တျန်း၏ အစီအမံများ ပြီးဆုံးသွားခဲ့ချိန်တွင်... ဆန်ကွမ်းဝမ်အာ၏ ဖြူဖွေးနေသော ဆံပင်များမှာ နက်မှောင်သော အရောင်အသွင်သို့ ချက်ချင်း ပြန်လည်ပြောင်းလဲသွားခဲ့ရတော့သည်။
ထို့အပြင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါများမှာ ပြင်းထန်စွာ တိုးတက်လာခဲ့ပြီး တာအိုနန်းတော်အဆင့်သို့ ပြန်လည်ရောက်ရှိရန် နီးစပ်နေသော အခြေအနေဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ဆန်ကွမ်းချင်းအာ၏ မျက်နှာလေးတစ်ခုလုံး ဖြူလျော်သွားခဲ့ရတော့သည်။
"သခင်လေး... သခင်လေးက ကျွန်မကို လိမ်ညာခဲ့တာပဲ"
တီကျွယ်တျန်းကတော့ ဆန်ကွမ်းချင်းအာကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
ဆန်ကွမ်းဝမ်အာသည် မြေပြင်ပေါ်မှနေ၍ တည်ငြိမ်စွာဖြင့် ပြန်လည်မတ်တတ်ရပ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောက်ပလှပလွန်းလှပေသည်။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်လှသော အရှိန်အဝါများကို လုံးဝ ထိန်းချုပ်ထားခြင်း မရှိချေ။ သူမ၏ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ တိုက်ရိုက်ပင် အမှုန့်ဖြစ်အောင် ခြေမွခြင်း ခံလိုက်ရတော့သည်။
"ငါ့ရဲ့ ညီမလေး... အရင်တုန်းက ငါ မင်းအပေါ်ကို တကယ့်ကို ညှာတာလွန်းခဲ့တာပဲ"
"မင်း ပြောခဲ့တာ မှန်ပါတယ်… ငါ့ကို လာရောက်စော်ကားတဲ့သူ မှန်သမျှ သေဆုံးသွားစေရမယ်... ဒါပေမဲ့ သခင်လေးကလွဲလို့ပေါ့..."
တီကျွယ်တျန်းကတော့ ၎င်းကို အနည်းငယ်မျှ ဂရုစိုက်ခြင်း မပြုချေ… ဤကဲ့သို့သော ရက်စက်သော အစေခံမျိုးက သူ တကယ့်ကို လိုလားတောင့်တနေခဲ့သော အရာမျိုး မဟုတ်ပါလား…သို့သော်လည်း...
ဆန်ကွမ်းဝမ်အာက ဆန်ကွမ်းချင်းအာကို သတ်ဖြတ်ရန် လှုပ်ရှားလိုက်သည်ကို မြင်ရသောအခါ တီကျွယ်တျန်းက သူမကို ချက်ချင်းပင် တားဆီးလိုက်တော့၏။
"သူမမှာ ငါ့အတွက် အသုံးဝင်မယ့် အပိုင်းအစလေး တစ်ခုတော့ ကျန်ရှိနေသေးတယ်..."
တီကျွယ်တျန်း၏ စကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာသည် သူမ၏ လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်တော့သည်။
"မင်းမှာ နောက်ထပ် သုံးရက်ပဲ အချိန်ရှိတော့တယ်…ဒီအချိန်ပြီးရင်တော့ ငါ အထက်ကမ္ဘာကို ပြန်လည်ထွက်ခွာတော့မှာ။ မင်း ဒီကိစ္စရပ်တွေကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကတော့ မင်းအပေါ်မှာပဲ လုံးဝ မူတည်နေလိမ့်မယ်”
“အကယ်၍ မင်းရဲ့ စွမ်းဆောင်ရည်က ငါ့ကို စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်မယ်ဆိုရင်... မင်း ငါနဲ့အတူ အထက်ကမ္ဘာကို ပြန်လိုက်ပါခွင့် ရလိမ့်မယ်”
အကယ်၍ မဟုတ်ဘူးဆိုရင်တော့….
တီကျွယ်တျန်း စကားကို ဆုံးအောင် မပြောသော်လည်း ဆန်ကွမ်းဝမ်အာကတော့ သူ ဘာကို ဆိုလိုသလဲဆိုသည်ကို သေသေချာချာ သဘောပေါက်နားလည်နေခဲ့ပြီ ဖြစ်သည်။
"ကျွန်မ သခင်လေး စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးပါမယ်"
ဆန်ကွမ်းဝမ်အာ၏ မျက်ဝန်းထဲတွင် နက်မှောင်လှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ရတော့၏။
【တိန်... ကံကြမ္မာအမျိုးသမီးဇာတ်ဆောင်သည် လုံးဝ ရူးသွပ်ရိုင်းစိုင်းသွားခဲ့ပြီ ဖြစ်သဖြင့် အရှင်သခင်သည် ဗီလိန်အမှတ် ၂,၀၀၀ ရရှိပါသည်】
【တိန်... ကံကြမ္မာအမျိုးသမီးဇာတ်ဆောင်နှင့် ကံကြမ္မာသားတော်တို့သည် လုံးဝ ရန်သူများအသွင် ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သဖြင့် ကံကြမ္မာသားတော်၏ ကံကြမ္မာတန်ဖိုး ၅၀၀လျော့နည်းသွားခဲ့ပြီး အရှင်သခင်သည် ဗီလိန်အမှတ် ၅၀၀ရရှိပါသည်】
တီကျွယ်တျန်းသည် ဤသတိပေးသံများကို ကြားလိုက်ရသော်လည်း သူ စိတ်ထဲ၌ သာမန်ကာလျှံကာသာ မှတ်ယူထားခဲ့သည်။
ကံကြမ္မာသားတော်၏ ကံကြမ္မာတန်ဖိုး ၅,၀၀၀ မှာ လုံးဝ ကုန်ဆုံးခါနီး ဖြစ်နေခဲ့ပြီ မဟုတ်ပါလား… ဒီအရာကို တွေးမိရင်း...
"ထိုအဘိုးအိုကိုလည်း ယခုအချိန်မှာတင် အပြတ်ရှင်းပစ်လို့ ရပြီပဲ"
"မဟုတ်ရင်... လုံးဝ ရူးသွပ်သွားခဲ့တဲ့ ဒီအစေခံမလေးအတွက် အနည်းငယ် အခက်အခဲ ဖြစ်နေနိုင်တယ်..."
၎င်းကို တွေးမိရင်း တီကျွယ်တျန်း၏ ဘေးနားတွင် လေဟာနယ် လမ်းကြောင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာကာ တုဇိထန်ရောက်လာသည်။
"မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့ ငါ အရင်က ပြောခဲ့တဲ့အတိုင်း... မင်းကို ငါ တစ်ကြိမ်တော့ သေချာပေါက် ကူညီပေးမယ်..." တုဇီထန်၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားခဲ့ရတော့၏။
တုဇိထန်၏ မျက်ဝန်းထဲတွင်မူ... ယခုလက်ရှိ အလွန်တရာ စုတ်ပြတ်သတ်နေသော ဆန်ကွမ်းချင်းအာ၏ ပုံစံမှာ ပိုမို၍ ဆွဲဆောင်မှု ရှိလွန်းနေခဲ့သည် မဟုတ်ပါလား။
တီကျွယ်တျန်း အေးစက်စွာ လှောင်ပြုံးလိုက်မိရင်း... ထိုနေရာမှ လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။
ကံကြမ္မာသားတော်နောက် လိုက်လံဖားနေတတ်သော ဤကဲ့သို့သော ဗီလိန်အမှိုက်မျိုးကတော့ တကယ့်ကို ဗီလိန်လောကတစ်ခုလုံးအတွက် အရှက်ရစရာ ကိစ္စရပ်တစ်ခုပင် ဖြစ်ပေသည်။
ဤအချိန်တွင် ရှောင်ယွီသည် အလွန်တရာ စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
"ကဲ... အားလုံး အဆင်ပြေသွားပြီ... လုံးဝ အသုံးပြုလို့ရတော့မယ်" အဘိုးအို၏ အသံထဲတွင် အနည်းငယ် မောပန်းနွမ်းနယ်မှု အရိပ်အယောင်များ ပါဝင်နေသော်လည်း သူ၏ လေသံမှာမူ အလွန်တရာ ပျော်ရွှင်မြူးထူးနေခဲ့သည်။
ထိုစကားကို ကြားရသောအခါ ရှောင်ယွီလည်း သဘောကျစွာ ပြုံးလိုက်မိတော့၏။ မည်သို့ပင်ဆိုစေကာမူ ဤနတ်ဘုရားစွမ်းရည်ကို မိမိ၏ လက်ထဲသို့ ရရှိသွားခဲ့ပြီ ဖြစ်ရာ မိမိ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်မှာ ထပ်မံ၍ အဆမတန် တိုးတက်လာတော့မည် မဟုတ်ပါလား။
"မဆိုးဘူးပဲ… ငါ ရောက်လာတဲ့ အချိန်က ကွက်တိ ဖြစ်နေပြန်ပြီ”
အေးစက်လှသော အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် သူတို့နှစ်ဦးစလုံး၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပျက်ယွင်းသွားခဲ့ရတော့၏။
"ထွက်လာခဲ့ပါ စီနီယာ... ဒီလမ်းခရီးတစ်လျှောက်လုံးမှာ ငါ့ကို အကောင်းဆုံး ကူညီပေးခဲ့တဲ့အတွက် စီနီယာကို တကယ်ပဲ ကျေးဇူးတင်ရမှာပေါ့"
တီကျွယ်တျန်းသည် ထိုနေရာတွင် တည်ငြိမ်စွာဖြင့် ထွက်ပေါ်လာခဲ့ရင်း ပုန်းကွယ် နေသော အဘိုးအိုရှိရာဘက်ကို စိုက်ကြည့်လိုက်မိသည်။
သူသည် ထိုစကားစု တစ်ခုတည်းကိုသာ ပြောဆိုလိုက်ခြင်း ဖြစ်၏။
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ၏ မျက်နှာလေးတစ်ခုလုံး ဖြူလျော်သွားခဲ့ရတော့သည်။
အခြေအနေအားလုံးမှာ မိမိ အကြောက်ရွံ့ဆုံး ဖြစ်ခဲ့ရသော လမ်းကြောင်းဆီသို့ ဦးတည်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။ မိမိ၏ ဆရာဖြစ်သူက မိမိအပေါ်ကို တကယ်ပဲ သစ္စာဖောက်ခဲ့ခြင်း ဖြစ်ရမည်။
"လူငယ်လေး... မင်း ပြောတဲ့ စကားတွေရဲ့ အဓိပ္ပာယ်က ဘာလဲ..."
"ကဲပါ စီနီယာ... ဆက်ပြီး ဟန်ဆောင်မနေပါနဲ့တော့ ဆရာ့ရဲ့ ဒီအူလည်လည် တပည့်ကောင်လေးက ဒီလောက်အထိ တန်ဖိုးရှိနေတာမှ မဟုတ်တာ"
"စီနီယာက ငါ့ကို ဒီအခွင့်အရေးကြီး ရရှိအောင် ကူညီပေးနိုင်သရွေ့... ငါ့ရဲ့ မိသားစုက စီနီယာအတွက် အစွမ်းထက်လှတဲ့ ခန္ဓာကိုယ်အစစ်အမှန်တစ်ခုကို သေချာပေါက် သန့်စင်ဖန်တီးပေးမှာပါ… ဒါက ငါတို့နှစ်ဦးကြားက ကတိကဝတ်တစ်ခု မဟုတ်ဘူးလား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် အဘိုးအို၏ မျက်နှာအမူအရာ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားခဲ့ရတော့သည်။
တီကျွယ်တျန်းသည် သူတို့နှစ်ဦးကြားတွင် တမင်တကာ သွေးခွဲနေခြင်းပင်… ဒါပေမယ့် သူတို့ ကို အလွယ်လေး သတ်ပြီး ယူ လို့ရပါလျက် ဘာလို့ ထပ်သွေးခွဲ နေရသေးတာလဲ အဘိုးအို မှာ အတွေးများနှင့် ရှုပ်သွားသည်။
"ဒါက တကယ်ပဲ ဆရာ ဖြစ်နေခဲ့တာပေါ့..."
"ဆရာ... ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ဆောင်ရတာလဲ"
"ယွီအာ... စိတ်ကို အေးအေးထားစမ်းပါဦး"
"သူ့ရဲ့ လိမ်လည်လှည့်ဖြားမှုတွေထဲ လုံးဝ သက်ဆင်းမသွားစမ်းနဲ့ဦး"
"ပါးစပ်ပိတ်စမ်း... ဆရာကိုယ်တိုင်ကပဲ လိမ်လည်လှည့်ဖြားနေတဲ့သူ ဖြစ်ရမယ်"
"သူ ဒီလျှို့ဝှက်နယ်မြေထဲကို ရုတ်တရက် ရောက်ရှိလာခဲ့စဉ်ကတည်းက ငါ့စိတ်ထဲမှာ သံသယတွေ ဝင်ရောက်နေခဲ့တာ။ ဆရာကိုယ်တိုင်လည်း သူ့ရဲ့ နောက်ခံက အလွန်တရာ ထိတ်လန့်ချောက်ချားဖို့ ကောင်းလွန်းတယ်လို့ ပြောခဲ့ဖူးတယ် မလား။ သူ့ရဲ့ မိသားစုမှာ အစွမ်းထက်လှတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိနေတာ ဖြစ်လို့... ဆရာ့အတွက် ခန္ဓာကိုယ်အစစ်အမှန်တစ်ခု ဖန်တီးပေးဖို့ဆိုတာ တကယ့်ကို လွယ်ကူလှတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ရမယ်"
"ဆရာအနေနဲ့ ဤကဲ့သို့သော ဝိညာဉ်ခန္ဓာကိုယ်အသွင်နဲ့ ရှည်ရှည်ဝေးဝေး နေထိုင်စရာ အကြောင်းမရှိတော့ဘူး မဟုတ်လား"
"အကယ်၍ ကျွန်တော်ကသာ ဆရာ့အတွက် ခန္ဓာကိုယ်အစစ်အမှန်တစ်ခု ဖန်တီးပေးဖို့ ဆရာ စောင့်ဆိုင်းနေရမယ်ဆိုရင် ဘယ်လောက်တောင် ကြာမြင့်ဦးမလဲဆိုတာ မည်သူမျှ မသိနိုင်ဘူး"
"အခု သူက အရာအားလုံးကို အတိအကျ ထုတ်ဖော်ပြောဆိုလိုက်ပြီ ဖြစ်တာတောင်မှ ဆရာက ငါ့ရဲ့ ရှေ့မှောက်မှာ ဆက်ပြီး ဟန်ဆောင်နေသေးတယ်ပေါ့"
"လူအများက ပြောလေ့ရှိကြတယ်... လူတစ်ယောက်က အသက်ကြီးလာလေလေ သူတို့ရဲ့ အသက်အရွယ်ကို အသုံးချပြီး ပိုပြီး လိမ်လည်လှည့်ဖြားတတ်ကြလေပဲ တဲ့..."
((မိန်းမတစ်ယောက်က ပိုလှလေ ပိုလိမ်လေပဲ ဒါက ကျန်းဝူကျီ))
"ဒါက တကယ်ပဲ အမှန်တရားပါပဲ…ငါ ဘာဖြစ်လို့ ဆရာနဲ့ လာရောက်ဆုံတွေ့ခဲ့ရတာလဲ... ဆရာက ဘာဖြစ်လို့ ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို အတင်းအကျပ် စုပ်ယူခဲ့ရတာလဲ မဟုတ်ရင် ဤကဲ့သို့သော ကိစ္စရပ်မျိုး ဘယ်လိုမှ ဖြစ်လာစရာ အကြောင်းမရှိဘူး..."
"ငါ ဆရာ့ကို တကယ်ပဲ မုန်းတီးတယ်... ငါ့အနားကနေ အဝေးကို ထွက်သွားစမ်း..."
ရှောင်ယွီ စကားပြောဆိုပြီးနောက်ပိုင်းတွင် သူ၏ ရင်ဘတ်ထဲသို့ လက်လှမ်းလိုက်မိရင်း... သူသည် ဆွဲကြိုးတစ်ချောင်းကို အတင်းအကျပ် ဆွဲထုတ်လိုက်ကာ ၎င်းကို အဝေးဆီသို့ ပြင်းထန်စွာ လွှင့်ပစ်လိုက်တော့သည်။
" ကောင်လေးရာ... ဆရာသာ မင်းရဲ့ အနားကနေ ထွက်ခွာသွားလို့ ရမယ်ဆိုရင်... ဆရာ လွန်ခဲ့တဲ့ အချိန်ကတည်းက ထွက်ခွာသွားခဲ့ပြီ။ ဒါက နတ်ဘုရားစွမ်းရည်ပဲ... ဆရာ သူ့ကို အတင်းအကျပ် တားဆီးထားပေးမယ်... မင်း မြန်မြန်..."
အဘိုးအို စကားကို ဆုံးအောင် မပြောနိုင်သေးမီ အချိန်မှာတင် သူ၏ မျက်နှာအမူအရာ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားခဲ့ရတော့သည်။
အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ဖိအားတစ်ခုမှာ သူတို့ရှိရာဆီသို့ တိုက်ရိုက် ရိုက်ခတ်ဝင်ရောက်လာခဲ့ခြင်းကြောင့်ပင်။
အကယ်၍ သူသာ အနည်းငယ်မျှ လှုပ်ရှားလိုက်ပါက... သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တိုက်ရိုက်ပင် အမှုန့်ဖြစ်အောင် ခြေမွခြင်း ခံရပေလိမ့်မည်။
ထို့အပြင် ယခုအခါတွင် သူ၏ ခန္ဓာကိုယ်မှာ မိမိ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိမနေခဲ့တော့ချေ။
တီကျွယ်တျန်း၏ မျက်နှာထက်တွင် အေးစက်လှသော လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒီလူတွေက တကယ်ပဲ သူတို့ အချိန်အကြာကြီး စကားအပိုတွေ ပြောဆိုနေတာကို ထိုင်နားထောင်နေလိမ့်မည်ဟု ထင်မှတ်နေကြခြင်းလား။
၎င်းကို တွေးမိရင်း တီကျွယ်တျန်း၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့တော့သည်။
အဘိုးအို၏ မျက်နှာလေးတစ်ခုလုံး ဖြူလျော်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်ကမ္ဘာအတွင်း၌ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြီးမားလှသော မိစ္ဆာအရှင်သခင်ကြီးတစ်ပါး၏ ပုံရိပ်အစစ်အမှန်တစ်ခု ထွက်ပေါ်လာခဲ့ခြင်းကြောင့်ပင်။ ထိုပုံရိပ်ကြီးမှာ အဘိုးအိုကို အထက်စီးမှနေ၍ ငုံ့ကြည့်လိုက်မိရင်း...
"ဒူးထောက်စမ်း..."
"မိစ္ဆာတစ်ပါးပဲ... ငါ တကယ်ပဲ ထင်မှတ်မထားခဲ့မိဘူး..." အဘိုးအို စကားကို ဆုံးအောင် မပြောနိုင်သေးမီ အချိန်မှာတင် သူ၏ စိတ်ဝိညာဉ်တစ်ခုလုံး ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလိုက်ရတော့သည်။
ထို့နောက် သူသည် တီကျွယ်တျန်းရှိရာ ဘက်သို့ တိုက်ရိုက် ဒူးထောက်လိုက်မိတော့၏။
"သခင်လေးကို ရိုသေစွာ ဂါရဝပြုပါတယ်"
"ဟားဟား... ဟားဟားဟားဟား..."
ရှောင်ယွီတစ်ယောက် ရုတ်တရက် ရူးသွပ်စွာဖြင့် ကျယ်လောင်စွာ ဟားဟားပက်ပက် ရယ်မောလိုက်မိတော့သည်။ ထို့နောက် သူသည် ပါးစပ်အပြည့် သွေးစအချို့ကို ပြင်းထန်စွာ အန်ထုတ်လိုက်မိ၏။
"တကယ့်ကို သနားစရာကောင်းလှတဲ့ ကိစ္စရပ်တစ်ခုပါပဲ ဟားဟား..." သူသည် ဆရာဖြစ်သူက ထိုနတ်ဘုရားစွမ်းရည်ကို တီကျွယ်တျန်း၏ လက်ထဲသို့ ရိုသေစွာ ပေးအပ်လိုက်သည်ကို မျက်ဝါးထင်ထင် စောင့်ကြည့်နေခဲ့ရသည်။
"ငါ့ကို သတ်ပစ်လိုက်ပါတော့..."
"မင်းကို သတ်မယ့်သူက သီးသန့် ရှိနေပြီးသားပါ… အခု အိမ်ကို မြန်မြန် ပြန်လိုက်စမ်းပါဦး... မင်း အချိန်မီဦးမလားဆိုတာကတော့..စကားကိုရပ်လိုက်ကာ”
တီကျွယ်တျန်း၏ ပုံရိပ်မှာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
တီကျွယ်တျန်း ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် ရှောင်ယွီ၏ မျက်နှာလေးတစ်ခုလုံး ဖြူလျော်သွားခဲ့ရတော့၏။
"ဆန်ကွမ်းချင်းအာ... အကယ်၍ မင်းသာ ငါ့ရဲ့ မိသားစုကို အနည်းငယ်မျှ ထိခိုက်အောင် လုပ်ဆောင်ဝံ့မယ်ဆိုရင်... ငါ မင်းကို ကမ္ဘာမြေကြီးရဲ့ အဆုံးအစတိုင်အောင် လိုက်လံရှာဖွေပြီး မင်းရဲ့ ဆွေခုနစ်ဆက် မျိုးကိုးဆက်စလုံးကို အမြစ်ပြတ် သတ်ဖြတ်ပစ်မယ်..." ယခုအခါတွင် ရှောင်ယွီ၏ မျက်ဝန်းများမှာ ပြင်းထန်လှသော ဒေါသဇောများကြောင့် နီရဲတောက်လောင်နေခဲ့ပြီ ဖြစ်သည်။
တီကျွယ်တျန်းသည် ရှောင်ယွီ ထိုနေရာမှ အလောတကြီး ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း အေးစက်စွာ လှောင်ပြုံးလိုက်မိသည်။
သူသည် ထိုအဘိုးအို၏ ဝိညာဉ်ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်မိရင်း...
"အသုံးမဝင်တဲ့ သူတော်စင် ဝိညာဉ်တစ်ခု သက်သက်ပဲ"
တီကျွယ်တျန်း စကားပြောဆိုပြီးနောက်ပိုင်းတွင်... ထိုအဘိုးအို၏ ဝိညာဉ်ခန္ဓာကိုယ်မှာ တိုက်ရိုက်ပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့ရတော့သည်။